ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့သော ပြဿနာ မီးပွားများက နှစ်တွေ အလီလီ ကြာညောင်းနေပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ တအုံနွေးနွေး လောင်မြိုက်နေဆဲ ဖြစ်သည်။ အကြမ်းဖက်မှု ဖြစ်စဉ်များထဲတွင် ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက် သတ်ဖြတ်မှုက ရခိုင်တိုင်းရင်းသား ကျေးရွာသားများနှင့် မျိုးနွယ်စုဝင်တို့၏ အသက်၊ ဘဝတွေကို တစစီ ဖျက်ဆီးပစ်ခဲ့ကြသလို ရခိုင်ပြည်နယ်အတွင်း အေးအေးချမ်းချမ်း အစဉ်အဆက် နေထိုင်လာကြသော ဟိန္ဒူဘာသာဝင်များ၏ အသက်တွေကိုလည်း အလွတ် မပေးတော့ပေ။
သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများတွင် မောင်တောမြို့ထဲသို့ ပြန်လာကြသည့် ဟိန္ဒူ ဘာသာဝင် ၁၂ ဦး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရရာတွင် ၆ ဦး သေဆုံးပြီး ၆ ဦး လွတ်မြောက်ခဲ့သည်။ ထိုအထဲတွင် ကံကောင်းထောက်မစွာ အသက်မသေဘဲ ကျန်ရစ်ခဲ့သည့် မဖူနော်ဘာရာသည် ဘူးသီးတောင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သူမဘေးနားတွင်တော့ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် မကင်မာလာတယောက် သတိမေ့မြောနေသည်။ အသက်ရှင် ကျန်ရှိခဲ့သည့် ၆ ဦးထဲတွင် ၄ ဦးမှာ ကလေးများဖြစ်ပြီး ကျန် ၂ဦးမှာ မဖူနော်ဘာရာ ( ၂၇ ) နှစ်နှင့် မကင်မာလာ ( ၂၅ ) နှစ်တို့ ဖြစ်ကြသည်။
မကင်မာလာသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သောကြောင့် လက်ရှိတွင် စကားမပြောနိုင်သေးပေ။ ဖြစ်စဉ်ကို ပြောပြနိုင် သူမှာ မဖူနော်ဘာရာ တဦးသာ ရှိသည်။ သို့သော် သူမတို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက သွေးပျက်စရာ အတိ ဖြစ်နေသောကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရပုံကို သူမတို့နှင့် ၃ ကြိမ်တိုင်တိုင် အချိန်ယူလျက် တွေ့ဆုံ မေးမြန်းခဲ့ရသည်။ မောင်တောမြို့ပေါ် ရပ်ကွက် ၄ တွင် နေထိုင်သော မုဆိုးမလေး မဖူနော်ဘာရာ တယောက် မိသားစု ဝမ်းရေးအတွက် နေထိုင်ရာ မြို့နယ်တောင်ပိုင်းရှိ မြင်လွတ်ကျေးရွာသို့ အလုပ်သွားရောက် လုပ်ကိုင်ခဲ့သည်။
သူမ၏ အမျိုးသားမှာ လွန်ခဲ့သည့် ၄ နှစ် ကတည်းက ဆုံးပါးသွားခဲ့ပြီ ဖြစ်၍ ကလေးတယောက်မိခင် မဖူနော်ဘာရာသည် အဝတ်ပိတ်စများကို ရောင်းချခြင်းဖြင့် ဝမ်းရေးပြဿနာကို ဖြေရှင်းနေရသည်။ မကြာမီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြင်လွတ်ရွာတွင် အလုပ် လုပ်ကိုင်နေသည့် မဖူနော်ဘာရာ အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး၊ ကလေး ၇ ဦးပါ ဟိန္ဒူမိသားစုဝင် ၃ စု သည်လည်း မောင်တောမြို့သို့ ပြန်လာခဲ့ကြသည်။ ထိုဟိန္ဒူ မိသားစုဝင်များသည် မောင်တောမြို့ပေါ် ရပ်ကွက်အတွင်းမှ ဟိန္ဒူရပ်ကွက်ဟု ခေါ်သော ရပ်ကွက် ၄ တွင် အခြေတကျ နေထိုင်သူများ ဖြစ်ကြသည်။
ထိုသို့ ပြန်လာရာ ခရီးလမ်းတွင် အကြမ်းဖက်ဘင်္ဂါလီများ၏ ရက်စက်ကြမ်းကြုတ်သော မြေလုစစ်ပွဲကြီးများ ဆင်နွှဲနေသည့် အတွက် မောင်တောသို့အလာ ဦးဒေါင်းဟု ခေါ်သည့် ကျေးရွာတွင် တညတာ နားခို အိပ်စက်ခဲ့ရသည်။ သြဂုတ်လ၂၆ ရက် နေ့တွင် သူတို့လိုပင် တိမ်းရှောင် ထွက်ပြေးလာသော ရခိုင်တိုင်းရင်းသားများ စီးနင်းလာသည့် ကားဖြင့် မောင်တောမြို့သို့ ခရီးလမ်းကြုံ လိုက်ပါလာကြတော့သည်။
သို့သော် မောင်တောမြို့ထဲသို့ သွားလိုသည် ဆိုသောကြောင့် မြို့အဝင် ၃ မိုင် လမ်းခွဆုံတွင် ချထားပေးခဲ့ပြီး ရခိုင် ကျေးရွာသားများကတော့ ဆွေမျိုးများ ရှိရာ ၄ မိုင်သို့ ဆက်လက် ထွက်ခွာသွားတော့သည်။ ၃ မိုင်မှ မောင်တောမြို့သို့ သွားမည်ဆိုလျှင် မြို့သူကြီးဟု ခေါ်တွင်သည့် ဘင်္ဂါလီကျေးရွာကို ဖြတ်ရမည်ဖြစ်ပြီး ၄ မိုင်သို့ သွားမည်ဆိုပါက ဘူးသီးတောင်ဘက်ကို သွားရမည် ဖြစ်သည်။
“ကျမတို့ကို ကားသမားက မောင်တောမြို့ကို သွားမယ်ဆိုရင် ဒီမှာ ဆင်းနေခဲ့တော့ဆိုပြီး ၃ မိုင်မှာ ချထားခဲ့တယ်။ သူတို့ကတော့ ၄ မိုင်ဘက်ကို ဆက်သွားကြတယ်” ဟု မဖူနော်ဘာရာက သူမတို့လာခဲ့ရသည့် လမ်းခရီး အကြောင်းကို ရှင်းပြသည်။
၃ မိုင်ရောက်ချိန်တွင် ဟိန္ဒူမိသားစုဝင်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများနှင့်မှားပြီး ပစ်ခတ်လာမည်ကို စိုးရိမ်ကြရသလို ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရန်ပြု သတ်ဖြတ်လာမည်ကိုလည်း စိုးရိမ်နေကြရသည်။ ထို့ကြောင့် ဆွေမျိုးများ နေထိုင်ကြသည့် ဟိန္ဒူတန်း ရပ်ကွက် ၄ သို့ သွားရောက်နိုင်ရန် လမ်းစများ ရှာဖွေကြရတော့သည်။
မကြာမီ မောင်တောမြို့သို့ ဦးတည် သွားနေသော လုံခြုံရေး တပ်ဖွ့ဲကို မြင်တွေ့လိုက်ရသည်။ ဟိန္ဒူမိသားစုဝင်များသည် ထိုလုံခြုံရေး တပ်ဖွဲ့နှင့်ကပ်လျက် မောင်တောမြို့သို့ လိုက်ပါလာကြသည်။ မောင်တောမြို့အဝင် မြို့သူကြီး ကျေးရွာ အရောက်တွင်တော့ ထိုလုံခြုံရေးတပ်ဖွဲ့နှင့်ဘင်္ဂါလီ အကြမ်းဖက်သမားတို့ တိုက်ပွဲဖြစ်ပွားကြတော့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မဖူနော်ဘာရာနှင့် ဟိန္ဒူမိသားစုဝင်များကို ကားလမ်းပေါ်မှ ဖယ်ခိုင်းသည်။ သေနတ် ပစ် ခတ်သံများကြောင့် မဖူနော်ဘာရာတို့သည် ထိုကားလမ်းဘေးရှိ ဆောက်လက်စ ခရိုင်တရားရုံးထဲသို့ ဝင်ရောက် ခိုလှုံ ခဲ့ကြသည်။ ပတ်ဝန်းကျင်တွင် မီးခိုးလုံးများနှင့် သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာနေ၍ အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ပင် တက်ပြေးကြရတော့သည်။
သေနတ်ပစ်ခတ်သံများ ရပ်စဲသွားသောအခါ အဆောက်အအုံထဲသို့ ရောက်ရှိနေသော မဖူနော်ဘာရာတို့ သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ မည်သည့်အချိန်က ထိုနေရာမှ ထွက်ခွာသွားသည်ကို မသိရှိလိုက်ပေ။
“ကျမတို့ တိုက်ပွဲဖြစ်ပြီးလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ထွက်သွားတာကို မသိလိုက်ဘူး ။ အဲဒါနဲ့ တရားရုံးထဲမှာပဲ ကျန်နေခဲ့တာ” ဟု မဖူနော်ဘာရာက တရားရုံးထဲတွင် သူမတို့ ကျန်နေခဲ့ရပုံကို ပြန်ပြောပြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိတော့သည့်အတွက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် အုပ်စုလိုက် တရားရုံး အဆောက်အအုံထဲသို့ ဝင်ရောက်လာသည့်နောက်တွင်တော့ မဖူနော်ဘာရာတို့ကို တွေ့မြင်သွားခဲ့ကြတော့သည်။
“အကြမ်းဖက်သမားတွေက ဒီမှာ ဟိန္ဒူတွေ ရောက်နေတယ် ဆိုပြီး အော်ပြီးတော့ တက်လာကြတယ် ။ ပြီးတော့ မင်းတို့ ဘယ်ကလာတာလဲ ဆိုပြီးမေးတယ်။ ကျမတို့က မြင်းလွတ်က လာတာ ။ မောင်တောကို သွားမယ်ဆိုတော့ ၊ မင်းတို့ ရခိုင်တွေဆီ သွားတဲ့ အကောင်တွေ ။ စကားများနေစရာ မလိုဘူးဆိုပြီး သေနတ်နဲ့ပစ်တာ” ဟု မဖူနော်ဘာရာက ရှင်းပြသည်။
အသတ်ခံရသော ဟိန္ဒူဘာသာဝင် အမျိုးသမီးများက အကြမ်းဖက်သမားများ၏ ခြေကိုလျက်ကာ ရှိခိုးတောင်းပန်ကြ သော်လည်း အကြမ်းဖက်သမားများက ဟိန္ဒူတွေကို အဓိကထား သတ်ရမည် ပြောဆိုကာ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့ကြကြောင်း အသက်ရှင်ကျန်ရစ်ခဲ့သူ မဖူနော်ဘာရာက ဖြစ်စဉ်ကို ပြန်လည် ရှင်းပြသည်။
အကြမ်းဖက်သမားများ သေနတ်ဖြင့် ပစ်ခတ်ချိန်တွင် မဖူနော်ဘာရာသည် သူမ၏ ကလေး ၁ ဦးနှင့် အတူ ခေါင်းငုံ့ထား လိုက်သည်။ တချိန်တည်း ဘေးနားတွင် ရှိသော ကလေး ၂ ဦးအားလည်း သူမ၏ ဆာရီဖြင့် လွှမ်းခြုံထားလိုက်သည်။
အကြမ်းဖက်သမားများသည် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသော အလောင်းများကိုကြည့်ကာ ပြန်ဆင်းသွားကြ သည်။ ကြောက်ပြီး မျက်နှာကို ငုံ့ထားသည့်အတွက် အကြမ်းဖက်သမားများ၏ မျက်နှာကို သေချာမမှတ်မိကြောင်းလည်း
မဖူနော်ဘာရာက ပြောပြသည်။
အကြမ်းဖက်အုပ်စု ပြန်သွားပြီး မကြာမီ မဖူနော်ဘာရာ ခေါင်းထောင် ကြည့်လိုက်သည်။ သူမ၏ ကျောကုန်းတွင် သေနတ်အစအနများ ထိမှန်ထားသည့်အတွက် သွေးများက ယိုစီးလျက်။ ဘေးနားတွင် လဲကျ နေသူများကို ကိုင်လှုပ်ကြည့်သောအခါတွင်လည်း တချို့မှာ သေဆုံးနေကြပြီ ဖြစ်သည်။
ကလေး ၄ ယောက် အသက်ရှင်ပြီး အမျိုးသား ၂ ဦး ၊အမျိုးသမီး ၁ ဦး နှင့် ကလေး ၂ ဦး သေဆုံးနေသည်ကို မဖူနော် ဘာရာ တွေ့လိုက်ရသည်။ ကင်မာလာ အမည်ရှိ အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိပြီး လူးလွန့်နေသည်ကို တွေ့လိုက်ရသည်။
အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုမှ သီသီလေး လွတ်မြောက်ခဲ့ရသည့် မဖူနော်ဘာရာသည် တုတ်၊ ဓားများ ကိုယ်စီ ကိုင်ဆောင်ထားသော အကြမ်းဖက် နောက်တဖွဲ့ ရုံးပေါ်သို့ ထပ်မံ တက်လာသည်ကို တွေ့လိုက်ရ ပြန်သည်။
“လူတွေအများကြီး သေသွားကြပြီဆိုတော့ ကျမ ငိုလည်း မငိုချင်ဘူး။ ဘာလုပ်ရမှန်းကိုလည်း မသိလိုက်တော့ဘူး။ သူ( မကင်မလာ) ကလည်း ငါနာတယ်၊ ငါနာတယ် ဆိုပြီး အော်တယ် ။ ကျမ အကြမ်းဖက်သမားတွေ ရှိသေးလား ဆိုပြီး ချောင်း ကြည့်လိုက်တော့ နောက်တဖွဲ့ တက်လာကြတယ်” ဟု တရားရုံးအတွင်း ဖြစ်ပျက်ခဲ့ပုံကို မဖူနော်ဘာရာက ပြန်ပြောပြသည်။
သြဂုတ်လ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မောင်တော ၃ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဟိန္ဒူကယ်ဆယ်ရေး စခန်းသို့ လူပေါင်း ၁၇၀၀ ကျော် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရသည်။ ဟိန္ဒူဘာသာဝင်များ၏ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
မောင်တောမြို့နယ် တောင်ပိုင်း ခမောင်းဆိပ်ကျေးရွာနေ ဟိန္ဒူ ရပ်ကွက် ၁ ရပ်ကွက်တွင် နေထိုင်သူအားလုံး အသတ်ခံလိုက်ရပြီး အမျိုးသမီး ၈ ဦးကို အကြမ်းဖက်သမားများက ခေါ်ယူသွားကြသည်ဟုလည်း ဟိန္ဒူဘာသာဝင်များက ဝိုင်းဝန်းပြောကြား သည်။
မကြာမီ ရက်ပိုင်းအတွင်းက ယင်းသို့ ဖြစ်ပျက်ခဲ့သမျှတွင် ဟိန္ဒူဘာသာဝင် မည်မျှ သေဆုံးခဲ့ရသည်ကို ဧရာဝတီ သတင်း ဌာန အနေဖြင့် အတိအကျ အတည်မပြုနိုင်ပေ။ ဟိန္ဒူဘာသာဝင်များကတော့ လူပေါင်း ၁၁၃ ဦးထိ သေဆုံးခဲ့ပြီး တချို့ လည်း ပျောက်ဆုံးနေသည်ဟု ဆိုသည်။
အကြမ်းဖက်သမားများ ခေါ်ဆောင်သွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့သောကြောင့် လက်ရှိအချိန်တွင် ထိုအမျိုးသမီး ၈ ဦးသည်
ယင်းနိုင်ငံရှိ ဟိန္ဒူဘုရားကျောင်းတွင် ခိုလှုံနေကြောင်း သိရသည်။
ဟိန္ဒူသာသနာရေးအဖွဲ့ချုပ် စစ်တွေ ( ဌာနခွဲ )မှ ပြည်နယ်ဒုက္ကဋ္ဌ ဦးမောင်လှက “ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေ ဆိုတာက အေးချမ်းမှုကိုပဲ လိုလားပါတယ်။ နောက်တခါ ဖြစ်ရင် ကျနော်တို့ ဘာသာဝင်တွေ ဒီထက် သေကျေမယ်။ အဲဒီတော့ လုံခြုံ စိတ်ချရတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ နီးတဲ့ နေရာတွေမှာ နေရာချထားပေးမှသာ နေနိုင်တော့မယ်။ ဒီလိုပဲ ကျနော့်လူတွေ ကျနော်တို့ကို တင်ပြ တောင်းဆိုထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တော ၃ ရပ်ကွက် ဟိန္ဒူကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူ ကိုကျော်ကျော်နိုင်က “အခြေအနေ တည်ငြိမ် သွားရင်လည်း နဂိုအတိုင်းပဲသူတို့ ( ဘင်္ဂါလီ ) တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ ဆက်ထားရင်တော့ ကျနော်တို့ လုံးဝ မနေတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူဘာသာဝင် ၁၅၀၀၀ ကျော် ပြန့်ကျဲနေထိုင်လျက်ရှိပြီး လက်ရှိတွင် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော် စစ်တွေမြို့သို့ ဝင်ရောက် ခိုလှုံရန် ရောက်ရှိနေကြောင်း ဦးမောင်လှက ဆိုသည်။
ဟိန္ဒူဘာသာဝင် မိသားစုများအား သေနတ်ဖြင့် ပစ်ခတ်သွားသည့် အကြမ်းဖက်အဖွဲ့တွင် လက်နက်များ ကိုင်ဆောင်ကာ အနက်ရောင်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် လူများပါဝင်ပြီး နောက်ထပ် ရောက်ရှိလာသော အဖွဲ့ဝင်များမှာမူ ဓားများ ကိုယ်စီ ကိုင်ဆောင်ထားပြီး ယူနီဖောင်းများ ဝတ်ဆင်ထားခြင်း မရှိကြောင်း မဖူနော်ဘာရာက ဆက်လက်ရှင်းပြသည်။
မဖူနော်ဘာရာသည် တရားရုံး အခန်းထောင့်တနေရာတွင် ရှိနေသော စည်ပိုင်းများထဲသို့ ဝင်ရောက်ပုန်းခိုရန် ကလေးငယ် ၄ဦးကို ထည့်သွင်းလိုက်သည်။ ထိုအချိန်တွင် မကင်မလာက ဒဏ်ရာများဖြင့် ညည်းညူ အော်ငိုနေသော သူမ၏ကလေးနှင့် သူမပါ စည်ပိုင်းထဲ ဝင်ပုန်းမည်ဟု ဆိုသည်။
ဒဏ်ရာများဖြင့် အော်နေရသော မကင်မာလာအား ဝင်မပုန်းတော့ရန်နှင့် အတူတူ ပုန်းနေကြမည်ဆိုရင် အကြမ်းဖက် သမားများက အားလုံးကို တွေ့သွားမည် ဖြစ်ပြီး အားလုံး အသတ်ခံရနိုင်ကြောင်း ၊ စည်ပိုင်းထဲတွင် ဝင်ပုန်းနေသော ကလေး ၄ ဦးထဲတွင် မကင်မလာ၏ ကလေး ၂ ဦးပါ ပါသည့်အတွက် သူမအသက်ရှင်ခွင့် မရရှိခဲ့သော်ငြား ကလေး ၂ ဦး လွတ်မြောက်မည်ဖြစ်ကြောင်း မဖူနော်ဘာရာက ရှင်းပြကာ ကလေးများ ထည့်ထားသော စည်ပိုင်းထဲသို့ ဝင်ပုန်းနေလိုက် သည်။
အကြမ်းဖက်သမားများ အခန်းထဲသို့ ဝင်ရောက်လာပြီး မကင်မာလာနှင့် ဒဏ်ရာဖြင့် အော်ငိုနေသော သူမ၏ ကလေးကို သတ်မည် ပြုတော့သည်။ အကြမ်းဖက်သမား ၁ ဦးက ကလေးငယ်ကို ချီလျက် ဓားဖြင့် ခုတ်မည် ပြုစဉ် မကင်မာလာက အကြမ်းဖက်သမားများ လိုချင်သည့်အရာကိုပေးမည် ၊ သူတို့ ဘာသာထဲ ဝင်ရန်လည်း အကြမ်းဖက်သမားများ၏ နောက်ကို လိုက်မည်ဟု ကတိပေး ပြောဆိုလိုက်သည်။
ထိုအချိန်တွင် စည်ပိုင်းထဲ ပုန်းနေသော ကလေး ၁ ဦးက ကြောက်လှန့်ပြီး အော်မည် ပြုစဉ် မဖူနော်ဘာရာက ပါးစပ်ကို လက်ဖြင့် အချိန်မီ ပိတ်ထားလိုက်နိုင်ခဲ့သည်။ အကြမ်းဖက်သမားများသည် မကင်မာလာ၏ ကတိပေးမှုကို လက်ခံပြီး သူတို့
လူကြီးများအား သတင်းပို့ရန် ထွက်ခွာသွားကြတော့သည်။
မဖူနော်ဘာရာတယောက် စည်ပိုင်းထဲမှ ပြင်ပ အခြေအနေကို နားစွင့်လိုက်သည်။ အကြမ်းဖက်သမားများ၏ အငွေ့အသက်၊ လှုပ်ရှားသံများကို မကြားရတော့။ စိတ်ချလောက်ပြီဆိုမှ စည်ပိုင်းထဲမှ ထွက်ပြီး တံခါးပေါက်တချပ်ကနေ တရားရုံး အောက်ဘက်နှင့် ပတ်ဝန်းကျင်ကို ချောင်းကြည့်လိုက်သည်။ အကြမ်းဖက်သမားများ၏ အရိပ်အယောင်များကို မတွေ့ရတော့၍ ှ ကလေး ၄ ဦးကို စည်ပိုင်းထဲမှ ထုတ်ယူလိုက်သည်။
“ စည်ပိုင်းထဲမှာ ကြောက်ကြောက်နဲ့ ဝင်သွားကြတာ။ ဘယ်လို ဝင်လိုက်မှန်း မသိလိုက်ဘူး။ ကလေးတွေမှာဆို အရေခွံ တွေ စုတ်ပြတ်သွားတယ်” ဟု မဖူနော်ဘာရာက ဆိုသည်။
မဖူနော်ဘာသည် အသက်ရှင် ကျန်ရစ်ခဲ့သော ကလေး ၄ ဦးနှင့်အတူ တရားရုံးထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ အခန်းထဲတွင် သွေးများ အိုင်ထွန်းနေပြီး သေဆုံးနေသည့် မိန်းမ ၊ ကလေးအလောင်းများ၏ အနေအထားများက ချောက်ချားစရာ ကောင်းလှသည်။
မကင်မလာ၏ ကလေး ၁ ဦးနှင့် မကင်မာလာကလည်း ဒဏ်ရာများက အဆိပ်တက်လာ၍လား မသိ ညည်းညူနေလေ သည်။ ဖူနော်ဘာရာသည် သူမတွင် ဒဏ်ရရှိထား၍ ထို ၂ ဦးထဲမှ ၁ ဦးသာ ကယ်ထုတ်နိုင်တော့မည် ဖြစ်သည်။
ဒဏ်ရာများဖြင့် သွေးလွန်နေသော ကလေးကို ချီပိုးပြီး ယူလာမည်ဆိုပါက မိခင်ဖြစ်သူကို တရားရုံးအဆောက်အအုံထဲတွင် ထားရစ်ခဲ့ရမည်။ မိခင်ကို တွဲခေါ်ပြီး ကယ်ထုတ်လာမည် ဆိုပါက ကလေးကို ထားရစ်ခဲ့ရမည် ဖြစ်သည်။ နောက်ဆုံးတွင် မကင်မာလာ ကို ကယ်ထုတ်ရန် ရွေးချယ်လိုက်တော့သည်။
“ ကလေးက လက်နဲ့ကြမ်းပြင်ကို တအားကုပ်နေပြီး လူးလွန့်နေတယ်။ အသက်မရှင်နိုင်တော့ဘူးထင်တာနဲ့ ထားခဲ့ရ တာ” ဟု ဖူနော်ဘာရာက အသက်မသေသေးသည့် ကလေးတယောက် ထားရစ်ခဲ့ရပုံကို မျက်ရည်သုတ်ရင်း ပြန် ပြောပြသည်။
အကြမ်းဖက်သမားများ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့စဉ်က သူမ၏ ဆာရီဖြင့်အုပ်ပြီး ကလေး ၂ ဦးကို ကယ်ခဲ့သည့် ထိုဆာရီဖြင့်ပင် သွေးထွက်လွန်နေသော မကင်မာလာ၏ ဒဏ်ရာကို ချည်နှောင်ပေးလိုက်သည်။ ထို့နောက် ကလေး ၄ ဦးနှင့်အတူ မကင်မလာကို တွဲခေါ်ကာ တရားရုံးထဲမှ ထွက်လိုက်ပြီး “ကျမတို့ ဟိန္ဒူတွေပါ ” ဟု လုံခြုံရေး တပ်ဖွဲ့ဝင် များအား အော်ဟစ် အကူအညီ တောင်းခံလိုက်လေတော့သည်။