မြန်မာဝတ္ထုတိုရွှေခေတ် တခေတ်ဆိုတာ မြန်မာစာပေလောကမှာ အသေအချာရှိခဲ့ဖူးပါတယ်။ စစ်အစိုးရကာလတလျှောက် ပြင်းထန်တဲ့စိ စစ်ရေးကာလများမှာကို လွတ်အောင်ကျွတ်အောင် ရေးသားနိုင်ခဲ့တဲ့အနုပညာစွမ်းရည်များလည်း ဖြစ်ပါတယ်။
ပြည်သူလူထုဘဝတွေကို အခြေခံထားပြီး ဆင်းရဲမွဲတေမှုများကို ထည့်သွင်းရေးသားရင်သော်လည်းကောင်း၊ တက္ကသိုလ်၊ ကံ့ကော်၊ စိန်ပန်း နီ၊ အဓိပတိလမ်းအစရှိသဖြင့် တက္ကသိုလ်ပုံရိပ်များနဲ့ ကျောင်းသားအရေးကိစ္စများကို ရေးသားခဲ့ရင်တော့ စာမူများကို ဖြတ်တောက်၊ က လောင် ပိတ်သိမ်း၊ ထောင်ချတဲ့အထိ အထက်အမိန့်နာခံခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ တက္ကသိုလ်ရနံ့တွေ ပါဝင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဟာ ပြည်သူတွေ ဖတ်ခွင့်မသာခဲ့ပါဘူး၊ တက္ကသိုလ် ကျောင်သားဘဝ၊ အဆောင်နေဘဝ၊ ပညာသင်ဘဝ တက္ကသိုလ်တွင်းအနုပညာအားကောင်းမှုများကိုလည်း နောင်မျိုးဆက်တွေ မသိရှိ ရတော့သလောက်။
တက္ကသိုလ်ဆိုတာ မြို့ပြင်မြို့စွန်တွေဆီ ခက်ခက်ခဲခဲသွား၊ ပြင်ပ ပညာရေးပွဲစားများက ထုတ်ထားတဲ့မေးခွန်းနဲ့ အဖြေများကို ကူး၊ တနှစ် တာပညာသင်ချိန် ကြာမြင့်မှု တလသာသာမှာ အတန်းတက်၊ ကျရှုံး ပြန်ဖြေ ဘွဲ့တခုရလို့ မှတ်ယူခဲ့ကြရတာ မျိုးဆက် ၃၊ ၄ ခု မကတော့။
ယခု ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ ရေးဖွဲ့ခဲ့တဲ့ စာရေးသူ နောင်ကျော်က ၁၉၈၃ – ၈၄ ခုနှစ်တွင် လုပ်သားကောလိပ်၊ မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြ၊ လက်ထောက်နည်းပြ၊ ၁၉၈၆ ခု ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ နည်းပြတာဝန် ထမ်းဆောင်ခဲ့သူဆရာတဦးဖြစ်ပါ တယ်။
၁၉၈၈ လူထုအရေးတော်ပုံအတွင်း ပါဝင်ခဲ့ပြီး ၁၉၈၉ ဇူလိုင်တွင် အဖမ်းခံခဲ့ရ၊ ထောင် အနှစ်၂၀ ချမှတ်ခြင်းခံခဲ့ရပါတယ်။ ၁၃ နှစ်နီးပါး နေ ထိုင်ခဲ့ရပြီး မန္တလေးထောင်မှ ၂၀၀၃ ခုနှစ်မှ လွတ်မြောက်ခဲ့ပါတယ်။
ယခုစာအုပ်တွင် ဝတ္ထုတို ၇ ပုဒ်ပါဝင်ပြီး (၁) သံသယခြိမ်းသံများနှင့် ဖွဖွလေးခေါက်သော ရင်တံခါး၊ (၂) ပန်းတွေပွင့်ဝေသော်လည်း မမွှေး မြခဲ့ကြသော၊ (၃) မပြောင်းလဲသေးသော ရင်ထဲက လွင်ပြင်၊ (၄) ငယ်ဘဝအိပ်မက်တွေကို မေ့ပစ်လိုက်မှာလား၊ (၅) လွမ်းမည်ကြံစဉ် ရင်မှာ ငေး၊ (၆) ကံ့ကော်ဝတ်မှုန်မိုး၊ (၇) မီးခိုးဖြူဖြစ်သွားသော အတ္တမဲ့အလင်းကလေးတစ်မျှင် ဆိုပြီး ပါဝင်ပါတယ်။
စာအုပ်ရဲ့ Title တပုဒ်ဖြစ်တဲ့ ကံ့ကော်ဝတ်မှုန်မိုးနဲ့ပတ်သက်ပြီး စာရေးဆရာ နောင်ကျော်က ခုလို ရာဇဝင်လေးကို ရှင်းပြထားပါတယ်။ “ဒီ နေရာမှာပြောချင်တာက ကံ့ကော်ဝတ်မှုန်မိုးနဲ့ ပတ်သက်လို့ပါ၊ ဒီဝတ္ထုကို ၂၀၀၉ စက်တင်ဘာတုန်းက စတိုင်သစ် မဂ္ဂဇင်းမှာ ဖော်ပြဖို့ စာပေ စိစစ်ရေးတင်တော့ တပုဒ်လုံး အဖြုတ်ခံခဲ့ရတယ်၊ အဲဒါကိုပဲ ဇာတ်လမ်းတပိုင်း ဖြတ်ပြီး၊ မိုးပိတောက်ပွင့်တို့ ခင်းထားသောလမ်းမှာ ကံ့ကော် လေညင်းသင်း” ဆိုတဲ့ နာမည်နဲ့ ၂၀၁၁ ဇူလိုင်လထုတ် မြန်မာသစ်မဂ္ဂဇင်းမှာ ဖော်ပြဖို့ လုပ်တော့လည်း စာပေစိစစ်ရေးလက်ချက်နဲ့အပိုင်း ပိုင်းဖြတ်ခံခဲ့ရတယ်”။
၁၉၈၈ ရှေ့ပိုင်းကာလနောက်ခံထားပြီး စာရေးသူကိုယ်တိုင် ကျင်လည်ရပ်တည်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ထဲက ဇာတ်လမ်းတပုဒ်ကို ဘာ ကြောင့်များ စာပေကင်တိုင်များက သည်းကြီးမည်းကြီး လိုက်လံ သင်းကွပ်ကြတာလဲဆိုတာ စဉ်းစားမရအောင်ပါဘဲ။
အရှေ့တောင်အာရှမှာ နာမည်ကျော်ကြားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်၊ ကမ္ဘာ့ခေါင်းဆောင်များ မှတ်မှတ်ထင်ထင် လာလည်ချင်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကို ဘာကြောင့်များ ဖုံးဖိ ဖျောက်ဖျက်ချင်ခဲ့ကြပါလိမ့်။
ကံ့ကော်၊ စိန်ပန်းနီ၊ အဓိပတိလမ်း၊ ဂျပ်ဆင်၊ သစ်ပုတ်ပင်၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ စစ်ကိုင်းလမ်းအစရှိသဖြင့် သမိုင်းဝင်နေရာများစွာ ရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့တက္ကသိုလ်ကျောင်းသားဘဝများကို ယနေ့ လူရွယ်လူငယ်များ မသိမီနိုင်အောင် ဖြတ်တောက်ခံခဲ့ကြရပါတယ်။
စာရေးသူနောင်ကျော်ဟာ လူထုအရေးအခင်းကြီးမတိုင်မီ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနက နည်းပြဆရာတဦးအဖြစ် နေထိုင်ခဲ့သူမို့ ၁၉၈၈ ရှေ့ပိုင်းတက္ကသိုလ်ကာလများကို အတိတ်ရုပ်ရှင်လို တကွက်ချင်း ပါဝင်တဲ့ ဝတ္ထုတိုများများမှာ လွမ်းမောဆွတ်ပျံ့ဖွယ်ရေးသား ထားပါတယ်။
“၁၉၈၈ ဇွန်လလယ်ပိုင်းတုန်းက ဖြစ်သည်၊ ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်သည်၊ ဒုတိယနှစ်ဝက်စာသင်ချိန်များ၊ အဲဒီကျောင်းဖွင့်ရက် မှာပဲ မေသွယ်နှင်းနှင့် နွယ်နွယ်ဝင်းတို့ နှစ်ယောက် ကျနော့်ဆီကို ရောက်လာသည်၊ သူတို့ပါဝင်ခဲ့သော မတ်လ၊ တံတားနီကိစ္စကို အစဖော်ပြီး မေးကြည့်တော့ သူတို့နှစ်ယောက်မျက်နှာက တင်းမာလာတာကို သတိပြုမိသည်၊ ခါတိုင်းဆိုလျှင် ကျနော်ဆီရောက်လာတိုင်း ပြုံးပြုံးရွှင်ရွှင် ရှိတတ်သော မျက်နှာတွေက ဒီနေ့ရောက်လာချိန်မှာ တွေ့တွေ့ချင်း ပြုံးပြသည်မှလွဲ၍ ထိုင်ပြီးစကားပြောနေချိန်မှာ မျက်နှာထားက ခပ်တည် တည်၊ တံတားနီကိစ္စကို စကြည့်တော့ သူတို့ နှစ်ယောက်စလုံး၏ မျက်နှာတင်းမာသွားသည်၊ သူတို့ရင်ထဲမှာ တော်တော်နှင့် ပြေနိုင်မည် မ ထင်သော စိတ်အနာကို ရသွားပြီဆိုတာ ကျနော် သတိထားလိုက်မိသည်။”
“ဇွန်လ ၁၄ ရက်နေ့တွင် မွန်းလွဲပိုင်း၌ ဦးချစ်ဆိုင်ထောင့်မှာ ကျောင်းသားတချို့က စားပွဲခုံပေါ်တက်ပြီး တရားဟောခြင်းက စ၍ ရန်ကုန် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ပြန်စသည်။”ဆိုပြီး မမေ့မလျော့ ရေးသားနိုင်ခဲ့ပါတယ်။
အာဏာရှင်နဲ့ ကျောင်းသားတို့ တိုက်ပွဲမှာ တက္ကသိုလ်ရှိ ကျောင်းအာဏာပိုင်များရဲ့ရပ်တည်ချက်ကိုလည်း “လွမ်းမည်ကြံစဉ် ရင်မှာငေး” ဆို တဲ့ဝတ္ထုမှာ တက္ကသိုလ်ဆရာတယောက်ဖြစ်နေသော်ငြား စာရေးသူက မေးခွန်းထုတ် အဖြေပေးခဲ့ပါတယ်။
“ပါမောက္ခချုပ်က လူစုခွဲပေးဖို့ ပြောသည်၊ ကျောင်းသားထုကြီးက ရပ်ကြည့်မြဲရပ်ကြည့်နေကြသည်၊ ခြေလှမ်းမျှပင် မရွေ့ကြ၊ ပါလာသော ဆရာကြီးတချို့ကတော့ ဘာမှ ဝင်မပြော၊ ပါချုပ်ခေါ်၍သာ လိုက်လာကြသည်၊ သူတို့အလုပ်မဟုတ်ဟု ထင်နေကြပုံရသည်၊ မတ်လ ၁၇ ရက် တုန်းက ကျောင်းသား၊ ကျောင်းသူတွေကို တက္ကသိုလ်ဝင်းထဲမှာ လုံထိန်းတွေဝင်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တုန်းကလည်း ဤဆရာကြီးများက ဘာမှမတတ်နိုင်ဘဲ ရှိခဲ့သည်မဟုတ်လား”
တကယ်တော့ တက္ကသိုလ်ဆိုတာ ယမ်းနံ့၊ ယမ်းငွေ့၊ သွေးစွန်းကွက်များ၊ သံဆူးကြိုးများ၊ ယူနီဖောင်းဝတ်လက်နက်ကိုင်များ ကြီးစိုးရာ အရပ်မဟုတ်ပါ။
ဒါကိုလည်း စာရေးသူက “အဲဒီကာလတွေတုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာ ဆောင်းဆိုလျှင် ကံ့ကော်ပွင့်တာ မြင်ရသည်၊ နွေဆိုလျှင် ရေ တမာပွင့်ရနံ့က မွေးမြသည်၊ မိုးဆိုလျှင် တောပိတောက်ပန်းတွေကြွေပြီး ခင်းထားသော ပန်းခင်းလမ်းကလည်း လှပသည်၊ ကျနော်တို့ သူ ငယ်ချင်းတွေ မိတ်ဆွေတွေ၏လူငယ်ဘဝအိပ်မက်တွေကလည်း လှပမွှေးမြ၍ ရဲရင့်တက်ကြွစွာ ပွင့်လန်းနေခဲ့ကြသည်၊ ထိုအချိန်မျိုးတွင် ဥသြငှက်၏ တွန်သံသဲ့သဲ့ကိုလည်း ကြားရတတ်သေးသည်။ လှပမွှေးမြ၍ ရဲရင့်တက်ကြွသော လူငယ်ဘဝအိပ်မက်ထဲတွင် ရသ တစ်ပါးက တိုးလာသည်၊ သံယောဇဉ်တွေ နားလည်မှုတွေနှင့် အပြန်အလှန် ရင်ခုန်ခဲ့ကြသောအချစ်ဆိုသည့်အရာ၊ ကံ့ကော်ရနံ့တို့ဖြင့် စွဲနစ်နေသော အချစ်၊ ပြန်စဉ်းစားကြည့်သောအခါ ဥသြတွန်သံကြားမှ ငယ်အိပ်မက်တို့က လွမ်းစရာများ၊ ပြန်လိုချင်သေးပါရဲ့ငယ်အိပ်မက်ကလေးရေ” ဆိုပြီး တက္ကသိုလ်ဘ၀ခံစားမှုများနဲ့ရေးဖွဲ့မှုများကို တွေ့ရပါတယ်။
သွေးစွန်းကံ့ကော်၊ ကျောင်းတံခါးပိတ်၊ ထောင်ဒဏ်အနှစ် ၂၀ ချခံလိုက်ရပြီး၊ ထောင်မှ လွတ်လာပြီးတောင် ရပ်ကွက်မြို့နယ်ဆိုင်ရာများက စောင့်ကြည့်ခံခဲ့ရတဲ့ မြန်မာစာပြ၊ စာရေးဆရာ၊ နိုင်ငံရေးသမားတယောက်ရဲ့အတိတ်ရန်ကုန်တက္ကသိုလ်ဆိုတာ ဘာလဲသိဖို့ ယခု ဝတ္ထုတိုစု တွေက သမိုင်းသက်သေများပင် ဖြစ်နေပါလိမ့်မယ်။
စာရေးသူ – နောင်ကျော်
စာအုပ်အမည် – ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ
အမျိုးအစား – ဝတ္ထုတို
ထုတ်ဝေသည့်တိုက် – ခဝါလှေမွန် စာအုပ်တိုက်
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ သြဂုတ်လ
တန်ဖိုး – ၂၀၀၀ ကျပ်