ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်ဂိတ်တွေထဲက နာမည်ကြီး ကိုးသုံးလုံးဂိတ်ကို သြဂုတ် လလယ်ပိုင်းက ကျနော်တို့ ရောက်လာချိန်မှာ နယ်ခြားစောင့်တပ် ယူနီဖောင်းဝတ် သုံးလေးဦးခန့်က ကျနော်တို့ စီးလာတဲ့ကားကို ခေတ္တရပ်ဖို့ လက်ပြ လိုက်ပါတယ်။
အချိန်ကတော့ ည ၈ နာရီကျော်ပါပြီ။ ကားအတွင်း မီးရောင်အောက်က ကျနော်တို့ကို ခဏတာ ကြည့်ရှုစစ်ဆေးပြီး သွား ကစားကြမယ့် လူတွေလားလို့ ယူနီဖောင်းဝတ် တဦးက မေးပါတယ်။
ကားထဲက မြဝတီမြို့ခံလူငယ်တဦးက ဟုတ်တယ်လို့ ဖြေပြီးနောက်မှာတော့ သူတို့က ကားကို ဆက်မောင်းခွင့်ပြုလိုက်ပါ တယ်။
အဲဒီဂိတ်ကနေ ၃ မိနစ်ခန့် အနှေးဆက်မောင်းပြီး ကိုးသုံးလုံး ကာစီနိုခြံဝန်းထဲ ချိုးကွေ့ဝင်လိုက်တော့ အဲဒီခြံဝန်းကြီးထဲမှာ ကား အရေအတွက် တရာကျော် တွေ့ရပါတယ်။
ဒီနေရာက လုပ်ငန်းတွေကို ထိုင်းလုပ်ငန်းရှင်က ပိုင်တယ်လို့ သိရပါတယ်။ ဒီခြံနဲ့ကပ်လျက်မှာ သောင်ရင်းမြစ် ရှိနေပါတယ်။
ခြဲထဲမှာ ကာစီနိုရုံအပြင် စတိုးဆိုင်၊ စားသောက်ဆိုင်၊ ဒေသခံတို့အဆို အမျိုးသား ဧည့်သည်တွေ သွားတတ်တယ်ဆိုတဲ့ အ ဆောက်အအုံ တို့ကိုလည်း တွေ့ရပါတယ်။
ဝင်ပေါက်ဝ အပေါ်ပိုင်း LED ဘုတ်ကြီးမှာတော့ အနောက်တိုင်း စတိတ်ရှိုးတွေ ပြသထားတယ်။ ဝင်ပေါက် လုံခြုံရေး ဝန် ထမ်းတွေက ပစ္စည်းရှာဖွေရေး စက်တွေနဲ့ စစ်ဆေးပြီးမှ အဆောက်အအုံထဲကို ဝင်စေပါတယ်။ ဝင်ပေါက်ကျော်တာနဲ့ တွေ့ ရတဲ့ ဗဟိုလောင်းကစား ခန်းမကြီးထဲမှာတော့ လူတွေအားလုံး ကိုယ့်အလုပ်ကို သဲကြီးမဲကြီး လုပ်နေကြတယ်။
လောင်းကစားတဲ့ သူတွေထဲမှာ မြန်မာပြည်သားက လူနည်းစုလောက်ပါပဲ။ အများစုကတော့ သစ်သစ်လွင်လွင် ဝတ်စား ထားတဲ့ ထိုင်းတွေပါ။
ဒီနေရာမှာ ကျား-နဂါး၊ ရှမ်းကိုးမီး၊ ဂျက်ပေါ့၊ ငါးဂိမ်း ဆိုတဲ့ ကစားနည်းတွေ ရှိပါတယ်။ ကစားသူအားလုံး ထိုင်းဘတ်ငွေသာ အသုံးပြုကစားနေတာ တွေ့ရတယ်။ မြန်မာကျပ်ငွေ အသုံးပြုကစားတာ ရှိပေမယ့် နည်းပါတယ်။ ကစားမယ်ဆိုရင် မြန်မာ ကျပ်ငွေကို ကောင်တာမှာ ထိုင်းငွေနဲ့လဲလှယ်ပြီး ကစားရတာပါ။
ကစားဝိုင်းတွေမှာ အသားဖြူဖြူ ထိုင်းအမျိုးသမီးလေးတွေက ငွေအလျော်အစား ကြီးကြပ်သူတွေပါ။ ငွေအလျော်အစား ပေးသူ ဝန်ထမ်းတွေကို စောင့်ကြည့်သူရှိသလို အဲဒီ စောင့်ကြည့်သူတွေကို ကြီးကြပ်ဖို့ ဝန်ထမ်းတွေလည်း ထပ်ရှိနေပါ တယ်။
ဖောက်သည်တွေ ထိုင်ရာမထ ကစားနိုင်ဖို့ ဝန်ထမ်းတချို့က အစားအသောက်၊ အဖျော်ယမကာတွေကို တွန်းလှည်းလေး ပေါ် တင်ပြီး ကစားဝိုင်းနားအရောက် လိုက်လံဝန်ဆောင်မှု ပေးနေတာပါ။
ထမင်းချိန် ထမင်းစားမယ်ဆိုရင်လည်း ကစားဝိုင်းရဲ့အနီးအနားလေးမှာပဲ စားသောက်ဆိုင်၊ စားသောက် အခန်းတွေက အ ဆင့်သင့်ပါ။ ဒီအစားအစာတွေ အကုန်လုံးကို အခမဲ့ စားသောက်နိုင်ပါတယ်။ ကစားရုံကြီးကတော့ တော်တော်လေးသန့် ရှင်းသပ်ရပ်ပါတယ်။
နေရာအနံှ့မှာ လုံခြုံရေးကင်မရာ မြောက်မြားစွာ တပ်ဆင်ထားပါတယ်။ မဟုတ်တာ လုပ်တတ်သူတွေ အတွက် ဒီနေရာက လုံးဝခွင့်လွှတ်မယ် မထင်ပါဘူး။ ဒီရုံကြီးရဲ့အခန်းတနေရာမှာ ကပ်ထားတဲ့ အမည်စာရင်းက သက်သေပါ။
ဖုန်းခိုးသူ၊ ခါးပိုက်နှိုက်တွေဟာ ကစားဝိုင်းမှာ ပါဝင်ခြင်းမပြုဘဲ အစားအသောက်တွေကို လာရောက် စားသောက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူတွေအတွက် ဒီလောင်းကစားခန်းမက အမြဲတံခါးပိတ်ထားတယ်၊ လာလို့တွေ့ရင် ပြန်ခိုင်း တယ် လို့ ကာစီနိုကို ဝင်ထွက်နေတဲ့ ဒေသခံတဦးက ပြောပြပါတယ်။
ဒီကာစီနိုရုံရဲ့ထူးခြားချက်တခုက ဘယ်သူ ငွေကျန်ကျန်၊ ပစ္စည်း ကျန်ကျန် ပြန်မရဘူးဆိုတာ မရှိစေရပါဘူး ဆိုတာပါပဲ။ ပိုင်ရှင်က မိမိပစ္စည်းကျန်ခဲ့ကြောင်း ဆက်သွယ်မယ်ဆိုရင် ပြန်ရဖို့က သေချာပါတယ်လို့ ကာစီနိုကစားသူတဦးက ပြောပါ တယ်။
လုံခြုံရေးကင်မရာ၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ တင်းတင်းကျပ်ကျပ် ရှိနေပေမယ့် ဒီနေရာလာဖို့ဆိုရင် နိုင်ငံသား စိစစ်ရေး ကတ်၊ ယာဉ်မောင်းလိုင်စင်တို့ ယူလာစရာမလိုပါဘူး၊ ယူလာရမှာကတော့ ဖောင်းနေတဲ့ ပိုက်ဆံအိတ်ပါပဲ။
၂၄ နာရီဖွင့်တဲ့ ဒီလောင်းကစားရုံက ညဘက်သာ ပိုစည်ကားတယ်လို့ လာကစားသူတွေက ဆိုကြပါတယ်။ ထိုင်းဘက်က နေ သောင်ရင်းမြစ်ဖြတ်ပြီး လာကစားသူတွေ သွားရေးလာရေး ပိုမိုအဆင်ပြေစေဖို့ အခမဲ့ ကူးတို့လှေ ဝန်ဆောင်မှုလည်း စီ စဉ်ပေးထားပါတယ်။
လောင်းကစားရုံမှာ ၃ လုံးထီလည်း ဖွင့်ပေးထားပါတယ်။ ထိုင်းပြည်တွင်း ၃လုံး ထီတော့မဟုတ်ပါဘူး၊ ဒီ ကာစီနိုရုံက မနက် တကြိမ်၊ ညပိုင်းတကြိမ် ဖွင့်ပေးနေတဲ့ ၃ လုံးထီမျိုးပါ။ ပေါက်ဂဏန်းကိုတော့ ခပ်ချောချော ဝန်ထမ်းမိန်းကလေးတွေက ဖွင့် ပေးကြတာပါ။
ဗဟို လောင်းကစား ခန်းမရဲ့ ညာဘက်မှာရှိတဲ့ ဒုတိယအကျယ်ဆုံးလို့ ဆိုနိုင်တဲ့ အခန်းမှာတော့ ကျား၊ နဂါး ကစားဝိုင်း တွေပဲ ရှိပါတယ်။ ဒီကစားဝိုင်းတွေမှာ အများဆုံး ပုံအောထိုးကြတာ တွေ့ရပါတယ်။ တဝိုင်းမှာ လူ ၂ဝ နီးပါး ရှိနေတတ်ပါ တယ်။ အဲဒီထဲမှာ လောင်းကစားမှုရဲ့ထုံးစံအတိုင်း နိုင်သူက တဦး၊ နှစ်ဦးပါ၊ ကျန်လူတွေက လက်ဗလာနဲ့ ပြန်သွားတာချည်း ပါပဲ။
ညပိုင်း ၉ နာရီကျော်လောက်မှတော့ အခမဲ့ကျွေးမွေးတဲ့ ကာစီနိုရုံကြီးထဲက စားသောက်ခန်းမှာ လိမ္မော်အချိုရည်တခွက် သောက်ပြီး ကျား-နဂါး ကစားဝိုင်းဘက် ပြန်လှည့်လိုက်ပါတယ်။ ထိုင်းဘတ် ၄၀ကို နှစ်ကြိမ်ခွဲ ထိုးလိုက်ပါတယ်။ မနိုင်ပါ ဘူး။ အဲဒီကစားနည်းက တကြိမ်ကို ၁ မိနစ်ကျော် လောက်သာကြာပါတယ်။ ကျားမဟုတ် နဂါးတခုခု ရွေးထိုးရတာပါ။
တဝိုင်းမှာ တကြိမ်ကို ပျမ်းမျှဘက် ၂ဝ,ဝဝဝ လောက်ထိုးရင် ပျမ်းမျှ ဘတ် ၈,ဝဝဝ လောက်သာ ဒိုင်ဘက်က ပြန်လျော်ရ တာ တွေ့ရမှာပါ။ ငွေလျော်သူက တဝိုင်းမှာ မိန်းကလေးနှစ်ဦးစီရှိပါတယ်။
ခေါင်းမဖော်တမ်း လောင်းကစားနေသူတွေကို ကျောခိုင်းပြီး အပြင်ဘက် ထွက်လာတော့ လောင်းကစားရုံရှိရာကို ကူးလာ တဲ့ထိုင်းဘက်ကမ်းက လူတွေကို တွေ့ရသလို ကစားပြီး ပြန်ကြတဲ့ ထိုင်းတွေကိုလည်း တွေ့ရပါတယ်။ အချိန်က ည ၁ဝ နာ ရီဝန်းကျင်ပါ။
ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် လောင်းကစားရှုံးမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတတ်တဲ့ ဆိုးကျိုးတွေထဲမှာ ရာဇဝတ်မှု လည်းပါပါတယ်။ ဖြစ်တတ်တဲ့ ရာဇဝတ်မှုထဲမှာ ခိုးမှု၊ လုယက်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေကို တွေ့ရမှာပါ။
လောင်းကစားလုပ်ငန်း ကြီး၊ ငယ် ပေါများတဲ့ နယ်စပ်မြို့ မြဝတီမှာ လောင်းကစားမိတဲ့အတွက် မြေကွက်၊ အိမ်၊ တန်ဖိုးကြီး ပိုင်ဆိုင်မှု ကုန်ဆုံးသွားကြသူတွေ ရှိကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ လင်မယားနှစ်ဦးလုံး လောင်းကစားတာကြောင့် တိုက် ၊ အိမ်ပိုင်ဆိုင်မှုတွေ ကုန်ဆုံးကာ အကြွေးတင်မှုတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သေဆုံးသွားတာ ရှိခဲ့ဖူးတယ်လို့ မြဝတီ မြို့ခံတဦးထံက သိရပါတယ်။
ဒီပြောဆိုချက်ကို မြဝတီမြို့နယ်က ပြည်နယ်လွှတ်တော် အမတ်ဖြစ်သူ ဦးသန့်ဇင်အောင်ကလည်း ဟုတ်မှန်ကြောင်း ပြော ဆိုပါတယ်။
“လောင်းကစားရုံတွေ၊ ကျနော်တို့ ဒီမြစ်ကမ်းတလျှောက်မှာ သွားကြည့်။ အများကြီးရှိတယ် “လို့ ဦးသန့်ဇင်အောင်က ပြော ပြပါတယ်။ မြဝတီမြို့တွင်း လောင်းကစားလုပ်ငန်းလေးတွေကို အရေးယူတဲ့သတင်း မကြာခဏ ကြားနေရပါတယ်။
ဒေသတွင်းမှာ ကာစီနိုအပါအဝင် လောင်းကစားလုပ်ငန်းတွေ ပပျောက်ဖို့ ဆန္ဒရှိကြောင်း ပြောပြပါတယ်။ ဒါတွေနဲ့ ပတ် သက်ပြီး သူ့အနေနဲ့ ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့တယ်။ ဒီနေ့အထိ ထူးခြားလာတာတော့ မတွေ့သေးပါဘူးတဲ့။ ဦးသန့် ဇင်အောင်ကတော့ ပိတ်ပင်ဖို့ ခက်နေတဲ့ လောင်းကစားလုပ်ငန်းကနေ နိုင်ငံတော်အတွက် အခွန်ငွေရဖို့ သီးသန့် ဥပဒေတ ခု ရှိသင့်ကြောင်း အကြံပြုချင်သူပါ။
နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူကလည်း ဒီလောင်းကစားရုံတွေကနေ နိုင်ငံတော်က အခွန်ငွေမရရှိကြောင်း သ ဘောပေါက်ပါတယ်။ မြဝတီက ကာစီနိုလုပ်ငန်းကို တရားဝင်ဖြစ်စေချင်တယ်၊ ဒါဆိုရင် နိုင်ငံအတွက် အခွန်မနစ်နာတော့ ဘူး လို့ သြဂုတ်လ ၂၃ ရက်နေ့က ပြောပြပါတယ်။
ကာစီနိုရုံတွေဟာ နိုင်ငံတကာမှာလည်း ရှိနေတဲ့အတွက် မြဝတီဒေသမှာလည်း တရားဝင်အနေနဲ့ လုပ်ခွင့်ရဖို့ခွင့်ပြုချက် တောင်းထားတယ်၊ နှစ်ဦးနှစ်ဖက် အဆင့်ပြေမယ့် အခွန်ဆောင်မှုပုံစံ ဖြစ်ဖို့ အစိုးရ ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်နေ တယ်လို့ ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်ကို ဦးဆောင် တည်ထောင်ခဲ့တဲ့ ဗိုလ်မှူးကြီး စောချစ်သူက ဆိုပါတယ်။
မြဝတီက ကာစီနိုလုပ်ငန်းကို ထိုင်းလုပ်ငန်းရှင်နဲ့ တွဲဖက်လုပ်ကိုင်နေတယ်လို့ သူ့ဆီက သိရပါတယ်။
“အဲဒီ အဆောက်အအုံဟာ ကျနော်တို့ဆောက်တယ်။ နောက်ပိုင်း လိုအပ်တဲ့ဟာ သူတို့(ထိုင်း)လုပ်ပေးတာ ” လို့ ကရင် ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းမျိုးစုံကို စီမံနေတဲ့ ဗိုလ်မှူးကြီး စောချစ်သူက ဆိုပါတယ်။
ကာစီနိုရုံနားမှာ ဟိုတယ်လည်း ဖွင့်မယ်လို့ သူက ဆက်ပြောပါတယ်။
တနင်္သာရီတိုင်းက ဟိုတယ်လုပ်ငန်းရှင်များနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတဦးက ကာစီနိုလုပ်မယ်ဆိုရင် ဟိုတယ်လုပ်ငန်းနဲ့ တွဲပြီးမှ ဖွင့်လှစ်ခွင့်ပေးမယ်လို့ ကြားထားကြောင်း ပြောပါတယ်။ နယ်စပ်မှာဆိုရင် ကာစီနို လောင်းကစား လုပ်ပိုင်ခွင့် ရှိတယ် လို့လည်း သူက သဘောပေါက်ထားပါတယ်။
ကချင်၊ ရှမ်းပြည်နယ် တို့မှာရှိတဲ့ အသေးစား၊ အကြီးစား ကာစီနိုရုံများမှာ တရုတ်နိုင်ငံဘက်က စိတ်အပန်းဖြေသူတွေ၊ လုပ် ငန်းရှင်တွေ လောင်းကစား လာလုပ်ကြပါတယ်။
မြဝတီက ကာစီနိုရုံအပါအဝင် ကရင်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာရှိတဲ့ ကာစီနိုရုံတွေကလည်း ထိုင်းနိုင်ငံဘက်က လာ သူများအတွက်ဆိုရင် အချိန်မရွေး ကြိုဆိုလျက်ပါ။ အခမဲ့ သယ်ယူ ပို့ဆောင်ရေးကအစ လုံခြုံရေးအထိ ဝန်ဆောင်မှု ပေးနေ ပါတယ်။
တရုတ်၊ ထိုင်းတို့မှာ တရားဝင် ဖွင့်ခွင့်မရတဲ့အတွက် မြန်မာဘက်က နယ်စပ်မြို့တွေမှာ လာရောက် လောင်းကစားသူတွေ အများအပြားကို ကာစီနိုရုံတွေမှာ နေ့တိုင်း တွေ့ရပါလိမ့်မယ်။
ငွေကြေးစီးဆင်းမှု ကြီးမားများပြားတဲ့ ကာစီနို လောင်းကစားလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ ခွင့်ပြုမယ်ဆိုရင် အခွန်ငွေ တရားဝင် ရရှိဖို့ ဘယ်လို လုပ်ဆောင်မလဲဆိုတာကို သက်ဆိုင်ရာက မြန်မြန် ဆုံးဖြတ်ရင်တော့ တိုင်းပြည်အတွက် ပိုမို အကျိုးရှိမှာ ဖြစ်ပါတယ်။ ။