ညအချိန်ရောက်လာတိုင်း မမွန်မွန်တတည်ယောက်ကတော့ အလုပ်သွားလုပ်ရမှာကို စိုးရိမ်ပူ ပန်နေပါတယ်။ အရင်က သူအလုပ်သွားရင် စိုးရိမ်မှုသိပ်မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ရဲတွေရဲ့ဖမ်းဆီးမှု ဆက်တိုက်ဖြစ်နေတော့ မမွန်မွန် အလုပ်လုပ်ရတာ စိုးရိမ်မှုတွေရှိနေတာပါ။
တချို့ရဲသတင်းပေးတွေက သာမန်သတင်းပေးမျိုးမဟုတ်ပဲ မမွန်မွန်တို့လို လိင်အလုပ်သမ အမျိုးသမီးတွေကို ဧည့်သည်ပုံစံ ဟန်ဆောင်ပြီး ဟိုတယ်ကို ခေါ်သွားတတ်ကြပါတယ်။ ဟိုတယ်ရောက်ရင်လည်း ပုံမှန်ဧည့်သည်တွေလိုပဲ သူတို့ရဲ့ လိင်မှုကိစ္စ ပြီးစီးပြီးမှ အခကြေး ငွေမပေးဘဲ ရဲကို ဖုန်းဆက်ခေါ်တာမျိုး လုပ်ကြတာပါ။
“ရဲသတင်းပေးတွေက အရပ်ဝတ်တွေနဲ့ ဧည့်သည်ပုံစံလို လာခေါ်တော့ ကျမတို့လိုက် သွားပါတယ်။ ဟိုတယ်ရောက်လို့ ကိစ္စပြီးမှ ရဲတွေကို ဖုန်းဆက်ခေါ်တယ်။ နောက် ရဲတွေ ကျမတို့ကို လာဖမ်းတာ ခဏခဏ ကြုံရပါတယ်” လို့ မမွန်မွန်က ပြောပါတယ်။
မကြာသေးမီက အဖမ်းအဆီးများကလည်း မွန်မွန်တို့ရဲ့အလုပ်ကို တပ်လှန့်လိုက်သလိုဖြစ်သွားပြီး ပိုမိုခက်ခဲသွားစေခဲ့ပါတယ်။
ဇူလိုင်လဆန်းပိုင်းမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ကျောက်စိမ်းမြို့ တော်ဟိုတယ် (Jade City Hotel) မှာရှိတဲ့ တရားမဝင်အနှိပ်ခန်း၊ ကာရာအိုကေနဲ့ လိုင်စင်မဲ့ အရက်ဘီယာရောင်းချတဲ့ သတင်းရရှိလို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြပါတယ်။
ကျောက်စိမ်းမြို့တော်ဟိုတယ်ကို ဝင်ရောက်ဖမ်းဆီးတဲ့အတွက် တရားမဝင်အနှိပ်ခန်း ဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး မန်နေဂျာတဦးနဲ့ တရားမဝင် ကာရာအိုကေ၊ အနှိပ်ခန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး (၁၅) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
“ကေတီဗွီတွေမှာ၊ ဟိုတယ်တွေမှာ၊ နောက်လမ်းတွေမှာ လိုက်ဖမ်းနေတော့ ကျမတို့က ဘယ်လို စိတ်ချလက်ချနဲ့ အလုပ်လုပ်နိုင်မှာလဲ” လို့ မွန်မွန်က ဆိုပါတယ်။
လိင်အလုပ်သမတွေဟာ ရပ်ကွက်ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်တွေ သွားထိုင်ရင် ရဲသတင်းပေးတွေက လာခေါ်သလို ရဲတွေကလည်း လာရောက်မေး မြန်းတာတွေ၊ ခေါ်ဆောင်တာတွေ မကြာခဏ ခံနေရတယ်လို့ အခြား လိင်အလုပ်သမ တဦးဖြစ်တဲ့ မစန္ဒာထွန်း (အမည်လွှဲ) က ဆိုပါတယ်။
“ကျမတို့ အနေနဲ့ကတော့ လုပ်စားတာတော့ မှန်ပါတယ်။ ဒါပေမယ့် ရဲအင်ဖော်မာ (သတင်းပေး) သုံးပြီး ရှာတာကတော့ သူတို့ကိုယ်တိုင်ခေါ်သွား၊ ပျော်ပါးပြီး သူတို့ ကိုယ်တိုင် အမှုလုပ်၊ ရဲခေါ်တာတွေ ဖမ်းဆီးတာ လုပ်နေတယ်။ မတရားတဲ့ ပုံစံဖြစ်နေတယ်” လို့ မစန္ဒာထွန်း က သူ့အမြင်ကို ပြောပြပါတယ်။
မိသားစု စားဝတ်နေရေးကြောင့် ဝမ်းရေးအတွက် ဒီအလုပ်ကို လုပ်ကိုင်ဖြေရှင်းနေရတဲ့ သူတို့ကို ရဲသတင်းပေးတွေကို သုံးပြီး ဖမ်းဆီးတဲ့ပုံစံဟာ တိုက်ရိုက် ဖမ်းဆီး အရေးယူခြင်းထက် ထောင်ချောက်ဆင် ဖမ်းဆီးတဲ့ပုံစံဖြစ်လို့ လိင်အလုပ်သမများ အတွက် နစ်နာမှုတွေ ဆင့်ကဲ ခံစားကြရပါတယ်။
“ဖမ်းပြီဆိုရင် ထွက်ပြေးလာတာ ရှိတယ်။ ရှောင်နေရတာတွေလည်း ရှိတယ်။ မရှောင် နိုင်ရင် မိသားစုက နောက်မှာ မှီခိုစားသောက်တာ ပိုခက်ခဲတယ်” လို့ မစန္ဒာထွန်း က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ရှင်းပြပါတယ်။
လိင်အလုပ်သမလုပ်ဖို့ ရပ်ကွက်တွေမှာ လှည့်လည်နေတဲ့ရဲတွေ သက်ဆိုင်ရာတွေကိုလိုင်း ကြေးဆိုတဲ့ သဘောမျိုး တရားမဝင် အခွန် အခမျိုး ပေးဆောင်ရကြောင်း မမွန်မွန်က ပြောပြပါတယ်။
“တချို့ကောင်မလေးတွေက လိုင်းကြေးပေးတဲ့အပြင် တညတာ ပျော်ပါးပေးရတာတွေလည်း ရှိပါတယ်။ အဲဒီအချိန်မှာ သူတို့ မလိုအပ်ရင်၊ သူတို့ကို လိုက်လျောမှု မရှိရင် သူတို့ကိုယ်တိုင် မလုပ်ဘဲ သူတို့နဲ့ ဆက်နွယ်ပြီး အချင်းချင်း ပြန်ခိုင်းတာတွေရှိတယ်” လို့ လည်း မမွန်မွန်က သူမ ကြုံတွေ့ရတာကို ပြောပြပါတယ်။
လက်ရှိမှာ လိင်အလုပ်သမတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပေဒသုံးပြီး ဖမ်းဆီးမှုတွေကြောင့် လိင်အလုပ်သမတွေ အလုပ်လုပ်နေရတာ ကျီးလန့်စာစားနေရသလိုပါပဲလို့ လည်း ဆိုကြပါတယ်။
လိင်အလုပ် လုပ်ရခြင်းကလည်း မိသားစု စားဝတ်နေရေးကြောင့် လုပ်နေရပြီး လိင်အလုပ် လုပ်တဲ့အတွက် ရဲများ ဖမ်းဆီးတဲ့ အခါမှာလည်း လိင်အလုပ်သမတွေပဲ အရေးယူခံရပါတယ်။ ဥပဒေ အကာအကွယ် မရှိတဲ့အတွက် ဒီလုပ်ငန်း လုပ်ဆောင်နေတဲ့ သူတွေဟာ စိုးရိမ် ပူပန်မှုတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။
လိင်အလုပ်သမတွေ အနေနဲ့လည်း ဝမ်းရေး အတွက် ငွေကြေးနောက် လိုက်နေရတဲ့ အတွက် ဧည့်သည် ရရှိဖို့ ကြိုးစားရာမှာ ရဲသတင်းပေးတွေရဲ့ ထောင်ခြောက်ကို သတိမမူမိဘဲ ဖမ်းဆီးခံခဲ့ကြရတယ်လို့ ကိုယ်တိုင် ရဲသတင်းပေး ထောင်ခြောက်ထဲ ရောက်ခဲ့ဖူးတဲ့ မလှလှ (အမည်လွှဲ) ကလည်း ပြောပြပါတယ်။
“လွန်ခဲ့တဲ့ ၄ လလောက်က ကျမနဲ့ ကျမလုပ်ဖော်ကိုင်ဖက် ၃ ဦး ရဲလက်ထဲ ရောက်ခဲ့တယ်။ ကျမကို ရဲသတင်းပေးက အငှားခေါ်ပြီး ရဲတွေလက်ထဲ အပ်ခဲ့တာပါ။ ဒါပေမယ့် ကျမကံကောင်းချင်တော့ လွတ်မြောက်ခဲ့ပါတယ်။ ကျမဗိုက်နာတယ်၊ အိမ်သာတက်ချင် တယ်လို့ ပြောပြီး လစ်ထွက်ခဲ့ပါတယ်” လို့ မလှလှ က ဆိုပါတယ်။
လိင်အလုပ်သမ တဦးအနေနဲ့ ရဲလက်ထဲရောက်သွားပါက ထောင်ဒဏ် အနည်းဆုံး (၂) နှစ်ခန့် ကျခံရနိုင်သလို၊ တရားဥပဒေအရ ရင်ဆိုင်ရင်လည်း ငွေ ၁၀ သိန်းအထက် ကုန်ကျနိုင်ကြောင်းလည်း မလှလှက ပြောပြပါတယ်။
လိင်အလုပ်သမ အများစုဟာ ဆင်းရဲနွမ်းပါးပြီး အသိပညာ၊ ဗဟုသုတ နည်းပါးတဲ့ သူတွေ ဖြစ်ကြပါတယ်။ သူတို့ လုပ်နေရတဲ့ အလုပ်ဟာ တရားမဝင် အလုပ်လို့ သတ်မှတ်ခံထားရတဲ့ အတွက် ဥပဒေကို နားလည်သူတွေရဲ့ လက်တလုံးကြား လုပ်ဆောင်မှုတွေ၊ မတရားဖမ်းဆီးမှုတွေထဲမှာ အကြိမ်ကြိမ် ခံခဲ့ရပါတယ်။
လိင်အလုပ်သမ တွေကို လိုက်လံကူညီပေးနေတဲ့ မစန္ဒာအေး က “ရဲသတင်းပေးက ဖမ်းတာ။ ရဲအဝတ်နဲ့ ဖမ်းတာ မဟုတ်ဘူး။ တချို့အင်ဖော်မာတွေက လက်ထိပ်တွေ လမ်းလျှောက်စက်တွေ ပါတယ်။ ဒုရဲမှူး ဒါမှမဟုတ် ဝရမ်းပါမှ ဖမ်းရမယ်ဆို တဲ့အတွက် သူတို့က သူတို့ကိုယ်ကို ရဲမှူးလိုလို ဘာလိုလိုနဲ့ ဝင်ဖမ်းကြတယ်။ ကလေးတွေ က ကြောက်လန့်ပြီး လိုက်သွားတယ်” လို့ ပြောပါတယ်။
ရဲသတင်းပေးတွေ အနေနဲ့ ဝင်ရောက်ဖမ်းဆီးတာက အရင်ကတည်းက ရှိပေမယ့် လက်ရှိ မှာ ပိုပြီးဆိုးရွားလာတာကို တွေ့နေရပြီး လိင်အလုပ်သမတွေကို ရဲသတင်းပေးတွေသုံးပြီး ဖမ်းဆီးတာမျိုး၊ ထောင်ချောက်ဆင်ပြီး ဖမ်းဆီးတာမျိုးကို မပြုလုပ် စေချင်ကြောင်း လည်း မစန္ဒာအေး က ပြောပါတယ်။
ပြည့်တန်ဆာတွေကို ကာကွယ်ပေးမယ့် ဥပဒေတရပ် မရှိတဲ့အတွက် ပြည့်တန်ဆာတွေ နည်းမျိုးစုံ အနိုင်ကျင့်ခံရ၊ အဖမ်းဆီးခံရနဲ့ ခေါင်းပုံဖြတ် ခံရတာတွေ မကြာခဏ ကြုံရတဲ့ အခြေအနေတွေကိုလည်း ပြည့်တန်ဆာ အသိုင်းအဝန်းက ပြန်ပြောပြကြပါတယ်။
မမွန်မွန် က “အမှုလိုတဲ့အခါကျရင် သူတို့ကို ဖမ်းတာ များတယ်။ ခံရပေါင်းများတော့ ကျမတို့ ချင့်ချိန်တယ်။ သူတို့က လျော့ပေါ့သွားမယ်လို့ ကျမ မထင်ဘူး။ ပြည့်တန်ဆာ နှိပ်ကွပ်ရေးနဲ့ လုပ်မှာပဲ” လို့ ပြောပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့်ပြုပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ် တဦးက အဆိုပြုတင်ပြမှု ရှိခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ လက်ရှိလွှတ်တော်မှာ တင်ပြ တောင်းဆိုခြင်း မရှိသေးပေမယ့် အောက်ခြေ ကော်မရှင်ကနေ ဥပဒေကို ပြင်ဆင်ရန် ပြုလုပ်နေကြောင်းလည်း လိင်အလုပ်သမတွေကို လိုက်လံ အကူအညီ ပေးနေသူတွေက ဆိုပါ တယ်။
တဖက်မှာတော့ ပြည့်တန်ဆာတွေကို နှိပ်ကွပ်တဲ့ ဥပဒေကို ဖျက်သိမ်းပြီး အကာအကွယ် ပေးတဲ့ ဥပဒေတရပ် ရေးဆွဲဖို့ တရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ အစိုးရဌာနဆိုင်ရာ တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နှိပ်ကွပ်တဲ့ ဥပဒေကို ဖျက်သိမ်းပြီး၊ အသစ်ရေးဆွဲမှာဖြစ်ကြောင်းနဲ့ ဥပဒေသစ်မှာ ပြည့် တန်ဆာတွေကို အကာအကွယ် ပေးမယ်လို့ Right to Health Activism Myanmar က ဦးကျော်ဇေယျာဆွေက ပြောပါတယ်။
ပြည့်တန်ဆာတွေအတွက် ဥပဒေသစ်မှာတော့ “ ပြည့်တန်ဆာတွေကို ယေဘုယျအားဖြင့် အကာအကွယ်ပေးမယ်။ လူမှုရေး ပြစ်ဒဏ်တွေတော့ ရှိနိုင်တယ်။ သူတို့ကို ခေါင်းပုံဖြတ်တဲ့သူ၊ မတရား အနိုင်ကျင့်တဲ့ သူတွေကိုတော့ ပြစ်ဒဏ်ချမှတ်မယ်။ အဲဒီလို အချက်တွေပါ မယ်” လို့ ဦးကျော်ဇေယျာဆွေက ဆိုပါတယ်။
ပြည့်တန်ဆာဆိုင်ရာ ဥပဒေညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ မေလ ၅ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေကို ၁၉၅၆ ခုနှစ်မှာ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအဖြစ် ပထမအကြိမ် ပြင်ဆင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ဒုတိယအကြိမ် ပြင်ဆင်ခဲ့ပါတယ်။
“ကျမတို့က ဥပဒေကို ပယ်ဖျက်ဖို့ မတောင်းဆိုပါဘူး။ ဥပဒေ လျော့ပေါ့ဖို့ပဲ လုပ်ပေးစေ ချင်ပါတယ်။ ကျမတို့ကို ကာကွယ်နိုင်မယ့် ဥပဒေတရပ်ဖြစ်စေချင်ပါတယ်” လို့ မမွန်မွန်က ဆိုပါတယ်။
အမျိုးသမီးကဏ္ဍနှင့် ပတ်သက်သည့် သတင်း၊ ဆောင်းပါးများကို ရေးသားနေသည့် hiburma.net မှဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။