ဆောင်းပါး

ဖလင်ပေါ်က အမွေအနှစ်များကို ထိန်းသိမ်းခြင်း

Want create site? Find Free WordPress Themes and plugins.

အဖေဖြစ်သူရဲ့ ဖလင်ဗူးအဟောင်းတွေကို မောင်ဥက္ကာ ဖွင့်ကြည့်တဲ့အခါ တချို့က အုတ်ခဲတွေလို မာကျော၊ တချို့က ခဲပြီး ကပ်နေပြီ ဖြစ်သည်။ တချို့ဖလင်လိပ်တွေက လုံးဝမပျက်သေးပေမယ့် ယိုယွင်းစ ပြုနေသည်ကို တွေ့ရသည်။

“တချို့ဟာလေးတွေက ပြန်ရစ်ကြည့်ပြီးတော့ ဆေးလို့ရသေးတယ်။ အိမ်မှာတော့ ထားလို့မရတော့ဘူး၊ တဖြည်းဖြည်းနဲ့ အကုန်ပျက်မှာပဲ” ဟု ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ သားဖြစ်သူ မောင်ဥက္ကာက ရုပ်ရှင်ဖလင် အဟောင်းတွေကို သူဘယ်လိုစပြီး စိတ်ဝင်စားခဲ့သလဲဆိုတာကို ဧရာဝတီကို ပြောပြပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏဟာ ၁၉၇၀ ခုနှစ်များကစပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းအထိ ရုပ်ရှင်တွေ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုရှင် ရုပ်ရှင်ဒါရိုက်တာတယောက် ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဘိုးဖြစ်သူ ဦးသာဓုကစလို့ တတိယမျိုးဆက် မောင်ဥက္ကာအထိ ရုပ်ရှင်နယ်ပယ်သားတွေ ဖြစ်နေတဲ့အတွက် ရုပ်ရှင်မိသားစုရယ်လို့တောင် ခေါ်နိုင်ပါတယ်။

ဒီဖလင်အဟောင်းတွေပေါ်က ပုံရိပ်တွေဟာ အဖေဖြစ်သူက သားကို လက်ဆင့်ကမ်းခဲ့တဲ့ အမွေအနှစ်တွေ ဖြစ်တယ်လို့ ဆိုနိုင်သလို ရုပ်ရှင်ဒါရိုက်တာ မျိုးဆက်ဟောင်းက မျိုးဆက်သစ်ကို ကမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

“သုံးလို့ရသေးတာတွေကို ဆေးတဲ့အရည်နဲ့ နည်းနည်းသန့်စင်ပြီးတော့ ပြန်သိမ်းမယ်ဆိုပြီး မော်ကွန်းရုပ်ရှင်ရုံမှာ သွားအပ်လိုက်တယ်။ ဖလင်ပိဋကတ်တိုက်ပေါ့” ဟု မောင်ဥက္ကာက ၂၀၁၄ ခုနှစ်လောက်မှာ အဖေဖြစ်သူ မောင်ဝဏ္ဏရဲ့ ဖလင်အဟောင်းတွေ သိမ်းချင်တာက အစပြုလို့ ဖလင်ပိဋကတ်တိုက် ခေါ် ဖလင်သိုလှောင်ခန်းအကြောင်း သိခဲ့ရပုံကို ပြောပြပါတယ်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

“အဲဒီကျမှ ဖလင်တွေက အဲဒီမှာထားတယ်ဆိုတာသိတာ။ ကျနော်ငယ်ငယ်က မသိဘူး။ ရုပ်ရှင်ကားတွေ ဘယ်လောက် ကျန်သေးလဲ၊ အဖေ့ကားတွေ ဘာတွေရှိသေးလဲ ဆိုတော့ ဘာမှ မရှိဘူးတဲ့။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အဖြူအမည်း ဇာတ်ကားဆိုရင် ၁၂ ကားပဲ ရှိတယ်တဲ့” ဟု မောင်ဥက္ကာက တဆင့်ပြန်ပြောပြသည်။

ကျန်ရှိနေသေးသော အဖြူအမည်း ရုပ်ရှင်ကားများတွင် အစောဆုံးဇာတ်ကားမှာ ၁၉၃၀ ခုနှစ်ဝန်းကျင်ခန့်က ဖြစ်ပြီး နောက်အကျဆုံးမှာ ၁၉၈၀ ခုနှစ် ဝန်းကျင်ခန့်က ဖြစ်ကြောင်းသိရသည်။ ကျန်ဖလင်အများစုမှာ ပျက်စီးမည့် အန္တရာယ်ရှိနေကြောင်း မောင်ဥက္ကာက ဆိုသည်။

“ကျနော် အဲဒီဟာတွေကို မြင်ပြီး … ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ မှန်တယ်လေ ကျနော်တို့ဆီမှာ သင်တန်းမှ မရှိတာ ဒါနဲ့ပတ်သက်ပြီး workshop လုပ်တာတွေလည်း မရှိဘူး” ဟု ဖလင်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ကူညီအားပေးမှုနှင့် ပုဂ္ဂလိက၏ စိတ်ဝင်စားမှု အားနည်းပုံကို ရှင်းပြသည်။

မြန်မာနိုင်ငံသည် ၁၉၂၀ ခုနှစ် မတိုင်ခင်ကပင် အဖြူအမည်း အသံတိတ် ရုပ်ရှင်ကားများ စတင်ထုတ်လုပ်ခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်မှုတွင် အရှေ့တောင်အာရှ၏ အစောဆုံးနိုင်ငံများတွင် ပါဝင်သည်။ ၁၉၅၀ ခုနှစ်မှ ၁၉၇၀ ခုနှစ်များအတွင်း ပြိုင်ဆိုင်မှု အားကောင်းသည့် ဈေးကွက်အတွက် တနှစ်တွင် ရုပ်ရှင်ဇာတ်ကား ၁၀၀ ခန့်အထိ ထုတ်လုပ်ခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင်သမိုင်းတွင် ရွှေခေတ်အဖြစ် အသိအမှတ်ပြုခံရသည့် ကာလဖြစ်ခဲ့သည်။

သို့သော်လည်း ထိုသို့ တောက်ပခဲ့သည့် ရုပ်ရှင်သမိုင်း၏ ပုံရိပ်ဖြစ်သည့် ဇာတ်ကားများကို နိုင်ငံပိုင် မြန်မာ့အသံမှ အခါအားလျော်စွာ ထုတ်လွှင့်ပေးသည့် အချိန်မှလွဲပြီးရုပ်ရှင်အတတ်ပညာ လေ့လာသူများ၊ သုတေသနပြုသူများ အပါအဝင် အများပြည်သူငှာ သီးခြား ကြည့်ရှုလေ့လာရန် နေရာမရှိပေ။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

ရန်ကုန်ရှိ ဖလင်ပိဋကတ်တိုက်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဦးဘုန်း၏ ပြောပြချက်အရ ပိဋကတ်တိုက်တွင် ဖလင်ဖြင့် လက်ရှိထိန်းသိမ်းထားသော အဖြူအမည်းဇာတ်ကား ၁၂ ကားနှင့် ဆေးရောင်စုံ ၁၂၇ ကား ရှိကြောင်း သိရသည်။ ယင်းဖလင်များသည် အကယ်ဒမီစာရင်းဝင်ဇာတ်ကားများကို စစ်ဆေးကြည့်ရှုစဉ်က ဖလင်ဖြင့် ကူးယူခဲ့သည်နှင့် ထုတ်လုပ်ရေးကုမ္ပဏီများက ဖလင်ကော်ပီပေးထားခဲ့သည်များ ဖြစ်ကြောင်း သိရသည်။

ပိဋကတ်တိုက်တွင် ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်လိပ်များကို အစိမ်းရောင်ဗူးများထဲတွင် ထည့်ထားကာ သစ်သားစင်များတွင် အစီအရီတင်ထားပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ရှိ အခန်းတွင် သိုလှောင်ထားသည်ကို ဧရာဝတီ သွားရောက်ခဲ့စဉ်က တွေ့ခဲ့ရသည်။

ယိုယွင်းစပြုနေသော ဖလင်များကိုထားသည့် အခန်းတခန်းတွင် အချို့သော ဖလင်ဗူးများသည် သံချေးများ စတင် တက်နေပြီး ‘vinegar syndrome’ ဟု ခေါ်သည့် အက်စီတိတ်ဖလင်များ စတင်ပျက်စီးသည့်အခါ ဖြစ်သည့် အခြေအနေကြောင့် အက်စစ်အနံ့များဖြင့် ဖုံးလွှမ်းနေသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ပိဋကတ်တိုက်ရှိ ဖလင်အများအပြား ရေထိကာ ပျက်စီးခဲ့ရဖူးကြောင်းလည်း ဦးဘုန်းက ဧရာဝတီကို ပြောပြသည်။

ဖလင်များကို ထိန်းသိမ်းရာတွင် အအေးခန်းကို သုညမှ ၄ ဒီဂရီစင်တီဂရိတ်အတွင်း ထားရှိမှသာ အကောင်းဆုံး အနေအထားဖြစ်ပြီး ဖလင်များ ယိုယွင်းမှုကို နှစ်ပေါင်းရာချီကာ ကာကွယ်နိုင်လိမ့်မည်ဖြစ်ကြောင်း မောင်ဥက္ကာက ပြောပြသည်။ ၂၀ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းမှုရှိနေသော အခန်းအတွင်း ထားရှိပါက နှစ်ပေါင်း ၂၀ သို့မဟုတ် ၂၀ ထက်နည်းသော ကာလတွင် ဖလင်များ စတင်ပျက်စီးလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

“ဒီဖလင်တွေဟာ သမိုင်းတန်ဖိုးအရ ပြောမယ်ဆို အမွေအနှစ်တခု ဖြစ်သွားပြီ။ ဒီလို သမိုင်းတန်ဖိုးအရ တန်ဖိုးရှိတဲ့ဟာတွေကို ဒီလိုမျိုး ထားထားတယ်ဆိုတာကို ကျနော်တော်တော် စိတ်မကောင်းတာ” ဟု မောင်ဥက္ကာက ပြောသည်။

ဖလင်ပိဋကတ်တိုက်တွင် ခေတ်မမီတော့သော သိုလှောင်ထိန်းသိမ်းမှုကြောင့် နှစ်စဉ် ဖလင်များ ပျက်စီးလျက်ရှိပြီး ကောင်းမွန်သော ထိန်းသိမ်းမှုစနစ်ကိုပြောင်းရန် အရေးတကြီး လိုအပ်နေကြောင်း သူက ဆိုသည်။

မောင်ဥက္ကာနှင့်အတူ အခြားသော ရုပ်ရှင်ရိုက်ကူးသူ သူငယ်ချင်း ၆ ယောက်တို့ ပူးပေါင်းကာ Save Myanmar Film ဟု ခေါ်သည့် အဖွဲ့တဖွဲ့ကို ယခုနှစ် အစောပိုင်းက ထူထောင်ခဲ့ပြီး ဖလင်များ ထိန်းသိမ်းရေး အပါအဝင် ရုပ်ရှင်နှင့် ပတ်သက်သည့် ရုပ်ရှင်ပိုစတာများ ရုပ်ရှင်ဇာတ်ညွှန်းများ ရုပ်ရှင်ဓာတ်ပုံများ ထိန်းသိမ်းရေးအတွက် အသိပညာပေးသည့် အစီအစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

“အရှေ့က ဘယ်လိုရိုက်ခဲ့လဲဆိုတာ မသိဘဲနဲ့ အခုရိုက်လို့မှ မရတာ။ ရုပ်ရှင်သမားတိုင်းဟာ မြန်မာကား ခေတ်ကောင်းတုန်းက ကားတွေကို ပြန်ကြည့်မှ ဒီဘက်ခေတ်မှာ ဘယ်လိုရိုက်ရမလဲဆိုတာ သိနိုင်မယ်” ဟု ဖလင်ဟောင်းများကို မပျက်စီးအောင် ထိန်းသိမ်းခြင်းကြောင့် မျိုးဆက်သစ် ရုပ်ရှင်ရိုက်ကူးသူများသည် ခေတ်ဟောင်းမြန်မာ့ရုပ်ရှင်များကို လေ့လာကာ တင်ဆက်ပုံများကို အတုယူပြီး ပိုကောင်းအောင် ရိုက်ကူးလာနိုင်လိမ့်မည်ဟု သုံးသပ်ပြောဆိုသည်။

Save Myanmar Film အဖွဲ့ဝင်တဦးဖြစ်သူ၊ ချက်နိုင်ငံတွင် ရုပ်ရှင်ပညာ သင်ယူခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရုပ်ရှင်ပွဲတော် ဝဿန်ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်သူ ကိုသိဒ္ဓိက ဖလင်ပိဋကတ်တိုက် သို့မဟုတ် ရုပ်ရှင်မော်ကွန်းတိုက်ဟူသည် နိုင်ငံတနိုင်ငံ၏ ရုပ်ရှင်နှင့် လူမှုအသိုင်းအဝိုင်းသမိုင်းကို မှတ်တမ်းတင်သော နေရာတခုဖြစ်ရုံသာမက ရုပ်ရှင်ဖန်တီးသူ မျိုးဆက်သစ်များအတွက် အင်မတန်အရေးကြီးသော အခန်းကဏ္ဍ တခုဖြစ်ကြောင်း ပြောသည်။

“ရုပ်ရှင်ဟာ ရုပ်ရှင်သက်သက်မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတခုလုံးကိုပါ မှတ်တမ်းတင်တဲ့ Audio Visual မှတ်တမ်းတခု ဖြစ်ပါတယ်” ဟု ကိုသိဒ္ဓိက ဧရာဝတီကို ပြောသည်။

“လူငယ်မျိုးဆက်သစ်တွေအတွက်လည်း သမိုင်းကိုမသိဘဲ အနာဂါတ်ကိုပုံဖော်ဖို့ မလွယ်ပါဘူး” ဟု ရုပ်ရှင်သမိုင်းနှင့် သမိုင်းကို ထိန်းသိမ်းခြင်း၏ အရေးကြီးသော အခန်းကဏ္ဍကို ကိုသိဒ္ဓိက ဆက်လက်ပြောပြသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရုပ်ရှင်မြှင့်တင်ရေးဌာန၏ ညွှန်ကြားရေးမှူးဟောင်းတဦးဖြစ်သူ၊ ရုပ်ရှင်နှင့်ဆင်ဆာအဖွဲ့၏ အတွင်းရေးမှူးဟောင်းတဦးလည်း ဖြစ်ခဲ့သူ ဦးမြင့်သိန်းဖေက ရှေးဟောင်းရုပ်ရှင်ကားများသည် မျိုးဆက်သစ်ရုပ်ရှင်ဖန်တီးသူတို့အတွက် ယခင်မျိုးဆက်ဟောင်းများ၏ ရိုက်ကူးတင်ဆက်ပုံ၊ ဇာတ်လမ်းတည်ဆောက်ပုံနှင့် နည်းစနစ်ပိုင်းဆိုင်ရာများကို လေ့လာနိုင်သည့် သင်ကြားရေးပလက်ဖောင်းတခုဖြစ်ကြောင်း ဆိုသည်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

“ဒီမြန်မာပြည်မှာတော့ (အမွေအနှစ်) ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး တော်တော်လေးကို ညံ့ဖျင်းတယ်၊ အားနည်းတယ် ပေါ့လေ။ အဲဒါကြောင့် တကယ့်ကို တချိန်က ဂန္ဓဝင်ကားလို့ ခေါ်ခဲ့တဲ့ ဗိုလ်အောင်ဒင်ကားတွေ ရတနာပုံလို ကားမျိုးတွေက ပျက်စီးကုန်တယ်” ဟု ဦးမြင့်သိန်းဖေက ပြောသည်။

ရုပ်ရှင်ကားဟောင်းများကို ထိန်းသိမ်းကူးယူနိုင်မည်ဆိုပါက ရုပ်ရှင်ကို လေ့လာလိုက်စားသူတို့အဖို့ မြန်မာ့ရုပ်ရှင် အဆင့်ဆင့် ပြောင်းလဲခဲ့သည့် ရေစီးကြောင်းကို အသေးစိတ် လေ့လာခွင့် ရနိုင်လိမ့်မည်ဟုလည်း ဖြည့်စွက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ရုပ်ရှင်အစောဆုံး ရိုက်ကူးထုတ်လုပ်ခဲ့သည့် နိုင်ငံများတွင် ပါဝင်သော်လည်း ရုပ်ရှင်ဖလင်ကားဟောင်းများကို မပျက်မစီးဘဲ ထိန်းသိမ်းစောင့်ရှောက်သည့် နေရာတွင်တော့ များစွာ ခေတ်နောက်ကျကျန်နေခဲ့ပြီ ဖြစ်ကြောင်း ဦးမြင့်သိန်းဖေက ဆိုသည်။ ထိုင်း၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူစသည့်နိုင်ငံများရှိ ရုပ်ရှင်မော်ကွန်းတိုက်များသည် ကောင်းမွန်စွာ လည်ပတ်နေပြီး ရှေးဟောင်းရုပ်ရှင်ကားများ၏ ဖလင်များကို စနစ်တကျ ထိန်းသိမ်းထားနိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာရုပ်ရှင်ဖလင်ဟောင်းများကို စာရင်းပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး ဒစ်ဂျစ်တယ်သို့ ကူးယူနိုင်ရေး ရည်ရွယ်ချက်နှင့် ဂျာမန်နိုင်ငံက ဖွင့်လှစ်ထားသည့် Goethe Instituteနှင့် ရန်ကုန်ရုပ်ရှင်ကျောင်း Yangon Film School (YFS)တို့၏ ပူးပေါင်းမှုဖြင့် သုတေသနအစီအစဉ် တခုကို ပြုလုပ်ခဲ့သည်။ ရန်ကုန်ရုပ်ရှင်ကျောင်း YFS က မောင်ဥက္ကာကို သုတေသန ပြုလုပ်ရန် စီစဉ်ပေးခဲ့ပြီး မြန်မာနိုင်ငံတဝှမ်းတွင် ရုပ်ရှင်ကားဟောင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သို့သော်လည်း အများစုမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက ဖလင်မှ တိတ်ခွေသို့ တယ်လီစီနီစနစ်ဖြင့် ကူးယူထားသည်များ ဖြစ်သည်။ ယင်းတိတ်ခွေများပေါ်မှ ပုံရိပ်များကို ဒစ်ဂျစ်တယ်သို့ ကူးယူပြီး ပိတ်ကားပေါ်တွင် ပြန်လည် ပြသသည့်အခါ ဖလင်မှ ကူးယူသကဲ့သို့ အရည်အသွေးကောင်းမွန်ခြင်း ရှိနိုင်မည်မဟုတ်ဟု မောင်ဥက္ကာက ရှင်းပြသည်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

YFS နှင့် Goethe Institute တို့၏ အဆိုပါ အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်တွင် မောင်ဥက္ကာ၏ ဖခင်ဖြစ်သူ ဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးခဲ့သည့် ခြေဖဝါးတော်နုနု ရုပ်ရှင်ကား (၁၉၇၂) ကို ဖလင်မှ ဒစ်ဂျစ်တယ်သို့ ကူးယူနိုင်ခဲ့သည်။ ယင်းရုပ်ရှင်ကားကို ၆၄ ကြိမ်မြောက် ကမ္ဘာကျော် အထင်ကရ ရုပ်ရှင်ပွဲတော်တခုဖြစ်သည့် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ၂၀၁၄ ခုနှစ်တွင် သွားရောက်ပြသနိုင်ခဲ့သည်။

ဒါရိုက်တာ အေဝမ်းမောင်တင်မောင် ရိုက်ကူးခဲ့သော ဂန္ဓဝင်ရုပ်ရှင်ကားတကားဖြစ်သည့် ရတနာပုံ ရုပ်ရှင်ကား (၁၉၅၃) သည် ချက်ကိုစလိုဗားကီးယားနိုင်ငံတွင် ၁၉၅၇ ခုနှစ်က သွားရောက်ပြသခဲ့ပြီးနောက် ရုပ်ရှင်ပွဲတော်တာဝန်ရှိသူများက ဖလင်ကော်ပီတခု ပွားယူပြီး ရုပ်ရှင်မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားခဲ့သည်။ ယင်းရုပ်ရှင်မော်ကွန်းတိုက်နှင့် ရုပ်ရှင်ကား မူပိုင်ရှင်တို့၏ ခွင့်ပြုချက်တို့ဖြင့် ၂၀၁၄ ခုနှစ်တွင် ဝဿန်ရုပ်ရှင်ပွဲတော်က မြန်မာပရိသတ်ကို နှစ်ပေါင်း ၅၀ ကျော်ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပြသနိုင်ခဲ့သည်။

ပြင်သစ်နိုင်ငံ အခြေစိုက် MEMORY!နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် စီစဉ်သူတို့သည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် ကျန်ရှိနေသေးသည့် မြန်မာရှေးဟောင်းရုပ်ရှင်ကား ဖလင်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဒစ်ဂျစ်တယ်သို့ ပြန်လည်ကူးယူရန်ရည်ရွယ်ချက်ဖြင့် သုတေသနအစီအစဉ်ကို စတင်ခဲ့သည်။

MEMORY! ရုပ်ရှင်ပွဲတော်က မောင်ဥက္ကာကို အီတလီနိုင်ငံရှိ ဖလင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် တလခွဲကြာ သင်တန်းတခု သွားရောက်တက်စေခဲ့သည်။ ယင်းသင်တန်းတွင် မောင်ဥက္ကာသည် ဖလင်ထိန်းသိမ်းစောင့်ရှောက်ပုံ၊ ပျက်စီးနေသော ဖလင်များကို သေချာစွာ ဆေးကြောပြီး ဒစ်ဂျစ်တယ်သို့ ပြန်လည်ကူးယူပုံ နည်းစနစ်များကို လေ့လာသင်ကြားခွင့်ရရှိခဲ့သည်။

MEMORY! ရုပ်ရှင်ပွဲတော်၏ ပထမဆုံးအစီအစဉ်အဖြစ် အေဝမ်းမောင်တင်မောင် ရိုက်ကူးခဲ့သည့် အသံတိတ်ခေတ်ကာလက မြဂနိုင်ရုပ်ရှင်ဇာတ်ကား (၁၉၃၄) ကို အီတလီနိုင်ငံရှိ L’Immagine Ritrovata ဖလင်ဓာတ်ခွဲခန်းတွင် ဖလင်မှ ဒစ်ဂျစ်တယ်သို့ ပြန်လည်ကူးယူနိုင်ခဲ့သည်။ ယင်းအသံတိတ်ရုပ်ရှင်ဇာတ်ကားကြီးကို MEMORY! ရုပ်ရှင်ပွဲတော်တွင် ၂၀၁၆ ခုနှစ်က ပြသနိုင်ခဲ့သည်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

မြဂနိုင်ရုပ်ရှင်ဇာတ်ကားကြီးသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် အမွေအနှစ်တန်ဖိုးအရ အင်မတန်အရေးကြီးသော ဇာတ်ကားတခု ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်များက ရန်ကုန်မြို့ ရှုခင်းများ၊ မြန်မာတို့၏ ဝတ်စားဆင်ယင်ပုံများ၊ ကိုလိုနီအင်္ဂလိပ်အစိုးရလက်ထက်က သစ်ထုတ်လုပ်ပုံများ၊ မြန်မာတို့၏ မီးပုံးပျံ ဦးကျော်ရင်နှင့် ပတ်သက်သည့် ဇာတ်လမ်းများ ပါဝင်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ယင်းကဲ့သို့ အမွေအနှစ်တန်ဖိုးကြီးသည့် ဖလင်ဇာတ်ကားများကို ယခုအချိန်တွင် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မပြုလုပ်ထားပါက ဖလင်များယိုယွင်းပျက်စီးပြီး နောက်နောင်တွင် ဒစ်ဂျစ်တယ်သို့ ပြန်လည် ကူးယူ နိုင်တော့မည် မဟုတ်ဟု မောင်ဥက္ကာက ဆိုသည်။

ဖလင်များ၏ ယိုယွင်းမှု အတိမ်အနက်ပေါ် မူတည်ပြီး အချို့သော ဖလင်လိပ်များသည် တချို့တဝက် ပြန်လည်ဆေးကြောသန့်စင်ပြီး ပြန်လည်ကူးယူနိုင်ကြောင်း မောင်ဥက္ကာက ရှင်းပြသည်။

သို့သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် ဖလင်ပိဋကတ်တိုက်ရှိ မည်သည့်ဖလင်များက မည်သည့်အနေအထား ရှိနေကြောင်း သိရှိနိုင်ရန် အသေးစိတ် စိစစ်ရန် လိုအပ်ကြောင်း သူက ပြောသည်။ ဖလင်ပိဋကတ်တိုက်တွင် ပျက်စီးသွားသော ဖလင်အများအပြား ရှိသော်လည်း ဖလင်မော်ကွန်းတိုက်သို့ မရောက်ဘဲ ရုပ်ရှင်ထုတ်လုပ်သူ မိသားစုများ ပုဂ္ဂလိက ပိုင်ဆိုင်သော ဖလင်များလည်း နိုင်ငံအနှံ့တွင် ရှိနေနိုင်ကြောင်း၊ ဖလင်၏ သဘာဝအရ လိုအပ်သည့် အအေးခန်းအခြေအနေများနှင့် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အတွက် ပျက်စီးယိုယွင်းမှု အန္တရာယ်များ ရင်ဆိုင်နေရနိုင်ကြောင်း ဆိုသည်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

အစိုးရတရပ်အနေဖြင့် ဖလင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဦးစီးဦးဆောင် ပြုလုပ်မှသာ ဖလင်များကို ပုဂ္ဂလိက ပိုင်ဆိုင်သိမ်းဆည်းထားသူများက ယုံကြည်စွာ အပ်နှံလာလိမ့်မည် ဖြစ်ကြောင်း၊ သို့မှသာ ပြန်လည်သန့်စင်ပြီး ဖလင်များ မပျက်စီးမီ ဒစ်ဂျစ်တယ်သို့ ကူးယူနိုင်လိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

“မောင်ဥက္ကာက ဒါတွေ လုပ်နေပါတယ်ဆို ဘယ်သူက သူ့ဖလင်တွေကို လာပေးမှာလဲ။ ကျနော်တို့ကို သိတာပဲ ရှိမယ်။ အဲဒီလောက်တော့ မယုံကြည်ကြဘူးလေ။ အစိုးရကိုယ်တိုင်လုပ်ပြီး ကျနော်တို့က နည်းပညာပိုင်း ကူမယ်၊ ဒီလိုမှ အဆင်ပြေမယ်” ဟု မောင်ဥက္ကာက ပြောသည်။

မော်ကွန်းတိုက်တွင် ဖလင်များ စနစ်တကျ ထိန်းသိမ်းခြင်းကို အစိုးရက ဦးစီးလုပ်ဆောင်ရန် အရေးကြီးရသည့် နောက်ထပ်အကြောင်းတရားမှာ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် အခွင့်အရေးအတွက်ဖြစ်ကြောင်း Save Myanmar Film အဖွဲ့ဝင် ကိုသိဒ္ဓိက ပြောသည်။ အစိုးရမဟုတ်သည့် ပုဂ္ဂလိက အဖွဲ့အစည်းများက ထိန်းသိမ်းစောင့်ရှောက်ကာ ဒစ်ဂျစ်တယ်သို့ ကူးယူလိုက်ပါက အများပြည်သူ လက်လှမ်းမမီနိုင်တော့ဘဲ ပြသခွင့်နှင့် ပတ်သက်သည့် ကိစ္စများ ရှုပ်ထွေးလာနိုင်ကြောင်း သူက ဖြည့်စွက်ပြောဆိုသည်။

“ရုပ်ရှင်မော်ကွန်းကို ထိန်းသိမ်းခြင်းဟာ နိုင်ငံတော်ပိုင်သာဖြစ်သင့်တယ်လို့ ကျနော်ယုံကြည်တယ်။ ဘာကြောင့်လည်း ဆိုတော့ ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရဲ့သမိုင်းအမွေအနှစ်တခု ဖြစ်လို့ပါပဲ” ဟု ကိုသိဒ္ဓိက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Save Myanmar Film အဖွဲ့တို့ ယခုနှစ် မေလတွင် တွေ့ဆုံခဲ့ပြီး ဖလင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဖလင်ပိဋကတ်တိုက်တွင် လက်ရှိထားရှိသည့် ဖလင်များကို တခုချင်း စစ်ဆေးကာ ဝန်ကြီးဌာနကို နည်းပညာပိုင်း ကူညီခွင့် ရရှိနိုင်ရန် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဝန်ကြီးဌာနက ဖလင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ၊ ဝယ်ယူရန် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ဖော်ပြကာ အသေးစိတ် ပြန်လည်တင်ပြရန် တောင်းဆိုခဲ့သည်။

ဓာတ်ပုံ – တင်ထက်ပိုင်/ဧရာဝတီ

“အဲဒီအထဲမှာ ရှိနေတဲ့ ဖလင်တွေရဲ့ အနေအထားကို သိဖို့လိုတယ်။ ဗူးဘယ်နှစ်ဗူးရှိလဲ၊ ဖလင်တွေက ပေဘယ်လောက်ရှိလဲ၊ ကျနော်တို့ အရင်ကြည့်ဖို့လိုတယ်။ မမြင်ရသေးဘဲ ဘာတွေလိုတယ် ဘယ်လောက်ကုန်မယ် ပြောလို့မရဘူး” ဟု မောင်ဥက္ကာက ဒစ်ဂျစ်တယ်ကူးယူမှု မစတင်မီ လက်ရှိ သိမ်းဆည်းထားသော ဖလင်များကို ဆက်လက်မယိုယွင်း မပျက်စီးအောင် အခြေအနေတခုကို အမြန်ဆုံးဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်း ဆိုသည်။

“အအေးခန်းအရင်ဆုံးလိုတယ်။ အခုက ၁၆ ဒီဂရီလောက် ရှိတယ်။ စိုထိုင်းမှုရှိတယ်။ အနည်းဆုံး ၄ ကနေ ၁၀ လောက်အတွင်း ထားပေးရမယ်။ ပြီးရင် ရေငွေ့မရှိအောင် ခြောက်သွေ့အောင်၊ ခြောက်သွေ့အောင် ထားရတာ ဈေးမကြီးဘူး။ ကျနော်တို့ manual cleaning လုပ်ပေးထားတာတွေကို အဲဒီ သိုလှောင်ခန်းထဲ ပြန်ထည့်ထား” ဟု သူက ဆက်လက်ပြောသည်။

ဖလင်လိပ်များ မပျက်စီးအောင် ထိန်းသိမ်းရမည့်နည်းစနစ်များ၊ ဖလင်များကို ဆေးကြောသန့်စင်ပြီး scan ဖတ်ကာ ဒစ်ဂျစ်တယ်သို့ ကူးပြောင်းသည့် နည်းပညာများ ရှိနေပြီ ဖြစ်ပြီး နည်းပညာကို အသုံးချတတ်သည့် အတတ် ပညာရှင်များလည်း ရှိနေပြီ ဖြစ်ရာ အစိုးရအနေနှင့် ဖလင်ဟောင်းများ ထိန်းသိမ်းခြင်းကို ချက်ချင်းစလုပ်ရန် လိုအပ်ကြောင်းလည်း မောင်ဥက္ကာက တိုက်တွန်းလိုက်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading