ဆောင်းပါး

ငလျင်ဒဏ်ခံ တနှစ်ပြည့် ပုဂံ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံဒေသကို အင်အား ၆.၈ရစ်ချ်တာ စကေးရှိ ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ပြီးခဲ့တဲ့ သြဂုတ်လ၂၄ ရက်နေ့က တနှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ချောက်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုံဂံ ဒေသမှာရှိတဲ့ သာသနိက အဆောက်အအုံ တွေနဲ့ စေတီဘုရား ပုထိုးတွေ ပြိုကျပျက်စီးခဲ့ရာမှာ စူဠာမဏိ၊ ဓမ္မရံကြီး၊ သဗ္ဗညု၊ ကန့်တောပလ္လင်၊ ရွှေဂူကြီး၊ မြင်းကပါ၊ ဂူပြောက်ကြီး၊ အပယ်ရတနာ စတဲ့ စေတီတော်ကြီးများ ပါဝင်ခဲ့ပါတယ်။

ကနဦး သတင်းတွေအရ စေတီပုထိုး သာသနိက အဆောက်အအုံ ၁၀၀ ကျော် ဆိုပေမယ့် နောက်ပိုင်း ကောက်ခံ ရရှိတဲ့ စာရင်း အရ စုစုပေါင်း ၃၉၇ ဆူ အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

စူဠာမဏိ စေတီကြီးဆိုရင် အထက်ပိုင်း ကွမ်းတောင် တခုလုံးနီးပါး ပြိုကျသွားခဲ့ရသလို၊ သဗ္ဗညဆိုရင်လည်း အနောက် ဘက် ကွမ်းတောင် အောက်ပိုင်းပဲ့ကျ ခဲ့ပါတယ်။

တကယ်တော့ စူဠာမဏိ (မင်းနန်သူ) စေတီကြီးဟာ အခုမှသာ ငလျင်ဒဏ်ကို ခံရသည်မဟုတ်ပါ၊ ၁၉၇၅ ခုနှစ်က လှုပ်ခဲ့တဲ့ ပုဂံငလျင်မှာလည်း ကွမ်းတောင် တခုလုံးနဲ့ အရန် စေတီတချို့ ပြိုကျခဲ့ပါတယ်။

အေဒီ ၁၁၈၃ ခုနှစ်က နရပတိ စည်သူ မင်းကြီး လက်ထက်သ ဗ္ဗညုပုံစံကို ယူကာ ချောက်ကို ဖို့ကာ စူဠာမဏိစေတီ တည်ခဲ့ တာ ဖြစ်ပြီး တိုင်းသူပြည်သားတွေ လုပ်အားနဲ့ ဘုရားတည်ရာမှာ လူထု အင်မတန် ပင်ပန်းဆင်းရဲခဲ့တဲ့ အတွက် ပံ့သကူ မထေရ် က ကုသိုလ်လုပ်ရာမှာ အကုသိုလ်များတယ်လို့ ဝေဖန်ခဲ့လို့ မင်း အမျက်ထွက်ခဲ့တဲ့ ဘုရား ဖြစ်ပါတယ်။

အလားတူ မြတ်စွာဘုရားရှင်ရဲ့ သဗ္ဗညုတ ဉာဏ်တော်ရရှိခဲ့တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အနေနဲ့ အလောင်း စည်သူ မင်း သဗ္ဗညုစေတီ တည်စဉ်က အုတ်အရေအတွက်ကို ဂရို့ချိုးကာ မှတ်သားခဲ့တဲ့ ဂရို့ချိုးဘုရားဟာလည်း ယခု တကြိမ်မှာ ငလျင်ဒဏ်ကို ခံရပြန်ပါတယ်။

၁၁ ရာစု ကျောက်ဆစ် လက်ရာများနဲ့ တည်ထားတဲ့ ညောင်ဦးက ကျောက်ဂူဥမင် ဟာလည်း အရှေ့ဘက်နဲ့ အနောက် ဘက်ရှိ မျက်နှာကျက် အုတ်များ ပြုတ်ကျကာ အာရုံခံအုတ် မျက်နှာကျက် ကွဲအက် သွားသလို သံယက်မများလည်း နိမ့်ဆင်း သွားခဲ့ပါတယ်၊

ဒီကျောက်ဂူ ဥမင်ဟာလည်း ၁၉၇၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို ခံစားခဲ့ပြီး ဖြစ်ပါတယ်။

ပုဂံဘုရားတွေဟာ ဒီလောက် ငလျင်တွေ ခံရပေမယ့် ဘုံးဘုံးလဲကာ အုတ်ပုံသဖွယ် လုံးဝ ပြိုဆင်း မသွားခဲ့ခြင်းက ရှေး ခေတ် ၏ ဗိသုကာ နည်းပညာကြောင့်ပင် ဆိုရမည်ဖြစ်ပါတယ်။
တကယ်တော့ ပုဂံဟာ ဒီတကြိမ်နဲ့ဆိုရင် ၁၀ ကြိမ်မြောက် ငလျင်ဒဏ်ကို ခံရခြင်း လို့ဆိုရမှာပါ။

သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းရဲ့ ဖော်ပြချက်အရ ဆိုရင် ဒုတိယစည်သူ လက်ထက် (၁၁၆၅-၁၂၂၁) ငလျင်ကြီး၊ ၂၅ နိုဝင်ဘာ ၁၃၇၂ ငလျင်၊ ၆ မေ ၁၃၈၀ ငလျင်၊ ၁၄ ဇူလိုင် ၁၄၈၅ ငလျင်၊ ၁၃ ဒီဇင်ဘာ ၁၆၅၈ ငလျင်၊ ၁၀ ဇန်နဝါရီ ၁၇၇၈ ငလျင်၊ ၂၂ မတ် ၁၈၃၉ ငလျင်၊ ၁၆ ဇူလိုင် ၁၉၅၆ (စစ်ကိုင်း ငလျင်)၊ ၈ ဇူလိုင် ၁၉၇၅ ငလျင် အထိ ၉ ကြိမ်တိုင် ငလျင်ဒဏ်ကို ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း ငလျင်တွေကြားက ယခုတိုင် ကြံ့ကြံ့ခံနေတဲ့ ပုဂံကို အာဂပုဂံ လို့ တင်စား ခေါ်ဝေါ်ရမလိုတောင် ဆိုရမှာပါ။

ယခုငလျင်ကြီး လှုပ်ခတ်ပြီးကာစမှာပဲ သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ သွားရောက်ခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ရှိကာ ပျက်စီးသွားတဲ့ သာသနိက ရှေးဟောင်း အဆောက်အအုံတွေကို သွားရောက် ကြည့်ရှု့ခဲ့ပြီး အလျင်စလို မပြုပြင်ဘဲ ပညာရှင်တွေရဲ့ အကြံပေးချက်နဲ့ စနစ်တကျ ပြုပြင် ထိန်းသိမ်း သွားဖို့ ညွှန်ကြား ခဲ့ပါ တယ်။

ငလျင်ဒဏ်ခံ ပုဂံဘုရားများ
ငလျင်ဒဏ်ခံ ပုဂံဘုရားများ

ငလျင်လှုပ်ခဲ့တဲ့ ကာလဟာ မြန်မာနိုင်ငံမှာ မိုးများတဲ့ အချိန်ဖြစ်တဲ့အတွက် ငလျင်ဒဏ်ခံ ဘုရားများ မိုးဒဏ်က ကာကွယ်ဖို့ ငြမ်းဆင်ကာ မိုးရေကာဖျင်စများနဲ့ အလျင်အမြန် အုပ်မိုးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ဘုရားများပြုပြင်ရာမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယဦးစားပေး ဟုဆိုကာ အဆင့် ၃ ဆင့်ခွဲကာ ပြုပြင်ဖို့ ပြုလုပ်ခဲ့ပါတယ်။

ပထမ ဦးစားပေး ပြုပြင်ရမယ့် ဘုရားပေါင်း ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ပြုပြင်ရမယ့် ဘုရားများက ၅၃ ဆူ သတ်မှတ်ခဲ့ရာ စူဠာမဏိ၊ ဓမ္မရံကြီး၊ ကျောက်ဂူဥမင်၊ အထက်ပိုင်းနှင့် အတွင်းပိုင်း ပျက်စီးသွားတဲ့ မြတောင် အုတ်ကျောင်း၊ သိကြားပုန်း၊ ဝက်ကြီးအင်း၊ ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ တရုတ်ပြေး၊ ဆင်ဖြူရှင်၊ သပိတ်မှောက်၊ မြောက်ဂူနီ၊ အင်းဘုရားတို့ ပါဝင် ပါ တယ်။

ပထမနှင့် ဒုတိယဦးစားပေး သတ်မှတ်ထားတဲ့ ဘုရားများကို ရှေးဟောင်း သုတေသနက ကမကထ ပြုကာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ဗိသုကာ ပညာရှင်များအသင်း၊ ဆောက်လုုပ်ရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) အပါအဝင် နိုင်ငံတကာ ပညာရှင်များ အကူအညီနဲ့ ပြင်ဆင်ဖို့စီစဉ်ခဲ့ပါတယ်။

တတိယ ဦးစားပေး ပြင်ဆင်ဖို့ လိုအပ်တဲ့ ရွှေစည်းခုံ၊ ရှင်ပင်နန်းကျ၊ ရန်အောင်မြင်၊ ဖောင်တော်ဦး စတဲ့ ဘုရားနဲ့ သာသနိ က အဆောက်အအုံ ၃၀၀ ကိုတော့ ပြည်တွင်း အလှူရှင်များ၊ မူလအလှူရှင်များကို ပြန်လည်ပြုပြင်ခွင့် ပေးခဲ့ပါတယ်။

UNESCO နဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ တောင်အာဖရိက နိုင်ငံ ကိတ်ပ်တောင်း တက္ကသိုလ်၊ သြစတြေးလျ နိုင်ငံတို့မှ ပညာ ရှင် များကလည်း ပျက်စီးနေတဲ့ ဘုရားများ အခြေအနေကို ကွင်းဆင်းကာ လေ့လာပြီး၊ GIS Vector Data များ ကောက်ခံ ခြင်း၊ 3 Dimension View များထုတ်ခြင်း၊ 3 D Laser Scanning ဖတ်ခြင်းများ ကို အထူးသဖြင့် အပျက်အစီးကြီးမားခဲ့တဲ့ စူဠာမဏိ၊ ဓမ္မရာဇကနဲ့ အာနန္ဒာ ဂူဘုရားတို့မှာ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလို ပြင်ဆင်လာခဲ့ရာမှာ ငလျင်လှုပ်ခတ်ပြီး တနှစ်ပြည့်ချိန်မှာတော့ တတိယ အဆင့်ပြုပြင်ဖို့ သတ်မှတ်ထားတဲ့ ဘုရားများ အနက်၂၂၄ ဆူကတော့ ပြန်လည်ပြုပြင်ပြီးပြီ ဖြစ်တယ်လို့ သိရပြီး ပြင်ဆင်ဖို့ ကျန်နေတဲ့ ဘုရားတွေကိုလည်း ၅နှစ်အတွင်း ပြီးစီးအောင် ပြင်ဆင်မယ်လို့ သိရပါတယ်။

ရှေးဟောင်း သုတေသနဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် ရဲ့အဆိုအရတော့ ငလျင်ဒဏ်ခံ ဘုရား ပုထိုးတွေ အတွက် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများကို မနှစ်က ပြုလုပ်ပြီးစီးခဲ့ပြီး ၂၀၁၇ အကုန်တွင် နောက်ထပ် ဘုရား ပုထိုး အဆူ ၅၀ ကို ပြုပြင်ပြီးစီးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ပြုပြင်ထိန်းသိမ်းရေး လုပ်တဲ့နေရာမှာ အလျင်စလိုပြုလုပ်သွားမှာ မဟုတ်ဘဲ နိုင်ငံတကာ ပညာရှင်တွေရဲ့ အကြံပေးချက်တွေ အပါအဝင် ကျွမ်းကျင်ပညာရှင်များရဲ့ ညွန်ကြားမှု အကြံပေးများအတိုင်း ဆောင်ရွက်မယ်လို့လည်း သိရ ပါတယ်။

ငလျင်ဒဏ်ခံ ပုဂံဘုရားများ
ငလျင်ဒဏ်ခံ ပုဂံဘုရားများ

ငလျင်ဒဏ်ခံ ဘုရားတွေ ပြုပြင်တဲ့ နေရာမှာ အဓိက လိုအပ်နေတာကတော့ ငွေကြေးနဲ့ နည်းပညာပဲဖြစ်ပြီး အဲဒီအတွက် နိုင်ငံတကာ အကူအညီအနေနဲ့ တရုတ်အစိုးရကလည်း သဗ္ဗညုဘုရားကို ပြုပြင်ဖို့ ၂၀၁၇ ခုနှစ် မေလမှာ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သလို၊ အိန္ဒိယကလည်း ငလျင်ဒဏ်ခံ ဘုရားတွေကို ကွင်းဆင်းလေ့လာကာ အဆူ ၃၀ ကို ပြုပြင်ပေးဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးဖို့ ပြင်ဆင်နေပါတယ်၊ အလားတူ ဂျာမနီ အစိုးရက ကျောက်ဂူဥမင်ဘုရား၊ လောကထွဋ်ခေါင် ဘုရား၊ သပိတ်မှောက် ဘုရား တို့ကို ပြုပြင်ဖို့ ယူရိုငွေ ၁ သိန်း ထောက်ပံ့ဖု့ိ ရှိနေပါတယ်။

ပုဂံဘုရားပုထိုးများ ငလျင်ဒဏ်ခံရပြီး တနှစ်ပြည့် အပြီး သြဂုတ်လ ၂၇ ရက်နေ့ကတော့ UNESCO ၊ ယဉ်ကျေးမှု ဝန်ကြီး ဌာနနဲ့ ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းကာ ငလျင်ဒဏ်ခံဘုရားများ ပြုပြင်ထိန်းသိမ်းရေး အပိုင်းမှာ တိုးတက်မှုကို ပြန်လည် သုံးသပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းရေး ဆွေးနွေးပွဲကို ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။

ရည်ရွယ်ချက်တော့ ပြန်လည်မွမ်းမံမယ့် အစီအစဉ်တွေကို ဦးစားပေး သတ်မှတ်ခြင်း၊ နံရံဆေးရေး ပန်းချီနဲ့ အင်ဂျင်နီယာ ပိုင်း ဆိုင်ရာ ထိန်းသိမ်းမှု နယ်ပယ်များ အတွက် UNESCO နဲ့ ပြည်ပပညာရှင်တွေ ပူးပေါင်းပြုစုထားတဲ့ နည်းပညာပိုင်း ဆိုင်ရာ လမ်းညွှန်ချက်များကို ဖြန့်ဝေခြင်းတွေ အဓိကပြုလုပ်တာ ဖြစ်တယ်လို့ ရှေးဟောင်း သုတေသန အရာရှိတဦးက ပြောပါတယ်။

လတ်တလောမှာ ရှေးဟောင်း သုတေသန ဌာနအနေနဲ့ကတော့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ လောကထိပ်ပန် ဘုရားနဲ့ ရွှေဘုံသာဘုရားက နံရံဆေးရေး ပန်ချီတွေကို ပြုပြင်နေတယ်လို့ သိရပါတယ်။

အခုလာမယ့် စက်တင်ဘာ လထဲမှာတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ အဆိုပြု လွှာ မူကြမ်း တင်သွင်းတော့မှာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ခံ ပုဂံဘုရားများ ပြုပြင်နေမှုနဲ့ ပတ်သက်လို့ ပုဂံဒေသမှာ နှံ့နံှ့စပ်စပ် သွားလာကာ ပုဂံလူငယ်အနေနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်နေသူ ကိုနိုင်ထွန်းဝင်းကတော့ လက်ရှိ ပုဂံဘုရားတွေ ပြုပြင်နေမှုနဲ့ ပတ်သက်ပြီး စစ်အစိုးရ လက်ထက်က ကန်ထရိုက်စနစ်နဲ့ ဘုရားပြင်ဖို့ ချပေးတဲ့အတွက် ဘုရားတွေ ပိုမိုပျက်စီးသွားကြောင်း အခုအစိုးရ လက် ထက်မှာ စနစ်တကျ ပြင်ဆင်နေတာကို ကျေနပ်ကြောင်း၊ ဒါ့အပြင် တာဝန်ရှိသူတွေ အနေနဲ့ အောက်ခြေအထိ ဆင်းကာ စစ်ဆေးပေးမယ် ဆိုရင်တော့ ပိုမိုကောင်းမွန်မယ်လို့ ပြောဆိုပါတယ်။

စစ်အစိုးရ လက်ထက်က ပုဂံတွေဘုရားတွေကို ပြန်လည်ပြုပြင်ရာမှာ နိုင်ငံတကာ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ကာ ပြုပြင် ခြင်း မရှိတဲ့အတွက် ပုဂံလက်သစ်ဘုရား အများအပြား ပေါ်ထွန်းလာတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading