ဆောင်းပါး

ဆေးစွဲအမျိုးသမီးတို့ ဆေးဖြတ်စခန်း လိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က အိမ်ကြီးတအိမ်ထဲမှာ အသက် ၄ဝ အရွယ် အမျိုးသမီးက သူ့ဘဝအကြောင်း ပြောပြရင်း မျက်ရည်တွေ ကျနေပါတယ်။

ပျက်စီးနေတဲ့ လက်သည်းပန်းကုံးတွေ၊ အပ်ပေါက်ရာတွေ ပြည့်နေတဲ့ လက်ဖမိုးနဲ့ မျက်ရည်သုတ်နေသူက မြစ်ကြီးနားသူ မကော့ (အမည်လွှဲ) ဖြစ်ပြီး ဆယ်ကျော်သက်ဘဝ ကချင်ပြည်နယ် ကျောက်စိမ်းဒေသ ရောက်ချိန်မှာ မူးယစ်ဆေးစွဲနေသူ တဦးနဲ့ အိမ်ထောင်ကျခဲ့သူပါ။

“သူက နေ့တိုင်း ဘိန်းစားနေပြီး ကျမကို ပိုက်ဆံလည်း မပေးတော့ဘူးလေ။ အဲဒီတော့ ကျမလည်း သူ့ကို အရွဲ့တိုက်ပြီး ဘိန်းလိုက်စား လိုက်တာ စွဲမှန်းမသိ စွဲသွားတယ်” လို့ ခပ်ညစ်ညစ် အသားအရေ ပိုင်ရှင်မကော့က ခပ်တိုးတိုး ပြောပြပါ တယ်။

ဘိန်းမည်းသုံးတဲ့ အဆင့်ကနေ အကြောထဲ ဘိန်းဖြူထိုးသွင်းမှ အာသာပြေတဲ့ အဆင့်ကို ရောက်ပြီး ဆယ်နှစ်နီးပါး ကြာချိန်မှာတော့ မကော့က ကျောက်မဲမှာ ရှိတဲ့ ဆေးဖြတ်စခန်းတခုကို ရောက်လာပါတယ်။ တခြားစခန်းတွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ဒီစခန်းဟာ ဆေးစွဲအမျိုးသမီးတွေကိုလည်း လက်ခံခြင်း ပါပဲ။

မူးယစ်ဆေး ပေါများတဲ့ နိုင်ငံမှာ သူ့လို မူးယစ်ဆေးစွဲတဲ့ အမျိုးသမီးတွေ နေရာအနှံ့အပြားမှာ ရှိနေပေမယ့် ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေကို ဝန်ဆောင်မှု အကူအညီပေးတဲ့ ပြန်လည်ထူထောင်ရေး ဌာနကတော့ အလွန် ရှားပါးနေ တာပါ။ လူမှုဝန်ထမ်း လုပ်ငန်းလုပ်ကိုင်သူတွေ ကတော့ အနာဂတ်မှာ အမျိုးသမီးတွေကိုလည်း ကုသမှုပေးမယ့် အစီအစဉ်တွေ ပေါ်ပေါက် လာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဆေးဖြတ်စခန်း

ကျောက်စိမ်းတွင်းဒေသမှာ နေထွက်ချိန်ကနေ နေဝင်ချိန်ထိ မြေစာပုံတွေ၊ ကျောက်တွင်းတွေ ကြားထဲ နေကြသူ အများအပြားဟာ လုပ်ငန်းခွင်အပြီး တနေ့တာ ပြန်လည် လန်းဆန်းစေတဲ့ နည်းကတော့ မူးယစ်ဆေး တမျိုးမျိုး သုံးကြခြင်း ပါပဲ။

ငြိမ်းချမ်းမှု မရှိခြင်း၊ ဥပဒေသက်ရောက်မှု အားနည်းခြင်း တွေဟာလည်း အဲဒီဒေသရောက် မကော့တို့လို အလုပ် အကိုင်ရှာဖွေသူတွေကို မူးယစ်ဆေး သားကောင်ဘဝ ရောက်အောင် တွန်းပို့နေကြတာပါ။

“မှော်ထဲမှာက ဘယ်မှာ မဆို (မူးယစ်ဆေး) ဝယ်လို့ရတယ်။ အချင်းချင်းလည်း သူ့မှာ မရှိရင် ကိုယ်ပေး၊ ကိုယ့်မှာ မရှိရင် သူက ပေးတယ်လေ။ အသက် ၅ဝ၊ ၆ဝ အရွယ်တွေလည်း သုံးတယ်” လို့ မကော့က ပြောပြပါတယ်။

“လူငယ်တွေ အများကြီးသုံးတယ်။ တက္ကသိုလ် ကျောင်းသူတွေလည်း လာဝယ်တာ တွေ့နေရတာပဲ”

ဆေးစွဲနေတဲ့ မကော့နဲ့ သူ့ခင်ပွန်းသည်တို့ဟာ အလုပ် လုပ်ချင်စိတ်တွေ နည်းပါးလာပါတယ်။ အလုပ် လုပ်ဖို့ ကျောက်စိမ်းမှော်ထဲ ရောက်ခဲ့တဲ့ သူတို့ လင်မယားဟာ ဘိန်းဖြူသုံးနိုင်ဖို့ မိဘတွေဆီ ပိုက်ဆံလှမ်းတောင်းရတဲ့ အထိ ဖြစ်လာတော့ သူတို့ ကလေးကို ကျောက်မဲက အဒေါ်တွေအိမ်ကို ပို့ရပါတော့တယ်။

မြန်မာဟာ အာဖဂန်နစ္စတန် ပြီးရင်ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပြီး အများစုက တိုက်ပွဲတွေ ဖြစ်နေတဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်တယ် လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတခုက ဆိုထားပါတယ်။

အမျိုးသားတွေ ကြားထဲမှာ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူ အရေအတွက်ဟာ ၈၃,ဝဝဝ ရှိတယ် လို့ ခန့်မှန်းရကြောင်း ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ထုတ်ပြန်ချက် တစောင်မှာ ဖော်ပြထားပါတယ်။

လူမှုအသိုင်းအဝန်းက မူးယစ်နွံထဲ ရောက်နေသူကို အကူအညီလိုနေသူ လို့ မရှုမြင်ကြဘဲ ရာဇဝတ်သား အဖြစ် ကြိုတင် သတ်မှတ်ထားခြင်းဟာ လည်း စာရင်းကောက်ယူရာမှာ အားနည်းရတဲ့ အကြောင်းရင်း တခုပါပဲ။ ဆေးသုံးစွဲသူကို ထောင်မချဘဲ လူမှုပြစ်ဒဏ်တွေ ပေးစေတဲ့ ဥပဒေပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်း မကြာသေးခင်က အောင်မြင်သွားတာ ကတော့ သတင်းကောင်းတခုပါ။

ဘန်ကောက်မြို့၊ မဟီဒေါတက္ကသိုလ်မှာ မဟာဘွဲ့အတွက် ပညာသင်ကြားခဲ့သူ တဦးဖြစ်တဲ့ မစန်းစန်းထက်က သူ သွားရောက် လေ့လာခဲ့တဲ့ ထိုင်းနိုင်ငံ ပုဂ္ဂလိက ဆေးဖြတ်စခန်းတခု ဖြစ်တဲ့ House of Compassion ကို သဘောကျ နေပါတယ်။

“သူတို့ရဲ့ ဆေးဖြတ်စခန်းတွေက အမျိုးသား၊ အမျိုးသမီးအားလုံးကို ဆေးဖြတ်ပေးရုံတင် မဟုတ်ဘူး၊ လူမှု အသိုင်းအဝိုင်းထဲမှာ ပြန်ပြီး ဝင်ဆံ့နိုင်အောင် ရေရှည် အစီအစဉ်တွေနဲ့ လေ့ကျင့်ပေးတယ်” လို့ မစန်းစန်းထက်က ပြောပါတယ်။

ထိုင်းအမျိုးသမီး ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆေးဖြတ်စခန်းကို အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတယ်၊ မြန်မာနိုင်ငံမှာလည်း စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးတဲ့ စခန်းတွေရှိရင် ဆေးစွဲအမျိုးသမီး အများအပြား ကုသမှု ခံယူနိုင်မယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ယောကျ်ားတွေသာ ဆေးသုံးတယ်၊ ဆေးဖြတ်စခန်းဆိုရင် ယောကျ်ားတွေနဲ့သာ သက်ဆိုင်တယ် လို့ ယူဆကြတာ များပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဆေးဖြတ်စခန်းတွေမှာလည်း အမျိုးသားတွေပဲ ရှိနေတာပါ။

မူဝါဒပြောင်းလဲရေး

အမျိုးသမီး ဆေးဖြတ်စခန်း ဖွင့်လှစ်ရေး အကောင်အထည် မဖော်နိုင်ရသေးတဲ့ အကြောင်းရင်းထဲမှာ ဒီလိုစီမံကိန်း အတွက် အမျိုးသမီး ဝန်ထမ်း မရှိခြင်းကလည်း အဓိကကျပါတယ်။ အမျိုးသမီးတွေ အတွက် ဒီလိုစခန်းတွေ ဖွင့်ပေးဖို့ အစိုးရက ဘတ်ဂျက် ချပေးသင့်တယ် လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်မဲမြို့ဆေးဖြတ်စခန်း မန်နေဂျာ ဦးခိုင်ဝင်းက အကြံပြုပါတယ်။

သူ့ စခန်းမှာ ကူညီနေတဲ့ ပြည်မြို့ဝက်ထီးကန်စခန်း မန်နေဂျာ ဦးကျော်ဇင်ဦး ကလည်း အလားတူ ပြောဆိုပါတယ်။

“ဆေးဖြတ်ချင်တဲ့ အမျိုးသမီးတွေကို ထားဖို့က ကျွမ်းကျင်တဲ့ အမျိုးသမီးဝန်ထမ်းတွေ ရှိဖို့လိုတယ်၊ ဆေးဖြတ်နေတဲ့ အမျိုးသမီးတွေ ထားတဲ့ အဆောင်ကို အမျိုးသားဝန်ထမ်းတွေ သွားလို့ မရဘူး၊ ဒီတော့ အမျိုးသမီးဝန်ထမ်းတွေကို ဆေးဖြတ်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးဖို့ လိုတယ်” လို့ ဦးကျော်ဇင်ဦးက ဆိုပါတယ်။

အမျိုးသမီးများ အတွက် ဆေးဖြတ်စခန်း အစီအစဉ် အတွက် အကန့်အသတ် အများအပြား ရှိနေတယ် လို့ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ဆိုပါတယ်။

“ဆေးစွဲသူ အားလုံး အတွက် ဥပဒေပြောင်းလဲမှုတွေ လုပ်နေပါတယ်။ မူဝါဒပိုင်း ဆိုင်ရာပြောင်းလဲမှုတွေ ဆက်လုပ်ဖို့လည်း ရှိပါတယ်။ မူးယစ်ဆေးကိစ္စက ကျနော်တို့ ဝန်ကြီးဌာန တခုတည်း မပြီးဘဲ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေး ဘက်တွေနဲ့လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရပါတယ်” လို့ ဦးစွမ်းရည်ရက ပြောပါတယ်။

ဆေးစွဲ အမျိုးသမီးတွေဟာ ပထမဆုံး ဆေးရုံကို ဆက်သွယ်ရပါတယ်၊ ပြီးမှ ပြန်လည် ထူထောင်ရေး လုပ်ငန်း လုပ်ဆောင်တဲ့ လူမှုဝန်ထမ်းဌာနရဲ့ ဆေးဖြတ်စခန်းကို သွားကြရတာပါ။

လူမှုဝန်ထမ်းဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး ဌာနစု လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးဦးက ဌာနကို ဆေးဖြတ်လိုတဲ့ အမျိုးသမီးရောက်လာတာ မရှိပေမယ့် ဌာနက သူတို့ကို သွားရောက် ထိတွေ့ဖြစ်တယ် လို့ ဆိုပါတယ်။

“စခန်းအခြေပြု ပြန်လည် ထူထောင်ရေး ရှိသလို စခန်းကို မရောက်လာနိုင်တဲ့ ဆေးဖြတ်သူတွေကိုလည်း ရပ်ထဲရွာထဲ သွားပြီး ပြန်လည် ထူထောင်ရေးကူညီပေးတဲ့အစီအစဉ်လည်း ရှိပါတယ်။ လားရှိုး၊ ကျိုင်းတုံ၊ မြစ်ကြီးနားမှာ ဆိုရင်တော့ အမျိုးသမီးဆေးစွဲသူတွေကို ကုသ ထူထောင်ပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်” လို့ ဦးမိုးဦးက ဆိုပါတယ်။

ဆေးဖြတ်စခန်းနဲ့ အဆက်အသွယ် မရရင်တော့ အမျိုးသမီးတွေဟာ မူးယစ်နွံထဲက လွတ်ဖို့ တကိုယ်တော် ရုန်းကန်ရတော့မှာပါ။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာတော့ အဲဒီလို ရုန်းကန်နိုင်ခဲ့တဲ့သူ တဦး ရှိပါတယ်။

“ကျမနဲ့ ဆေးအတူတူ သုံးတဲ့ လူတွေမှာ အဖမ်းခံရတဲ့ လူနဲ့ သေတဲ့လူတွေ ဖြစ်ကုန်ပြီ၊ ကျမလည်း အငယ်ဆုံးကလေး မွေးပြီးတာနဲ့ ကိုယ်တိုင်ရအောင် ဖြတ်လိုက်တယ်” လို့ အမည်မဖော်လိုတဲ့ တာချီလိတ်သူက ပြောပါတယ်။

ပတ်ဝန်းကျင်ဖိအား

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာအကူအညီတွေ ကလည်း တဖြည်းဖြည်း လျော့နည်း လာနေတာကြောင့် အစိုးရရဲ့ အကူအညီတွေ တိုးချဲ့ဖို့ လိုအပ်နေတယ် လို့ လူမှုဝန်ထမ်း လုပ်ငန်းဆောင်ရွက်နေသူတွေ ထောက်ပြကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံအများစုမှာက အမျိုးသမီးတွေက အလိုလိုနေရင်း ခွဲခြားဆက်ဆံခံနေရတတ် ပါတယ်။ ဆေးစွဲတဲ့ အမျိုးသမီးတွေ ကတော့ ခွဲခြားဆက်ဆံမှုကို နှစ်ဆ ခံရသလိုမျိုး ဖြစ်သွားတတ် ပါတယ်။

ဆေးစွဲ အမျိုးသမီးတွေကို ဝိုင်းဝန်းကူညီဖို့ လိုအပ်တယ် လို့ မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေး (မြန်မာ) အဖွဲ့မှ ဒေါက်တာနန်းပန်းအိခမ်းက ပြောပါတယ်။

“မူးယစ်ဆေးသမား တွေဟာလည်း လူထဲကလူ ဖြစ်တာမို့လို့ သူတို့ လမ်းကြောင်းမှန် ပြန်ရောက်စေဖို့ ပတ်ဝန်းကျင်ရဲ့ ကူညီမှု လိုအပ်နေတယ်” လို့ ဒေါက်တာနန်းပန်းအိခမ်းက ပြောပါတယ်။

ကျောက်မဲမြို့ အခြေပြု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဆေးစွဲ နေတဲ့ အမျိုးသမီးတွေကို ကူညီဖို့ ဆန္ဒ ရှိကြပေမယ့် သူတို့တွေ ဆေးဖြတ်စခန်း ရောက်ဖို့ မလွယ်ဘူး လို့ ဆိုပါတယ်။

“မိန်းကလေး ဆိုတာက သိုသိုသိပ်သိပ်နေတာလေ၊ အမေတွေက အစ ကိုယ့်သားသမီး ဆေးစွဲနေပြီဆို ဖုံးဖိလိုက်ကြတာ မျိုး၊ ပြီးတော့ မိန်းကလေးသဘာဝ အရ ဒီလိုဆေးဖြတ်ပေးတဲ့ အလုပ်မျိုးကို ဘယ်မိန်းကလေးက လာသင်မှာလဲ” လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်း ကျောက်မဲမြို့ ဆေးဖြတ်စခန်းကို ရောက်လာတဲ့ မူးယစ်ဆေးစွဲသူပေါင်း ၃,ဝ၂၁ ဦးထဲမှာ အမျိုးသမီးက ၈ ဦးသာ ပါပါတယ်။ အဲဒီထဲမှာမှ မကော့က ၁ ယောက် အပါအဝင်ပါ။

သားတယောက်ရပြီး ကတည်းက ဆေးစွဲသူ ဖြစ်လာပြီး သားဖြစ်သူ တက္ကသိုလ်ဝင်တန်း အရွယ်ရောက်လာချိန်မှာ မူးယစ်နွံ ထဲက ရအောင်ရုန်းထွက်နေသူ မကော့မှာ တခြား သူတွေ အတွက် ကိုယ်တွေ့ သင်ခန်းစာယူစရာ သတိပေး စကားတခွန်း ရှိနေပါတယ်။

“(မူးယစ်ဆေး) လုပ်ပြီးမှ ပြန်ဖြတ်ရင် မလွယ်ဘူးလေ။ ဒါကြောင့် အစကတည်းက မလုပ်ကြပါနဲ့” လို့ မကော့က တလိမ့်ချင်း ကျလာတဲ့ မျက်ရည်တွေ ကြားကနေ အားတင်းပြီး ပြောပြပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading