ဟိမဝန္တာ တောင်တန်းပေါ်မှ ဝေးလံသော ကုန်းမြင့်တခုပေါ်တွင် တရုတ် နှင့် အိန္ဒိယ စစ်သားများ တိုက်ခိုက်တော့မလို ဟန် ပြင်နေကြခြင်းက ၂ လကျော်ကြာမြင့်လာသည့်အခါ တရုတ်နှင့် ဘူတန်ကြားမှ အငြင်းပွားနေရသည့် နေရာတွင် တရုတ်နိုင်ငံက လမ်းတခုဖောက်လုပ်ခြင်းနှင့် အမှန်ပင် မသက်ဆိုင်ကြောင်း သဲသဲကွဲကွဲ တွေ့လာရသည်။
တရုတ်နိုင်ငံက ၎င်း၏ နယ်စပ်အနီးတွင် သို့မဟုတ် နယ်စပ်ကို ဖြတ်ကျော်၍ ထိပ်တိုက်တွေ့ဆုံမှုတွင် ပါဝင်ပတ်သက်သည့် အခါတိုင်း (ဥပမာ ၁၉၆၂ ခုနှစ်က အိန္ဒိယ နှင့် နယ်စပ်စစ်ပွဲ၊ ၁၉၆၉ ခုနှစ်က Amur မြစ်တလျှောက်တွင် ဆိုဗီယက်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲငယ်များ သို့မဟုတ် ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ် မြောက်ပိုင်း နယ်စပ်ကို ကျော်ဖြတ်၍ စစ်တပ် ဖြင့် ဝင်ရောက်ခြင်း စသဖြင့် မည်သည့်အခါတွင်ဖြစ်စေ) ဖုံးကွယ်ထားသည့် နိုင်ငံရေး အစီအစဉ်တခု အမြဲတမ်း ရှိပါသည်။
၁၉၆၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံက ဦးဆောင်နေသော တတိယကမ္ဘာတွင် တရုတ်နိုင်ငံက သူ၏ သြဇာလွှမ်းမိုးမှုကို ခိုင်မာ စေချင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် တရုတ်နိုင်ငံက ၎င်းတို့ အနေဖြင့် အဓိကရန်သူအဖြစ် ထိုအချိန်က သတ်မှတ်ထားသော “ဆိုဗီယက် ပြန်လည်ပြင်ဆင်ရေးသမားများ”ကို စစ်ရေးနည်းဖြင့် စိန်ခေါ်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ပြသခဲ့ သည်။ ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက ကမ္ဘောဒီယား အရေးတွင် ပါဝင်ပတ်သက်ခဲ့ခြင်းနှင့် တရုတ်ကို ထောက်ခံသော ခမာနီ အစိုးရကို ဖြုတ်ချခြင်းတို့အတွက် တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံကို အပြစ်ပေးရန် ကြိုးစားခဲ့သည်။
ယခုတကြိမ်တွင် တရုတ်နိုင်ငံက ဘူတန်နိုင်ငံနှင့် ၎င်း၏ အစဉ်အလာအရ မဟာမိတ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အစဉ်အလာအရ၊ ပထဝီအနေအထားအရ အဓိကပြိုင်ဖက်ဖြစ်သည့် အိန္ဒိယနိုင်ငံတို့ကြား သပ်လျှိုရန် ကြိုးစားနေပါသည်။ လတ်တလော အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ အခြေခံ အဆောက်အဦးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ရန် အိန္ဒိယနိုင်ငံဖက်မှ လက်တွန့်နေသည့်အတွက် တရုတ်နိုင်ငံက စိတ်ပျက်နေသည်။ မဖြေရှင်းနိုင်သေးသည့် နယ်စပ်ကိစ္စများက ဒလိုင်လားမားနှင့် သူ၏ ပြည်ပရောက် တိဘက်အစိုးရတို့ အိန္ဒိယနိုင်ငံတွင် ကာလကြာရှည်စွာ ရှိနေခြင်းကဲ့သို့ပင် ၎င်းတို့ ၂ နိုင်ငံ၏ နောက်ထပ် ပြဿနာ ဖြစ်သည်။
ဇွန်လ အတွင်းတွင် တရုတ်ဆောက်လုပ်ရေးလုပ်သားများက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တပ်သား များ၏ စောင့်ရှောက်မှုဖြင့် Doklam ကုန်းမြင့်ဒေသသို့ ရောက်ရှိလာကြသည်။ ထိုနေရာကို ဘူတန်နိုင်ငံက ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး တရုတ်တို့ကလည်း သူတို့က Donglang ဟု ခေါ်သော ထိုနေရာသည် တရုတ်ပိုင် ဖြစ်ကြောင်း ပြောသည်။ အိန္ဒိယနိုင်ငံက Doklam ဒေသကို သူတို့ ပိုင်ဆိုင်ကြောင်း မပြောသော်လည်း မဖြေရှင်းနိုင်သေးသည့် ထိုပြဿနာတွင် ဘူတန်ဖက်မှ ထောက်ခံခဲ့သည်။
အားပြိုင်နေကြသောနေရာနှင့် ကီလိုမီတာ ၅၀ ပင် မဝေးသည့်နေရာတွင် ဘူတန်မြို့တမြို့ ဖြစ်သည့် Haa ရှိသည်။ Haa သည် ဘူတန် တော်ဝင်တပ်မတော် (RBA) ကိုလေ့ကျင့်ပေးရန် တာဝန်ရှိသည့် အိန္ဒိယတပ်မတော် လေ့ကျင့်ရေး အဖွဲ့ သို့မဟုတ် IMTRT ၏ ဌာနချုပ် ဖြစ်သည်။ Doklam သည် ဘူတန်အနောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံမှ တောင်ကုန်း ထူထပ် သည့် Sikkim ပြည်နယ်တို့ကြားမှ ကျဉ်းမြောင်းသည့်နေရာတခုဖြစ်သော Chumbi တောင်ကြား၏ အနောက်ဖက်ခါးပန်း ပေါ်တွင် တည်ရှိပါသည်။
အဆိုပါ စင်္ကြ ံကို ချဲ့ထွင်ရန် တရုတ်၏ ကြိုးစားမှုမှန်သမျှက အကဲဆတ်သည့် နယ်စပ်ဒေသတခုတွင် လုံခြုံရေးတပ်ဖွဲ့များ လှုပ်ရှားမှု ပိုများလာစေနိုင်မည် ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း ၎င်း၏ လုံခြုံရေးကို ခြိမ်းခြောက်မှုတခုဟု ယူဆလိမ့်မည် ဖြစ်သည်။
အိန္ဒိယက တရုတ်၏ လှုပ်ရှားမှုကို ရန်စခြင်းဟု နားလည်လိုက်ပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းကို ဟန့်တားရန် ၎င်း၏ တပ်ဖွဲ့များကို အငြင်းပွားနေသည့် ဧရိယာသို့ ပြောင်းရွှေ့ခဲ့သည်။ ပိုင်ဆိုင်ကြောင်း ရာစုနှစ်များစွာချီ၍ ပြောဆိုခဲ့သည့် နေရာတခုတွင် မည်သည့်အတွက်ကြောင့် လမ်းဖောက်လုပ်သည် ဆိုသည်ကို တရုတ်နိုင်ငံက မပြောခဲ့ပါ။ အကဲဆတ် သည့် ထိုလမ်းဖောက်လုပ်မှုက တရုတ်နိုင်ငံ၏ အမေရိကန် ဒေါ်လာ ၁ ထရီလီယန်တန် ခေတ်သစ်ပိုးလမ်းမ (One Belt One Road) စီမံကိန်း တက်ကြွစွာ အကောင်အထည်ဖော်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လမ်းဖောက်လုပ်ခြင်းအပေါ် အိန္ဒိယနိုင်ငံ၏ တုန့်ပြန်မှုက တရုတ်နိုင်ငံ လိုချင်သည့်အတိုင်း အတိအကျ ဖြစ်ကောင်းဖြစ်ခဲ့ နိုင်ပါသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် သံတမန်ရေးရာ ထောင်ချောက်တခု အတွင်းသို့ တည့်တည့်လျှောက်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့သည့် အသွင်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ တုန့်ပြန်မှုက ၎င်းကို ရန်လိုသည့် သဘောမျိုး ဖြစ်သွားစေခဲ့ပြီး တချိန်တည်းမှာပင် အိန္ဒိယ စစ်တပ်ရှိနေခြင်းက နိုင်ငံရေးအရ ထိရှလွယ်သော ကိစ္စတခု ဖြစ်ကြောင်း ဘူတန်နိုင်ငံတွင် စိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့သည်။
Chumbi တောင်ကြား၏ အောက်ဘက်တွင် ရာသီမရွေးသုံးနိုင်သည့် လမ်းတခု လက်ရှိ ရှိနေပါသည်။ အိန္ဒိယ နိုင်ငံဖက်မှ Sikkim ပြည်နယ်နှင့် တရုတ်နိုင်ငံတို့ ထိစပ်သည့်နေရာမှ Nathula က တရုတ်နှင့် အိန္ဒိယတို့၏ နယ်စပ်ကုန်သွယ်ရေး အဓိက စခန်းတခုအဖြစ် ရှိနေပြီး ဖြစ်သည်။ အိန္ဒိယဖက်သို့ ဝင်ရောက်သော တရုတ်ကုန်စည်အများစုကို ဘူတန်သို့ ပြန်လည်တင်ပို့ပါသည်။ သို့သော်လည်း ဘူတန်၏ စုစုပေါင်း ကုန်သွယ်ရေးတွင် အိန္ဒိယမှ တိုက်ရိုက်တင်သွင်းမှုက ၇၅ ရာခိုင်နှုန်း ရှိပြီး နိုင်ငံခြားတင်ပို့မှု စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံသို့ တင်ပို့ခြင်း ဖြစ်သည်။
ဘူတန်နှင့် တရုတ်နိုင်ငံကြားတွင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု အနည်းငယ်တော့ ရှိပါသည်။ ဘူတန်လူမျိုးများက ဆေးဖက်ဝင် သစ်ပင်များကို တိဘက်နွား (စာမရီ ဟုလည်း ခေါ်ကြသည်)များ သို့မဟုတ် မြင်းများ နှင့်တင်၍ တရုတ်နိုင်ငံဘက်သို့ သယ်ယူသွားကြပြီး အီလက်ထရောနစ် ပစ္စည်းများနှင့် အခြားကုန်စည်များ ပြန်လည်ယူလာကြသည်။ သို့သော်လည်း ကုန်သွယ်ရေး ပမာဏက သေးငယ်ပါသည်။ တရုတ်နိုင်ငံက ဖောက်လုပ်ရန် ရည်ရွယ်သည့် လမ်းမှာ ကုန်သွယ်ရေးကို တိုးချဲ့ရန် ဟုတ်ပုံမရပါ။ ထို့ပြင် တရုတ်နိုင်ငံနှင့် ဘူတန်နိုင်ငံတို့သည် တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ၂ နိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်နိုင်ခြင်း မရှိသေးပါ။
လတ်တလောနှစ်များအတွင်းတွင် တရုတ်နိုင်ငံက ၎င်း၏ အိမ်နီးချင်းများထဲတွင် သံတမန်ဆက်သွယ်ရေး မထူထောင်ရ သေးသည့် တခုတည်းသော နိုင်ငံဖြစ်သည့် ဘူတန်ကို စည်းရုံးနိုင်ရန် စတင်လာခဲ့သည်။ ထိုသို့စည်းရုံးခြင်းက ဟိမဝန္တာ ဒေသတွင် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုကို ပြန်လည်ပြင်ဆင်နိုင်ရန် ဖြစ်နိုင်သည်ဟု လေ့လာဆန်းစစ်သူ အချို့က ယူဆထား သည်။
ခေတ်သစ်သမိုင်းတလျှောက်လုံး ဘူတန်နိုင်ငံက အိန္ဒိယနိုင်ငံ အပေါ် ကြီးမားစွာ မှီခိုခဲ့ရသည်။ ဟိမဝန္တာ ဒေသမှ သေးငယ်သော ဘုရင့်နိုင်ငံလေးသည် အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၁၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်နှင့် လွတ်လပ်ပြီး အိန္ဒိယခေတ် ၁၉၄၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် တို့တွင် လက်မှတ်ထိုးခဲ့သော သဘောတူညီချက်များအရ အိန္ဒိယနိုင်ငံနှင့် ဆက်နွယ်နေခဲ့သည်။
ပထမ သဘောတူညီချက် ၂ ခု (၁၉၁၀ နှင့် ၁၉၄၉ ခုနှစ်) အရ ဘူတန်နိုင်ငံသည် ပြည်တွင်းတွင် အဆင့်အတန်းမြင့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော်လည်း နိုင်ငံခြားဆက်ဆံရေးကို အိန္ဒိယ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ကြောင့် ဘူတန်ကို အိန္ဒိယ၏ အစောင့်ရှောက်ခံနိုင်ငံ ဖြစ်စေခဲ့သည်။ သို့သော်လည်း ၂၀၀၇ ခုနှစ် သဘောတူညီချက်တွင် ဘူတန်နိုင်ငံကို နိုင်ငံခြားရေးရာများတွင် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။
အိန္ဒိယနိုင်ငံက ဘူတန်တော်ဝင် တပ်မတော်ကို လေ့ကျင့်ပေးသည်သာမက ၎င်းတပ်ဖွဲ့များအတွက် လစာလည်း ပေးနေသည်။ အိန္ဒိယ တပ်မတော်၏ လက်အောက်ခံ အဖွဲ့အစည်းတခု ဖြစ်သည့် နယ်ခြားလမ်းအဖွဲ့(Border Road Organization) က ဘူတန်နိုင်ငံမှ လမ်းအားလုံးကို ဖောက်လုပ်ပေးခဲ့သည်။ ဘူတန်နိုင်ငံသည် ဟိမဝန္တာ တောင်တန်း များ၏ တောင်ဖက်စွန်းတွင် ရှိနေခြင်း သို့မဟုတ် တရုတ်နှင့် အိန္ဒိယကြားတွင် မြောက်ပိုင်းခံစစ်စည်း ဖြစ်နေခြင်းတို့ကြောင့် ဘူတန်နိုင်ငံက အိန္ဒိယနိုင်ငံမှ လုံခြုံရေး အစီအစဉ် ချမှတ်သူများအတွက် အရေးအပါဆုံး ဗျူဟာမြောက်နေရာ ဖြစ်သည်။
အဆိုပါ ခံစစ်စည်း၏ တောင်ဖက်နယ်များကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောဆိုခြင်းသည် ၁၉၆၂ ခုနှစ်က တရုတ်တပ်ဖွဲ့များ အင်အားကြီးမားစွာ စစ်ဆင်ခဲ့ခြင်းအတွက် အကြောင်းပြချက်တခု ဖြစ်သည်။ တရုတ်တပ်ဖွဲ့များက ဟိမဝန္တာ အရှေ့ဖက်ပိုင်း ဒေသများသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ထိုဧရိယာအတွင်းရှိ အိန္ဒိယတပ်မတော် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ရပြီးနောက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
အိန္ဒိယနိုင်ငံအပေါ်တွင် ကာလကြာရှည်စွာ မှီခိုခဲ့ရသော်လည်း လတ်တလော ဆယ်စုနှစ်များတွင် ဘူတန်နိုင်ငံက ပိုမို၍ လွတ်လပ်မှုများ ရလာခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာခဲ့ပြီး ၁၉၄၉ ခုနှစ်က အိန္ဒိယနှင့် လက်မှတ်ထိုးခဲ့သော သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် ပြင်ဆင်၍ လက်မှတ်ထိုးနိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ် သဘောတူညီချက်တွင် ၂ နိုင်ငံက ၎င်းတို့၏ အမျိုးသား အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် အနီးကပ် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မည်သည့် အစိုးရကမျှ ၎င်း၏ ပိုင်နက်ကို အခြားနိုင်ငံ၏ အမျိုးသား အကျိုးစီးပွား နှင့် လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စများအတွက် အသုံးပြုခွင့် မပေးရန် ဖော်ပြထားသည်။
ဘူတန်တွင် အိန္ဒိယ နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တုန့်ပြန်ရန်အတွက် တရုတ်နိုင်ငံက ၎င်း၏ ပုံမှန်သုံးနေကျ အပျော့စား သံတမန်ရေးကို အသုံးပြုခဲ့သည်။ မကြာသေးမီက တရုတ်ဆပ်ကပ်ပညာရှင်များ၊ ကျွမ်းဘား ပညာရှင်များ နှင့် ဘောလုံးသမားများ ဘူတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဘူတန်ကျောင်းသားအချို့လည်း တရုတ်နိုင်ငံတွင် ပညာသင်ကြားရန် ပညာသင်ဆုများ ရရှိခဲ့ကြသည်။
ခရီးသွားလုပ်ငန်းလည်း တိုးချဲ့လာသည်။ လွန်ခဲ့သော ၁၀ နှစ်က ဘူတန်နိုင်ငံသို့သွားသည့် တရုတ်ခရီးသည် ၁၉ ဦးသာ ရှိခဲ့သော်လည်း ယခုအခါ တနှစ်လျှင် ၉၀၀၀ ကျော် သို့မဟုတ် ဘူတန်နိုင်ငံသို့ တနှစ်အတွင်း လာရောက်သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်၏ ၁၉ ရာခိုင်နှုန်း ဖြစ်လာသည်။ လူဦးရေ ၁ သန်းပင် မပြည့်သည့် ဘုရင့်နိုင်ငံလေး အတွက် တရုတ် ခရီးသည်များက အဓိက ဝင်ငွေ အရင်းအမြစ် ဖြစ်လာသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် ဘူတန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များတွေ့ဆုံ၍ နယ်စပ်အရေး အတွက် နောက်တကြိမ် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲများ အပြီးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကျေ ညာချက် တစောင်၌ “ဘူတန် နှင့် တရုတ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး မထူထောင်ရသေးသော်လည်း ၂ နိုင်ငံ ကြား တွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် နောက်တွန့်နေမည် မဟုတ်ကြောင်း နှင့် ဘူတန်နိုင်ငံဘက်မှလည်း ခရီးသွားလုပ်ငန်း၊ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် စိုက်ပျိုးရေး ကဲ့သို့သော နယ်ပယ်များတွင် ဖလှယ်မှုကို ဆက်လက်နက်ရှိုင်းစေရန် နှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံမြှင့်တင်ရန် ဆန္ဒရှိနေကြောင်း” ဖော် ပြထားသည်ကို တွေ့ရသည်။
ထို့ကြောင့် လက်ရှိ ပဋိပက္ခက ဘူတန်နိုင်ငံကို ရွေးချယ်ရခက်ခဲသည့် ဒွိဟဖြစ်စရာ အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ ဇွန်လ ၂၉ ရက်နေ့တွင် ဘူတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက “တရုတ်နိုင်ငံက ဘူတန် ပိုင်နက်အတွင်းတွင် လမ်းဖောက် လုပ်ခြင်းက သဘောတူညီချက်များကို တိုက်ရိုက်ချိုးဖောက်ခြင်း ဖြစ်ပြီး ၂ နိုင်ငံကြားတွင် နယ်နိမိတ် ပိုင်း ခြား သတ်မှတ် ရေး လုပ်ငန်းစဉ်များ အပေါ်တွင်လည်း သက်ရောက်မှု ရှိနိုင်ကြောင်း” တရားဝင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
နောက်တလကြာသောအခါ အိန္ဒိယနိုင်ငံဆိုင်ရာ ဘူတန်သံအမတ်ကြီး Vetsop Namgyel က နယူးဒေလီမြို့ရှိ တရုတ် သံရုံးတွင် ပြုလုပ်သော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အထိန်းအမှတ် အခမ်း အနားသို့ တက်ရောက်ခဲ့သည်။ တရုတ်နှင့် ဘူတန် ၂ နိုင်ငံကြားတွင် သံတမန် ဆက်ဆံရေး မရှိသေးဘဲနှင့် သံအမတ်ကြီး အဆင့် ထိပ်တန်းပုဂ္ဂိုလ် တက်ရောက်ခြင်းက အထူးပင် စဉ်းစားစရာ ဖြစ်ခဲ့သည်။
သြဂုတ်လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက် အသစ် တစောင်တွင် “ တရုတ်-ဘူတန် နယ်နိမိတ်ပြဿနာသည် တရုတ်နှင့် ဘူတန် ကြားမှ ကိစ္စ တခုဖြစ်ပြီး အိန္ဒိယ နိုင်ငံနှင့် မသက်ဆိုင် ကြောင်းနှင့် အိန္ဒိယနိုင်ငံ အနေဖြင့် ဘူတန်နိုင်ငံကိုယ်စား နယ်မြေပိုင်နက် တောင်းဆိုပေးခွင့်မရှိကြောင်း ” ဖော်ပြ ထားသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောချင်သည်မှာ “အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံ၏ အချုပ်အချာ အာဏာကို ထိပါးရုံသာမက ဘူတန်နိုင်ငံ၏ အချုပ်အချာ အာဏာ နှင့် လွတ်လပ်ရေးကို စိန်ခေါ်ခဲ့သည်” ဟူ၍ ဖြစ်သည်။
အကယ်၍ ဘူတန်အစိုးရကသာ Doklam ကုန်းမြင့်ဒေသကို ပိုင်ဆိုင်ကြောင်း ပြောဆိုမျှကို စွန့်လွှတ်ခဲ့မည်ဆိုလျှင် တရုတ် နိုင်ငံကလည်း ဘူတန်အနောက်ပိုင်းမှ အခြားသော နယ်နိမိတ်ပြဿနာများတွင် အလျှော့ပေးမည် ဆိုသည့် လမ်းကြောင်း တခုကို တရုတ်နိုင်ငံဖက်က အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်ကို အိန္ဒိယနိုင်ငံကလည်း ၎င်း၏ အမျိုးသား အကျိုးစီးပွား အတွက် အန္တရယ်တခု၊ ဘူတန်နှင့် အိန္ဒိယ နိုင်ငံကြားမှ ၂၀၀၇ ခုနှစ် သဘောတူညီချက်ကို ချိုဖောက်မှုတခု အဖြစ် မြင်လိမ့်မည် ဖြစ်သည်။
တချိန်တည်းမှာပင် ဘူတန်နိုင်ငံကလည်း အိန္ဒိယနိုင်ငံ အပေါ် မှီခိုနေရခြင်းကို လျှော့ချရန်နှင့် ၎င်းသည် အမှန်တကယ် လွတ်လပ်သော နိုင်ငံတခု ဖြစ်ကြောင်း ကမ္ဘာကို ပြသရန် စိတ်အားထက်သန်နေသည်။ ထို့ကြောင့် Doklam အငြင်းပွားမှုက ဘူတန်နိုင်ငံအတွင်းတွင် ရောထွေးသော တုန့်ပြန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ တရုတ်နိုင်ငံက သူတို့နှင့် အလွန် နီးကပ် လာခြင်းကို ဘူတန်နိုင်ငံသားများက မလိုလားကြပါ။ သို့သော် အိန္ဒိယနိုင်ငံ၏ လူသိရှင်ကြား ဝင်ရောက်စွက်ဖက်ခြင်းကို အိန္ဒိယ၏ အစောင့်အရှောက်ခံ နိုင်ငံတခု အဆင့်သို့ ပြန်ရောက်သွားခြင်းဟုလည်း မြင်ကြနိုင်ပါသည်။
ထိုအမြင်က ပြည်တွင်းမှ ရွေးကောက်ခံ နိုင်ငံရေးတွင်လည်း သြဇာသက်ရောက်မှု ရှိနိုင်ပါသည်။ အိန္ဒိိယ နိုင်ငံမှ ထင်ရှားသည့် လုံခြုံရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သော P. Stobdan က အိန္ဒိယ ဝက်ဘ်ဆိုက် တခုဖြစ်သည့် The Wire မှ ဆောင်းပါးတခုတွင် “၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဘူတန်နိုင်ငံ၏ ရွေးကောက်ပွဲသည် အိန္ဒိယ ထောက်ခံရေး ကြွေးကြော်သံနှင့် အိန္ဒိယ ဆန့်ကျင်ရေး ကြွေးကြော်သံများ ၏ တိုက်ပွဲ ဖြစ်လာပါလိမ့်မည်” ဟု ဇူလိုင်လ ၁၁ ရက်နေ့က ရေးသားခဲ့သည်။
အဆိုပါ အသံများက တရုတ်နိုင်ငံ၏ နားထဲတွင် သာယာသော ဂီတသံများ ဖြစ်နေမည်ဆိုသည်ကို သံသယ ရှိရန် မလိုပါ။ အကယ်၍ ထိုသို့ ဖြစ်လာခဲ့လျှင် Doklam တွင် ဘယ်ကို ဦးတည်မှန်းမသိသည့် လမ်းတခု စတင်ဖောက်လုပ်သည့် အချိန်တွင် တရုတ်နိုင်ငံက ကြိုတင် မျှော်မှန်းထားခဲ့သည့်အတိုင်း အတိအကျပင် ရရှိသွားလိမ့်မည် ဖြစ်သည်။
( Asia Times ပါ Bertil Lintner ၏ Hidden agenda behind China-India Himalayan showdown ကို ဘာသာပြန်ဆိုသည်)