ကမ္ဘာ့အဆင့် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများက ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်း (၆.၂ ရာခိုင်နှုန်း) နှင့် လူဦး ရေ ၉၅ သန်းကို တချက်ကြည့်လိုက်ပြီး နောက် သူတို့ စတင်သဘောကျလာကြသည်။ အာရှ ပစိဖိတ် ဒေသ တလွှားမှ အလားတူ အခွင့်အလမ်းများတွင် အကျိုးအမြတ်များ ရရှိနေပြီး ဖြစ်သည့် အတွက် သူတို့ လုပ်ရန်လိုသည် မှာ မော် တော် ဆိုင်ကယ်များ၊ ကားများထုတ်လုပ်ပေးရန်၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးရန် ဖြစ်ကြောင်း နှင့် နောက်ထပ် ဆယ်စုနှစ်များစွာ အကျိုးအမြတ်ခံစားရလိမ့်မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
သူတို့ထင်သလို တကယ်ဖြစ်လာပါမည်လား။
ဟိုချီမင်းမြို့တွင် အရည်အသွေးထိန်းချုပ်သူ အဖြစ် အလုပ်ဝင်လာခါစ Hau မှာ အိပ်မက်တခု ရှိပါသည်။ သူ့အိပ်မက် က သူတို့(နိုင်ငံတကာ ကုမ္ပဏီကြီးများ) စနစ်တကျ ချမှတ်ထားသည့် အစီအမံများကို ကောင်းကောင်း အနှောက် အယှက်ပေးနိုင်ပါလိမ့်မည်။
သူက ခရီးအလွန်သွားချင်သည်။
ချောမော၍ လန်းဆန်းသော မျက်နှာရှိသည့် Hau က အစစ အရာရာချွေတာသူ ဖြစ်သည်။ လက်ထပ်ရန် သို့မဟုတ် အိမ်တလုံးဝယ်ရန် သူက စဉ်းစားနေခြင်း မရှိပါ။
“ကျနော် အဝတ်အစား မဝယ်ဘူး။ Adidas တို့ Nike တို့လို အားကစားဖိနပ်တွေ မစီးဘူး။ သူတို့က ဈေးကြီးလွန်း တယ်။ ကလပ်လည်း မသွားဘူး။ ဘီယာထက် ကော်ဖီ ပိုသောက်တယ်။”
ထိုအရာများအစား ခရီးမသွားရလျှင်မနေနိုင်ခြင်းက သူ့ကိုရောဂါတခုလို စွဲကပ်နေပြီး အားလုံးကို စိုးမိုးထားသည်။ “ကျနော်ခရီးသွားဖို့ အားလုံးကို စုထားချင်တယ်။ ကျနော့် အလုပ်က ပိုပြီး တည်ငြိမ်လာတဲ့အခါ ၁ နှစ်လောက် အား လပ်ရက်ယူပြီး ပဲရစ်၊ လန်ဒန်၊ စင်ကာပူ၊ အမေရိက တကမ္ဘာလုံး လျှောက်သွားမယ်။”
“ကျနော် ဗီယက်နမ် တနိုင်ငံလုံး ရောက်ပြီးသွားပြီ။ ကျနော့် ဆိုင်ကယ်နဲ့ Da Lat (ကိုလိုနီခေတ် တောင်စခန်းမြို့) နဲ့ Nha Trang (အပန်းဖြေ ပင်လယ်ကမ်းခြေ) ကိုသွားခဲ့တယ်။ နယ်စပ်ဖြတ်ပြီး ကမ္ဘောဒီးယားကိုတောင် သွားခဲ့သေး တယ်။”
လက်ရှိ အချိန်တွင် ဗီယက်နမ် ဒေါင်ငွေ ၉သန်း (အမေရိကန်ဒေါ်လာ ၄၀၀ ခန့်) ရရှိနေသည့် Hau ၏ လစာက သူ့ အဖေနှင့် အမေ ၂ယောက်ပေါင်းလစဉ်ဝင်ငွေ ဒေါင်ငွေ ၁၀ သန်း(အမေရိကန် ဒေါ်လာ ၄၄၀ ခန့်) ထက် အနည်း ငယ်မျှသာပို လျော့ပါသည်။ သူတို့က ဟိုချီမင်းမြို့တော်မှ ဘတ်စ်ကားနှင့် သွားလျှင် ၃ နာရီခရီး (၁၆၅ ကီလိုမီတာ) ဝေးသည့် Dong Thap ခရိုင်မှ သူတို့ အိမ်တွင်နေကြသည်။
“ကျနော့် မိဘတွေမှ ၂ ဟက်တာ(၅ဧက) လောက်ကျယ်တဲ့ စိုက်ခင်းလေးတခု ရှိတယ်။ သံပယိုပင်တွေနဲ့ အုန်းပင် တွေရှိတယ်။ မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးရတဲ့ အတွက် သံပုယို စိုက်ရတာက ပိုက်ဆံသိပ်မရဘူး။”
“ကျနော့် အဖေက ကုန်တင်ကားမောင်းပါတယ်။ တပတ်ကို ၂ ကြိမ် ပုံမှန် ခရီးထွက်ရတယ်။ များသောအားဖြင့် တော့ Can Tho (အိမ်နီးချင်း ခရိုင်တခု) ကနေ Da Lat ကိုသွားရပါတယ်။ ဟိုးအတွင်းပိုင်းထဲ အထိပေါ့။ အဲဒါက ၈ နာရီကြာ တဲ့ ခရီးပါ။”
သူ၏ မိဘများမှာ စီးပွားရေးပြေလည်သူများ မဟုတ်ကြသော်လည်း Hau ကို ဟိုချီမင်းမြို့တော် နည်းပညာတက္ကသိုလ် မှ စက်မှုစီမံခန့်ခွဲရေးဆိုင်ရာ ဘွဲ့ ရရှိသည် အထိ ၄ နှစ်ကြာ ကျောင်းထားပေးနိုင်ခဲ့ခြင်းက လေးစားစရာ ဖြစ်ပါသည်။ လစဉ် သူ့ထံသို့ ဗီယက်နမ် ဒေါင်ငွေ ၂ သန်း(အမေရိကန်ဒေါ်လာ ၉၀ခန့်) ပို့ပေးခဲ့ကြသည်ဟု သိရသည်။
သူတို့က မော်တော်ဆိုင်ကယ် တစီးပင် ဝယ်ပေးခဲ့ကြသည်။ မိဘများ၏ ထောက်ပံ့မှုအပြင် Hau ကလည်း ကော်ဖီဆိုင် မှာ အချိန်ပိုင်းအလုပ်လုပ်၍ ငွေရှာခဲ့သည်။ နောက်ပိုင်းတွင် ကျူရှင်ဆရာလုပ်ခဲ့သေးသည်။ ယခုအခါ သူ့မိဘများနှင့် တွေ့ဆုံရန် တလတကြိမ် အိမ်ပြန်သည်ဟု ဆိုသည်။
မိဘများထံ လစဉ်မှန်မှန် ပိုက်ဆံပြန်ပို့သလားဟု ကျနော်က မေးသည့်အခါ မလုံမလဲ အမူအရာဖြင့် “ကျနော့်ပိုက်ဆံ တွေကို ခရီးသွားဖို့နဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ဖို့ သုံးရပါတယ်။ ဒါကြောင့် ကျနော့်မှာ သူတို့ကို ပေးဖို့ ပိုက်ဆံ မလောက်တော့ဘူး။ ဒါပေမယ့် ပေးဖို့ ကျနော် စီစဉ်ထားပါတယ်။ ကျနော့် အလုပ်မှာ ပိုပြီး အထိုင်ကျလာတဲ့ အခါကျ ရင် တလကို ဒေါင် ၁ သန်းလောက် သူတို့ကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဖြေသည်။
သူ၏ ဘဝနေထိုင်မှုပုံစံနှင့် ပတ်သက်၍ သူ့အသုံးစရိတ်ကို Hau က ရှင်းပြပါတယ်။ “ဟိုချီမင်းမြို့တော်မှာ နေရေးထိုင် ရေးက ဈေးမသက်သာဘူး။ ကျနော့် အိမ်ငှားခက တလကို ဒေါင် ၁.၂ သန်း (ဒေါ်လာ ၅၀ကျော်) ရှိတယ်။ ဒါကြောင့် ကျနော်က တခြားသူ ၈ ယောက်နဲ့ အတူ အိပ်ခန်း ၃ ခန်းပါတဲ့ အိမ်ခန်းမှာ စုနေကြတယ်။ အဲဒါက ဒေါင် ၁၅၀၀၀၀ ( ၇ ဒေါ်လာခန့်) ကျတယ်။”
“ကျနော့် ဆိုင်ကယ်အတွက် ဓာတ်ဆီဖိုးက တလကို ဒေါင် ၂၀၀၀၀၀ (၉ ဒေါ်လာခန့်) ကုန်တယ်။ အစားအသောက် အတွက် က ဒေါင် ၂.၃သန်း (ဒေါ်လာ ၁၀၀ ခန့်) အနည်းဆုံးကုန်တယ်။ ကျနော် ဆေးလိပ်မသောက်ဘူး။ နာမည်ကြီး အဝတ် အစားတွေ မဝတ်ဘူး။ ကျနော် ဟောလီးဝုဒ် ရုပ်ရှင်တွေကြိုက်တယ်။ Transformers ဇာတ်လမ်းတွဲတွေနဲ့ အနောက် တိုင်း ဂီတကို ကြိုက်တယ်။ Maroon 5 အဖွဲ့ဆို အရမ်းကောင်းတာပေါ့။ ဒါပေမယ့် ကျနော်က ပြည်တွင်း အဖွဲ့တွေနဲ့ ဂီတ ကိုအားပေးတယ်။ Noo Phuoc Thinh (ဗီယက်နမ် အမျိုးသား အဆိုတော်) ဆိုရင် ကျနော့် အကြိုက်ဆုံး တွေထဲက တယောက်ပေါ့။ ဟိုတလောကတောင် သူ့ရဲ့ အခမဲ့ ဖျော်ဖြေပွဲတခုကို သွားခဲ့သေးတယ်။”
စုစုပေါင်းလိုက်သော် ဖျော်ဖြေရေး အတွက် ဒေါင် ၈၀၀၀၀၀ (၃၅ ဒေါ်လာခန့်) နှင့် သူ၏ မိုဘိုင်းဖုန်း အတွက် ဘေလ်ဖြည့်ရန် ဒေါင် ၂၀၀၀၀၀(၉ဒေါ်လာခန့်) ကုန်သည်။
ဟိုချီမင်းမြို့တော်မှ ရှော့ပင်းမောများနှင့် မရေမတွက်နိုင်သော စတိုးဆိုင်များတွင် “ဝယ်”၊ “ဝယ်”၊ “ဝယ်” ဆိုသည့် အသံများ ပဲ့တင်ထပ်နေသည့်ကြားတွင် Hau က တကမ္ဘာလုံး နားလည်ထားသည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဖက် တခုကို ကိုယ်စားပြုနေသည်။ သူက ၂၁ ရာစု သို့မဟုတ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် လူလားမြောက်လာသည့် လူငယ်တယောက် ဖြစ်သည်။ ဖွံ့ဖြိုးလာနေသည့် ဈေးကွက်များနှင့် ကျနော်တို့ကာလရှည်ကြာစွာ တွဲ၍ မြင်ခဲ့သည့် များများ ထုတ်၊ များများသုံး ဆိုသည့် ဝါဒကို သူကျောခိုင်းခဲ့သည်။ ကမ္ဘာတလွှားမှ အခြားသော ထောင်စုနှစ်လွန် လူငယ်များ ကဲ့သို့ပင် သူက ပိုင်ဆိုင်မှုထက် အတွေ့အကြုံကို ဦးစားပေးခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်လျှင် Hau က ဘာလင်၊ ဆန်ဖရန်စစ်ကိုနှင့် ဖူကူးအိုကမှ သူ့လို အသက် ၂၃ နှစ် အရွယ်များနှင့် များစွာပင်တူညီနေပါသည်။
Harris Group က ပြုလုပ်ခဲ့သည့် လေ့လာမှုတခုအရ ကမ္ဘာပေါ်မှ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် လူလားမြောက် လာသည့် လူငယ်များ၏ ၇၈ ရာခိုင်နှုန်း ကုန်ပစ္စည်းတခုကို ဝယ်ယူခြင်းအစား အတွေ့အကြုံတခုကို ရရှိရေးအတွက် ငွေကြေး သုံးစွဲရန် ရွေးချယ်ကြကြောင်းတွေ့ရသည်။ ထို့ပြင် ၅၅ ရာခိုင်နှုန်းက အမှတ်တရများ ပြုလုပ်ရန်အတွက် ယခင်ကထက်ပို၍ ပိုက်ဆံသုံးစွဲကြောင်း အတုံ့အဆိုင်းမရှိ ဖြေခဲ့ကြသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုနှင့် စားသုံးမှု (ဝယ်ယူမှု) ကိုတွဲ၍ စိတ်စွဲနေကြသော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် လူ လားမြောက်လာသည့် လူငယ်များ၏ “ရယူပိုင်ဆိုင်ခြင်း” ထက် “ပြုလုပ်ခြင်း” ကို ပို၍ အလေးပေးခြင်းက စီးပွားရေး ပုံစံလမ်းကြောင်းများကို မလွဲမသွေပင် ပြန်လည်ပုံဖော်ပါလိမ့်မည်။ လူငယ်များက H&M၊ Uniqlo နှင့် အခြားသော နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များကို ပုခုန်းတွန့်ပြီး ကျောခိုင်းသွားကြသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် အချိန်ပြည့်အလုပ်တခု ရနေပြီ ဖြစ်သော်လည်း ခရီးသွားခြင်းက Hau ၏ အစီအစဉ်တွင် ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်သည်။ ၂ လ ၃ လ လျှင်တကြိမ်လောက်တော့ တနေရာရာကို သွားချင်နေဆဲ ဖြစ်သည်။ ဟိုချီမင်းမြို့တော် ကို သူ မတွယ်တာပုံရသော်လည်း ဗီယက်နမ်နိုင်ငံကတော့ သူ့စိတ်ထဲမှာ အနည်းနှင့် အများဆိုသလို ရှိသည်။
“ကျနော်နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အခွင့်အရေး ရချင်တယ်။ ဘန်ကောက်လို စင်ကာပူလိုနေရာမှာပေါ့။ ဒါပေမယ့် ကျနော် ပြန်လာရမယ်လို့ ထင်တယ်။ ကျနော် ပြန်လာချင်တယ်။”
“ကျနော် အငြိမ်းစား ယူတဲ့အခါ ကျနော့် ဇာတိမြို့ကို ပြန်သွားမယ်။ ဟိုချီမင်းမြို့က အလုပ်လုပ်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင် ညစ်ညမ်းလွန်းတယ်။ ဒါပေမယ့် အဲဒါတွေ ဖြစ်မလာခင် ဒီမှာပဲ မိသားစုတခုကို ကျနော် ထူထောင်ရမယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာက အလုပ်အကိုင်နဲ့ လစာ အခွင့်အလမ်းပိုကောင်းတယ် လေ။”
Hau ကဲ့သို့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် လူလားမြောက်လာသည့် လူငယ်များက ခရီးသွားခြင်းကို ပျိုရွယ်မှုနှင့် ရှင်သန်ခြင်းကို ခံစားနိုင်ရန် သူတို့ မဖြစ်မနေ လုပ်ကိုလုပ်ရမည့် တခုလို သဘောထားကြသည်။ “တကယ်လို့ ခရီး မသွားဘူးဆိုရင် ကျနော့် ဘာမှရမှာ မဟုတ်ဘူး” ဟု သူကပြောသည်။ ထိုအယူအဆ က အလွန်အားကောင်း ပြီး တခါတရံတွင် သူတို့၏ မိသားစုကို ကူညီရေး ကဲ့သို့သော အဓိက တာဝန်များကိုပင် ကျော်လွန်သွားလေ့ရှိပါသည်။
သို့သော်လည်း Hau ၏ တက်ကြွမှု နှင့် အကောင်းမြင်မှုတို့က သူတို့၏ အနာဂတ်အပေါ် သံသယများနေဆဲ ဖြစ်ပြီး အာဏာပိုင်များကို မယုံကြည်သူများဖြစ်သည့် ကမ္ဘာပေါ်မှ အခြားသော သူနှင့် သက်တူရွယ်တူများ နှင့် အတော်လေး ခြားနားနေဆဲ ဖြစ်ပါသည်။ သူတို့သည် ကျနော်တို့ ကျဆင်းသွားချိန်တွင် တာဝန်ယူကြရမည် ဖြစ်သည့်တိုင် ကျနော်တို့ (၁၉၄၃ မှ ၁၉၆၀ အတွင်းမွေးဖွားခဲ့သူများ) က နားလည်ရန် ခက်ခဲ နေဆဲဖြစ်သော မျိုးဆက်တခု ဖြစ်ပါသည်။
သို့သော်လည်း ထပ်၍ စဉ်းစားကြည့်မည်ဆိုလျှင် Hau ၏ လမ်းပေါ်မှာ အမြဲရှိနေချင်သော၊ ခရီးသွားချင်နေသော၊ အသစ်များ အထူးအဆန်းများကို တွေ့ကြုံချင်နေသော ဆန္ဒက ၃ နှစ်လုံးလုံး ကျနော့်ကို Ceritalah နှင့် အတူ ခရီးများ သွားဖြစ်အောင် မောင်းနှင်ခဲ့သည့် ထူးဆန်းသော ဗီဇနှင့် များစွာ ကွာခြားမှုမရှိဟု ထင်ပါသည်။
(ကာရင်ရတ်စလန်သည် အရှေ့တောင်အာရှရေးရာများကို အထူးပြုလေ့လာရေးသားနေသော မလေးရှားစာရေးဆရာတဦးဖြစ်သည်။)