ယခု စာရေးသည့် အချိန်တွင် မြန်မာပြည် အနောက်ခြမ်း ရခိုင်ပြည်နယ် မြောက်ဖျားမှ မွတ်ဆလင် ၁၂၀၀၀၀ ကျော် ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ ထို့အတွက် မြန်မာအစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်ခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်သည်။
အတိတ်သမိုင်းတွင် ရှမ်း၊ ကရင်၊ ကချင် နှင့် မွတ်ဆလင်များ အပါအဝင် မြန်မာနိုင်ငံမှ လူနည်းစုများသည် ကာလရှည်ကြာစွာ ဒုက္ခဖြင့် နေထိုင်ခဲ့ရပြီး တခါတရံတွင် ဧရာဝတီမြစ်ဝှမ်းတွင် အဓိက အခြေစိုက်သည့် လူများစု ဗမာများနှင့် ဆက်ဆံရေးက သွေးစွန်းမှုများ ရှိခဲ့သည်။
မွတ်ဆလင်များက မြန်မာတို့၏ ပြည်သူ့ဘဝတွင် အစိတ်အပိုင်းတခု အဖြစ်ရှိနေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၁၉ ရာစုနှစ်များအတွင်း မင်းတုန်းမင်း အပါအဝင် အုပ်ချုပ်သူ အဆက်ဆက်က မွတ်ဆလင်များ အခြေချလာခြင်းနှင့် ဗလီတည်ဆောက်ခြင်းများကို အားပေးခဲ့ကြသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာငွေအတွက် အရေးပါသော အရင်းအမြစ်တခု အဖြစ် မြင်ခဲ့ကြသည်။
သို့သော်လည်း ကုန်းဘောင်မင်းဆက်ကို ဗြိတိသျှတို့က အနိုင်ယူလိုက်ခြင်းက မြန်မာလူမျိုးတို့၏ စိတ်ခံစားမှုအပေါ် ပူလောင်သော သက်ရောက်တခု ဖြစ်စေခဲ့သည်။ နိုင်ငံခြားသား မုန်းတီးမှုကို နက်ရှိုင်းစွာ အမြစ်တွယ်စေခဲ့သည်။ ကိုလိုနီ အာဏာပိုင်များက မလေးရှား နှင့် အင်ဒိုနီးရှား ကဲ့သို့ ဒေသခံ ဆူလတန်များမှ တဆင့် အုပ်ချုပ်ရန် ရွေးချယ်ခဲ့သည့် မဟုတ်ဘဲ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးကို ဗြိတိသျှတို့က တိုက်ရိုက်ကိုင်တွယ်ပြီး ကလ္လကတ္တားနှင့် နောက်ပိုင်းတွင် ဒေလီမှ စီမံခန့်ခွဲခဲ့သည်။
မြန်မာနိုင်ငံက စီးပွားရေး အရ အလွန်တန်ဖိုးရှိသည့် နယ်မြေတခု ဖြစ်ခဲ့သည်။ သစ်၊ တန်ဖိုးကြီး ကျောက်မျက်များနှင့် ရေနံ တို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား အလုပ်သမားများကို မြန်မာ့လူ့အဖွဲ့အစည်း၏ အဓိကနေရာသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာအောင် ဆွဲဆောင်ခဲ့သည်။ ထို့ပြင် အိန္ဒိယတိုက်ငယ်မှ မားဝါရီ Marwari ကုန်သည်များနှင့် ချစ်တီး Chettiar ငွေချေးသူများက မကြာမီမှာပင် မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးရေး၏ ကြီးမားသော အလားအလာကို သတိပြုမိခဲ့ကြပြီး နှစ် အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံကို နိုင်ငံခြားသို့ ဆန်စပါးအဓိက တင်ပို့သည့် နယ်မြေတခုအဖြစ် ပြောင်းလဲခဲ့သည်။
ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် စီးပွားရေးသမားများက အနီးတွင်ရှိသော အိန္ဒိယမှ အလုပ်သမားများကို တင်သွင်းခဲ့ခြင်းက ပြည်တွင်း လုပ်အားခများကို ကျဆင်းစေခဲ့ပြီး မရေမတွက်နိုင်သော ဒေသခံလယ်သမားများ နေရပ်စွန့်ခွာ ထွက်သွားစေခဲ့သည်။
ဒုတိယကမ္ဘာစစ် မဖြစ်မီ အချိန် ရန်ကုန်မြို့ လူဦးရေ၏ တဝက်နီးပါးကလည်း အိန္ဒိယ နွယ်ဖွားများ ဖြစ်လာကြသည်။ ထိုအချက်ကြောင့် အသစဝင်ရောက်လာသူများ (အများစုမှာ မွတ်ဆလင်များ ဖြစ်ဖွယ်ရှိသည်) ကို ကျူးကျော်သူများအဖြစ် မြင်ခဲ့ကြသော ဒေသခံ မြန်မာများ၏ မခံမရပ်နိုင်သော ခံစားမှုများက နက်ရှိုင်းလာခဲ့သည်။
ရန်ကုန်မြို့တွင် ရွှေ့ပြောင်း အခြေချလာသူများကို ဆန့်ကျင်သော အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။ အဓိကရုဏ်းများ နောက်ပိုင်းနှင့် ဒုတိယကမ္ဘာစစ်အတွင်း သန်းပေါင်းများစွာသော အိန္ဒိယ နွယ်ဖွားများ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသည်။ သို့သော်လည်း အများအပြား ကျန်ရစ်နေခဲ့သေးသည်။
သန်းနှင့် ချီသော မြန်မာနိုင်ငံမှ မွတ်ဆလင်များအတွက် လတ်တလော ရခိုင်ပြည်နယ်မှ ပဋိပက္ခက အလွန်ပင် အနေကျပ်စေခဲ့သည်။ အစိုးရ၏ တရားဝင် သန်းခေါင်စာရင်းအရ မွတ်ဆလင်များက မြန်မာနိုင်ငံ လူဦးရေ၏ ၂ ဒဿမ ၃ သာ ရှိကြောင်း စစ်တမ်းကောက်ယူ တွေ့ရှိသည်။ သို့သော် ယင်းကိန်းဂဏန်းတွင် ၁ ဒဿမ ၂ သန်းခန့် ရှိ ရခိုင်ပြည်မှ မွတ်ဆလင်များ မပါဝင်ကြပါ။
မည်သို့ပင် ဖြစ်စေ မွတ်ဆလင် လူနည်းစုများကို ထင်သာမြင်သာ တွေ့နေရပြီး ရန်ကုန်မြို့တွင် အများအပြား ထုနှင့်ထည် နှင့် ရှိနေသလို ပဲခူး၊ မော်လမြိုင်နှင့် မိတ္ထီလာကဲ့သို့ မြို့ကြီးမြို့ငယ်များတွင်လည်း အနှံ့အပြားရှိနေသည်ကို ဗလီများက ဖော်ပြနေသည်။
ထို့ကြောင့် နိုင်ငံတကာ၏ အလေးပေးမှုက ရခိုင်ပြည်နယ်အခြေအနေကို အာရုံစူးစိုက်နေချိန်တွင် သူတို့၏ အခြေအနေ များက တခါတရံတွင် မရေရာသလို ရှိနိုင်သော်လည်း မြန်မာနိုင်ငံမှ မွတ်ဆလင်များ အားလုံးက ရိုဟင်ဂျာများ မဟုတ် သည်ကို သတိပြုမိရန် အရေးကြီးပါသည်။
မွတ်ဆလင် မဟုတ်သူများက “ကုလား” ဆိုသည့် အသုံးအနှှုံးကို သုံးစွဲခြင်း အပါအဝင် တရားဝင်ရော တရားမဝင် ခွဲခြား ဆက်ဆံမှုများ ရှိနေကြောင်း အများအပြားက စောဒက တက်ခဲ့ကြသည်။ (မြန်မာနိုင်ငံသား အများအပြား သုံးစွဲနေသော လူမှုကွန်ရက် ဖေ့ဘွတ်ကပင် ယင်းအသုံးအနှုန်းကို အမုန်းစကားအဖြစ် သတ်မှတ်ကာ ပိတ်ပင်ခဲ့သည်။)
လတ်တလော ကိစ္စများ ဖြစ်နေသည့် အချိန်တွင် သူတို့၏ အမြင်များကို သိနိုင်ရန် အတွက် ကျနော့် မိတ်ဆွေ မြန်မာနိုင်ငံသား မွတ်ဆလင်များကို ဆက်သွယ်ခဲ့ပါသည်။ သူတို့ကို ကာကွယ်ရန် အချို့နေရာများတွင် သူတို့၏ အမည်များကို လွှဲပြောင်း အသုံးပြုထားပါသည်။
ကျနော့် ဆောင်းပါးများကို ပုံမှန်ဖတ်ရှုသူများ အနေဖြင့် ယခင်က ကုန်တင်ကားမောင်းခဲ့သော အသက် ၇၁ နှစ်အရွယ် ဦးတင်ဝင်းနှင့် သူ၏ မြေးများအတွက် စာရွက်စာတမ်းများ ရရှိနိုင်ရန် ရင်ဆိုင်နေရသော အခက်အခဲကို ကောင်းကောင်း သိကြပါလိမ့်မည်။ ယခုတကြိမ် ကျနော် ဆက်သွယ်လိုက်သည့်အခါတွင်လည်း ပြဿနာက လျော့ပါး မသွားသေးသည့် အသွင်ရှိပါသည်။
“အကောက်ခွန် အရာရှိ လုပ်ခဲ့တဲ့ ကျနော့် ဦးလေးတောင် မှတ်ပုံတင် တခု မရနိုင်ဘူး ဖြစ်နေတယ်။ သူ့မှတ်ပုံတင်က ပျောက်သွားတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးရှိနေပေမယ့် အခုထိ အသစ်ပြန်မရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက မွတ်ဆလင် ဖြစ်နေလို့ပါ။”
အခြားသူများအတွက်ကတော့ သူတို့စိုးရိမ်သည်မှာ လုံခြုံရေး ဖြစ်သည်။ အသက် ၃၀ ကျော်လောက်ရှိမည့် ကိုချစ်(အမည်လွှဲပြောင်းထားပါသည်)က မွတ်ဆလင်အများအပြားနှင့် ဗလီအများအပြားရှိသည့် ရန်ကုန်မြို့တွင် တက္ကဆီမောင်းသူ တယောက် ဖြစ်သော်လည်း တခါတရံတွင် လုံခြုံမှုမရှိဟု ခံစားရလေ့ရှိသည်။
“မြန်မာနိုင်ငံ နေရာတိုင်းမှာ ဗုဒ္ဓဘာသာတွေက မွတ်ဆလင်တွေဟာ အစိုးရကို ဖြုတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်သမားတွေလို့ ထင်ကြတယ်။ အဲဒီဝါဒဖြန့်ချီမှုကို ဖြန့်ဝေနေတဲ့ သတင်းအတုတွေကလည်း ဆိုရှယ်မီဒီယာ ပေါ်မှာ အများကြီးပဲ။ ဒီလိုနည်းနဲ့ အမုန်းသဘောထားတွေက ရခိုင်ပြည်နယ် အပြင်ဖက်ကို ပြန့်လာတယ်။”
“ကံကောင်းတာက ကျနော်က မွတ်ဆလင်နဲ့ လုံးဝမတူဘူး။ ဒါကြောင့် ပြဿနာ မရှိဘဲ နေနိုင်ခဲ့တယ်။”
မြန်မာနိုင်ငံတွင် မွတ်ဆလင်ပုံစံ ဆိုသည်မှာ မဲမှောင်သော အသားအရည်၊ အိန္ဒိယ နွယ်ဖွား အသွင်အပြင်နှင့် အမျိုးသား များ က မုတ်ဆိတ်ပါခြင်း သို့မဟုတ် အမျိုးသမီးများက ခေါင်းစည်းပုဝါ (hijab) ဝတ်ဆင်ခြင်း ဖြစ်သည်။
မိတ္ထီလာမြို့မှ မွတ်ဆလင်တဦးဖြစ်သည့် မနိုင်(အမည်လွှဲပြောင်းထားပါသည်) တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ချမ်းအေးလို့ ခေါ်တဲ့ ရွာတရွာမှာ မွတ်ဆလင် တယောက်နဲ့ ဗုဒ္ဓဘာသာ တယောက် ရန်ဖြစ်ခဲ့တယ်။ စစ်သားတွေက ညမထွက်ရ အမိန့်ထုတ်ပြီး အဲဒီနေရာမှာ တင်းတင်းကျပ်ကျပ် စောင့်ကြပ် နေကြတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခက နောက်တကြိမ် ဒီကို ပြန့်မလာဘူးလို့ မျှော်လင့်ပါတယ်။”
ခွဲခြားဆက်ဆံမှုက ချမ်းသာကြွယ်ဝသော မြန်မာမွတ်ဆလင်များ အပေါ်ပင် သက်ရောက်မှုရှိခဲ့သည်။ ဦးကျော် (အမည်လွှဲ ပြောင်းထားပါသည်)က ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် ဝါရင့် စီးပွားရေးသမား တဦး ဖြစ်ပါသည်။
“ကျနော် ဝန်ကြီးတွေရော သံအမတ်တွေပါလာတဲ့ အဆင့်မြင့် သံတမန်ရေးရာ သင်တန်းတခုကို တက်ခဲ့တယ်။ သူတို့က အဲဒီမှာ ကုလားလို့ မြန်မာမွတ်ဆလင်တွေကို ရည်ညွှန်းပြီး သုံးကြတယ်။ ရုပ်သံ အစီအစဉ်တွေနဲ့ ရုပ်ရှင်တွေမှာလည်း ဒီ စကားလုံးကို တချိန်လုံး သုံးကြတယ်။ လူမျိုးရေးခွဲခြားမှုက နေရာတိုင်းမှာပဲ။”
“မြို့ငယ်လေးတွေမှာ ဆိုရင် ဆိုင်တွေရဲ့ အပြင်ဖက်မှာ ဒီစီးပွားရေးလုပ်ငန်းတွေက ဗုဒ္ဓဘာသာပိုင် ဖြစ်ကြောင်း ပြသတဲ့ အမှတ်အသားတွေရှိတယ်။ ဒါကြောင့် သူတို့ အနေနဲ့ ကျနော်တို့ကို ခွဲခြားလို့ ရနိုင်တယ်။ စီးပွားရေး အလုပ်ဖြစ်အောင်လို့ ဗုဒ္ဓဘာသာဝင် တွေကို တဆင့်ခံ သုံးရတယ်။ အဲဒီလိုမှ မလုပ်ရင် ကျနော် ဘယ်တော့မှ ရပ်တည်နိုင်မှာ မဟုတ်ဘူး။”
ကျနော့် အတွက် အံ့သြစရာ ဖြစ်သည်မှာ ကျနော်၏ မိတ်ဆွေ မြန်မာမွတ်ဆလင်များကြားတွင် ယခုအချိန်၌ နိုင်ငံတကာ၏ ဝေဖန် ပြစ်တင်မှုနှင့် ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးသီးသော သဘောထား အနည်းငယ်မျှသာ ရှိ ခြင်းဖြစ်သည်။
ဥပမာအားဖြင့် ဦးတင်ဝင်းက မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ကာကွယ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ အဆိုပါ အခြေခံ ဥပဒေတွင် “ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူ အပေါင်းတို့သည် နိုင်ငံတော်အတွင်း လူမျိုးရေး တန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မြဲ မွေးမြူလျှက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သံန္နိဌာန်ချမှတ်၍ လည်းကောင်း” ဆို သည့် စာပိုဒ်ပါဝင်သည်ကို မှတ်သားထားသင့်ပါသည်။
တခြားဘက်တွင်မှု မနိုင်က “NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖြစ်နေတာတွေကို ပြောင်းလဲဖို့ အာဏာမရှိဘူး။ သူက တော့ အကောင်းဆုံး လုပ်နေပါတယ်” ဟု သူ့ခံစားချက်ကို ပြောသည်။
တက္ကဆီမောင်းသည့် ကိုချစ်ကလည်း NLD ကို သဘောကျသည်။ “ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပဋိပက္ခကို တုန့် ပြန်တာ အလွန်မျှတတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ အပြင်း အထန်ကြိုးစားနေတယ်။ သူတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဦးကျော်ကမူ “တကယ်လို့ သူတို့ (ဒေါ်အောင်ဆန်းစုကြည် နှင့် NLD) ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့ ထောက်ခံမှု ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ သူတို့က မြန်မာမွတ်ဆလင်တွေနဲ့ ရိုဟင်ဂျာတွေ ငြိမ်းချမ်းစွာ နေနိုင်အောင် ကူညီဖို့ လုပ်နေတယ် ဆိုတာ သေချာပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ မွတ်ဆလင်များသည် ရှုပ်ထွေး၍ သိမ်မွေ့သော အခြေအနေတခုအောက်တွင် သတိထားနေကြရသည်။ ရခိုင်မြောက်ပိုင်းပြီးလျှင် သူတို့သည် အစွန်းရောက်များအတွက် နောက်ထပ်ပစ်မှတ်တခု ဖြစ်လာနိုင်သည်ကို သူတို့ အားလုံး ကောင်းကောင်း သိကြသည်။
အများစုက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သာလျှင် သူတို့၏ မျှော်လင့်ချက်ဟု မြင်ကြဆဲပင်။
(ကာရင်ရတ်စလန်သည် အရှေ့တောင်အာရှရေးရာများကို အထူးပြု လေ့လာရေးသားနေသော မလေးရှား စာရေးဆရာ တဦး ဖြစ်သည်)