ဆောင်းပါး

ပြန်လာဖို့လည်း ခက်၊ ဆက်နေဖို့လည်း မရေရာ

Want create site? Find Free WordPress Themes and plugins.

မယ်လအွန် (Mae La Oon) စခန်းတွင် နေထိုင်သည့် ဒုက္ခသည်များ အတွက် ဓာတ်အားပေးစက် တလုံးဖြင့် တညလျှင် တနာရီ လျှပ်စစ် မီးပေးသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ယင်း မယ်လအွန် ဒုက္ခသည် စခန်းတွင် နေထိုင်သူ ၁ သောင်းခန့် ရှိသည်။

အသက် ၂၁ နှစ် အရွယ် ကွန်ပျူတာဆရာ တဦး ဖြစ်သူ နေကောထူးက လျှပ်စစ်မီးရရှိသည့် အချိန် အများစုကို ဖုန်း အားသွင်းရန်နှင့် သီချင်းဖွင့်ရန် အသုံးပြုသည်။ အထူးသဖြင့် သူ အနှစ်သက်ဆုံး ဖြစ်သော Bruno Mars ၏ သီချင်းများ ဖြစ်သည်။ ဒုက္ခသည် စခန်းမှ ထွက်သွားမည့် အချိန်အတွက် သူ့မှာ ကြီးမားသော အိပ်မက်များရှိသည်။ ကွန်ပျူတာပညာရှင် တယောက် သို့ မဟုတ် ပရိုဂရမ်ရေးသူ တယောက် ဖြစ်လာရန် သူမျှော်လင့်သည်။

ကရင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား နှစ်ပေါင်း ၆၀ ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၁ သိန်းခန့် ရှိသည် ဟု ခန့်မှန်းရပါသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ်များထဲမှ တခု ဖြစ်သည်။ ဒုက္ခသည် အများစုမှာထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်ကြရသည်။

အခြား နိုင်ငံတခုတွင် အခြေချ နေထိုင်ခွင့်ရရန် အတွက် နေကောထူး စောင့်ဆိုင်းနေခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့အတွက် ရွေးချယ်စရာက အနည်းငယ်မျှသာ ရှိသည်။ သူက ကုလသမဂ္ဂ ဒုက္ခသည်သည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၁၄ ခုနှစ် အစပိုင်းတွင် စခန်းများမှ ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အတွက် မှတ်ပုံတင်သည့် အစီအစဉ်များ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်းမှ ရောက်လာသူ ဖြစ်သည်။

နေကောထူး က အမေရိကန် နိုင်ငံတွင် အခြေချနေထိုင်ခွင့် ရရှိရေး အိပ်မက်ကို ဆက်လက် ဖက်တွယ်ထားသော်လည်း ဒုက္ခသည် စခန်းများရှိ အခြားသော သူများမှာမူ မျှော်လင့်ချက် ကင်းမဲ့သည့် ခံစားမှုများ မြင့်တက်လာနေကြသည်။

နယ်စပ်တွင် အကြီးဆုံး ဖြစ်သော နောက်ထပ် စခန်းတခု ဖြစ်သည့် မယ်လ (Mae La) တွင် ပြီးခဲ့သည့် ၂ နှစ် အတွင်း မိမိကိုယ်ကို သတ်သေသည့် ဒုက္ခသည် ၂၈ ဦး ရှိခဲ့ပြီး သတ်သေရန် ကြိုးပမ်းသူ ၆၆ ဦးရှိခဲ့ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းသူများ အဖွဲ့ (International Organization for Migration – IOM) ၏ လေ့လာမှုအရ သိရသည်။

ထိုနှုန်းက ကမ္ဘာ့ မိမိကိုယ်ကို သတ်သေမှု ပျမ်းမျှနှုန်း၏ ၃ ဆ ဖြစ်သည် ဟု IOM ၏ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Dana Graber Ladek က ပြောသည်။

အလွန်ချစ်ကြသည် ဟု သူတို့မိသားစုများက ပြောသော စုံတွဲ တတွဲသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ပေါင်းသတ် ဆေးများသောက်၍ သူတို့ကိုယ် သူတို့ အဆုံးစီရင်သွားကြသည်။ “တကယ်ကို စိတ်ထိခိုက်ဖို့ ကောင်းပါတယ်” ဟု ကိုယ်ဝန် ဆောင်အမျိုးသမီးများ၏ စိတ်ကျန်းမာရေး ဆိုင်ရာ သုတေသီတဦး ဖြစ်သော ဒေါက်တာ Gracia Fellmeth က ပြောသည်။

သူက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည့် အသက် ၁၈ နှစ် အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေးကို မသေဆုံးမီ ၂ ရက်က ကိုယ်ဝန်ဆောင် ဆေးခန်းတခုတွင် တွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။

စခန်းတွင် ၂ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် Oxford တက္ကသိုလ်၊ Nuffield ကောလိပ်ရှိ လူဦးရေဆိုင်ရာ ကျန်းမာရေးဌာနမှ ပါရဂူတန်း ကျောင်းသူတယောက် ဖြစ်သည့် ဒေါက်တာ Gracia Fellmeth က အမျိုးသမီးများတွင် စိတ်ကျရောဂါ ကဲ့သို့သော စိတ် မူမမှန်ခြင်းများ ဖြစ်ပွားခြင်းက သူတို့ မမွေးဖွားမီ အချိန်နှင့် မွေးဖွားပြီးချိန်တို့တွင် တိုးလာကြောင်း တွေ့ရှိခဲ့သည်။

စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းများကို စောစီးစွာ သတိပြုမိခြင်းက မိမိကိုယ်မိမိ သတ်သေခြင်းများကို ကာကွယ်ရေး အတွက် ကူညီရာတွင် အရေးပါသော အချက် ဖြစ်သည် ဟု သူက ပြောသည်။

မီဒီယာများနှင့် စကားပြောရန် အခွင့်အာဏာ မရှိသည့် အတွက် သူ၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သော မယ်လစခန်းမှ နောက်ထပ် နှစ်သိမ့်ဆွေးနွေးသူ (counselor) တဦးက စခန်းများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆိုးဆိုးရွားရွားပင် နည်းပါးနေသည် ဟု ပြောသည်။

အထူးသဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသည့် နှစ်သိမ့် ဆွေးနွေးသူများ မရှိခြင်း ဖြစ်သည်။ စခန်းများတွင် လူအများစု ဖြစ်သည့် ကရင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု တွင်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်း သို့မဟုတ် စိတ်ဓာတ် ကျဆင်းမှုကို ခံစားရခြင်းတို့ နှင့် ပတ်သက်၍ ပြောဆိုခြင်းကို တင်းကျပ်စွာတားမြစ်ထားသည်။

ဒေါက်တာ Gracia Fellmeth နှင့် တွေ့ဆုံခဲ့သော အမျိုးသမီးအများစုက သူတို့၏ အနာဂတ်အတွက် အလွန်ပင် စိုးရိမ်ပူပန် နေရကြောင်း ပြောခဲ့ကြသည်။ အချို့က သူတို့ကို ကရင်ပြည်နယ်သို့ အတင်းအကျပ် ပြန်ခိုင်းမည်ကို စိုးရိမ် နေကြသည်။ သို့သော်လည်း သူတို့ အနေဖြင့် မြန်မာနိုင်ငံသို့ မပြန်နိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် စစ်ပွဲ၏ စိတ် အနာတရများ ကြောင့် ဖြစ်ကြောင်း နှင့် အခြားသူများမှာ ပြန်စရာ မြေသို့မဟုတ် မိသားစု မရှိသောကြောင့် ဖြစ်ကြောင်း ပြောကြသည်။

မယ်လအွန် ၏ အစိတ်အပိုင်းများက ရွာတရွာ ကဲ့သို့ပင် ဖြစ်သည်။ ဝါးများ ထန်းရွက်များဖြင့် အခိုင်အမာ ဆောက်ထားသော အိမ်များ ရှိသည်။ လူငယ်များက မြေကွက်လပ် အနည်းငယ် ရှိသည့်နေရာတွင် ယောင်ချာချာဖြင့် စုရုံးနေကြသည်။ ပိုက်ကျော်ခြင်းခတ်သည့် လူတွေကို ကြည့်ကြသည်။ ခြင်းလုံးကစားနည်းကိုလည်း အနုပညာပုံစံ တခု အဖြစ် ယူဆကြသည်။

ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် အလုပ် လုပ်ခွင့် မပေးပါ။ သီးခြား ကန့်သတ်ထားသည့် နယ်စပ်ဒေသမှ ထွက်ခွာသွား နိုင်သူ အနည်းငယ်သာ ရှိသည်။ “တကယ်လို့ တရားမဝင် အလုပ် လုပ်နေတာကို မိသွားရင် ထိုင်းအာဏာပိုင်တွေက ကျမကို ဖမ်းပြီးထောင်ထဲ ထည့်လိုက်နိုင်တယ်” ဟု ညစာချက်ရန် ဆန်ဆေးနေသော ကောကေပေါ က ပြောသည်။ မယ်လအွန်တွင် မွေးဖွားခဲ့သည့် အသက် ၂၀ အရွယ် ကောကေပေါ က ဒုက္ခသည်စခန်း ခြံစည်းရိုး အပြင်ဘက်ရှိ ကမ္ဘာကို တခါမျှ မတွေ့ကြုံဖူးပါ။

လူငယ်များ အတွက် စိတ်ပျက်စရာ အကောင်းဆုံးအရာမှာ “နေ့တိုင်းက အတူတူ ဖြစ်နေခြင်း” ဖြစ်သည် ဟု အသက် ၂၄ နှစ် အရွယ် စောခူဒဲ က ပြောသည်။ စခန်းများ အတွင်းတွင် ဒုက္ခသည်များက ကိုယ့်ဘာသာ ထူထောင်ထားသည့် ကိုယ်ထူ ကိုယ်ထ စာသင်ခန်းများမှ သူတို့ ကျောင်းပြီးခဲ့သည့် နောက်ပိုင်းတွင် သူတို့ စိတ်ထဲတွင် ဘာမှ ရှိမနေတော့ပါ။

တတိယ နိုင်ငံများတွင် ပြန်လည် နေရာချထားရေး အစီအစဉ်များ ရပ်တန့်သွားသည့် အတွက် ဒုက္ခသည် အချို့က မြန်မာနိုင်ငံသို့ ပြန်ရန် ရွေးချယ်လာကြသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက UNHCR က ကူညီသည့် နေရပ်သို့ တရားဝင်ပြန်ပို့ရေး အစီအစဉ်ဖြင့် ဒုက္ခသည် ၇၁ ဦး မိမိဆန္ဒ အလျှောက် နေအိမ်သို့ ပြန်ခဲ့ကြသည်။

လက်နက်ကိုင် အဖွဲ့ များက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ရေးထိုးခဲ့ပြီး ကရင်ပြည်နယ်တွင် ယခင်ကထက် ငြိမ်းချမ်းမှု ရှိလာသော်လည်း နေရပ်သို့ ပြန်သူအရေအတွက်က နည်းပါး နေဆဲ ဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ စောဝေလေး က ငြိမ်းချမ်းရေးက ကျိုးပျက်လွယ်သည့် အနေအထားတွင် ရှိနေဆဲ ဖြစ်သည် ဟု ပြောသည်။

“ဒုက္ခသည်တွေ ပြန်တာက စစ်တပ်ရုပ်သိမ်းရေးနဲ့ ဆက်သွယ်နေတယ်။ မြန်မာ့ တပ်မတော်က တပ်တွေနဲ့ စခန်းတွေက ကရင်ဒုက္ခသည်တွေရဲ့ မြေပေါ်မှာ ရှိနေတုန်းပဲ” ဟု သူက ပြောသည်။ ပဋိပက္ခ ကာလအတွင်းတွင် မြန်မာတပ်မတော် ကရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဘက်ကပါ ကြုံသလို ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကလည်း နေရာ အနှံ့တွင် ရှိနေသည်။

မြန်မာနိုင်ငံသို့ ပြန်သွားသူများ၏ အတွေ့အကြုံများကို လေ့လာနေသည့် KHRG က အချို့က ပြန်လည် ပေါင်းစည်းရေးတွင် စိန်ခေါ်မှုများ ရှိခဲ့သည် ဟု ပြောသည်။

မြန်မာနိုင်ငံ ကြာအင်းဆိပ်ကြီး မြို့နယ်သို့ ဇနီးနှင့် အတူ ပြန်လာသော အသက် ၂၅ နှစ် အရွယ် စောဘီ က “ပြန်လာတာ ကျနော်တို့ အတွက် ကောင်းပါတယ်” ဟု KHRG သို့ ပြောသည်။ ၎င်းသည် နို့ဖိုးဒုက္ခသည် စခန်းတွင် စာရွက်စာတမ်း အထောက်အထား မရှိဘဲ နေထိုင်လာခဲ့ပြီးနောက် မြန်မာ နိုင်ငံသားစိစစ်ရေး ကတ်လည်း ရရှိခဲ့သည်။

“လူတယောက်က နိုင်ငံသားတယောက် ဖြစ်ခွင့် ရှိပါတယ်” ဟု သူက KHRG သို့ ဇန်နဝါရီလ အတွင်းက ပြောကြားသည်။

သို့သော်လည်း သူ အလုပ်ရှာမရသည့် အချိန်တွင် UNHCR ထံမှ ရရှိခဲ့သည့် အကူအညီများဖြင့် ခြိုးခြံ ရပ်တည်နေရသည် ဟု သူက ပြောသည်။ “တချို့ မူလရွာသားတွေက ကျနော်တို့ကို ခွဲခြားဆက်ဆံချင်ကြတယ်။ အလုပ်ရှိတဲ့ အခါကျရင် ကျနော်တို့ကို သတင်းမပေးချင်သလို လက်မခံချင်သလိုပဲ” ဟု စောဘီက ဆိုသည်။

မြေနှင့် အခြားသော အကူအညီများ ရရှိသော်လည်း နေရပ်ပြန်သူ အများအပြားမှာ ရေ၊ ကျောင်း သို့မဟုတ် ဆေးခန်း စသည့် ဝန်ဆောင်မှုများ ခံစားနိုင်ခြင်း မရှိကြောင်း ပြောကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရှိလာမှသာ ဒုက္ခသည်အများစုက ပြန်လာနိုင်ကြမည် ဟု KHRG မှ စောဝေလေးက ပြောသည်။

အချို့ ဒုက္ခသည်များကမူ စစ်ပွဲ၏ အမှတ်ရစရာများက ယခုအချိန်အထိ နက်ရှိုင်းစွာ ရှိနေသေးသဖြင့် သူတို့ လုံးဝပြန်ကြမည် မဟုတ် ဟုလည်း သူက ပြောကြသည်။

ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် (KESAN) မှ ဒေါ်ဆာမူးက ဒုက္ခသည်များ အလုံးအရင်းနှင့် ပြန်လာရေး အတွက် ကရင်ကျေးရွာ အများအပြားတွင် လုံလောက်သော အခြေအနေများ ရှိမနေသေးကြောင်း သတိပေး သည်။ လတ်တလောတွင် ဒုက္ခသည်စခန်းများတွင် အကူအညီ ဖြတ်တောက်ခြင်းများက ဒုက္ခသည်များ သူတို့ အဆင်သင့် မဖြစ်မီ ကရင်ပြည်နယ်သို့ ပြန်ရန် ဖိအားပေးသလို ဖြစ်နေမည်ကို သူက စိုးရိမ်နေသည်။

(www.newsdeeply.com တွင် ဖော်ပြထားသည့် Libby Hogan ၏ Karen Refugees Wary of Return to Myanmar as Despair Rises in Camps ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading