မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း၊ ချင်းပြည်နယ်၏ မြို့တော် ဟားခါးသို့ သွားရောက်မည့် ခရီးစဉ်ကို ဘုရားဝတ်ပြုခြင်းဖြင့် စတင်ခြင်းသည် လမ်းခရီးတွင် အန္တရာယ်ကင်းစေရန် ဖြစ်၏။ ပြည်နယ်နယ်စပ်မြို့ ဖြစ်သော ကလေးမြို့မှ မိုးဖွဲဖွဲနှင့် မှုန်ပျနေဆဲ နံနက်စောစောတွင် စတင် ထွက်ခွာခဲ့သည်။ စာရေးသူမှာ ယမန်နေ့ တနင်္ဂနွေနေ့က ဟားခါးသို့ သွားရန် ဖြစ်သော်လည်း ချင်းပြည်နယ်သည် ဗုဒ္ဓ ဘာသာ လွှမ်းမိုးသော မြန်မာနိုင်ငံမှ ခရစ်ယာန်ပြည်နယ် ဖြစ်သောကြောင့် တနင်္ဂနွေနေ့တွင် မည်သည့် ဘတ်စ်ကားမျှ မထွက်ပေ။
ဘတ်စကားပေါ်မှ စာရေးသူတို့ ခရီးသည် ၁၁ ဦးလုံး ဦးညွတ် ဝတ်ပြုကြသည်။ နောက်ဘက်ခုံတန်းတွင် ထိုင်သော အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး နှင့် လွန်စွာ ပျော်ရွှင်နေသော ကလေးငယ် တဦးတို့ ဖြစ်သည်။ ထိုကလေးငယ်ထံမှ ပျော်ရွှင်မှုများ ကူးစက်လာစေရန် ခရီးတလျှောက်တွင် တဦးပြီး တဦး လက်ကမ်း ပွေ့ချီခဲ့ကြသည်။ ဟားခါးသည် ကမ္ဘာလှည့် ခရီးသည်များ၏ လမ်းကြောင်း မရှိသောကြောင့် နိုင်ငံခြားသားဟူ၍ စာရေးသူ တယောက်သာပါသည်။ စာရေးသူသည်လည်း ကမ္ဘာလှည့်ခရီးသည် မဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှု သတင်းယူရန် လာရောက်ခြင်းသာ ဖြစ်သည်။
စာရေးသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်မှာ ၅ ရက်ရှိပြီ ဖြစ်ပြီး တဦးတည်း ခရီးသွားနေခြင်း ဖြစ်သည်။ ပုံမှန် မအိပ်ရခြင်းနှင့် အသစ်အဆန်း အများအပြားကို တွေ့ကြုံရသောကြောင့် စာရေးသူ၏ ဦးနှောက်မှာ အလုပ် မလုပ်တော့ဘဲ ငြိမ်သက် မှုန်ဝါးနေသည်။ များများလေ့လာပြီး မေးခွန်း အနည်းငယ်သာ မေးနိုင်တော့သည်။ ခရီးစဉ် မစတင်မီ ဘုရားဝတ်ပြုခြင်းမှာ ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်သည် ဟုသာ ခံစားခဲ့ရသော်လည်း ငယ်စဉ်က Greyhound ဘတ်စ်ကား မစီးမီ နောက်ဆုံးဝတ်ပြုခဲ့သည့် အချိန်ကို ပြန်စဉ်းစားမိသည်။
ကျပ်သိပ်နေသော မီနီဘတ်စ်ကားတွင် ခေါင်းငုံ့ကာ ထိုင်နေရင်း ငယ်စဉ်ဘ၀ အမှတ်တရများ ခေါင်းထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ စာရေးသူ ကက်သလစ်ကျောင်း တက်စဉ် နေ့ရက်များက၊ အဝါရောင် ကျောင်းဘတ်စ်ကားကြီးများနှင့် ယခုကဲ့သို့ ကား စတင် မထွက်ခွာမီ ဝတ်ပြုသော ဘာသာရေး ထုံးစံများ စသည့် အမှတ်တရများ ဖြစ်သည်။ သို့သော် နောက်နာရီ အတန်ကြာတွင်မူ ထိုသို့ ဝတ်ပြုခြင်းမှာ ဘာသာရေးထုံးစံ မဟုတ်ဘဲ အသက်အာမခံ အကာအကွယ် ဖြစ်ကြောင်း သိရသည်။
စာရေးသူတို့ကို အမြင့်ပေ ၇၀၀၀ အထိမှ အနိမ့်ပေ ၁၀၀၀ အထိ ခေါ်ဆောင်သွားကာ ကွေ့ဝိုက်ပြီး ပြန်တက်သွားနေသော လမ်းကြောင်းများကို မြေပုံတွင် ကြည့်သောအခါ ချင်းတောင်တန်းပေါ်ရှိ ကြိုးမျှင်များ သဖွယ် ဖြစ်နေသည်။ သစ်တော ပြုန်းတီးမှု အကြီးအကျယ် ခံထားသော်လည်း အချို့နေရာများတွင် ချင်းတောင်တန်းသည် စိမ်းလန်းနေဆဲ ဖြစ်သည်။ လှပနုပျိုသော သစ်တောများ၊ ရေတံခွန်များ၊ ချောက်ကမ်းပါးမှ တွဲလောင်းကျနေသည့် ခြေတန်ရှည် အိမ်ကလေးများနှင့် မြို့ကလေးများကို တွေ့နေရသည်။
မိုင် ၁၁၀ ရှိသော ထိုခရီးသည် ၃ နာရီနှင့် ၄၉ မိနစ်ကြာမည် ဟု Google က ဆိုသည်။ ဒေသခံများက ၇ နာရီ ကြာမည်ဟု ပြောသည်။ နောက်ဆုံးတော့ ထိုခရီးသည် ၁၁ နာရီ ကြာခဲ့သည်။ အချို့သောနေရာများတွင် လမ်းခင်းထားသော ပိုင်းထက် ကျင်းများ၊ ချိုင့်များ ပြည့်နေသော အပိုင်းက ပိုမိုများပြားသည်။
ဘတ်စ်ကားသည် ခုန်လိုက် ယိမ်းလိုက် ဖြစ်နေပြီး ထိုင်ခုံကို တင်းတင်းကျပ်ကျပ် ကိုင်ထားရသောကြောင့် စာရေးသူ၏ လက်ဆစ်များမှာ နာကျင်နေသည်။ ထိုင်ခုံများတွင် ခါးပတ် မပါပေ။ လမ်းကို နှစ်လမ်းသွား အဖြစ် သတ်မှတ်ထား သော်လည်း ယာဉ်တစီးခွဲသာ ကျယ်သည်။ ကြိုတင် မမြင်ရသော အကွေ့ အဝိုက်များတွင် ဟွန်းကို ကျယ်ကျယ် လောင်လောင် တီးပြီး လမ်းအစွန်းနှင့် လက်မ အနည်းငယ်သာ ကွာတော့သောအခါမှသာ အရှိန်လျှော့ရသည်။ လမ်းအကာအရံလည်း မရှိပေ။
သစ်တော ပြုန်းတီးမှုများကြောင့် မိုးရွာသောအခါ လမ်းသည် ကျောက်ခဲများ၊ ရွှံ့များအောက်တွင် ရောက်နေသည်။ ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးရွာသွန်းမှုမှာ အလွန်ပြင်းထန်ပြီး လမ်းများကိုလည်း ပိုမိုပျက်စီးစေသည်။ ၇ နာရီမျှ မောင်းလာပြီးနောက် ကားဆရာသည် ဗွက်အိုင်ဟု ယူဆသော နေရာကို ဖြတ်မောင်းရသည်။ ကားဆရာက ဗွက်အိုင်ဟု ထင်သော နေရာများသည် အမှန်တကယ်တွင် ချိုင့်ကြီး ဖြစ်နေကြသည်။ ထိုချိုင့်၏ အောက်ခြေမှ ကျောက်ခဲတလုံးသည် ဘီးကို ညပ်ထားနေသလို ဖြစ်ပြီး ကားသည် ဆောင့်ရပ်သွားသည်။
စာရေးသူတို့၏ နောက်တွင်လည် ကျော်တက် မရသောကြောင့် နောက်မှ လိုက်လာနေသည့် ကားများ၊ ဘတ်စ်ကားများ အတန်းလိုက် ရှိနေသည်။ ထိုနောက် မြူများဆိုင်းနေသည့် တောင်ကို ဆက်တက်သည်။ မိုင်နှုန်းပြသော ကိရိယာသည် အုတ်ဂူများတွင် အမည် ရေးထိုးလေ့ရှိသည့် ကျောက်ပြားချပ်နှင့်ပင် တူသည်ဟု သတိထားမိသည်။ ကလေးငယ်မှာ အိပ်ပျော်နေပြီ ဖြစ်သည်။ သူ့လိုပင် စာရေးသူသည်လည်း အိပ်လိုက်သည်။
စူးစူးရှရှ အော်သံကြောင့် ပြန်နိုးလာသည်။ လမ်းက ညာဘက်သို့ ကွေ့ဝိုက်သွားသော်လည်း ကားကို ညာဘက်ကို ကွေ့ မရဖြစ်နေသည်။ ကားဆရာက ကြိုးစားသည့်တိုင် ကားကို ညာဘက်သို့ ကွေ့မရတော့ဘဲ တည့်တည့်သွားနေသည်။ စောစောက ချိုင့်ထဲကျစဉ် တခုခု ချို့ယွင်းသွားခဲ့ပုံရသည်။ ကားသည် လမ်းမှ လွဲပြီး တောင်အောက် ပြုတ်ကျရန်သာ ရှိတော့သည်။ မြန်မာနိုင်ငံတွင် တစုံတဦး လူအများရှေ့တွင် သေလျှင် ထိုသူတို့၏ အလောင်းဓာတ်ပုံများကို လူမှု ကွန်ရက်တွင် တင်ကြသည်ဟု မြန်မာနိုင်ငံတွင် အလုပ် လုပ်ဖူးသော သူငယ်ချင်းတဦးက ပြောခဲ့ဖူးသည်။ တောင်းစောင်း အစွန်းတွင် ဘတ်စ်ကား ရပ်သွားချိန်တွင် စာရေးသူသည် မြန်မာနိုင်ငံ၏ ဖေ့စ်ဘွတ်တွင် ဘဝနိဂုံး မချုပ်လိုကြောင်း စဉ်းစားနေချိန်ဖြစ်သည်။
ဘတ်စ်ကား၏ ဇာတ်လမ်းမှာ တခန်းရပ်သွားပြီ ဖြစ်သည်။ အခြားခရီးသည် တဦး တားပေးသည့် SUV ယာဉ်ဖြင့် ဟားခါးသို့ ခရီးဆက်ရသည်။ စာရေးသူ၏ ခရီးသွား အာမခံငွေက ရဟတ်ယာဉ်ငှားလို့ လောက်- မလောက် စဉ်းစားမိသေးသည်။
စာရေးသူ ကြုံတွေ့ရသော ထို လမ်းခရီး အခက်အခဲသည် ဒေသခံများ အတွက်မူ နေ့စဉ် ရင်ဆိုင်နေရသော အတွေ့အကြုံ ဖြစ်နေသည် ဟု စာရေးသူ နားလည်လာသည်။ စာရေးသူသည် ရာသီဥတုပြောင်းလဲမှုကို လေ့လာရန် လာခဲ့သည်။ သို့သော် လမ်းခရီးက ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်များကို စာရေးသူ ကိုယ်တိုင် ခံစားရအောင် လုပ်ပေးခဲ့သည်။ စာရေးသူ ဘုရားဝတ်ပြုသည်။ အပြန်တွင်လည်း စာရေးသူသည် ထိုလမ်းမှပင် ပြန်ခဲ့သည်။ မည်သို့ပင် ဆိုစေ စာရေးသူသည် မြန်မာနိုင်ငံ၏ ဖေ့စ်ဘွတ်ပေါ် တွင် ဘဝနိဂုံး မချုပ်ခဲ့ရပေ။
(www.sierraclub.org တွင် ဖော်ပြထားသည့် *This* Close to a Bus Plunge in Myanmar, Now I know why my fellow passengers prayed before we left ကို ဘာသာပြန်သည်။)