ဆောင်းပါး

ကြေကွဲမျှော်လင့် ဟော်နန်းမြင့်သာ ပြန်တင့်လာဖို့

Want create site? Find Free WordPress Themes and plugins.

နောက်ဆုံး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဇနီးဖြစ်သူ Inge Eberhard ကို သူ နောက်ဆုံးမြင်ခဲ့ရသည်မှာ ၁၉၆၄ ခုနှစ်က ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်မှာ ဖြစ်သည်။ သြစတြီးယားသူ မဟာဒေဝီနှင့် သူ၏ ကလေး ၂ ယောက်တို့ သူတို့၏ လုံခြုံရေး အတွက် စိုးရိမ်စိတ်ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာ မသွားမီ အချိန်ကလေးတွင် ဖြစ်သည်။ စစ်တပ်၏ ဖမ်းဆီး ထိမ်းသိမ်းခြင်း ခံထားရစဉ် ကာလအတွင်း သီပေါစော်ဘွား ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ၂ နှစ်ခန့် အကြာလည်း ဖြစ်ပါသည်။

သူတို့ ပြည်ပသို့ ထွက်ခွာသွားရသည့် အကြောင်းကို စစ်ဆေး မေးမြန်းရန် အတွက် စစ်ထောက်လှမ်းရေး အရာရှိ ၂ ဦးက စောင့်ကြပ် ခေါ်ဆောင် မသွားမီ လေဆိပ် အပြင်ဘက်တွင် Inge Eberhard နှင့် ကလေးငယ်များကို နှုတ်ဆက်ခွင့် ရခဲ့သူ အနည်းငယ်ထဲတွင် ဒေါ်စဝ်ဆမ်ဖုန်း လည်း တယောက်အပါ အဝင် ဖြစ်သည်။ Pan Am လေကြောင်းလိုင်းမှ ဘိုးအင်း ၇၀၇ လေယာဉ် ကြီးတစီးက ပြေးလမ်းပေါ်တွင် နောက်ဆုံး ခရီးသည်များကို စောင့်ဆိုင်းနေခဲ့ရသည်။

“အဲဒီ အချိန်တုန်းက သူ့ကို ကြည့်ရတာ တကယ်ကို ကြောက်နေတယ်” ဟု အသက် ၇၃ နှစ် အရွယ်ရှိပြီ ဖြစ်သော ရှမ်း အမျိုးသမီးကြီး စဝ်ဆမ်ဖုန်း က ၁၉၆၄ ခုနှစ် မေလ ၁၁ ရက်နေ့ ညက အကြောင်းကို ပြန်ပြောပြသည်။

“အာဏာပိုင်တွေက သံသယရှိရင် သူတို့ ထွက်ခွာခွင့်ကို ပိတ်လိုက်နိုင်တယ်လေ” ဟု တချိန်က သီပေါစော်ဘွား စဝ်ကြာဆိုင်၊ မဟာဒေဝီ Inge Eberhard နှင့် သူတို့၏ သမီးငယ်များ လွန်ခဲ့သည့် ၅၃ နှစ်က နေထိုင်သွားခဲ့သော ဟော်အတွင်းတွင် ထိုင်နေရင်း စဝ်ဆမ်ဖုန်း က ပြောပြသည်။

သီပေါဟော်တွင် တွေ့ရသော စဝ်ဆမ်ဖုန်း (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

သူတို့သည် သီပေါမြို့ကို ၁၉၅၄ ခုနှစ် မှ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ သိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ် အထိ အုပ်ချုပ်ခဲ့ကြသည်။ ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သီပေါမြို့သည် ကမ္ဘာလှည့် ခရီးသည် အများအပြား လာရောက်ကြသည့် နေရာတခု ဖြစ်လာ နေသည်။

စဝ်ဆမ်ဖုန်း နှင့် သူ၏ ခင်ပွန်းသည် စဝ်ဦးကြာတို့က သီပေါဟော် ကို ဆယ်စုနှစ် ၄ ခုကျော် ထိန်းသိမ်းစောင့် ရှောက် ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။ Donald ဟုလည်း သိကြသည့် စဝ်ဦးကြာ မှာ သီပေါစော်ဘွား စဝ်ကြာဆိုင် နှင့် တူတော်စပ်သူ ဖြစ်ပါသည်။

နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်များ ကြားတွင် “ရှမ်းနန်းတော်” ဟု အသိများသော သီပေါဟော်နန်းသည် ကြီးမားသော အုတ်ကြွပ်အမိုး၊ မှန်ပြတင်းများ၊ ဝရန်တာများ၊ လေသာဆောင်များ နှင့် တန်ဆာဆင်ထားသည့် အင်္ဂလိပ် ကျေးလက်အိမ် ပုံစံ အဖြူရောင် ၂ ထပ် အဆောက်အဦး တခု ဖြစ်ပါသည်။

သက်တမ်း ၉၃ နှစ်ရှိပြီ ဖြစ်သော သီပေါဟော်သည် ရှမ်းပြည် မြောက်ပိုင်းရှိ ဟော် ၆ ခု အနက် ဧည်သည်များ သွားလာ ကြည့်ရှု့ရန် အလွယ်ကူဆုံး ဖြစ်သည်။ ကျန်ဟော်များမှာ သွားလာ ဝင်ထွက်ခွင့် ပိတ်ပင်ထားခြင်း၊ လုံးလုံး ပျက်စီးနေခြင်း သို့မဟုတ် ပြုပြင်ရန် အရေးတကြီး လိုအပ်နေခြင်းများ ကြုံတွေ့နေရသည်။

၁၉၉၄ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ သီပေါစော်ဘွားကတော် နေ့ရက်များ အကြောင်း ရေးထားသည့် “Twilight Over Burma,” စာအုပ်တွင် Inge Eberhard က သီပေါဟော်၏ ဝန်းကျင်တွင် စနစ်တကျ ထိန်းသိမ်း ထားသည့် ဥယျာဉ်များ၊ မြက်ခင်းများနှင့် အရောင်အသွေးစုံသော သစ်ပင်များ ရှိကြောင်း ရေးသားထားသည်။

သို့သော်လည်း မကြာသေးမီက ဧရာဝတီမှ ရောက်ခဲ့သည့် အချိန်တွင် သီပေါဟော်သည် ယခင် အနေအထားနှင့် များစွာ ခြားနားသွားခဲ့ပြီ ဖြစ်သည်။

တချိန်က လှပသေသပ်ခဲ့သော ဟော်နန်း ပရိဝုဏ်သည် ယခု ခြုံနွယ်များ မြက်ပင်များဖြင့် ဖုံးလွှမ်းနေသည် (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

၅ ဧက ကျယ်သည့် ခြံဝင်းထဲတွင် ယခင်ကလို စနစ်တကျ ထိန်းသိမ်းထားသည့် မြင်ခင်းများ မရှိတော့ဘဲ တောထနေသည်။ ပြည်နယ် ချန်ပီယံများနှင့် စော်ဘွား ကစားခဲ့သည့် တင်းနစ်ကွင်းကလည်း လုံးလုံးလျားလျား ပျက်စီးနေသည်။ မိသားစု၏ ရေကူးကန်တွင် ရေမရှိတော့ဘဲ ပျက်စီးနေပြီဖြစ်သည်။

အဆောက်အဦးမှာလည်း ရာသီဥတုဒဏ် ခံနေရသည်။ မိုးရွာလျှင် အမိုးမှ မိုးယိုကြောင်း စဝ်ဆမ်ဖုန်း က ပြောသည်။ ရေတံလျောက်များ အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေသည်။

“ဧည့်သည်တွေရဲ့ အလှူငွေပဲ အားကိုးနေရတော့ ပြုပြင်ထိန်းသိမ်းဖို့ အတွက် အခက်အခဲတွေ ရှိတယ်” ဟု သူမက ပြောသည်။

ပြည်သူ့ အချစ်တော် စုံတွဲ

အာဏာသိမ်းပြီး နောက် ၁ ရက် အကြာ၊ ၁၉၆၂ ခုနှစ် မတ်လ ၃ ရက်နေ့တွင် စဝ်ကြာဆိုင် ကို စစ်တပ် က ဖမ်းဆီးခဲ့သည်။ သူ့ ဇနီး၏ မှတ်တမ်းတွင် ဖော်ပြထားချက် အရ စော်ဘွားလည်း ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သော စဝ်ကြာဆိုင်အား ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များကို ငွေကြေးထောက်ပံ့ခြင်းနှင့် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြံစည်ခြင်း စသည့်အချက်များဖြင့် စွပ်စွဲခဲ့သည်ဟု သိရသည်။

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဇနီးဖြစ်သူ Inge Eberhard ကို မဟာဒေဝီအဖြစ် တင်မြှောက်စဉ် (ဓာတ်ပုံ – Twilight Over Burma စာအုပ်မှ)

သူ့အပေါ် စွပ်စွဲချက်များကို ထပ်တလဲလဲ ငြင်းဆန်ခဲ့ခြင်း ကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် အတွင်း အသက် ၃၈ နှစ် အရွယ် စဝ်ကြာဆိုင် ကို စစ်တပ် က သတ်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ စစ်တပ် က ၁၉၆၂ ခုနှစ် သြဂုတ်လ အတွင်း Inge Eberhard သို့ ပေးပို့ခဲ့သော စာတစောင်တွင် ကာကွယ်ရေး ဌာနက စော်ဘွားကို မည်သည့် အခါကမျှ ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။

သူတို့ စော်ဘွားနှင့် မဟာဒေဝီကို ဒေသ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီးပွားရေး တိုးတက်ရေး အတွက် စိတ်အား ထက်သန်ခဲ့သူများ အဖြစ် သီပေါမြို့မှ သက်ကြီး ရွယ်အိုများက ယနေ့ထက်ထိ မှတ်မိနေကြသည်။

သီပေါစော်ဘွား စဝ်ကြာဆိုင်၊ ဇနီးဖြစ်သူ Inge Eberhard နှင့် သမီး ၂ ဦး (ဓာတ်ပုံ – Twilight Over Burma စာအုပ်မှ)

“သူတို့က သီပေါကို ရှမ်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စံနမူနာပြ ဖြစ်စေချင်ခဲ့တာ” ဟု သီပေါမြို့ခံတဦး ဖြစ်သည့် အသက် ၇၃ နှစ် အရွယ် ဦးရဲအောင်က ပြောသည်။ သူ၏ မိဘများက စော်ဘွားနှင့် မဟာဒေဝီတို့၏ ရင်းနှီးသူများ ဖြစ်ကြသည်။ ဦးရဲအောင်၏ မိခင်ဖြစ်သူက ဒေသခံ ကလေးငယ်များ အတွက် မဟာဒေဝီ၏ ထောက်ပံ့မှုဖြင့် တည်ထောင် ထားသော အခမဲ့ မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဖြစ်သည်။

သူ၏ မိခင်ဖြစ်သူနှင့် မဟာဒေဝီတို့ အနီးအနားမှ ရှမ်းနှင့် ပလောင် (တအာင်း) ကျေးရွာများသို့ Land Rover ကားကို မောင်း၍ သွားရောက်ခဲ့ကြသည်ကို ဦးရဲအောင် မှတ်မိနေပါသည်။ ထိုစဉ်က ဦးရဲအောင်မှာ ၁၁ နှစ် ၁၂ သာသာ ရှိသေးသည်။

သူတို့၏ ရည်ရွယ်ချက်မှာ ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးမှုကို လျှော့ချနိုင်ရေး အတွက် အမျိုးသမီးများ ကို သီပေါရှိ သားဖွားခန်းတွင် လာရောက်၍ ကလေး မွေးကြရေးကို တိုက်တွန်းရန် ဖြစ်သည်။ ကျေးလက် ဒေသများတွင် ကလေးမွေးဖွားရန် အတွက် လူနာတင်ကားများက ရွေ့လျား ဆေးခန်းများ အဖြစ် မဟာဒေဝီက အသုံးပြုနိုင်အောင် ကြိုးပမ်းခဲ့သည်။

စော်ဘွား ကိုယ်တိုင်လည်း မိသားစုပိုင်မြေ အားလုံးကို လယ်သမားများသို့ ပေးခြင်း အားဖြင့် စိုက်ပျိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့သည်။ ကော်ဖီ၊ နာနတ်၊ ချင်း (ဂျင်း) နှင့် ပဲပိစပ် စသည့် သီးနှံသစ်များ စမ်းသပ် စိုက်ပျိုးရန် အတွက် လယ်ထွန်စက်များ ဝယ်ယူခဲ့သည်။ သတ္တုတွင်း အင်ဂျင်နီယာ ပညာရပ်ကို သင်ကြားခဲ့သူတ ဦး အနေဖြင့် ဒေသတွင်းတွင် မရှာဖွေရသေးသော တွင်းထွက်သတ္တုများကို ထုတ်ယူရန် The Tai Mining ကုမ္ပဏီကို ထူ ထောင်ခဲ့သည်။

သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် မဟာဒေဝီ Inge Eberhard

ဦးရဲအောင် ကိုယ်တိုင် လယ်သမားများ တွေ့ရှိသည့် သတ္တုနမူနာများကို စော်ဘွားထံ သူ၏ ဖခင်နှင့် အတူ မကြာခဏ သွားပို့ ပေးရသည်။

“နောက်လာမယ့် ၁၀ နှစ် အတွင်းမှာ ရှမ်းပြည်နယ်က လမ်းတွေကို ရွှေနဲ့ ခင်းနိုင်လိမ့်မယ်လို့ သူတခါက ပြောဖူးတယ်” ဟု သူက ပြန်ပြောပြသည်။

သူတို့ စုံတွဲ (စော်ဘွားနှင့် မဟာဒေဝီ) ရောက်လာသည့် ၁၉၅၄ ခုနှစ်တွင် သူတို့ကို သီပေါမှ ပြည်သူများက စောင့်ကြည့်ခဲ့ ကြသည် ဟု ဦးရဲအောင်က ပြောသည်။ အထူးသဖြင့် မဟာဒေဝီကို ဖြစ်သည်။ သီပေါတွင် သူ ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေသော လှပသည့် သတို့သမီးလောင်း ၈ ဦး ရှိသော်လည်း စော်ဘွားက ဥရောပသူတဦး ဖြစ်သည့် Inge Eberhard ကို လက်ထပ်ပြီး ပြန်ရောက် လာခဲ့သည်။

“မဟာဒေဝီက ၆ လအတွင်းမှာ ရှမ်းစကားနဲ့ ယဉ်ကျေးမှုကို သင်တယ်။ ရှမ်းအမျိုးသမီး တယောက်လို နေပြလိုက်တော့ အကုန် အံအားသင့်ကုန်တာဘဲ” ဟု ဦးရဲအောင်က ရယ်မောရင်းပြောသည်။

Inge Eberhard ကိုယ်တိုင်လည်း သူမ၏ စာအုပ်တွင် သူမ ကြိုးပမ်းခဲ့ပုံများ အကြောင်း ဖော်ပြခဲ့သည်။ ရွှေရောင် ဘရိုကိတ် လုံချည်၊ အဖြူရောင် ပိုးအကျႌဝတ်၍ ဒူးရောက်သည် အထိ ရှည်လျားသော သူ၏ ဆံပင်ကို ရှမ်းဆံတုံး ထုံးထားသည့် မဟာဒေဝီ ကို သူ၏ အိမ်ဖော်က “မဟာဒေဝီက တနေ့တခြား ရှမ်းအမျိုးသမီးနဲ့ ပိုပြီးတူလာတယ်” ဟု မှတ်ချက်ချခဲ့သည်။ “အရပ် နည်းနည်းသာ ပိုပုလို့က ပိုတောင်တူဦးမှာ” ဟု သူမက ထပ်ပြောခဲ့သည်။

လှပခဲ့သည့် အတိတ်ရက်များ အလွန်

၁၁ လကြာ နေအိမ် အကျယ်ချုပ် သဘောမျိုး နှင့် နေထိုင်ခဲ့ရပြီးနောက် မဟာဒေဝီနှင့် သူ၏ သမီး ၂ ဦး ဖြစ်သည့် Mayari နှင့် Kennari တို့ သီပေါဟော်မှ ထွက်ခွာသွားခဲ့သည့် အချိန်တွင် ဟော်တွင် ကျန်ရစ်ခဲ့သည်မှာ သူတို့၏ ထမင်းချက်နှင့် မိသားစု ဖြစ်သည်။

“သူတို့မှာ အဆောက်အဦးကို ပြုပြင်ထိန်းသိမ်းဖို့ ငွေကြေး လုံလုံလောက်လောက် မရှိဘူး။ ၁၉၇၂ ခုနှစ် ဝန်းကျင်လောက် မှာ ကျမတို့ ပြန်ရောက်လာတော့ အတွင်းက ပရိဘောဂ တော်တော်များများက ခြတွေ ကြွက်တွေ ကိုက်လို့ ပျက်စီးကုန်ပြီ” ဟု စဝ်ဆမ်ဖုန်း က ပြောသည်။

သီပေါဟော်ရှေ့တွင် တွေ့ရသော စဝ်ဆမ်ဖုန်း (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ထိုအချိန်က မြို့ခံ အများစုက အစိုးရ၏ အပြစ်ရှာခြင်း ခံရမည်ကို စိုးရိမ်သည့် အတွက် ဟော်နှင့် မပတ်သက်ရဲဘဲ ဝေးဝေးနေကြသည် ကို သူ မှတ်မိနေသည်။
“ဒါပေမယ့် ကျမတို့ မြို့ထဲ သွားတဲ့အခါ သူတို့က လှိုက်လှိုက်လှဲလှဲ ရှိကြပါတယ်” ဟု သူမက ပြောသည်။

သီပေါဟော်၏ တံခါးဝသို့ ပထမဆုံးရောက်လာသည့် ဧည့်သည်များမှာ “Twilight Over Burma” ကြောင့် သိခဲ့ကြပုံ ရသည့် နိုင်ငံခြားသားများ ဖြစ်သည်။ ထိုစဉ်က စစ်အစိုးရက “မြန်မာ့ခရီးသွားနှစ်” ကြွေးကြော်သံဖြင့် တိုင်းပြည်၏ ခရီးသွား လုပ်ငန်းကို တံခါးဖွင့်ခဲ့သည့် ၁၉၉၆ ခုနှစ်က ဖြစ်သည်။

မြန်မာနိုင်ငံက ကမ္ဘာသို့ ပြန်၍ တံခါးဖွင့်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ‘Shan Palace’ က ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ခရီးထွက် လာကြသည့် နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်များ၏ သွားရောက် လည်ပတ်မည့် ခရီးစဉ် မြေပုံပေါ်တွင် ရေပန်းစား လူသိများသည့် နေရာတခု ဖြစ်လာခဲ့သည် ဟု စဝ်ဆမ်ဖုန်း က ပြောသည်။

ဧည့်သည်များ လာရောက်မှု မှန်မှန် ရှိလာသော်လည်း စဝ်ဆမ်ဖုန်း ၏ မိသားစုက ဝင်ကြေး ကောက်ခံခြင်း မပြုပါ။ အဘယ်ကြောင့် ဆိုသော် ဟော်က ပြတိုက်မဟုတ်သည့် အတွက်ဖြစ်သည်။

“ဒါက ကျမတို့ အိမ်ပါ။ ဒါကြောင့် ကျမတို့က အလှူငွေကိုပဲ လက်ခံပါတယ်” ဟု သူက ပြောသည်။

ပြည်တွင်းနှင့် ပြည်ပမှ ဧည့်သည်များကို စဝ်ကြာဆိုင်၊ Inge Eberhard နှင့် သူတို့ ၏ ဘိုးဘေးများ၏ ဓာတ်ပုံ အဟောင်းများ ချိတ်ဆွဲထားသည့် လက်ရှိ ဧည့်ခန်းတွင် စဝ်ဆမ်ဖုန်းက ဟော်၏ သမိုင်း၊ စော်ဘွားနှင့် မဟာဒေဝီတို့ အကြောင်းနှင့် စော်ဘွား၏ ထူးဆန်းသော ပျောက်ဆုံးမှု တို့ကို အင်္ဂလိပ်၊ မြန်မာဘာသာ သာမက ရှမ်းဘာသာနှင့်ပါ ရှင်းပြသည်။

“Inge Eberhard က အခုဆိုရင် အသက် ၈၅ နှစ် ရှိပြီ။ မြန်မာနိုင်ငံကို လာနိုင်လောက်အောင် မကျန်းမာတော့ဘူး။ ဒါပေမယ့် သူက သူရဲ့ ခင်ပွန်းကို သူတို့ သတ်ခဲ့ပါတယ် ဆိုတာကို စစ်တပ်က အတည်ပြုပေးတာကို လိုချင်နေတုန်းပဲ” ဟု စဝ်ဆမ်ဖုန်းက ဧည့်သည်များကို ရှင်းပြသည်။

မဟာဒေဝီ ၏ “Twilight Over Burma” ကို အခြေပြု၍ ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေနိုင်သည် ဆိုသည့် အကြောင်း ပြချက်ဖြင့် ရန်ကုန် မြို့တွင် ပြုလုပ်သော လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် တခုတွင် အများပြည်သူတို့အား ပြသခွင့်ကို အာဏာပိုင်များက မနှစ်က ပိတ်ပင်ခဲ့သည်ဟု သူမက ထပ်ပြောသည်။

သူတို့ မိသားစု အနေဖြင့် အဆောက်အဦးကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လိုသော်လည်း မတတ်နိုင်ကြောင်း ဒေါ်စဝ်ဆမ်ဖုန်း က ပြောသည်။ Inge Eberhard နှင့် သူ၏ သမီးများ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးကတည်းက သူတို့နှင့် အဆက်အသွယ် မရှိတော့ ဟုလည်း သိရသည်။

သူတို့ မိသားစုက ဟော်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ခြင်းမှာ ဟော်က စစ်အစိုးရ လက်ထက်တွင် အရွယ်ရောက်ခဲ့ကြသည့် ရှမ်းပြည်သူများ အတွက် သမိုင်းတန်ဖိုး ရှိသောကြောင့် ဖြစ်သည်ဟု ဒေါ်စဝ်ဆမ်ဖုန်း က ပြောသည်။ “ကျမတို့ သမိုင်းကို သူတို့ ဘာမှ မသိတော့ဘူး”

“ဒါက သမိုင်းဝင် နေရာတခု ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ အစိုးရက ဒါကို ထိန်းသိမ်းစောင့်ရှောက် ချင်တယ် ဆိုရင်တောင်မှ နည်းနည်း ရှုပ်ထွေးနိုင်ပါတယ်။ ကျမတို့ ဒီမှာ နေနေတာကိုး” ဟု သူက ပြောသည်။ သူ၏ ခင်ပွန်းဖြစ်သူ စော်ဘွား၏ တူမှာ ဧရာဝတီက ရောက်သွားချိန်တွင် ခရီးသွားနေသည် ဟု သိရသည်။

ဟော်က သီပေါ အတွက် သာမက တိုင်းပြည်အတွက်လည်း သမိုင်းအရ အရေးပါသောကြောင့် ထိန်းသိမ်းစောင့်ရှောက် ရမည် ဟု ဦးရဲအောင် က ပြောသည်။ ဟော်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် အခွင့်အလမ်း မှန်သမျှကို လက်ခံသွားရန်လည်း ထိန်းသိမ်းစောင့်ရှောက်သည့် မိသားစုကို သူက တိုက်တွန်းလိုက်သည်။

“ကျနော်တို့ စော်ဘွားကို ဆုံးရှုံးခဲ့ပြီးပြီ။ သူ့ဟော်ကိုပါ ထပ်ဆုံးရှုံး မခံနိုင်ဘူး”

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော် ကျော်ဖြိုးသာ၏ “The Tragedy and Hope of a Palace”  ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading