ရွာအတွင်းကို ဝင်လိုက်တာနဲ့ တဗြောင်းဗြောင်းနဲ့ ဆူညံနေတဲ့ ရွာကတော့ ပဲခူးတိုင်း အနောက်ခြမ်း ရွှေတောင်မြို့နယ် မြို့မ ကျေးရွာအုပ်စု မြို့တွင်းလို့ နာမည်ရတဲ့ ကျေးရွာလေးပါ။
ဒီတဗြောင်းဗြောင်းနဲ့ ထွက်နေတဲ့အသံဟာ ရွာတွင်း အိမ်တိုင်းလိုလိုက ထွက်ပေါ်နေတာဖြစ်ပြီး အသံထွက်ရတဲ့ အကြောင်း ရင်းကတော့ တရွာလုံးလိုလို လုပ်ကိုင်နေတဲ့ လက်ရက်ကန်း သံတွေပါ။
ဒီရွာလေးမှာ ရွှေတောင် စည်းလုံးချည်လို့ခေါ်တဲ့ အထည်တွေကို ရက်လုပ်နေကြတာဖြစ်ပြီး ရွာကလေးရဲ့ မိရိုးဖလာ လုပ်ငန်း တခုလည်း ဖြစ်ပါတယ်။
ရွာသူတဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းဟာလည်း ဒီရက်ကန်း လုပ်ငန်း လုပ်ကိုင်နေသူတွေထဲက တဦးဖြစ်ပြီး သူ့အိမ်ခြံဝင်းထဲမှာ ရက်ကန်းစင်ပေါင်း ၂၀ လောက်နဲ့ လုပ်နေတဲ့ အသေးစား လုပ်ငန်းရှင် တဦးလည်း ဖြစ်ပါတယ်။
အဲဒီ ရက်ကန်းစင်ပေါင်း ၂၀ ကနေ တနေ့ကို အထည်ပေါင်း ၄၀ လောက် ထုတ်လုပ် နိုင်တာဖြစ်လို့ ရက်ကန်း တစင်ကို ၃ ထည်သာ ထွက်တဲ့ သဘောပါ။
လက်ရက်ကန်း တစင်ကို လုပ်သားတဦး သုံးရပြီး တရက်ကို ၂ ထည်သာ ရက်လုပ်နိုင်ပေမယ့် စက်ရက်ကန်းနဲ့ဆိုရင် လုပ်သား တဦးက ရက်ကန်း နှစ်စင်လောက်ကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်ပြီး ထွက်တဲ့ လုံချည်အရေအတွက် ကလည်း တရက်ကို အထည် ၂၀ နီးပါးလောက် ထွက်တယ်ဆိုတော့ ဒေါ်ဝင်းဝင်းကလည်း လက် ရက်ကန်း ကနေ စက်ရက်ကန်း ပြောင်းဖို့ စိတ်ကူးလာနေပါပြီ။
“လက်ရက်ကန်းကနေ စက်ရက်ကန်းဆိုရင် အထည်လည်း များများထွက်မယ်။ အခု ၄၀ ထွက်မယ်ဆိုရင် ၄ စင် စာလောက် ဆိုရင် ၈၀ လောက်အထိ ထွက်နိုင်တာပေါ့။ အဲဒီလို ထွက်တယ်ဆိုရင် အဆင်ပြေတာပေါ့။ အဓိက လိုအပ်တာ ချေးငွေပေါ့။ သမဝါယမ ကနေ ချေးပေးထားတာ ကျပ် ၅ သိန်း လောက်တော့ ရှိတယ်။ ဒီ ၅ သိန်း ဆိုတာလည်း ဘာမှ သုံးလို့ မရဘူး။ SME ဆိုတာ မသိဘူး” လို့ မိရိုးဖလာ လက်ရက်ကန်း လုပ်ငန်း လုပ်ကိုင်နေတဲ့ မြို့တွင်းကျေးရွာက ဒေါ်ဝင်းဝင်းက ပြောပါတယ်။
သူမသိဘူးလု့ိ ဆိုလိုက်တဲ့ SME ဆိုတာ အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေကို ဆိုလိုတာပါ။
ပြည်ခရိုင် ခေတ္တရာ စက်မှုဇုန်ထဲမှာ တွင်ခုံလုပ်ငန်း လုပ်ကိုင်တဲ့ ဦးသိန်းနိုင် (ခေါ်) ကိုပေါက် ကလည်း “SME အသေးစား လုပ်ငန်းချေးငွေ ဆိုတာရှိတယ်လို့ ကြားဖူးတယ်လေ။ ဒါပေမယ့် ကျနော်တို့ဆီတော့ ရောက်မလာဘူး။ ကျနော်တို့ ဇုန် ဥက္ကဋ္ဌ ကတော့ ဒါတွေရအောင် လိုက်လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် သူလည်း လိုက်လုပ်တာပဲ မရဘူး”လို့ ဆိုပါ တယ်။
ဒေါ်ဝင်းဝင်းနဲ့ ကိုပေါက်လို အသေးစား၊ အလတ်စား ချေးငွေဆိုတာနဲ့ အလှမ်းဝေးနေတဲ့ လုပ်ငန်းရှင်တွေကတော့ များစွာ ရှိနေပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်းက လုပ်ငန်းရှင်တွေအားလုံး အလှမ်းဝေးနေဆဲ ဖြစ်နေတာကို SME ဌာန ချေးငွေ ထုတ်ချေးပေးထားမှု စာရင်းဇယားတွေအရ သိရပါတယ်။
ပဲခူးတိုင်း တခုလုံးအတွက် SME ဌာနခွဲပေါင်း ၃ ခုရှိပြီး ပဲခူးအရှေ့ခြမ်းအတွက် ပဲခူးခရိုင် ရုံးခွဲ၊ တောင်ငူခရိုင် ရုံးခွဲနဲ့ ပဲခူး အနောက်ခြမ်း သာယာဝတီနဲ့ ပြည်ခရိုင် နှစ်ခုတွင်းက မြို့နယ် ၁၄ မြို့နယ်အတွက် ပြည်ခရိုင်ရုံးခွဲတို့ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး ရထားတဲ့ ပဲခူးတိုင်းမှာ SME လုပ်ငန်း မှတ်ပုံတင်ထားသူ ၇၆၁ ဦးရှိပြီး ပဲခူး ခရိုင်မှာ ၂၃၆ ဦး၊ တောင်ငူခရိုင်မှာ ၂၇၀၊ သာယာဝတီနဲ့ ပြည်ခရိုင် နှစ်ခုပေါင်း ၂၅၅ ဦး ရှိတယ်လို့ ပဲခူးတိုင်း SME ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်းမှာ ချေးငွေ မရတာကတော့ ဒေါ်ဝင်းဝင်းတို့လို ကျေးရွာလေး တရွာက ရက်ကန်းရုံ ပိုင်ရှင်လေးတွေ ကစလို့ ပြည်ခရိုင် စက်မှုဇုန် အစုအဖွဲ့ကြီး တခုလုံးကို ဦးဆောင်နေတဲ့ စက်မှုဇုန်ဥက္ကဋ္ဌ ထိအောင်ပါ။
ပြည်ခရိုင် ခေတ္တရာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးညီညီအောင်က သူအပါအဝင် စက်မှုဇုန် ကော်မတီဝင်တွေဟာ SME လုပ်ငန်းရှင် တွေကို ပုဂ္ဂလိကဘဏ်တွေက တဆင့် ချေးပေးနေတဲ့ ချေးငွေတွေအတွက် လုပ်ပိုင်ခွင့်ရ ဘဏ် ၆ ခုကို သွားရောက် စုံစမ်းခဲ့ ပေမယ့်လည်း အဆင်မပြေခဲ့ကြောင်း ပြောပါတယ်။
“ကျနော်တို့ ဘဏ် ၆ ဘဏ်လုံးကို ရောက်ပါတယ်။ ရောက်တဲ့အခါ ဘဏ်တွေက လုံးဝကို SME ချေးငွေနဲ့ ပတ်သက်ပြီး တော့ သူတို့ရုံးချုပ်က ညွှန်ကြားထားတာ မရှိတဲ့အတွက် လျှောက်လွှာပုံစံကို တောင်းလို့ မရတော့လို့ ကျနော်တို့ လုပ်ငန်း ရှင် တွေ တော်တော် စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရပါတယ်”လို့ ဦးညီညီအောင်က ပြောပြပါတယ်။
SME လုပ်ငန်းတွေ အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ – Japan International Cooperation Agency (JICA) က မြန်မာ အစိုးရကတဆင့် ၂ ဆင့်ချေးငွေ (Two Step Loans) အဖြစ် ငွေကျပ် ဘီလျံ ၅၀ ကျော် ချေးပေးထားတယ်လို့ သိရပါတယ်။
အဲဒီငွေထဲက ၃၅ ဘီလျံကျော်ကိုတော့ အစိုးရ ဗဟိုဘဏ်ကနေ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၆ ခုကို ထပ်ဆင့်လုပ်ပိုင်ခွင့် ပေးထားပါတယ်။
ဒီလိုလုပ်ပိုုင်ခွင့် ပေးတဲ့နေရာမှာ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အတိုးနှုန်း ၄ ရာခိုင်နှုန်းနဲ့ ချပေးတာဖြစ်ပြီး ပုဂ္ဂလိက ဘဏ်တွေကတော့ လုပ်ငန်းရှင်တွေကို ၈.၅ ရာခိုင်နှုန်းနဲ့ ပြန်ချေးပေးတာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တွေက ချေးငှားတဲ့အခါ အပေါင်ပစ္စည်း ပြတယ်ဆိုရင် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ၅ နှစ်တိုင် ချေးငှားနိုင်ပြီး Credit Guarantee Insurance – CGI ကတော့ ချေးငွေ သက်တမ်း တနှစ်သာ သတ်မှတ်ထားပြီး အများ ဆုံး ကျပ်သိန်း ၂၀၀ အထိ ချေးယူနိုင်ပါတယ်။
CGI စနစ်မှာတော့ အပေါင်ပစ္စည်းပါရင် ပရီမီယံကြေး ၂ ရာခိုင်နှုန်းနဲ့ ပေးသွင်းရပြီး ပစ္စည်းမပါရင်တော့ ပရီမီယံကြေးက ၃ ရာခိုင်နှုန်း သတ်မှတ်ထားတာပါ။
ဗဟိုဘဏ်ကတဆင့် SME လုပ်ငန်းရှင်တွေ အတွက် ချေးငွေပေးခြင်း ဝန်ဆောင်မှုကို ရယူထားတဲ့ ဘဏ်တွေကတော့ ကမ္ဘောဇ ဘဏ်၊ CB ဘဏ် လို့ လူသိများတဲ့ သမဝါယမ ဘဏ်၊ မြန်မာ့ရှေ့ဆောင် ဘဏ်၊ ဧရာဝတီ ဘဏ်၊ မြန်မာနိုင်ငံ သားများ ဘဏ်နဲ့ အသေးစားနှင့် အလတ်စား စက်မှု ဖွံ့ဖြိုးတိုးတက်ရေး SMIDB ဘဏ် တို့ပဲ ဖြစ်ပါတယ်။
ဒီဘဏ် ၆ ခု အနက် CB ဘဏ်တခုတည်းမှာသာ CGI စနစ်နဲ့ ချေးငွေ ရယူနိုင်တာ ဖြစ်ပါတယ်။
ပဲခူးတိုင်း အတွင်း Two Step Loans ချေးငွေ ရရှိမှု အနေအထားကတော့ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းရှင် ပေါင်း ၁၆ ဦးသာ ရရှိခဲ့ဖူးပြီး ပထမအကြိမ် ချေးငွေအဖြစ် ပဲခူးတိုင်း SMIDB ဘဏ်ကနေ ရေသန့် လုပ်ငန်းရှင် တဦးကို ကျပ် သိန်း ၄၈၀၀၊ ဒုတိယအကြိမ် ချေးပေးမှုမှာ တောင်ငူခရိုင် ဖြူးမြို့နယ်က ဆန်စပါး လုပ်ငန်းရှင် ၃ ဦးကို တဦးလျှင် ကျပ်သိန်း ၃၅၀ စီကို ဧရာဝတီ ဘဏ်ကတဆင့် ထုတ်ချေးခဲ့ပြီး ပဲခူးတိုင်း အနောက်ခြမ်းက သာယာဝတီခရိုင် အုတ်ဖို မြို့နယ်က ဆန်စပါး လုပ်ငန်းရှင်တဦးကို ကမ္ဘောဇဘဏ်က တဆင့် ကျပ် သိန်း ၂၀၀ ထုတ်ပေးထားတယ်လို့ ပဲခူးတိုင်း ဒေသကြီး SME ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလွင်က ပြောပါတယ်။
CGI စနစ်နဲ့ကတော့ ပဲခူးနဲ့ တောင်ငူခရိုင် အတွင်းက ဆန်စပါးလုပ်ငန်းရှင် ၁၁ ဦးကို CB ဘဏ်ကတဆင့် ငွေကျပ် ၉၃၅ သိန်း ကို မျှဝေထုတ်ပေးခဲ့ပြီး ချေးငွေအများဆုံး ရရှိသူမှာ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်က ဖြစ်ကြောင်းလည်း ပဲခူးတိုင်း SME ဌာန ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဒါပမေယ့် SMEs ချေးငွေတွေကို ပဲခူးတိုင်းအတွင်း စုစုပေါင်း ၁၆ ဦး ရရှိထားတဲ့အထဲက ၁၅ ဦးကတော့ ပဲခူးတိုင်း အရှေ့ ခြမ်းရှိ ပဲခူးခရိုင်နဲ့ တောင်ငူခရိုင် အတွင်းက လုပ်ငန်းရှင်တွေဖြစ်ပြီး ပဲခူးတိုင်း အနောက်ခြမ်းမှာတော့ သာယာဝတီ ခရိုင် အုတ်ဖို့မြို့နယ်က ဆန်စပါးလုပ်ငန်းရှင် တဦးတည်းသာ ကျပ်သိန်း ၂၀၀ ကို ကမ္ဘောဇဘဏ်ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်က လုပ်ငန်းရှင်တွေ တစုံတယောက်မှ မရရှိဘဲ ဖြစ်နေကြတဲ့ အတွက် လုပ်ပိုင်ခွင့်ရ ဘဏ် တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေလည်း ရှိနေကြပါတယ်။
အခုလို ဖြစ်နေရခြင်းဟာ သတင်း အချက်အလက် ရရှိမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်း ရှိနေ ပါသေးတယ်။
“ပြည်ခရိုင်၊ သာယာဝတီခရိုင် အနေနဲ့ သတင်းအချက်အလက် သိရှိရမှု အရမ်းနောက်ကျပါတယ်။ နောက်ကျတဲ့ အတွက် SME လုပ်ငန်းရှင်တွေ အနေနဲ့ အချိန်မီ လျှောက်ထားနိုင်ခဲ့ခြင်း မရှိဘူး။ သွားပြီးတော့ စုံစမ်းတဲ့ အချိန်မှာကို နောက်ဆုံး ပိတ် တော့မယ့် ရက်တွေ ဖြစ်လာပြီ။ အဲဒီလိုမျိုးတွေ ကြုံရပါတယ်။ SME လုပ်ငန်းစီမံချက်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဗဟို စီမံချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ချမှတ် လုပ်ဆောင်နေတယ် ဆိုရင် သူတို့အနေနဲ့ ပြင်ဆင်နေ ပါတယ် ဆိုတဲ့ ပြောတဲ့အချက်တွေကတော့ ပြည့်စုံပါတယ် ကောင်းပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ဖြစ်မလာသေးပါ ဘူး”ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
ဒါပေမယ့်လည်း သတင်း အချက်အလက် နောက်ကျခြင်းကြောင့် မဟုတ်ကြောင်းကို ငြင်းဆိုသူများကလည်း ရှိနေပါသေး တယ်။
“ကျနော်တို့ သတင်း အချက်အလက် နောက်မကျပါဘူး။ တရားဝင် ကြေညာထားတာက၂၀၁၆ ဒီဇင်ဘာလမှ လျှောက်လွှာ ပိတ်မှာ၊ ကျနော်တို့ သွားစုံးစမ်းတာက ဇွန်လလောက်တကည်းက စုံစမ်းခဲ့တာပါ။ ၆ လ လောက် စောပါတယ်။ တယောက် တည်း သွားတာ မဟုတ်ဘူး။ စက်မှုဇုန်ကော်မတီ ၆ ယောက်လောက်နဲ့ သွားစုံစမ်းတာပါ။ လျှောက်လွှာတောင် မရှိပါဘူး။ မလျှောက်နဲ့လို့ မပြောပါဘူး။ လျှောက်ချင်လျှောက်ပါတဲ့၊ လျှောက်လွှာပုံစံတောင် မရှိဘဲနဲ့ ကျနော်တို့က ဘယ်လိုပုံစံနဲ့ လျှောက်ရမှာလဲ။ ရှင်းရှင်းပြောရရင် ကျနော်တို့အပေါ်မှာ SME နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက စေတနာနည်းပါတယ်” ဟု ပြည်ခရိုင် ခေတ္တရာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးညီညီအောင်က ပြောပါတယ်။
ပြည်ခရိုင်အတွင်း SME ချေးငွေ ပေးပိုင်ခွင့်ရှိသော ပြည်မြို့ပေါ်ရှိ ကမ္ဘောဇ ဘဏ်နှင့် CB ဘဏ်တို့ကို အခုကိစ္စနဲ့ ပတ်သက် ပြီး သွားရောက် မေးမြန်းခဲ့ရာမှာ ဘဏ်ဝန်ထမ်းတွေက သူတို့မှာ ပြောဆိုခွင့် မရှိကြောင်း၊ ရုံးချုပ်ကသာ ကိုင်တွယ် ဖြေရှင်း ပေးနေခြင်းဖြစ်တဲ့ အတွက် ရုံးချုပ်ကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ပြည်မြို့ပေါ်ရှိ ဧရာဝတီဘဏ်မှ တာဝန်ရှိသူကို သွားရောက် တွေ့ဆုံခဲ့ပေမယ့်လည်း ခရီးလွန်နေလို့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာ မှာ ပြန်လည်ခေါ်ဆိုမယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ပြန်လည်ခေါ်ဆိုခြင်း မရှိသေးပါဘူး။
“ကျနော်လည်း ဒီဘဏ်ကိုရောက်တာ သိပ်မကြာသေးဘူး။ ကျနော်ရောက်တဲ့အခါ အသစ် ထပ်လျှောက်တာ မရှိဘူး။ အရင် အဟောင်းတွေကိုပဲ အတိုးအရင်းတောင်းတာတို့ နောက်ပြီး သက်တမ်းပြည့်တဲ့လူတွေ ပြန်တောင်းတာတို့ အဲဒါ တွေပဲ ကျနော်လုပ်ရတယ်။ အသစ် ထပ်လျှောက်တာ ကျနော့် လက်ထက်မှာ မရှိသေးပါဘူးခင်ဗျ။ တချို့တလေကတော့ လာမေးတာတော့ ရှိတယ်။ တင်တာတော့ မရှိဘူး။ လာမေးတဲ့အထဲ အများစုကတော့ ဆန်စက်လို့ ပြောတာပဲ ကျနော်တို့ ကတော့ လိုက်မကြည့်ရသေးဘူးပေါ့နော်”လို့ ပြည်မြို့ပေါ်က အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုးရေး SMIDB ဘဏ် မန်နေဂျာ ဦးမြင့်ကြည်က ပြောပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့တဲ့ SME ထောက်ပံ့ရေး အစီအစဉ်တခုဖြစ်တဲ့ ဘဏ် ၆ ခုကနေ ငွေချေးတဲ့ အစီအစဉ် ဟာ ပြည်ထောင်စု အဆင့်မှာ ရုပ်ပြကောင်းပေမယ့်လည်း တကယ်လက်တွေ့ ခရိုင်နဲ့ မြို့နယ် အဆင့်တွေအထိ ထိရောက် အောင် လုပ်ဆောင်ပေးနိုင်မှု အားနည်း နေသေးတယ်လို့ သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
CGI စနစ်မှာ အပေါင်ပစ္စည်းမဲ့ ချေးငွေရယူမယ် ဆိုရင် SME ဖွံ့ဖြိုးတိုးတက်ရေး ဌာနရဲ့ အသိအမှတ်ပြု ထောက်ခံချက် သီးသန့် တောင်းယူရပြီး ပြည်ခရိုင်ဌာနခွဲမှာ ထောက်ခံချက် လျှောက်ထားသူ ၅၇ ဦးရှိရာမှာ အဲဒီထဲက ထက်ဝက်ကျော် ကိုတော့ ညွှန်ကြားရေးမှူးချုပ်က အသိအမှတ်ပြု ထောက်ခံပေးတယ်လို့ ပြည်ခရိုင် SME ဌာနခွဲမှူး ဒေါ်စုစုခင်က ဆိုပါ တယ်။ ဒါပေမယ့်လည်း ချေးငွေ မရကြသေးပါဘူး။
“ကျမတို့ ပြည်ခရိုင် SME ဋ္ဌာနအနေနဲ့ ချေးငွေ တင်ထားတာက ၅၆ ဦးရှိတယ်။ DGE (ညွှန်ကြားရေးမှူးချုပ်) ရဲ့ ထောက်ခံ စာ ရရှိပြီးသူကတော့ ၃၇ ဦး ရှိပါပြီ။ အခုလက်ရှိ အချိန်အထိတော့ ကျမတို့ ပြည်ခရိုင်အတွင်းမှာ ထောက်ခံစာရပြီး လုပ်ငန်း ရှင်တွေကတော့ ငွေရပြီလို့ မကြားသေးပါဘူး။ ဒါပေမယ့် ဘဏ်ပိုင်းကတော့ လုပ်ငန်းတွေ စစ်ဆေးပြီး အဆင်သင့် စောင့်နေ တယ်လို့တော့ သိရပါတယ်” လို့ ဒေါ်စုစုခင်က ပြောပါတယ်။
CGI စနစ်နဲ့ ငွေချေးပေးတဲ့ ဝန်ဆောင်မှု ရယူထားတဲ့ ပြည်မြို့ပေါ်ရှိ CB ဘဏ်ကို သွားရောက် မေးမြန်းခဲ့ရာမှာ ရုံးချုပ်ကို သာ ဆက်သွယ်မေးမြန်းဖို့ ပြောဆိုခဲ့လို့ CB ရုံးချုပ်ကို ဆက်သွယ်တဲ့ အခါမှာလည်း SME ချေးငွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိ သူကို ပြန်လည်တင်ပြ ဆက်သွယ် ပေးပါမယ်လို့သာ ဖြေကြားခဲ့ပြီး အခုဆောင်းပါးရေးပြီးချိန်အထိ ပြန်လည် ဆက်သွယ်မှု ပြုလုပ်လာခြင်း မရှိသေးပါဘူး။
ပဲခူးတိုင်း SME ဌာန ကိန်းဂဏန်းတွေအရ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ တောင်ငူခရိုင် ဘက်မှာတော့ SME ချေးငွေတွေကို လုပ်ငန်းရှင်တွေ ရရှိနေပေမယ့်လည်း ပဲခူးတိုင်း အနောက်ခြမ်းက SME လုပ်ငန်းရှင်တွေကတော့ လုပ်ငန်းတိုးချဲ့ရေး အတွက် အဓိကကျတဲ့ ငွေအရင်းအနှီးတွေကို လိုအပ်နေဆဲ ဖြစ်ပါတယ်။
တွင်ခုံ လုပ်ငန်းရှင် ဦးသိန်းနိုင် (ခေါ်) ကိုပေါက်က “ချေးငွေရရင် အများကြီး အောင်မြင်နိုင်တာပေါ့။ နှစ်ရှည်ရရင်တော့ စက်မှု လုပ်ငန်းတွေ အောင်မြင်နိုင်တာပေါ့။ နိုင်ငံခြားက ချေးတဲ့ငွေဆိုတာ သူတို့ကလည်း ဘဏ်ကို ချေးလိုက်တယ်။ ဘဏ်ကနေတဆင့် ဆိုတော့ ကျနော်တို့ဆီ ဘယ်ရောက်တော့မလဲ။ စက်မှုဇုန် မကော်တီတွေ ဘာတွေဖွဲ့ပြီး ဇုန် ကော်မတီ တွေနဲ့ ချေးရင်တော့ ကျနော်တို့ဆီ ရောက်မှာပေါ့။ ဘဏ်ပေးလိုက်တယ်ဆို ဘယ်ရောက်မှာလဲ။ ချေးငွေချပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ကျနော်တို့လည်း လိုနေတာပဲ” လို့ ဆိုပါတယ်။
ဒေသတွင်း SME လုပ်ငန်းရှင်တွေဟာ ချေးငွေရရှိဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေ ရှိပေမယ့်လည်း မရရှိတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ လုပ်ပိုင်ခွင့်ရ ဘဏ်တွေကိုလည်း ကြပ်မတ်စိစစ် စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနိုင်ရင်တော့ ကောင်းမွန် မှာဖြစ်တယ်လို့ ပြည်ခရိုင်အတွင်းက SME လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ အောက်ခြေမှာ တကယ်လုပ်နေတဲ့ SME စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မကြာခဏ တိုက်ရိုက် တွေ့ဆုံ မှုတွေ ပြုလုပ်ပေးရင် ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်ခရိုင် ခေတ္တရာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးညီညီအောင် က အကြံပြု တိုက်တွန်းထားပါသေးတယ်။
ရွှေတောင်မြို့မ ကျေးရွာအုပ်စု မြို့တွင်းကျေးရွာက မိရိုးဖလာ လက်ရက်ကန်း လုပ်ငန်းရှင် ဒေါ်ဝင်းဝင်းကလည်း“ကျမတို့ မိဘ လက်ထက်ကတည်းက လုပ်လာတဲ့ ရွှေတောင်စည်းလုံချည်ဆိုရင် ဈေးကွက်တောင် ရှာစရာမလိုဘူး။ အနယ်နယ် အရပ်ရပ်က ထုတ်သလောက် ဝယ်နေကြတာ။ လက်ရက်ကန်း တစင်ကိုတနေ့မှ ၃ ထည်လောက် ထွက်တာ။ စက် ရက်ကန်း နဲ့ဆို ၈ ထည်နဲ့ ၁၀ ထည်ကြားထွက်တယ်။ စင် ၄ စင်ဆို သိန်း ၁၀၀ လောက်ကုန်မယ်။ စက်ရက်ကန်း ပြောင်းချင်နေပြီ ငွေကြေးမတတ်နိုင်သေးလို့။ အစိုးရက နှစ်ရှည် အတိုး သက်သက်သာသာနဲ့ ချေးပေးလို့ကတော့ ဒီလုပ်ငန်း အောင်မြင်တာ ပေါ့” လို့ ပြောဆို လိုက်ပါတယ်။ ။