ရခိုင်မျိုးနွယ်စုတခုဖြစ်သော မြိုတိုင်းရင်းသား ၁၅၀ ခန့်တို့သည် လွန်ခဲ့သည့် သီတင်းပတ်က ၎င်းတို့၏ ရွာကို စွန့်ခွာခဲ့ကြပြီး မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးမြိုရွာတွင် နားခိုလျှက်ရှိသည်။ သို့သော် သြဂုတ်လ ၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများက ၎င်းတို့ကို ယင်းရွာမှ နောက်တဖန် စွန့်ခွာခိုင်းရန် အကြောင်းဖန်လာသည်။
မေယုတောင်တန်း အနီးရှိ အိမ်ခြေ ၅၀ ခန့်ရှိသော ကိုင်းကြီးမြို ရွာကလေးတွင် ဩဂုတ်လ အစောပိုင်းက လယ်သမား ၆ ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။ ရက်အနည်းငယ် အကြာတွင် ရဲတပ်ဖွဲ့က အခြားရွာသားတဦး၏ အလောင်းကို ရှာတွေ့ပြီး ပျောက်ဆုံးနေသည့် နောက်တဦးကိုလည်း သေပြီဟု ကောက်ချက်ချကြသည်။ ထိုသေဆုံးမှုများသည် ARSA အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သည်ဟု အစိုးရကယူဆသည်။
ARSA စစ်သွေးကြွအဖွဲသည် သြဂုတ် ၂၅ ရက်နေ့ တနေ့တည်းတွင် ရဲစခန်း ၃၀ ခန့်ကို တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် စစ်သွေးကြွ ၅၉ ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သည်။ ရက်အနည်းငယ်အကြာတွင် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်သည်။ ထိုအဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည် မြောက်ဖျား ဒေသ၏ အခြေအနေသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းသွားသည်။
ယင်းတိုက်ပွဲများကြောင့် ကုလသမဂ္ဂ၏ နောက်ဆုံးခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ် မွတ်စလင် ၅၆၈၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည်ဟု ဆိုပါသည်။ ထိုသို့ ထွက်ပြေးသူ အများအပြားက မြန်မာ့တပ်မတော်သည် ၎င်းတို့ကို သတ်ပြီး ၎င်းတို့၏ နေအိမ်များကို မီးရှို့သည်ဟု ပြောကြသည်။ အစိုးရကမူ ARSA အကြမ်းဖက်အဖွဲ့သည် မီးရှို့မှုများ အတွက် တာဝန်ရှိသည်ဟု ဆိုသည်။ တချိန်တည်းမှာပင် ရခိုင်နှင့် ဟိန္ဒူဘာသာဝင် ၁၃၅၀၀ တို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးကြရကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည်။
နေပြည်တော်၏ ခွင့်ပြုချက်ဖြင့် ဩဂုတ် ၃၁ ရက်နေ့တွင် ဧရာဝတီ သတင်းထောက် မောင်တောမြို့သို့ သွားရောက်သတင်းယူချိန်တွင် အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်ခံနေခြင်း၊ အစိုးရအဖွဲ့နှင့် ARSA မွတ်စလင် စစ်သွေးကြွတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်းအပြင် ကိုင်းကြီး (ရခိုင်) ရွာတွင် ယာယီခိုလှုံနေသော မြိုတိုင်းရင်း ၁၅၀ ခန့်မှာ မောင်တောမြို့အနီးရှိ လုံခြုံရေးအစောင့် ချထားသော နေရာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရသောကြောင့် သွားရောက်တွေ့ဆုံခဲ့သည်။
“အရင်က ဒါမျိုးတခါမှ မကြုံဖူးဘူး။ ကိုင်းကြီး ရခိုင်ရွာလည်း အကုန် ထွက်ပြေးသွားကြပြီ။ ကျနော်တို့လည်း ဆက်မနေရဲတော့ဘူး ဒီနေ့ပဲ ထပ်ပြီးပြောင်းတော့မှာ” ဟု ကိုင်းကြီးမြို ကျေးရွာသူကြီး ဦးစံထွန်းက ပြောသည်။ “ညဆို ကောင်းကောင်း မအိပ်ရဘူး ဝုန်းဝုန်းဒိုင်းဒိုင်း အော်သံတွေ ကြားနေရတယ်။ ဒီရွာနောက်ဖက်နားမှာ ရှိတဲ့ရွာတွေက အနီးနားက မွတ်စလင်ရွာတွေပဲ” ဟု သူကရှင်းပြသည်။
မြိုတိုင်းရင်းသားများသည် ဒေသတွင်း နိုင်ငံရေးနှင့် ကင်းကြသည်။ ၎င်းတို့၏ ကျေးရွာသည် မေယုတောင်ခြေတွင် တည်ရှိပြီး စပါးနှင့် တောင်ယာလုပ်ငန်းများလုပ်ကိုင်ကာ အသက်မွေး ဝမ်းကျောင်းပြုကြသူများဖြစ်သည်။ ထိုရွာသို့ သွားသည့် ကားလမ်းမရှိပါ။ ၂ နာရီကြာ ခြေလျင်လျှောက်မှသာ ရောက်နိုင်သည်။ ရွာသား အများစုမှာ မြန်မာစကား မပြောကြတတ်ကြပါ။ သူတို့၏ အကျပ်အတည်းမှာ မောင်တောတခွင်တွင် ပဲ့တင်ထပ်နေသည်။ ၎င်းတို့ လက်ရှိခိုလှုံနေသော ကျေးရွာမှ ဒေသခံများသည်လည်း သာစည်ကျေးရွာအနီးရှိ ၃ မိုင် နယ်ခြားစောင့် တပ်စခန်းအနီး သို့မဟုတ် ဆွေမျိုးများရှိရာ ပြည်နယ်မြို့တော် စစ်တွေသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။
အရပ်သားသေဆုံးမှုများ
အစိုးရ၏သတင်းထုတ်ပြန်ချက်အရ ARSA သည် ဩဂုတ်လ ၂၅ ရက် နံနက် အစောပိုင်း တိုက်ခိုက်မှုမှ စတင်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးကို သတ်ဖြတ်ခဲ့သည်။ အပြန်အလှန်အားဖြင့် စစ်သွေးကြွ ၃၇၀ ကို မြန်မာစစ်တပ်က သုတ်သင်ရှင်းလင်းးခဲ့ပြီး ၉ ဦးကို အရှင် ဖမ်းမိသည်ဟု သိရသည်။ သေနတ် ၉ လက်နှင့် လက်လုပ်မိုင်း ၂၃ လုံးကိုလည်း သိမ်းဆည်းမိသည်ဆိုသည်။
ARSA အဖွဲ့ အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားခြင်း မရှိဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် မွတ်စလင် စစ်သွေးကြွများ၏ လက်ချက်ဖြင့် သေဆုံးသွားသော ဟိန္ဒူ ၇ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦးနှင့် ရခိုင် ၄ ဦးရှိသည်ဟု မျက်မြင်သက်သေများက ဧရာဝတီသို့ ပြောဆိုထားပါသည်။
လက်ရှိအချိန်တွင် ဒေသအတွင်း လုံခြုံရေး အစောင့်အရှောက်ဖြင့် ထားရှိရသော ခိုလှုံရာနေရာ ၃၃ ခု အထိ ရှိလာသည်။
စစ်သွေးကြွများ သတ်ဖြတ်ခြင်းခံခဲ့ရသူများထဲမှ လွတ်မြောက်လာသူ ကော်မာလာက ဧရာဝတီသတင်းဌာနသို့ ပြန်ပြောပြသည်။ ဟိန္ဒူမိသားစုဝင် ၁၂ ဦး တို့သည် မောင်တောတောင်ပိုင်း မြင်းလွှတ်ကျေးရွာတွင် ကျပန်းအလုပ်လုပ်ပြီး မြို့ပေါ်သို့ ပြန်လာသည်။ အပြန်လမ်း မြို့သူကြီး ကျေးရွာအနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA တို့ တိုက်ခိုက်မှုအကြား ပိတ်မိခဲ့ပြီး ဆောက်လုပ်ဆဲ မောင်တောခရိုင်ရုံးပေါ်သို့ တက်ပြေးကြသည်။
မောင်တော မြို့လယ် အမှတ် ၄ ရက်ကွက်တွင် နေထိုင်သူ ကေ်ာမာလာတို့ ယင်းအဆောက်အအုံသို့ ပြေးဝင်စဉ် သေနတ်၊ ဒါးနှင့် လေးခွများ ကိုင်ထားသော စစ်သွေးကြွ ၁၀၀ ခန့် က “ဟိုမှာ ဟိန္ဒူ၊တွေ အဲဒီကောင်တွေကို အရင်သတ်မှ ဖြစ်မယ်” ဟု အော်ရင်း နောက်မှ လိုက်လာကြောင်း စကားပြန်မှတဆင့် ပြန်ရှင်းပြသည်။
ထိုစစ်သွေးကြွများသည် အနက်ရောင် ဝတ်စုံနှင့် မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး “အလ္လာက မင်းတို့ကို ခေါ်နေပြီ” ဟု အော်ဟစ်ကြသည်ဟု သူက ပြောပြသည်။ သူ၏ ခင်ပွန်း ဖြစ်သူနှင့် ကလေးတယောက် အပါအဝင် စုစုပေါင်း ၆ ယောက် အသတ်ခံရပြီး သူကိုယ်တိုင်လည်း ရင်ဘတ်တွင် အပစ်ခံရပြီး သတိလစ်သွားခဲ့သည်။ အကြမ်းဖက်သမား များက သေပြီဟုထင်ကာ ချန်ထားခဲ့ရာမှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကလေး ၄ ဦးနှင့် အခြားအမျိုးသမီး တဦးတို့သည် ရေနံစည်ပိုင်းတွင်း ပုန်းအောင်းခဲ့၍ လွတ်မြောက်ခဲ့သည်။ ထို့နောက် လုံခြုံရေးတပ်များရှိရာ အနီးရှိ ရွာတရွာသို့ ထွက်ပြေးနိုင်ခဲ့သည်။
ကာမာလာကို ဘူးသီးတောင်မြို့နယ်တွင် ဆေးရုံတင်ထားစဉ် ဧရာဝတီက သွားရောက် တွေ့ခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့က ထပ်မံ ဆေးကုသမှု ခံယူနိုင်ရန် စစ်တွေသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ရွာများ ပိတ်ဆို့ခံထားရ
မောင်တောမြို့အနီးတွင် တည်ရှိသော ကျေးရွာ ၆ ခုဖြင့် ဖွဲ့စည်းထားသော ရွှေဇားကျေးရွာအုပ်စုနှင့် မောင်နီ အမည်ရှိ မွတ်စလင် ကျေးရွာတို့တွင် လူငါးဦးထက် စုဝေးခြင်းကို ကန့်သတ်ထားပြီး နံနက် ၆ နာရီမှ ည ၅ နာရီအတွင်း အပြင်မထွက်ရန် အမိန့်ထုတ်ထားသည်။ ယင်းရွာထဲတွင် ရခိုင်ရွာအချို့ရှိပြီး လူ ၂၀၀၀၀ ခန့် နေထိုင်ကြသည်။ ယင်းရွာတို့ တွင် နေအိမ်များ မီးရှို့ခံရခြင်း မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဟာဗင်းဟူဆောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဈေးကို နေ့စဉ် နာရီပိုင်းမျှသာ ဖွင့်ကြသည်။ ချောင်းများတွင် ငါးဖမ်းထွက်နိုင်ခြင်း မရှိသောကြောင့် ရွာသားများသည် တဦးနှင့် တဦး စားစရာ ဝေမျှ စားသောက်နေရသည်။ မောင်တောမြို့အထွက်နားတွင် ရှိသော မြို့သူကြီး မွတ်စလင်ကျေးရွာမှာ ပြာပုံဖြစ်သွားပြီဖြစ်သည်။ ထွက်ပြေးလာသူများက အနီးရှိ မောင်နီကျေးရွာရှိ ဆွေမျိုးများထံတွင် လာရောက်နေထိုင်ကြသည်။ မီးကို မည်သူက ရှို့သည်ကို မသိရကြောင်းလည်း သူက ပြောသည်။
“အစိုးရက ဈေးကို နည်းနည်းပိုစောဖွင့်ပေးရင်တော့ အစားအသောက် ပြတ်လတ်တာကို ဖြေရှင်းနိုင်မယ် ထင်ပါတယ်” ဟု ဟာဗင်းဟူဆောင်က ပြောသည်။ လုံခြုံရေး တပ်များသည် ချောင်းဝများ၊ ဈေးများနှင့် နယ်စပ်ဂိတ်များကို ပိတ်ဆို့ ထားသဖြင့် ငါးရှာ၍ မရကြပေ။ ဈေးသို့သွားပြန်လှျှင်လည်း မွတ်စလင် မဟုတ်သူများနှင့် ပဋိပက္ခ ဖြစ်ပြီး လက်ရှိ အခြေအနေကို မီးပေါ် ဆီလောင်းသကဲ့သို့ မဖြစ်စေရန် မွတ်စလင်များမှာ အိမ်တွင်းတွင် နေထိုင်နေကြသည်။ မြေပြင် အခြေအနေ မတည်ငြိမ်သော်လည်း အာဏာပိုင်များနှင့် ရွာသားများအကြား ပဋိပက္ခ မရှိကြောင်း မွတ်စလင်ကျေးရွာသား ဖြစ်သူ ရိုရှစ်က ဧရာဝတီကို ပြောသည်။
သူတို့ တရွာလုံးက ARSA ၏ တိုက်ခိုက်မှုကို လက်မခံကြောင်း ရှုတ်ချကြောင်း အမည်မဖော်လိုသော မွတ်စလင် ရွာသားတဦးက ပြောပါသည်။
“ဒီလို လုပ်ရပ်မျိုးကို လက်မခံနိုင်ဘူး။ အခု ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝန်းတွေကြားမှာ ယုံကြည်မှုတွေ ပျက်ကုန်ပြီ။ ပထမဆုံး ယုံကြည်မှု ပြန်လည် တည်ဆောက်ရမယ်” ဟု သူက ပြောသည်။ သို့သော် ယုံကြည်မှု တည်ဆောက်ခြင်းမှာ ယခင်ဖြစ်ရပ်များထက် ပိုမိုကြာမြင့်နိုင်ကြောင်း သူက သုံးသပ်သည်။
ဘေးလွတ်ရာသို့
ကျေးလက်တွင် နေထိုင်သူများသည် ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် ဆက်တိုက် တောင်းဆိုနေကြသည်။ ဒေသတွင်း လှုပ်ရှားနေသော အစွန်းရောက် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို ကြောက်လန့် နေသော ဝန်ထမ်းအချို့ကို အစိုးရက လေကြောင်းမှ သွားရောက်ခေါ်ခဲ့သည်။ ဟိန္ဒူဘာသာဝင် ၃၀၀ နီးပါးသည် မြို့စွန်ရှိ လသာကျေးရွာတွင် ပိတ်မိနေပြီး စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုကို ခံထားရကြောင်း မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းတကျောင်းတွင် ခိုလှုံနေသော ဂူရန်ဂေါ် အမည်ရှိ မောင်တောမှ ဟိန္ဒူ ဘာသာဝင် တဦးက ပြောပြသည်။
“မင်းတို့တွေ ဒီရွာကနေ ထွက်ပြေးရင် မင်းတို့ကို သတ်ပစ်မယ်” ဟု စစ်သွေးကြွများက ပြောသည်ဟု ဟိန္ဒူ ဘာသာဝင်များက ပြောကြပါသည်။
စစ်သွေးကြွများက သြဂုတ်လ ၂၆ ရက်နေ့တွင် ဟိန္ဒူဘာသာဝင် တဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ဟိန္ဒူများ၏ နေအိမ်ကို မီးရှို့ခဲ့သည်ကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရကြောင်း အမှတ် (၄) ရပ်ကွက်မှ ထွက်ပြေးလာသူ ရုူဘန်း ခေါ် ကျော်ကျော်နိုင်နှင့် အခြားသော ဟိန္ဒူဘာသာဝင် အများအပြားက ဧရာဝတီသို့ ပြောဆိုကြပါသည်။
တိုက်ပွဲများ စတင် ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၃၀ ခန့်ရှိကြောင်း ရှူဘန်းက ပြောသည်။ ထိုအချက်ကို ဧရာဝတီသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
စက်တင်ဘာလ ၁ ရက်နေ့တွင်မူ မြန်မာ လုံခြုံရေးတပ်များသည် လသာကျေးရွာမှ ဟိန္ဒူဘာသာဝင် ၃၀၀ နှင့် ငရံ့ချောင်း ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၉၉ ဦးတို့ကို စောင့်ရှောက် ခေါ်ဆောင်ခဲ့သည်ဟု အစိုးရက ကြေညာသည်။ သို့သော်လည်း မောင်တော မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူ ဘာသာဝင်များလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် ကျန်နေသေးသည် ဟု ဟိန္ဒူဘာသာဝင် သတင်းရင်းမြစ်များက ပြောသည်။
အစိုးရက မောင်တောမြို့နယ် ကျေးရွာ ၄၃ ခုမှ မွတ်စလင် မဟုတ်သူ ၉၄၀၂ ဦးနှင့် ဘူးသီးတောင်ရှိ ကျေးရွာ ၃၄ ခုမှ ၂၃၂၆ ဦး အပါအဝင် လူပေါင်း ၁၃၅၃၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်း အစိုးရက ကြေညာသည်။ ထိုသူများတွင် ဟိန္ဒူဘာသာဝင် ၁၈၀၀ ခန့်ပါပြီး ကျန်သူများမှာ ရခိုင်များ ဖြစ်သည်။
ပြာပုံ ရွာများ
အစိုးရ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ARSA စစ်သွေးကြွများသည် မြန်မာနိုင်ငံကို နိုင်ငံတကာက အပြစ်တင်ခံရစေရန် မောင်တောမြို့လယ်ရှိ ရပ်ကွက် ၂ ခု အပါအဝင် ဘူးသီးတောင်နှင့် မောင်တောရှိ ကျေးရွာပေါင်း ၃၂ ရွာကို မီးရှို့ခဲ့သည်ဟု ဖော်ပြသည်။
ရသေ့တောင်မြို့နယ်ရှိ မွတ်စလင်ကျေးရွာ ချိန်ကြာလီ တရွာလုံးနီးပါး စုစုပေါင်း အိမ်ခြေ ၇၀၀ ခန့်မီးရှို့ခံရကြောင်း ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၅ မှ ၃၀ ရက် အတွင် နေရာပေါင်း ၁၇ နေရာတွင် မီးလောင်ကျွမ်းမှုများ တွေ့ရှိရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဂြိုလ်တု ဓာတ်ပုံများ ပြသသည်။
သို့သော် အစိုးရက ယခုတကြိမ်တွင်လည်း မည်သည့် အထောက်အထားမျှ ထုတ်ပြန်ခြင်းမရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာလများက ရိုဟင်ဂျာရွာများ မီးရှို့ခံရစဉ်ကလည်း သက်သေပြခြင်း မရှိခဲ့ကြောင်း HRW က ပြောသည်။ မြန်မာလုံခြုံရေး တပ်များက တမင်မီးရှို့သည်ဟု HRW က စွပ်စွဲပြောဆိုသည်။
မောင်တောမြို့ ပတ်ဝန်းကျင်နှင့် မြို့လယ်တွင် တငွေ့ငွေ့ လောင်ကျွမ်းနေသော အိမ်ခြေ ရာပေါင်းများစွာ၏ အပျက်အစီးများကို ဧရာဝတီသတင်းဌာနက မြင်တွေ့ခဲ့ရသည်။
ယခု အခြေအနေသည် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် ရဲကင်းများကို စစ်သွေးကြွတိုက်ခိုက်မှုထက် ပိုမိုဆိုးရွားကြောင်း မျက်မြင်သက်သေများက ပြောကြပါသည်။
မောင်တော မြို့လယ်သို့ အဝင်အနီးတွင် လူဦးရေ ၈၆၀၀ ရှိပြီး အိမ်ခြေ ၁၂၃၀ ရှိသော မြို့သူကြီး ကျေးရွာရှိပြီး ထိုကျေးရွာသည် ဒေသအတွင်းတွင် အကြီးမားဆုံး မွတ်စလင်ရွာများ အနက်တခု ဖြစ်သည်။ ဘူးသီးတောင်-မောင်တော အဝေးပြေးလမ်းမကြီး၏ ဘေးတွင်တည်ရှိပြီး ဈေး၊ ကျောင်းနှင့် ရုံးအချို့မှာ ပြာပုံအတိဖြစ်နေသည်။
အစုလိုက်ထွက်ပြေးခြင်း
ရခိုင်၊ ဟိန္ဒူနှင့် မွတ်စလင် သောင်းနှင့် ချီပြီး အကြမ်းဖက်မှုများကြောင့် ထွက်ပြေးနေကြရသည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ ဝန်ထမ်းများနှင့် အခြား သူများလည်း မောင်တောကို နေ့စဉ်ရက်ဆက် စွန့်ခွာလျှက်ရှိကြောင်း ဒေသခံ သတင်းထောက်များက ဧရာဝတီသို့ ပြောသည်။ တဦးက“ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ အမျိုးသားတွေလောက်ပဲ ဒီမှာကျန်တော့တာ။ ကျန်တဲ့ ရခိုင်တွေက ရခိုင်ပြည်နယ်က ငြိမ်းချမ်းတဲ့ နေရာတွေကို သွားကြပြီ’’ ဟုလည်း ပြောသည်။
မောင်တောဒေသကို စွန့်ခွာနေရန် ပြင်ဆင်နေသည့် မိသားစု ၈ စုကို ဧရာဝတီသတင်းဌာနက ဘူးသီးတောင်ဆိပ်ကမ်းနားတွင် စစ်တွေ သင်္ဘော စောင့်ဆိုင်းနေသည်ကို တွေ့ခဲ့သည်။ သင်္ဘော လက်မှတ်ခ မတတ်နိုင်၍ အများပြည်သူထံမှ စာနာမှုကို စောင့်မျှော်နေကြသည်။ ထိုစဉ် ဘူးသီးတောင်မြို့ကောင်းခွင်တခွင်
မှိုင်းအုံ့နေသော မိုးသားများက ဟင်းလင်းပြင်တွင် ထိုင်နေကြသော ၎င်းတို့မိသားစုတို့ပေါ် မညှာမတာ သဲကြီးမဲကြီး ရွာချလိုက်သည်။ မိဘများက ၎င်းတို့၏ ကလေးများခေါင်းတွင် မိုးကာစများ အုပ်မိုးလိုက်ကြသည်။
ယင်းဆိပ်ကမ်းတွင် စောင့်ဆိုင်းနေသူ ဒေါ်မဦးစိန်သည် မောင်တောတောင်ပိုင်း ခရေမြိုှုင်ကျေးရွာမှ ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပေါ်၍ မောင်တော သုံးမိုင်စခန်းသို့ ၎င်းတို့မိသားစု ထွက်ပြေးကြစဉ် လမ်းမပေါ်တွင် ARSA အကြမ်းဖက်သမားများနှင့် ပက်ပင်းတိုး၍ သားတယောက် ဆုံးရှုံးခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်မိသားစုများ လွတ်မြောက်လာသည်။
“အဲဒီနေရာကို လှည့်တောင် မကြည့်ချင်တော့ဘူး။ ပစ္စည်းဥစ္စာထက် အသက်က ပိုပြီးတန်ဖိုးရှိတယ်’’ ဟု သူက ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် မိုးမြင့်၏ Arson and Bloodshed in Rakhine’s Maungdaw ကို ဘာသာပြန်သည်။)