မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာ တပ်မတော်က အာဏာသိမ်းခဲ့တာ အကြီးမားဆုံးအနေနဲ့ ၃ ကြိမ်ရှိခဲ့ပါတယ်။ ၁၉၆၂ မှာ ဗိုလ် ချုပ်နေဝင်းက ဦးနုအစိုးရထံမှ သိမ်းယူ၊ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပွားရာကစ ဦးနေဝင်း မဆလပါတီနဲ့အတူ ဖြုတ် ချခံရပြီး ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးစီးတဲ့ နဝတအစိုးရက ထပ်မံသိမ်းယူ၊ ဗိုလ်ချုပ်မှူးကြီးစောမောင် ကျန်းမာရေး မ ကောင်းမှု အကြောင်းပြုကာ ၁၉၉၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးစီးတဲ့ နအဖအစိုးရက အာဏာသိမ်းယူခဲ့မှုများဖြစ် ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ကာလတလျှောက် ဗိုလ်ချုပ်မှူးကြီးနေဝင်းလက်ထက်နဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်တွေမှာ တော့ အစိုးရပိုင်မီဒီယာများက တဆင့် သူတို့အသံ၊ စကားများကို ကြားရလေ့ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖအစိုး ရလက်ထက်မှာတော့ သာမန်ပြည်သူတွေဟာ သူ့အသံနဲ့သူ့စကား မကြားခဲ့ရဖူးပါဘူး။
ပြည်ပမီဒီယာနဲ့ ပြည်တွင်းပုဂ္ဂလိက မဂ္ဂဇင်း၊ ဂျာနယ်များနဲ့ တွေ့ဆုံဖြေကြားမှုမရှိခဲ့ဘဲ လျှို့ဝှက်သတိထားနေခဲ့ပုံလည်း ရ ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း ပြောကြပြီဆိုရင် အထောက်အထား၊ အချက်အလက် အသေး စိတ်သိရဖို့ အခွင့်အရေးနည်းပါးပါတယ်။
၁၉၈၈ အာဏာသိမ်းမှုမှာ ဒု-ကာချုပ်အဖြစ်သာ ပါဝင်ခဲ့ပေမယ့် ၁၉၉၂ မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ရာထူးဆက်ခံကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌအဖြစ် စစ်အုပ်ချုပ်ရေးကို ဆက်လက်အ သက်သွင်းခဲ့ပါတယ်။
နိုင်ငံရေးခြေလှမ်းတွေအဖြစ်၂၀၀၈ အခြေခံဥပဒေစာအုပ်ကို စိတ်ကြိုက်ရေးဆွဲခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ၎င်းဦးစီး တည်ထောင်ခဲ့တဲ့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရစေခဲ့ပါတယ်။
ယနေ့ထိ မြန်မာ့နိုင်ငံရေးမှာ ၎င်းရဲ့အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ကြောင်းကိုလည်း ကိုယ်တိုင်မဟုတ်ဘဲ မကြာမကြာ တဆင့်ခံ ပုံစံမျိုးဖြင့် ထုတ်ဖော်ပြသလေ့ရှိပါတယ်။
ယခုစာအုပ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) အကြောင်းကို ပြင်ပက စာရေးဆရာ၊ မြန်မာ့အရေးကျွမ်းကျင်သူ လူ့ အခွင့်အရေးလှုပ်ရှားသူ ဘန်းဒစ်ရော်ဂျာ (BENEDICT ROGERS) ရေးသားတဲ့ Unmarsking Burma’s Tyrant ဆိုတဲ့ စာအုပ်ကို နိုင်ဦးက စစ်အာဏာရှင်တစ်ဦးကို မျက်နှာဖုံးချွတ်ဆွဲခွာခြင်းဆိုကာ ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလပ်ဟာဗယ်က အမှာစာ ရေးသားထားပြီး မူရင်းစာအုပ်ရေးသားသူ (BENEDICT ROGERS) ဟာ ယခုစာအုပ်ကို ရေးသားနိုင်ဖို့အတွက် နိုင်ငံရေးသမားများ၊ မီဒီယာလောကမှ ပုဂ္ဂိုလ်များ၊ စစ်ဘက်မှ အရာ ရှိကြီးငယ်များ၊ သံတမန်များ အစရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး မှတ်စုများ၊ စာအုပ်စာတန်းများကို ကိုးကားခဲ့တယ် လို့ သိရပါတယ်။
စာအုပ်မှာ စာတိုက်စာရေးမှ သက်ဦးဆံပိုင်ဘုရင်သို့၊ ရွှေဝါရောင်နှင့် အစိမ်းတို့မြေ၊ ဒီမိုကရေစီစိန်ခေါ်ပွဲ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးများ၊ နေပြည်တော်ဘဝရှင်မင်းတရားကြီး၊ ရာဇဌာနီ၊ ဘုန်းကြီးနှင့်မုန်တိုင်း၊ ထီးမွေ နန်းလျာ၊ ခရိုနီစီးပွားရေးနှင့် မြန်မာပြည်အနာဂတ် ဆိုပြီး စတဲ့အခန်းများပါဝင်ပါတယ်၊
ဘန်းဒရစ်ရော်ဂျာရဲ့နိဒါန်းမှာတော့’’အသက်ရှင်နေဆဲ အာဏာရှင်တယောက်အကြောင်းကို စာအုပ်ရေးရသည်မှာ လွယ်ကူ သည် မဟုတ်ပါ။ အသက်ရှင်နေသည့်တိုင် လက်လှမ်းမီဖို့ခက်ခဲသော အထ္ထုပ္ပတ္တိများထဲတွင် ဦးသန်းရွှေလည်း တစ်ယောက် အပါဝင်ဖြစ်နိုင်ပါသည်။ လူတွေ့မေးမြန်းဖို့ သူ့ထံ ကျွန်ုပ်စာရေး၍ ပန်ကြားခဲ့ပါသော်လည်း လုံးဝတုံ့ပြန်ခြင်း မရှိခဲ့ပါ’’ လို့ ရေး သားထားပါတယ်။
ဦးသန်းရွှေနဲ့ပတ်သက်ပြီး မူရင်းစာရေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ထိတွေ့ပတ်သက်ခဲ့ဖူးသူများရဲ့အမြင်များကိုလည်း ထည့်သွင်းရေးထားတာကို အောက်ပါအတိုင်း စာအုပ်မှာတွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုင်းမှူးဘဝက ဖြစ်စဉ်တခုအကြောင်းကို “အဲဒီအခါမျိုးမှာ ဗိုလ်ချုပ်သန်းရွှေက မိန့်ခွန်းအရှည်ကြီး တွေ ချွေတတ်တာ တခါတခါ ၂ နာရီကြာ မနားတမ်းပြောတော့တာပဲ၊ မဆလပါတီ ပေါ်လစီတွေ စိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ဘယ်လိုရထားတယ်ဆိုတာတွေ ပြောရမယ်ဆိုရင် မိုးချုပ်တဲ့အထိ တက်တက်ကြွကြွ ပြောတော့တာပဲ၊ ဒါ ပေမယ့် သူ့ကို ပြန်ပြောတာတွေကိုတော့ နားမထောင်ဘူးဗျ” လို့ ဖတ်ရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် နအဖအစိုးရလက်ထက်သဘောထားကိုလည်း ထောက်လှမ်းရေးဌာနမှာ အမှု ထမ်းခဲ့ဖူးသူ ဗိုလ်မှူးအောင်လင်းထွဋ်က “သူတို့အတွက် ဒီလိုကိစ္စတွေဆိုတာ အသေးအဖွဲ့ပါပဲ၊ ၁၉၉၇ ခုနှစ်တည်းက က လေး ချီထားတဲ့ မိခင်ကိုတောင် ချန်မထားဘဲ အကုန်သတ်ပစ်ဖို့ ကျနော်တို့ကို ညွှန်ကြားခဲ့တယ်၊ ဒါဟာ သူတို့ရဲ့တရားဝင် ပဲ၊ အထူးသဖြင့် ရှေ့တန်းစစ်မြေပြင်တွေမှာ ဒီအတိုင်းပဲ၊ ဒီလိုသတ်ဖြတ်နှိပ်စက်တာတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ အများဆုံးလုပ်ခဲ့ကြတယ်။ အများအားဖြင့် ကျေးရွာတွေကို စစ်တပ်က အဓမ္မပြောင်း ရွှေ့ခိုင်းတာကြောင့် သေကြေပျက်စီးခဲ့ကြတာ များတယ်၊ နေရာတစ်ခုကို ရှင်းလင်းဖို့ ဗိုလ်ချုပ်တွေက ကျနော်တို့ကို အမိန့် ပေးတဲ့အခါ အသက်ရှင်နေတဲ့အကောင်တစ်ကောင်မှ သူတို့မတွေ့ ချင်ဘူး၊ အဲဒါ သူတို့ တရားဝင်အမိန့်ပဲ၊ အဲဒီလို ကိစ္စ တွေကို ၁၉၉၆၊ ၁၉၉၇ ခုနှစ်ကတည်းက စလာခဲ့တာ ဒီနေ့အထိပဲ” လို့ ရေးသားထားပါတယ်။
၁၉၅၂ ခုနှစ် မိတ္ထီလာမြို့ရှိ စာတိုက်မှာ တနှစ်ခန့် စာတိုက်စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် တပ်မတော်အ ရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉)သို့ တက်ရောက်ကာ ဒုဗိုလ်အဖြစ်မှ စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေဟာ ၁၉၉၂ ကစလို့ ၂၀၁၀ ရွေးကောက်ပွဲကာလထိ ၁၈နှစ်တိုင် မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ပါ တယ်။
အနှစ်ချုပ်ဆိုရင် စာရေးသူ BENEDICT ROGERS ဟာ မီဒီယာကို သတိထားဆက်ဆံခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အ ကြောင်းကို အာဏာရှင်မျက်နှာဖုံး ကွာကျပြီး ရုပ်လုံးပေါ်အောင် ရေးဖွဲ့နိုင်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပတ်သက်ပြီး စာရေးသူ ဘန်းဒရစ်ရော်ဂျာရဲ့အမြင်ကိုလည်း စာအုပ်ရဲ့နိဂုံးမှာ ခုလိုရေးသားထား ပါတယ်။
“တခဏတာလေးမျှ အာဏာရရှိရေးအတွက် လူပေါင်းများစွာကို သတ်ဖြတ်၊ နှိပ်စက်ထောင်ချ၍ လူ့အခွင့်အရေးတွေကို ချိုး ဖောက်ခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းကို ကတိအတုအယောင်တွေနှင့် နည်းမျိုးစုံ လိမ်လည်လှည့်ပတ်ခဲ့သည်။ ဘာ သာရေးကိုပင် ကိုင်းရှိုင်းချင်ဟန်ဆောင်၍ အသုံးချခဲ့သည်၊ ဗေဒင်၊ လက္ခဏာ၊ ယတြာတွေနှင့် အာဏာမြဲဖို့ ကြံဖန်ခဲ့သည်၊ နိုင်ငံတကာဖိအားမရှိလျှင် ထိုသူသည် အလျော့ပေးဖို့စဉ်းစားမည်သူမဟုတ်၊ တိုင်းပြည်ကို စစ်တပ်နှင့်လွှမ်းမိုးထားနိုင်သည် ဟု ယုံကြည်နေသူဖြစ်သည်” လို့ မှတ်ချက်ပြုထားပါတယ်။
စာရေးသူ – BENEDICT ROGERS
စာအုပ်အမည် – Than Shwe: Unmarsking Burma’s Tyrant
– (စစ်အာဏာရှင်တစ်ဦးကို မျက်နှာဖုံး ချွတ်ခွာခြင်း)
ဘာသာပြန် – နိုင်ဦး
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်တိုက် – ယဉ်မျိုး
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၄၊ စက်တင်ဘာ
တန်ဖိုး – ၂၅၀၀ ကျပ်