၁၉၈၀ နှစ်များအတွင်းက ဝါဆောမြို့မှ ရထားတစီးပေါ်တွင် သူ၏သူငယ်ချင်း ၂ ဦး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ကျမ အဖေက ကျမကို ပြောပြဖူးပါသည်။
သူတို့ ၂ ယောက်လုံးသည် ပိုလန်အရှေ့မြောက်ပိုင်း Podlasie ဒေသမှ ဖြစ်ကြပြီး ပိုလန်၊ ယူကရိန်းနှင့် ဘဲလားရပ် ဘာသာစ ကားတို့ ရောနှောနေသည့် ဒေသသုံးစကားဖြင့် ရထားပေါ်တွင် စကားပြောနေခဲ့ကြသည်။
တနေရာအရောက်တွင် သူတို့နားမှ ခရီးသည်တဦးက သူနှင့် ဘေးချင်းကပ်ထိုင်နေသူကို “သူတို့ပြောတာ ကြားသလား။ ရုရှားတွေပဲ ဖြစ်ရမယ်” ဟု ခပ်ကျယ်ကျယ်လေး ကပ်ပြောလိုက်ပါသည်။
ထိုခရီးသည်၏ မှတ်ချက်က နားလည်ပေးနိုင်စရာ ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပိုလန်နိုင်ငံသည် ဘာသာစကား တမျိုးတည်းကိုသာ အဓိကပြောသည့်နိုင်ငံတခုဖြစ်ပြီး ဒေသသုံးစကားတခုက အချို့အတွက် အံ့သြဖွယ်ရာ ဖြစ်နိုင်ပါသည်။
ဒေသသုံး စကားတမျိုးမျိုးကို ပြောသူတို့ကလည်း တရားဝင် ရုံးသုံးဘာသာစကား ဖြစ်သည့် ပိုလန်စကားကို ပြောတတ်ကြ သည်။ ဒေသသုံးစကားများကို ကျောင်းများတွင် သင်ကြားခြင်း မရှိပါ။
သို့သော်လည်း တခါတရံတွင် ကျေးလက်ဒေသမှ (အနည်းဆုံးတော့ Podlasie ဒေသ အချို့နေရာများမှ) ကလေးငယ်များ ပထမဆုံး တတ်မြောက်သည့် စကား ဖြစ်နေလေ့ရှိသည်။
မြန်မာနိုင်ငံတွင်မူ နိုင်ငံသားများက ဘာသာစကားအမျိုးမျိုးကို နေ့စဉ်ပြောဆိုသုံးစွဲနေကြသည်ကို အများ သိပြီး ဖြစ်သည်။ ဒေသခံစကား(မိခင်ဘာသာစကား) ပြောသူအားလုံးက တရားဝင် ရုံးသုံးဘာသာစကား ဖြစ်သည့် ဗမာ စကားကို မကျွမ်းကျင်ကြပါ။
Myanmar Country Report: Language, Education and Social Cohesion (LESC) Initiative တွင် ဒေသသုံး စကား ပြောသူများ၏ကျွမ်းကျင်မှုက စံပြုပုံစံများနှင့်ပတ်သက်၍ သိနားလည်မှုနှုန်း အလွန်ကွဲပြားနေပြီး စာတတ်မြောက်မှုကို ရောင်ပြန်ဟပ်ပြနေသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သည့်အခါ ဒေသသုံးစကား(ဒေသိယစကား) စုံလင်မှုကို မဟုတ်ဘဲ ဘာသာစကား စုံလင်ကွဲပြားမှု ကို ကျမတို့ ပြောကြပါသည်။ ထို့ကြောင့် အလေးအနက်ထားဖို့ ထိုက်တန်ပါသည်။ မြန်မာနိုင်ငံမှ ဘာသာစကားများက တခု နှင့်တခု ကွဲပြားမှု အနည်းငယ်သာရှိသည်မျိုး မဟုတ်ပါ။
ဒေသအလိုက် ပြောကြသည့် ဘာသာစကားများက ပုံမှန်အားဖြင့်ဆိုလျှင် စကားမတူသူများ နားလည်နိုင်ခြင်း မရှိပါ။ ဥပမာ ပြရလျှင် ကချင်စကားပြောသူများက ရှမ်းဘာသာစကားသုံးစွဲသည့် အသိုင်းအဝိုင်းမှ စကားကို နားလည်လိမ့်မည် မဟုတ်ပါ။
မြန်မာနိုင်ငံတွင် ဘာသာစကား အမျိုးမျိုးရှိနေခြင်းကို တိုင်းပြည်၏ဥပဒေတွင်လည်း ထင်ဟပ်ပြနေသည်။ ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁(ခ) တွင် “တိုင်းရင်းသား လူမျိုးများသည် မိမိတို့ ကိုးကွယ်သည့်ဘာသာနှင့် ချစ်ခင်မြတ် နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို ဥပဒေများနှင့် ဖြစ်စေ၊ အများအကျိုးနှင့်ဖြစ်စေ မဆန့်ကျင်လျှင် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြုစုပျိုးထောင်ခွင့်၊ ပြောဆိုရေးသားကျင့်သုံးခွင့်ရှိသည်” ဟု ဖော်ပြထားသည်။ တရားဝင် ရုံး သုံးဘာသာစကားမှာ မြန်မာ ဖြစ်သည်။
အခြေခံဥပဒေ ပုဒ်မ ၁၀၂ တွင်“ တရားစီရင်ရာတွင် မြန်မာစာကို အသုံးပြုရမည်။ လိုအပ်ပါက သက်ဆိုင်ရာ တိုင်းရင်းသား စာကို အသုံးပြုနိုင်သည်။ လိုအပ်လျှင် စကားပြန်များ ရရှိစေရန် စီစဉ်ပေးရမည်”ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။ ထို့ ကြောင့် တိုင်းရင်းသားဘာသာများ သင်ကြားရေးအတွက် ထိုစဉ်က ပြင်းပြင်းထန်ထန် အာရုံမစိုက်ခဲ့သည့်အသွင်ရှိပါသည်။
ပုဒ်မ ၁၅၂(ခ) တွင် “မြန်မာစာသည် အများသုံးစာဖြစ်သည်။ ကျန်တိုင်းရင်းသားများ၏စာများကိုလည်း သင်ကြားခွင့်ရှိ သည်” ဟု ဖော်ပြထားသည်။ ထို့ကြောင့် သင်ကြားနိုင်သည်။ သို့သော်လည်း မဖြစ်မနေ သင်ကြားရမည့် သဘောမျိုး မရှိပါ။
အခြားသောလေ့လာမှုများအရ အများပြည်သူနှင့်ပတ်သက်သည့် နေရာမှန်သမျှတွင် တိုင်းရင်းသားစာများကို အသုံးပြုခြင်း ကို အားပေးခြင်း မရှိကြောင်း ထင်ရှားလာသည်။ နိုင်ငံတော်၏ဗဟိုအစိတ်အပိုင်းများက ဆက်သွယ်ရာတွင် ဘာသာစကား တခုသာ လိုအပ်ကြောင်း လက်ခံထားသည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ၏ပုဒ်မ ၁၉၈ က အံ့အားသင့်ဖွယ်ရာ ဖြစ်ပါလိမ့်မည်။
ပုဒ်မ ၁၉၈ တွင် “နိုင်ငံတော်၏ အဖွဲ့အစည်းများအတွင်း အထက်အောက် အပြန်အလှန် ဆက်သွယ်ရာ၌ လည်းကောင်း၊ အ ဖွဲ့အစည်း အချင်းချင်း အပြန်အလှန်ဆက်သွယ်ရာ၌ လည်းကောင်း တညီတညွတ်တည်း ဖြစ်စေရန်နှင့် အယူအဆ မကွဲစေ ဘဲ ရှင်းလင်းလွယ်ကူစေရန် ရုံးသုံးစာအဖြစ် မြန်မာစာကို အသုံးပြုရမည်။ လိုအပ်လျှင် သက်ဆိုင်ရာ တိုင်းရင်းသားစာကို လည်း အသုံးပြုနိုင်သည်” ဟု ပြဌာန်းထားသည်။ လိုအပ်မှသာလျှင် တိုင်းရင်းသားစာကို အသုံးပြုနိုင်သည်။ အဆိုပါဥပဒေ၏ လက်တွေ့အခြေအနေကို တွေးကြည့်မည်ဆိုလျှင် ရှမ်း သို့မဟုတ် ကချင်ပြည်နယ်၏ ဝေးလံသော ဒေသမှ အောက်ခြေအဆင့် တာဝန်ရှိသူများက အလုပ်လုပ်ရာတွင် သူတို့၏ မိခင်ဘာသာစကားကိုသာ ပြောကြမည်ဆိုလျှင် သဘာ ဝကျပါသည်။
၁၉၇၄ ခုနှစ် အခြေခံဥပဒေ (နှင့် မည်သည့်အခြေခံဥပဒေ ဖြစ်စေ)က ကဗျာစာသားတခု မဟုတ်သော်လည်း ကွယ်ဝှက် ထားသည့် အနက်အဓိပ္ပာယ်ကို ကျမတို့တွေ့နိုင်ပါသည်။ အများပြည်သူနှင့် ဆိုင်သောကိစ္စများတွင် ဒေသသုံးစာများကို အသိအမှတ်ပြုရန် ခက်ခဲမည် ဖြစ်သလို လိုအပ်မှသာ လက်ခံမည် ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေတွင်မူ တိုင်းရင်းသားစာများ တိုးတက်ရေးအတွက် ပိုမို၍ တာဝန်ယူမှုကို ထည့်သွင်းထားသည့် အသွင် ရှိသည်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၂ (က)တွင် “နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ် ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်” ဟု ဖော်ပြထားသည်။
ဘာသာစကားနှင့်ပတ်သက်၍ ထည့်သွင်းမေးမြန်းခြင်း မပြုသော်လည်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အ ကြောင်း အရာ သန်းခေါင်စာရင်း၏ရလဒ်များက မြန်မာနိုင်ငံတွင် လူမျိုးနှင့်ဘာသာ စုံလင်ကွဲပြားမှုကို ဖော်ပြနေသည်။ ဘာသာစကား နှင့် အနည်းငယ်မျှသက်ဆိုင်သည်မှာ မေးခွန်း နံပါတ် ၁၅ ဖြစ်သည်။
“စာတတ်မြောက်မှုအခြေအနေ (မည်သည့်ဘာသာစကားနှင့် မဆို)” ဟု ဖော်ပြထားသည့်အတွက် စာတတ်မြောက်မှုဆို သည်မှာ မည်သည့်ဘာသာစကားကို မဆို ဖတ်နိုင်၊ ရေးနိုင်စွမ်း ရှိသည်ကို ဆိုလိုသည်ဟု နားလည်ရပါသည်။ မေးခွန်းတွင် ပါဝင် လာသည့် ထိုအချက်တခုတည်းနှင့်ပင် မြန်မာနိုင်ငံတွင် ဘာသာစကားတခုထက် ပို၍ ပြောဆိုနေကြကြောင်း ဖော်ပြနေပါ သည်။
သို့သော်လည်း ပညာရပ်ဆိုင်ရာ အမြင်မှကြည့်မည်ဆိုလျှင် ဘာသာစကားကွဲပြားမှုက သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုတွင် အရေးပါသောနေရာမှ ပါဝင်ခဲ့သည်။ သန်းခေါင်စာရင်း ကောက်ယူရန် ရွေးချယ်ခံရသူများ (အဓိက အားဖြင့် ပညာရေးဝန်ကြီးဌာနနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီတို့မှ ခေါ်ယူခဲ့သည့်ဆရာ၊ ဆရာမများ) ကို သူတို့၏ ဒေသဆိုင်ရာ ဘာသာစကား၊ အသိုင်းအဝိုင်းနှင့် ပတ်သက်၍ သိနားလည်ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အချက်အလက်များ အရည်အချင်းပြည့်မီရေး၊ တိကျရေးတို့ကို သေချာစေရန်နှင့် သန်းခေါင်စာရင်း၏ အဓိပ္ပာယ်ကို နား လည်စေရန်အတွက် အများပြည်သူသိအောင် ဖြန့်ဝေသည့်ထုတ်ပြန်ချက်များကို ဒေသသုံးဘာသာစကား အများအပြားသို့ ဘာသာပြန်ဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြစ်သော်လည်း ဘာသာစကား အမျိုးမျိုးပြောသည့်အသိုင်းအဝိုင်းများအတွင်းတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းက စိန်ခေါ်မှုများနှင့် မကင်းခဲ့ပါ။
အသိုင်းအဝိုင်းတခုတည်းအတွင်း သို့မဟုတ် လူမျိုးစုတခုတည်းအတွင်းမှာပင် ဘာသာစကားသတ်မှတ်မှု အမျိုးမျိုး ကွဲပြား ခြင်းကြောင့် နောက်ဆုံး တိုင်းရင်းသားလူမျိုးစု ခေါင်းစဉ်တပ်ရသည့်အခါတွင် ပြဿနာများ ဖြစ်စေခဲ့သည်။ ဆရာ၊ ဆရာမ အားလုံးကလည်း ဒေသခံဘာသာစကားကို ကျွမ်းကျင်သူများ မဟုတ်ကြသည့်အတွက် အချို့သောအဖြေများမှာ ဘာသာပြန်ရာတွင် ပျောက်ဆုံးသွားခြင်းများလည်း ရှိခဲ့နိုင်ပါသည်။
မြန်မာနိုင်ငံ၏ ဘာသာစကား မူဝါဒနှင့် ပတ်သက်၍ အတိုချုပ်တင်ပြရာတွင် ကျမအနေဖြင့် နောက်တဆင့် တက်၍ ၎င်း၏ ရလဒ်များက နေ့စဉ်ဘဝပေါ်တွင် မည်ကဲ့သို့ ကိုယ်စားပြုသည်ကို အနည်းငယ် ဖော်ပြချင်ပါသည်။
မြန်မာနိုင်ငံတွင် ဘာသာစကား စုံလင်ကွဲပြားခြင်းက ပညာရေးကဏ္ဍပေါ်သို့ တိုက်ရိုက်သက်ရောက်စေခဲ့သည်မှာ ငြင်းဆန်၍ မရပါ။ ရေရှည်အမြင်ဖြင့် ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသားတို့၏ဘဝ အရည်အသွေးပေါ်သို့ သက်ရောက်ခဲ့ပါသည်။ ပုံမှန် အားဖြင့် မြန်မာစကားပြောသူများက ပညာရေးတွင် ပိုမို၍ အောင်မြင်လေ့ရှိကြပါသည်။
အောက်ပါ ကောက်နုတ်ဖော်ပြချက်က ပညာရေးကဏ္ဍတခုလုံး၏ ရလဒ်ပေါ်သို့ သက်ရောက်စေသည့် အချက်များထဲတွင် ဘာသာစကားသည်လည်း တခု ဖြစ်ကြောင်း ဖော်ပြနေပါသည်။
“မူလတန်းနှင့် အလယ်တန်းအဆင့်တွင် ကလေးများကျောင်းထွက်သွားကြသည့် အကြောင်းပြချက်အမျိုးမျိုး ရှိရာတွင် ဆင်းရဲနွမ်းပါးခြင်း၊ ဘာသာစကားအခက်အခဲ၊ မသန်စွမ်းခြင်းနှင့် စိတ်ပါဝင်စားမှုမရှိခြင်းတို့က အများဆုံးတွေ့ရလေ့ရှိသည့် အကြောင်းရင်းများ ဖြစ်သည်။”
အထက်ပါ ဝါကျသည် ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ (NESP) မှ ဖြစ်ပါသည်။
NESP သည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ဆက်တိုက်ပြုလုပ်သွားမည့် အရေးပါသော ပြောင်းလဲမှုများကို စတင်မိတ် ဆက်ခြင်း ဖြစ်ပြီး ပညာရေးကဏ္ဍ ပြန်လည်ပြင်ဆင်မှုကို ၅ နှစ်အတွင်း ပြုလုပ်သွားရန် ရှိသည်။ အပြည့်အဝ အကောင်အ ထည်ဖော်မှုက ၂၀၃၀ခု နှစ်တွင် ဖြစ်သည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ပညာရေးဆိုင်ရာ အစီရင်ခံစာ (Thematic Report on Education) တွင်လည်း ဘာသာစကား အတားအဆီးက လူနည်းစုတိုင်းရင်းသားများ ကျောင်းထွက်သွားရ ခြင်း အကြောင်းများထဲမှ အဓိကကျသောအချက်ဖြစ်ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် မူလတန်းမှ အလယ်တန်းသို့ ကူးပြောင်းချိန်နှင့် အလယ်တန်းမှ အထက်တန်းသို့ ကူးပြောင်းချိန်များတွင် ဖြစ် သည်။ အပေါင်းလက္ခဏာဆောင်သည့် အချက်မှာ NESP က တိုင်းရင်းသား ဘာသာစကား သင်ကြားခြင်းနှင့် သင်ကြားရေး ဘာသာစကားအဖြစ် အသုံးပြုခြင်းကို အားပေးထားခြင်း ဖြစ်သည်။
ထို့ပြင် အခြေခံပညာရေးအဆင့်တွင် ဒေသတွင်း သင်ရိုးညွှန်းတန်းနှင့် ပြဌာန်းစာအုပ်များ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း ဖော် ပြထားခြင်းက အားလုံး ပါဝင်သည့် အမျိုးသားအဆင့် ဘာသာစကားမူဝါဒကို ပုံဖော်ရာတွင် ကြီးမားသော ခြေလှမ်းတရပ် ဖြစ်သည်။ ဒေသဆိုင်ရာ ဘာသာစကားသုံး ပြဌာန်းစာအုပ်ကို ရေးသားမည့် သူများအနေဖြင့်လည်း သင်ရိုးညွှန်းတန်းရေး ဆွဲရေးနှင့် ပတ်သက်သော လေ့ကျင့်သင်တန်းပေးမှုများ ရရှိရမည် ဖြစ်သည်။
ကံကောင်းစွာဖြင့်ပင် အစိုးရက ဆောင်ရွက်သည့် အစီရင်ခံစာများနှင့် လမ်းပြမြေပုံများအပြင် မြန်မာနိုင်ငံတွင် ပိုမိုကောင်း မွန်သော ဘာသာစကားမူဝါဒတခု ပေါ်ပေါက်လာရေးကို အားပေးသည့် အောက်ခြေအဆင့်မှ စတင်ဆောင်ရွက်မှုများ လည်း ရှိနေသည်။
ဥပမာ မြန်မာနိုင်ငံမှ အဖွဲ့အစည်း ၂၂ ခု စုစည်းထားသည့် Myanmar/Burma Indigenous Network for Education ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မိခင်ဘာသာစကားကို သင်ကြားရေးအတွက် အသုံးပြုခွင့်ကို မြှင့်တင်ပေးရန် ဖြစ် သည်။
Myanmar Country Report: Language, Education and Social Cohesion (LESC) Initiative တွင် အကြံပြုထား သည့်အတိုင်း ကျောင်းများတွင် သင်ရိုးညွှန်းတန်းနှင့်သင်ကြားရာတွင် သုံးစွဲသည့် ဘာသာစကားကို ဒေသဆိုင်ရာ အာဏာ ပိုင်များက သြဇာလွှမ်းနိုင်ရေးအတွက် ပညာရေးစနစ်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချရေး တောင်းဆိုမှုများလည်း ရှိနေ သည်။
လက်ရှိ အစိုးရက လူမျိုး၊ ဘာသာနှင့်ယဉ်ကျေးမှု စုံလင်ကွဲပြားခြင်းကို အသိအမှတ်ပြုသည့် အားထုတ်မှုများ ရှိနေသော် လည်း ယခုအချိန်အထိ နေပြည်တော်မှ ပြည်ထောင်စုအစိုးရ၏ အခန်းကဏ္ဍအပေါ် အလေးအနက် အာရုံစိုက်နေဆဲ ဖြစ်သဖြင့် ထိုသို့ ဆောင်ရွက်နိုင်ရေးက မဖြစ်နိုင်ဖွယ်ရာ များနေသည်။
ဘာသာစကားကို ချန်လှပ်ထား၍ မဖြစ်နိုင်ကြောင်း ပညာရေးကဏ္ဍမှ ဥပမာများက ပြသခဲ့ပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘာသာစကားများနှင့် ပတ်သက်၍ အားလုံးပါဝင်သည့် ချဉ်းကပ်မှုတခုဖြစ်သည့် အခွင့်အလမ်းတခုလည်း ရှိပါ သည်။
အစိုးရ၏ လှုံ့ဆော်မှုနှင့် ဒေသတွင်းမှ ထောက်ခံမှုများက မြန်မာနိုင်ငံ၏လူမျိုးရေးကို အခြေခံသည့် ပဋိပက္ခများအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးတွင် ပါဝင်ပေးနိုင်ပါလိမ့်မည်။
ကျောင်းများတွင် ဒေသသုံးစကားကို ပိုမိုနေရာပေးခြင်းအားဖြင့် လူနည်းစု ကလေးငယ်များအနေဖြင့် သူတို့၏ ဘာသာ စ ကား၊ ယဉ်ကျေးမှုနှင့်တန်ဖိုးများအပေါ် ယုံကြည်ချက်များရှိလာပြီး လေးစားမှုလည်း ရှိလာမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခွန်အားက ချမ်းသာကြွယ်ဝမှုနှင့် စုံလင်ကွဲပြားမှုပေါ်တွင် တည်နေပါသည်။
ဘာသာစကားအခြေအနေက ရှုပ်ထွေးသည် မှန်ပါသည်။ သို့သော်လည်း အစဉ်အလာအရ ဗမာစကားမပြောသည့် ဒေသများ တွင် ဘာသာစကား ၂ မျိုးသုံးသည့် ပညာရေးက နိုင်ငံခြားဘာသာစကားများ သင်ကြားရေးအတွက် ကောင်းမွန်သော လမ်းစတခု ဖြစ်ပါသည်။
တဖက်မှကြည့်လျှင် လူနည်းစုတို့၏ ဘာသာစကားများ သုံးစွဲသူများနှင့် ပတ်သက်၍ လေ့လာခြင်းက ကလေးငယ်များ အရွယ်ရောက်လာသည့် အနာဂတ်တွင် နိုင်ငံတကာအဆင့်အထိ အသုံးဝင်နိုင်သည့် လေးစားမှုနှင့် သည်းခံခြင်းကို သင်ကြားပေးပါသည်။
ရှုပ်ထွေးသော ဘာသာစကားမူဝါဒကို စီမံခန့်ခွဲရခြင်းက မြန်မာအစိုးရသစ် လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် တခုတိုးလာခြင်း ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအတွင်းတွင် ဆောင်ရွက်မည့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေးများထဲတွင် ဘာသာစကားကွဲပြားမှုက ဖြေရှင်းရမည့် ဦးစားပေး အကြောင်းအရာတခုအဖြစ် ပါဝင်လာခြင်းက အပြု သဘောဆောင်သော သင်္ကေတတခု ဖြစ်ပါသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေပြီး တိုင်းပြည်ကလည်း တံခါးဖွင့်လာသည့် အချိန်တွင် မြန်မာနိုင်ငံသားများ က နိုင်ငံခြားမှ တူညီသောအခွင့်အလမ်းများကို မျှော်လင့်ကြသည်။
ထို့ကြောင့် လက်ရှိ အစိုးရက မြန်မာနိုင်ငံ၏ ကျောင်းပညာရေးစနစ်တွင် တူညီသော အခွင့်အလမ်းများ ဖန်တီးပေးမည့် မှန် ကန်သော လမ်းကြောင်းကို ရယူခဲ့လျှင် အံံ့သြစရာတခုလို မခံစားသင့်ပါ။ မည်သို့ပင်ဖြစ်စေ တန်းတူညီမျှမှုကို ကိုယ့်အိမ်မှ (အနီးဆုံးမှ) စတင်ရမည်ဖြစ်ပါသည်။
(Joanna Dolińska သည် ပိုလန်နိုင်ငံ Warsaw တက္ကသိုလ် မှ ပါရဂူတန်း ကျောင်းသူတယောက်ဖြစ်ပြီး Altaic ဘာသာ စကားများကို သုတေသန ပြုလုပ်နေသူ ဖြစ်သည်။ Oxford တက္ကသိုလ်မှ မြန်မာ့ရေးရာဖိုရမ်တခု ဖြစ်သည့် Tea Circle တွင် ဖော်ပြခဲ့သော “Language Diversity in Myanmar—A Blessing in Disguise?” ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)