ဆောင်းပါး

ဧရာဝတီမြစ် အထက်ပိုင်းက အန္တရာယ် ဆည်စီမံကိန်းများ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်အထက်ပိုင်းတွင် တည်ဆောက်မည့် ဆည် ၄ ခုကြောင့် ဝေးကွာလှသော အောက်ပိုင်း မြစ်ဝှမ်းဒေသများအထိ ဂေဟစနစ်သည်  ပြန်လည် ပြုပြင် မရနိုင်လောက်အောင် ထိခိုက် ပျက်စီးမည်ဟု ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့(KDNG) က မကြာသေးခင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဆိုထားသည်။

နှစ်စဉ် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု စီမံကိန်း ရေးဆွဲသူများက ခန့်မှန်းထားသည့် ရေတံခွန် ဆည်များကို တရုတ်နိုင်ငံမှ International Development Company Ltd. (YEIG) လုပ်ငန်းစုက ဧရာဝတီမြစ်ထဲသို့ ပေါင်းစပ်စီးဆင်းသည့် မြစ်နှစ်ခုအနက် တခုဖြစ်သည့် အင်မိုင်မြစ်၏ မြစ်လက်တက် ဖြစ်သော ငေါ့ချန်းခ မြစ်ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။

ထိုစီမံကိန်းကြောင့် ထိခိုက်မည့်  ငေါ့ချန်းခ မြစ်ဝှမ်းတွင် နေထိုင်သော ခန့်မှန်းခြေ လူ ၄၅၀၀ တို့ကို ရေလွှမ်းမိုးမည့် နေရာ ဒေသ အတိုင်းအတာ အပါအဝင် စီမံကိန်း၏ ထိခိုက်မည့် အတိုင်းအတာကို အသိမပေးဘဲ ထားသည်ဟု ငေါ့ချန်းခ မြစ်ဝှမ်း ကို ကယ်တင်ခြင်း အမည်ရှိ အထက်ပါ အစီရင်ခံစာကိုု ထုတ်ပြန်သည့် မြစ်ကြီးနား အခြေစိုက် KDNG အဖွဲ့က ပြောသည်။

ဒေသခံရွာသား အများအပြားသည် မြေသြဇာ ကောင်းလှသော မြစ်ဝှမ်းလွင်ပြင် လယ်တောရွာများတွင် နေထိုင်ကြသည်။ ဆည်ကြောင့် လယ်ယာမြေများကို ရေလွှမ်းမိုးခြင်းသည် ဒေသခံပြည်သူများ၏ နေထိုင်မှု ဘဝကို အကြီးအကျယ် ထိခိုက် စေမည် ဟု KDNG က သတိပေးသည်။

လီဆူ၊ လဟော်၊ လော်ဗို၊ လာချစ်နှင့် ငိုချန်ခ စသည့် ကချင် လူမျိုးစုခွဲများ ပါဝင်သော ဒေသခံများက ထိုစီမံကိန်းကို မနှစ်မြို့ကြကြောင်း KDNG က ဆိုသည်။ KDNG သည် ထို သွားရေးလာရေး ခက်ခဲလှသော ဒေသမှ ရပ်ရွာများနှင့် ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့အစည်း အနည်းငယ်မျှ အနက် တခုမျှသာ ဖြစ်သည်။

“ကျနော်တို့ ဘိုးဘွားတွေရဲ့ ဇာတိမြေနဲ့ သယံဇာတတွေ ဖျက်ဆီးတာကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ဒေသခံ ဇော်လွမ်း က ပြောသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယူနန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ပိုလျှံနေပြီး မြန်မာနိုင်ငံသို့ တင်ပို့ရန်ပင် စီစဉ်နေစေကာမူ ထိုစီမံကိန်းမှ ထွက်သည့် လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု KDNG က ကိုးကားဖော်ပြသည့် ဂျပန်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာ အရ သိရသည်။

ရပ်ဆိုင်းလိုက်ရသော မြစ်ဆုံဆည် တည်ဆောက်ရေး အတွက် ဓာတ်အားပေးမည့် ချီဗွေမြစ်ပေါ်ရှိ ဆည်တခု အပါအဝင် ကချင်ပြည်နယ်တွင် အသုံးပြုနိုင်သော ဆည်အများအပြား တည်ရှိနေပြီး ဖြစ်သည်။

ပြည်တွင်း သတင်းဌာနများနှင့် မကြာသေးမီက တွေ့ဆုံ ဖြေကြားခဲ့သည့် ပြည်နယ်အရာရှိ တဦး၏ အဆိုုအရ လက်ရှိ အခြေအနေတွင် ဓာတ်အားလိုင်း အဆင့်မြှင့်တင်နိုင်ခြင်း မရှိသောကြောင့် ထိုဆည်မှ ဓာတ်အား ထုတ်လုပ်နိုင်စွမ်း၏ ၃ ပုံ ၁ ပုံသာ ထုတ်လုပ်နေသည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော ထိုဆည်၏  ချီဗွေမြစ်အပေါ်သက်ရောက်မှုမှာလည်း လွန်စွာ ဆိုးရွားလှပြီး ငေါ့ချန်းခ မြစ်ဝှမ်း အတွက် အရေးပါသော သင်ခန်းစာဖြစ်သည်ဟု KDNG က ဆိုသည်။

“လျော်ကြေး စနစ်တကျ ပေးခြင်း မရှိဘဲ အဖိုးတန်သော လယ်မြေများကို ဖျက်ဆီးခဲ့ကာ မြစ်အောက်ပိုင်းရှိ ရွာသားများ မှာလည်း ဆည်မှ လွှတ်သော ညစ်ညမ်း ရေကြောင့် မြစ်ကမ်းပါးရှိ သီးနှံများပျက်စီး၊ ငါးများ သေဆုံးကာ ရေချိုးလျှင် အန္တရာယ် ကြုံရသည်” ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံသည် စွမ်းအင်စီမံခြင်းနှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်ရန်လိုသည် ဟု အင်မိုင်နှင့် မလိခမြစ်များတွင် တည် ဆောက်မည့်  မြစ်ဆုံဆည်နှင့် ဆက်စပ်ဆည် ၆ ခု တည်ဆောက်ခြင်းကို အပြင်းအထန်ဆန့်ကျင်သော KDNG က ပြော သည်။

အထူးသဖြင့် အစိုးရသည် ဒေသခံများ၏ လိုအပ်ချက်များကို စတေးပြီး စွမ်းအင် တင်ပို့ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို အာရုံစိုက်နေသည် ဟု KDNG ကဆိုသည်။

“ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးသည် ဒုတိယ ဦးစားပေး ဖြစ်နေပြီး နိုင်ငံ အလယ်ပိုင်းရှိ မြို့များ၊ ရွာ များကိုသာ အဓိက ဝန်ဆောင်မှုပေးသော အကုန်အကျများပြီး နှေးကွေးသည့် မဟာ ဓာတ်အားလိုင်းကို မှီခိုနေသည်။ ပိုမိုလျှင်မြန်ပြီး အကုန်အကျ သက်သာသည့် ဓာတ်အားလိုင်း ပြင်ပ ဒေသအလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ချိသည့် နည်းလမ်းများကို ဦးစားပေးခြင်းမရှိပေ” ဟုလည်း KDNG က ပြောသည်။

ယခင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ အစိုးရ၏ စီမံခန့်ခွဲမှု အမှားအယွင်းနှင့် ကချင် ပြည်နယ်၏ သယံဇာတများ ခိုးယူခြင်းကို ဆန့်ကျင်သော ကချင်လူငယ် တက်ကြွလှုပ်ရှားသူများ ဦးဆောင် ဖွဲ့စည်းခဲ့သည့် KDNG ကို  စစ်အစိုးရခေတ် တလျှောက် မြေအောက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံထားရသည်။

မကြာသေးခင် နှစ်များအတွင်း ထိုအဖွဲ့သည် ပြည်နယ်အတွင်းရှိ သယံဇာတများကို ပြည်နယ်ကသာ ထိန်းချုပ်စီမံရန် ကြိုးစားသော လူထုလှုပ်ရှားမှုတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။

အများပြည်သူ အကျိုးစီးပွားနှင့် ဆန့်ကျင်သော ရေအားလျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ငန်းခွဲ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က အားပေးနေခြင်းအား KDNG ၏ ကန့်ကွက်ပွဲကိုလည်း လွန်ခဲ့သော ဖေဖော်ဝါရီလက မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည်။

ယူနန်အခြေစိုက် YEIG သည် အထက်ပါ ဆည်စီမံကိန်းတွင် ၈၃ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည် ဟု KDNG က ဆိုသည်။ မြန်မာ အစိုးရက ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်ပြီး ကျန် ၂ ရာခိုင်နှုန်းကို စစ်အစိုးရခေတ် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားများပိုင်သော IGE က ပိုင်ဆိုင်မည် ဖြစ်သည်။

ငေါ့ချန်းခမြစ်ပေါ်ရှိ ပထမဆုံးဆည်ကို ဆော့လော်မြို့နယ် လောင်ဒင်တွင် တည်ဆောက်မည် ဖြစ်ပြီး ကျန်ဆည် ၃ ခုကို ချီဗွေမြို့နယ်ရှိ ထွန်းရှိန်၊ ခန်းကန်၊ ဂေါ်လန်တို့တွင် တည်ဆောက်မည် ဖြစ်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အာဏာပိုင်များသည် ရေကာတာများ၏ အလေးချိန်နှင့် ငလျင်ကြောကြောင့် ပေါ်ပေါက်လာ နိုင်သည့် ငလျင်အန္တရာယ်များကြောင့် ညူမြစ် တလျှောက် ဆည်တည်ဆောက်ရေး စီမံကိန်းများကို ဖျက်သိမ်းခဲ့ကြ ကြောင်း လည်း KDNG က ဖော်ပြထားသည်။

KDNG ၏ သုတေသနအရ ဂေါ်လန်ဆည်သည် တရုတ်နိုင်ငံမှ ထိုငလျင်ကြောနှင့် ကီလိုမီတာ ၃၀ သာ ကွာဝေးသည်။

စီမံကိန်းကြောင့် ထပ်မံ ရှုပ်ထွေးစေနိုင်သော အခြေအနေမှာ ငေါ့ချန်းခမြစ်သည် ကချင် လွတ်လပ်ရေး အဖွဲ့(KIO)နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများကို ဖြတ်သန်း စီးဆင်းနေခြင်း ဖြစ်သည်။

ထိုဒေသသည် ကချင်ပြည်နယ် အထူးဒေသ ၁ တွင် ပါဝင်နေပြီး အပစ်ရပ် အုပ်စုမှ နယ်ခြားစောင့်တပ် ဖြစ်လာသော ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း၏ နယ်မြေဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Seamus Martov ၏ Dam Project in Northern Myanmar Will Destroy Remote River Valley, Environmentalist Group Warns ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading