ဆောင်းပါး

အတိတ်၏ အရိပ်၊ တော်လှန်ရေး ပါတီတရပ် နှင့် နိုင်ရွှေကျင်

Want create site? Find Free WordPress Themes and plugins.

“မနက် မိုးလင်း လာရင် မျက်နှာသစ်စရာ ခေါင်းကျန်သေးလားလို့ အရင်စမ်းကြည့် ရတယ်၊ ရှိသေးတယ် ဆိုရင် ခေါင်း မပြတ် သေးဘူး။ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာ သေချာပြီ”ဟု နိုင်ရွှေကျင်က ပြောဖူးကြောင်း နိုင်မြင့်သန်း က ပြောပြသည်။

နိုင်မြင့်သန်းသည် ၂၀၀၃ ခုနှစ် မတ်လ ၇ ရက်က ကွယ်လွန်သွားပြီး ဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP) ဥက္ကဋ္ဌ ဟောင်း နိုင်ရွှေကျင် ထံ၌ ၄ နှစ်တာ ကိုယ်ရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

အထက်ပါ စကားရပ်အား နိုင်ရွှေကျင် ပြောကြား နေချိန်သည် ၁၉၅၈ ခုနှစ်ခန့်က ဖြစ်ကာ မွန်ပြည်သူ့တပ်ဦးမှ ဖဆပလ အစိုးရနှင့် “လက်နက်နှင့် ဒီမိုကရေစီ” လဲလှယ်ခဲ့ပြီးနောက် နိုင်ရွှေကျင် တောတွင်း၌ ကျန်ခဲ့၍ မွန်ပြည်သစ် ပါတီ စတင် တည်ထောင် ခဲ့ချိန်လည်း ဖြစ်သည်။

သို့သော်လည်း ထိုစဉ်က တောတွင်း၌ ကျန်ခဲ့သူများမှာ နိုင်ငံရေး အမြင်ရှိသည့် လက်နက်ကိုင်များ မဟုတ်ဘဲ နယ်မြေ အလိုက် ကြီးစိုးထားသည့် လက်နက်ကိုင် ဓားပြများသာ ဖြစ်၍ နိုင်ရွှေကျင်သည် ထိုသူများထံ၌ ခိုလှုံရင်း နောင်တချိန် တွင် မွန်ပြည်သစ်ပါတီဟု အမည်တွင်မည့် တော်လှန်ရေး အင်အားစု တခုအား ထပ်မံ တည်ထောင် နိုင်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

ထိုဓားပြများသည် နိုင်ငံရေး အသိအမြင် ရှိသူများ မဟုတ်ဘဲ ကျွဲဆွဲ၊ နွားဆွဲ ၊ ဓားပြတိုက်ခြင်း များသာ ပြုလုပ်နေပြီး စရိုက် ကြမ်းသူများ ဖြစ်ကာ ထိုသူများထံ၌ ခိုလှုံနေရင်း နံနက် အိပ်ရာထတိုင်း နိုင်ရွှေကျင်က ၎င်း အသက် ရှင်လျက် ရှိနေသေးကြောင်း ဆန်းစစ် ဟန်အား နိုင်မြင့်သန်းက ပြန်လည် ပြောပြခြင်း ဖြစ်သည်။

၁၉၅၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် မွန်ပြည်သူ့ တပ်ဦးမှ နိုင်အောင်ထွန်း ဦးဆောင်၍ ဖဆပလ အစိုးရထံသို့ လက်နက် နှင့် ဒီမိုကရေစီ လဲလှယ်ခဲ့ပြီး တရက်အကြာ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် နိုင်ရွှေကျင်က မွန်ပြည်သစ် ပါတီအား စတင် ထူထောင် ခဲ့ခြင်း ဖြစ်သည်။

“လူတယောက် ၊ အလံ တလက်ဖြင့်” မွန်ပြည်သစ်ပါတီအား နိုင်ရွှေကျင် စတင် တည်ထောင်ခဲ့သည်ဟု ပြောစမှတ် ပြုကြပြီး အမှန်တကယ်ပင် လက်ရှိ မွန်ပြည်သစ်ပါတီ အသုံးပြုနေသည့် ဟင်္သာပျံ အလံနှင့် မွန်အမျိုးသား အလံတင် သီချင်းအား နိုင်ရွှေကျင် ကိုယ်တိုင် ဖန်တီးရေးစပ် ခဲ့ခြင်း ဖြစ်သည်။

တကြိမ်၌ မွန်ပြည်သစ်ပါတီ စည်းရုံးရေးမှူးများ ဖြစ်သည့် နိုင်သင်းမွန်နှင့် နိုင်ကျော်စိန်တို့ ဦးဆောင်သည့် အဖွဲ့တို့ ရေးနယ်၌ စည်းရုံးရေး ဆင်းခဲ့စဉ်၌ တဲတတဲပေါ်မှ ယောကျ်ား ၊ မိန်းမ ၊ ကလေးများ အလန့်တကြား ထွက်ပြေး ကြ သည်ကို မြင်ရသဖြင့် နိုင်သင်းမွန်က မပြေးရန် တားသည်။

“ဦးတို့ အဒေါ်တို့ ညီမတို့ မပြေးကြနဲ့ ကျနော်တို့က မွန်တွေပါပဲ” ဟု နိုင်သင်းမွန်က အော်ဟစ် ပြောဆို ခဲ့သော်လည်း တဖက်မှ “မွန်မို့လို့ ပြေးရတာပေါ့” ဟု ပြန်လည် အော်ဟစ်ရင်း ထွက်ပြေးသွားကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဟောင်း နိုင်ရွှေကျင် ကိုယ်တိုင်ရေးသားခဲ့သည့် ၎င်း၏ တောတွင်း တော်လှန်ရေး အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်သည့် “အတိတ်၏ အရိပ်” စာအုပ်၌ မှတ်တမ်း တင်ထားခဲ့သည်။

“ကျနော်တို့က သူ့ကို(နိုင်ရွှေကျင်) ဖီဒယ် ကပ်စထရို (ကျူးဘား ခေါင်းဆောင်) နဲ့ နှိုင်းလေ့ ရှိတယ်၊ ကပ်စထရို ကတော့ တော်လှန်ရေးနဲ့ အောင်ပွဲ ရသွားပေမယ့် သူကတော့ အောင်ပွဲ မရခဲ့ဘူးပေါ့” ဟု မွန်ပြည်သစ်ပါတီ အဖွဲ့ ဝင်ဟောင်း မင်းကျော်ခိုင်ဝင်းက ပြောသည်။

ထို့အပြင် နိုင်ရွှေကျင်သည် တိုင်းရင်းသား တပ်ပေါင်းစုဖြင့်သာ တော်လှန်ရေး၏ အဆုံးအစွန် အောင်မြင်မှုကို ရရှိနိုင် မည်ဟု ယုံကြည်ထားပြီး တပ်ပေါင်းစု အရေးကို အားသွန် ခွန်စိုက် ကြိုးပမ်း နေခြင်းအား ထိုစဉ်က ဘဝင်မကျ မိကြောင်း၊ မိမိအင်အားကို တောင့်တင်း ခိုင်မာအောင် လုပ်ဆောင်ရမည့်အစား တပ်ပေါင်းစု အရေးကို ရှေ့တန်း တင် နေသဖြင့် ဥက္ကဋ္ဌကြီးကို ဝေဖန်ခဲ့ဖူးကြောင်းလည်း ၎င်းက ဆက်ပြောပြသည်။

ဥက္ကကြီး နိုင်ရွှေကျင်သည် မွန်ပြည်သစ်ပါတီကို စတင် တည်ထောင်ခဲ့စဉ်၌ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အကူအညီ များစွာ ရယူခဲ့ရကြောင်း ၎င်းကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်သည့် “အတိတ်၏ အရိပ်” စာအုပ်တွင် စနစ်တကျ မှတ်တမ်း တင်ထားခဲ့ပြီး လက်ရှိ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးမှာ ထိုစဉ်က ဗိုလ်မှူး အဆင့် ရှိနေပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြ ထားသည်။

အထူးသဖြင့် မွန်၊ ကရင် လူမျိုးများ ရောနှော နေထိုင်ကြသည့် နေရာများ ဖြစ်သည့် ဘားအံ ၊ ကျုံဒိုး ၊ ကျိုက်မရော ၊ သံဖြူဇရပ် ၊ ဘုရားသုံးဆူ၊ ရေး စသည့် ဒေသများအား ထိုစဉ်က KNU က ကြီးစိုးထားပြီး KNU ၏ တပ်မဟာ (၆) ၊ တပ်မဟာ (၇) နှင့် တပ်မဟာ (၄) တို့ များစွာ အကူအညီ ပေးခဲ့ကြောင်းလည်း ၎င်းက မှတ်တမ်း တင်ထားသည်။

ထိုသို့ ခက်ခဲသည့် အခြေအနေ ၊ နိုင်ငံရေး သမားများအား ဖမ်းဆီး ထောင်သွင်း အကျဉ်းချသည့် ဖိနှိပ်သော အစိုးရ စနစ် တရပ်အောက်တွင် တော်လှန်ရေး အဖွဲ့တရပ်အား အကောင်အထည် ပေါ်အောင် ဖော်နိုင်ခဲ့သည့် နိုင်ရွှေကျင်ကို မွန်နိုင်ငံရေး သမားများသာမက တိုင်းရင်သား တော်လှန်ရေး ခေါင်းဆောင်များကပင် လေးစားခဲ့ကြသည်။

တောတွင်း စခန်းတနေရာတွင် တွေ့ရသော နိုင်ရွှေကျင်
မင်းစောနွယ်

တတိယ အကြိမ် ပင်လုံညီလာခံ မတိုင်ခင်၌ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား လက်မှတ်ရေးထိုး နိုင်ရန် ကြိုးစား နေသည်ဟု မွန်ပြည်သစ်ပါတီ ထိပ်တန်း တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ပြီးနောက်တွင် ကွယ်လွန် သွားပြီ ဖြစ်သည့် နိုင်ရွှေကျင်၏ နိုင်ငံရေးဆိုင်ရာ လမ်းပြမြေပုံ (၄) ရပ်အား ပြန်၍ အမှတ်ရမိကြောင်း နိုင်မြင့်သန်းက သုံးသပ်သည်။

“မွန်လူမျိုး မရှိတော့ဘူး ဆိုတဲ့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဦးသန့်ရဲ့ အပြောကို ထိုင်းနိုင်ငံဆိုင်ရာ ကုလသံအမတ် မွန်လူမျိုး အာနန်ပန်ညာရာချွန်က မွန်လူမျိုး ရှိသေးတယ် ဆိုပြီး ထပြောခဲ့တယ်၊ မွန်လူမျိုး မပျောက်သေးဘူး၊ လူမျိုး သာ ရှိပြီး မွန်ပြည်နယ် ဆိုတာ မရှိခဲ့သေးတဲ့အပေါ် ပထမအဆင့် မွန်ပြည်နယ် ဆိုတာ ပေါ်လာခဲ့ပြီးပြီ၊ နောက်တော့ မွန်နိုင်ငံရေး အတွက် ထမ်းရွက်မယ့် မွန်တော်လှန်ရေးကို ငါစခဲ့ပြီးပြီ၊ အခွင့်အာဏာနဲ့ ပြည့်ဝတဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ မွန်ပြည်နယ် ဖြစ်လာဖို့ မင်းတို့ ဆက်ပြီး ကြိုးစားကြ” ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်က ပြောကြား ခဲ့ဖူး ကြောင်း နိုင်မြင့်သန်းက ဆိုသည်။

၎င်းမကွယ်လွန်မီ အချိန်အထိ ထိုနိုင်ငံရေး လမ်းပြ မြေပုံ (၄) ချက် အနက် (၃) ချက်ကို ၎င်းလုပ်ဆောင်ခဲ့ပြီး ဖြစ် ကြောင်း နှင့် နိုင်ရွှေကျင်သည် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲနေသော်လည်း နိုင်ငံရေးအား တွေ့ဆုံ ဆွေးနွေး မှု စကားဝိုင်းမှာသာ ဖြေရှင်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားသူ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်နက်ကိုင် တော်လှန်ရေး လောကထဲသို့ ဝင်ရောက် လာခဲ့သော်လည်း နိုင်ရွှေကျင်သည် ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည့် ခေတ်ပညာတတ် လူငယ် တဦး ဖြစ်ကာ သန့်သန့်ပြန့်ပြန့် ဝတ်စား ဆင်ယင်၍ တောတွင်း၌ ပင်လျှင် ဆံပင် ဘိုကေ (ထိုစဉ်အခေါ်) အားလည်း အမြဲတမ်း ဖိတ်ဖိတ်လက် နေအောင် ခေါင်းလိမ်းဆီ လိမ်းကျံ ထား တတ်သည်။

သို့သော် ဓားပြများကမူ နိုင်ရွှေကျင်အား နောင်အခါတွင် မွန်ပြည်သစ်ပါတီ၏ ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်လာ မည် ဟု ထင်မှတ် ထားပုံမရဘဲ “အဘိုးကြီး” “အမောက်(ဘိုကေ)ချော” ဟူသည့် နမ်စား တို့ဖြင့် မလေးမစားပင် ခေါ်ဝေါ် သုံးစွဲခဲ့ကြောင်း နိုင်မြင့်သန်းက ပြန်ပြောင်း ပြောပြသည်။

ထိုသို့ ဘိုကေအား အသ လွန်သဖြင့် အမေရိကန်ရှိ ကာတာ စင်တာ၌ သမ္မတဟောင်း ဂျင်မီကာတာနှင့် သွားရောက် တွေ့ဆုံရန် အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လေယာဉ်စီးရန် နောက်ကျ ဖူးကြောင်း နိုင်မြင့်သန်းက ဟာသနှော၍ ပြောပြသည်။

“ဆံပင်ဖြီးနေတဲ့ ဥက္ကဋ္ဌကြီးကို ကျနော်က လှမ်းပြီး ပြောတယ်၊ ဥက္ကဋ္ဌ ဘန်ကောက်က ကားကြပ်တယ်၊ စောစော ကြို ထွက် ရအောင် ပြောတော့ ၊ သူက ဆံပင် ဖြီးလို့ မပြီးသေးဘူး။ ကံဆိုး ချင်တော့ တကယ်ပဲ ကားကြပ်ပြီး လေဆိပ်ကို အရောက် နောက်ကျ သွားတယ်၊ အဲဒီနေ့က လေယာဉ် နောက်ကျသွားတယ်၊ ကျနော်က အခွင့်သင့်တိုင်း ဥက္ကဋ္ဌကြီး ဘိုကေ အဖြီးကောင်းလို့ လေယာဉ်နောက်ကျ သွားတယ်လို့ နောက်ရင် သူအမြဲ စိတ်ဆိုးတယ်” ဟု နိုင်မြင့်သန်းက ပြောသည်။

လူတယောက် အလံ တလက်နှင့် တော်လှန်ရေး ပါတီ တရပ်အား မနက်ဖြန်၌ မျက်နှာ သစ်ရန် နေ့တိုင်း ခေါင်းကို စမ်းရင်း စမ်းရင်းနှင့် ထိုအခြေမှ တစတစပင် မွန်ပြည်သစ်ပါတီ ဟူ၍ တော်လှန်ရေး လက်နက်ကိုင် အင်အားစု တစ်ရပ် အဖြစ် ပေါ်ပေါက် လာစေရန် နိုင်ရွှေကျင် တဖြည်းဖြည်း ပုံသွင်း ထုဆစ် ခဲ့ရပေသည်။

ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် မွန်ပြည်သစ်ပါတီအား ထူထောင်ခဲ့သည့် ၁၉၅၈ မှ ၁၉၆၂ အထိ ဝန်းကျင် ကာလများကို “တော်လှန်ရေး သွေးသစ်လောင်းချိန်” ဟု လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များက တင်စား ခေါ်ဝေါ်ကြပြီး အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း တောတွင်းသို့ အလျှိုလျှို ရောက်လာကြသည့် အချိန်လည်း ဖြစ် သည်။

၁၉၈၈ မြန်မာနိုင်ငံ လူထု အုံကြွှမှုကြီး ပေါ်ပေါက်လာပြီး နောက်၌ မာနယ်ပလော၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ အခြေစိုက် ရုံးများအပြင် တောခို လာကြသည့် ကျောင်းသားများဖြင့် စည်ကားနေခဲ့ပြီး “ဖက်ဒရယ် လက်မခံတဲ့ လူတွေကို ထမင်း မကျွေးနဲ့” ဟု ထိုစဉ်က KNU ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မြက ဟာသနှော၍ အရွှန်း ဖောက်ခဲ့ဖူးကြောင်း နိုင်မြင့်သန်းက ပြောပြသည်။

နိုင်ရွှေကျင်သည် ၎င်း၏ ဦးဆောင်နိုင်စွမ်း၊ ၎င်း၏ နိုင်ငံရေး အတွေးအခေါ် အားကောင်းမှုတို့ကြောင့် မွန်ပြည်သစ် ပါတီအား ကိုယ်စားပြု၍ အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (မဒညတ) နှင့် ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (DAB) တို့တွင် ခေါင်းဆောင် အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသည်။

၎င်းနှင့် မာနယ်ပလောသို့ သွားလျှင် နိုင်ရွှေကျင်သည် စာဖတ်အား ကောင်းသူကြီး၊ တကိုယ်ရေး ကျန်းမာရေး အတွက် ဂရုစိုက် တတ်သည့် ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် အတွက် အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ကို မဖြစ်မနေ သယ်သွား ရ သည့် အရာများ ထဲတွင် စာအုပ် တအိတ်နှင့် ဆေးအိတ် တအိတ် အမြဲတမ်း ပါဝင်ကြောင်း နိုင်မြင့်သန်းက ပြောသည်။

နိုင်ရော့စ နှင့် အတူ တွေ့ရသည့် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ ဟောင်း နိုင်ရွှေကျင်
မင်းစောနွယ်

“ဆေးအိတ်က တအိတ်၊ စာအုပ်က တအိတ် အမြဲ ပါတယ်၊ ဥက္ကဋ္ဌကြီး သုံးတဲ့ တိုင်းရင်းဆေး တမျိုး ရှိတယ်၊ ဘိစပ် ရွက်နဲ့ ဖော်ထားတာ အဲဒါကို နေ့တိုင်း စားတယ်၊ နောက်တခုက မျောက်ညိုချေးခါး သက်သက်ကို ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း နဲ့ဆီသတ်ပြီး အဲဒါကို ပုလင်းလိုက် ထည့်ထားတယ်၊ ပေါင်မုန့် မီးကင်နဲ့စားတဲ့ ယိုကုန်သွားတဲ့ နေ့မျိုးမှာ ဆိုရင် အဲဒီ မျောက်ညိုချေးခါးကို ပေါင်မုန့်မီးကင်နဲ့သုတ်ပြီး ဥက္ကဋ္ဌကြီးက စားတယ်”ဟုလည်း ၎င်းက ပြန်ပြောင်း ပြောပြ သည်။

အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးစား တည်ဆောက်ခဲ့သော မွန်ပြည်သစ်ပါတီကား ၁၉၈၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ တွင် ကံဆိုးမိုးမှောင် ကျခဲ့သည်။

နိုင်ငံရေး အယူအဆ ရေးရာအပိုင်းနှင့် ပတ်သက်၍ တရုတ်ကို ထောက်ခံသည့် အင်အားစုနှင့် ဆိုဗီယက် (ရုရှား) ကို ထောက်ခံသည့် အင်အားစုတို့ ပါတီအတွင်း ပြင်းထန်လာပြီး ပါတီ နှစ်ခြမ်းကွဲကာ နိုင်ရွှေကျင်၊ နိုင်ပန်းသာနှင့် နိုင်ရော့စ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီ အဖွဲ့နှင့် နိုင်နလ္လာ၊ နိုင်တလမွန် တို့ဦးဆောင်သည့် အဖွဲ့ဟူ၍ ဖြစ်လာခဲ့သည်။

ထို့ပြင် ၁၉၅၈ ခုနှစ်က မွန်ပြည်သူ့ တပ်ဦး လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်သွားခဲ့စဉ် ၎င်းတို့၏ ထိန်းချုပ် ဒေသများ ကို KNU က ဝင်ရောက် နေရာယူလာပြီး ၎င်းအား မကျေနပ်သည့် အင်အားစုနှင့် မွန်ကရင် မဟာမိတ် ဖြစ်သည်ဟု လက်ခံသည့် အင်အားစု အဖြစ်လည်း အဖွဲ့နှစ်ဖွဲ့ ထိုစဉ်က ကွဲနေခဲ့သည်။ ထို့နောက် ၁၉၈၇ ခုနှစ် ဒီဇင်ဘာတွင် ပြန် လည် ပေါင်းစည်း ခဲ့ကြသည်။
မွန်နိုင်ငံရေး ခါးဆက် မပြတ်စေရန် အတွက် နိုင်ရွှေကျင်က ရည်မျှော်၍ တည်ထောင်ခဲ့သည့် မွန်ပြည်သစ် ပါတီသည် လည်း မြန်မာ့နိုင်ငံရေး၏ အခင်းအကျင်းသစ် ထဲသို့ တကျော့ ထပ်မံ ဝင်ရောက်လာခဲ့သည်။

မွန်စကားပြောသည့် မွန်လူမျိုးများ၊ မွန်စာ တတ်မြောက်သည့် မွန်လူမျိုးများ တဖြည်းဖြည်း လုံးပါးပါးလာနေသည့် အပေါ်၊ ရေရှည်၌ လူမျိုး ကွယ်ပျောက်မည်ဟု စိုးရိမ်မှု ရှိနေသည့် အပေါ် နိုင်ရွှေကျင်က ၎င်း၏ တဘောင်ကို အောက်ပါ အတိုင်း စပ်ဆို ခဲ့ဖူးပါသည်။

“ဥကြ ဥကြ ဒေါင်းဇာတာ ၊ ပေါက်သောအခါ ၊ ရွှေဟင်္သာ ဖြစ်ဘိ၊ သတိထား ကြလေ” ဟူ မိန့်ဆို ခဲ့သည်။

ထိုတဘောင်၏ အနက်ကား မွန်လူမျိုးများ မြန်မာစာ၊ မြန်မာစကားအား သုံးစွဲ နေကြရသော်လည်း တချိန်ချိန်၌ အခွင့် အာဏာနှင့် ပြည့်ဝသည့် မွန်ပြည်နယ် ပေါ်ထွန်းလာခဲ့ပါက ၎င်းတို့သည် မွန်လူမျိုးအဖြစ် ပြန်လည်ခံယူရန် ဝန်လေးကြ မည် မဟုတ်ဟု အနက်ရကြောင်း နိုင်ရွှေကျင်က မွန်နိုင်ငံရေး အနာဂတ်ကို ဤတဘောင်ဖြင့် နိမိတ် ဖတ်ခဲ့လေသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading