မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်ဟာ ဒွန်တွဲနေသလို တော်လှန်ရေးနဲ့ကဗျာသည်လည်း ငြိမ်းချမ်းရေး စာဆိုကြီး သခင်ကိုယ်တော်မှိုင်း သက်ရှိ ထင်ရှားရှိစဉ်ကတည်းက အခြေတည်ခဲ့တာဖြစ်ပါတယ်။
လက်နက်ရှိသူက လက်နက်နဲ့တော်လှန်တိုက်ပွဲဝင်ကြသလို အနုပညာရှိသူကလည်း အနုပညာစာကဗျာနဲ့ တိုက်ပွဲဝင်ခဲ့ကြ တာဖြစ်ပါတယ်။
ဓမ္မနဲ့အဓမ္မတိုက်ရာကနေ အဲဒီနေရာမှာတော့ ဘက်ဆိုတာ ရှိလာပါတော့တယ်။ အဖိနှိပ်ခံပြည်သူတွေဘက်က ခေတ်အဆက် ဆက် ရပ်ခဲ့ပြီး အာဏာရှင်တွေ၊ စစ်ပွဲတွေကို ငြင်းဆိုတော်လှန်ခဲ့ကြတဲ့အထဲမှာ ကဗျာဆရာတွေဟာ ထိပ်ဆုံးက ရှိခဲ့ကြပြီး ကဗျာဖြင့်ပင် သက်သေတည်ခဲ့ကြတာဖြစ်ပါတယ်။
ယခု တော်လှန်ကဗျာစာအုပ်ကတော့ အာဏာရှင်နဲ့ ၎င်းတို့ဖန်တီးတဲ့စစ်ပွဲနဲ့ မတရားဖိနှိပ်မှုတွေကို ဖော်ထုတ်ရေးသားခဲ့ကြတဲ့ ကဗျာစာအုပ် တအုပ်ဖြစ်ပါတယ်။ ပကြိမ်ထုတ် စာအုပ်ရဲ့သက်တမ်းကိုက နှစ်ပေါင်း ၄၈ နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒုတိယအ ကြိမ်ထုတ်ဖြစ်ပြီး ပထမအကြိမ်ထုတ်ကတော့ ၁၉၆၉၊ ဒီဇင်ဘာလမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ်ထုတ်မှာ ပါဝင်ရေးသားတဲ့ ကဗျာဆရာ ၁၀ယောက်ဖြစ်ပေမယ့် ယခု ဒုတိယကြိမ်ထုတ်မှာ ကဗျာဆရာလှဆွေက သူ့ကဗျာများကို ချန်လှပ်ခဲ့ဖို့ တောင်းဆိုခဲ့တာကြောင့် ချန်ခဲ့ပြီး ကဗျာဆရာ၉ဦးရဲ့မူရင်းကဗျာလက်ရာများအတိုင်း ထုတ်ဝေ လိုက်ပါတယ်လို့ ဆရာမ ဗန်းမော်-မျိုးမျိုးယဉ်ရဲ့အမှာစာမှာ ရေးသားထားပါတယ်။
ပါဝင်ရေးသားခဲ့ကြတဲ့ ကဗျာဆရာများကတော့ မောင်ချောနွယ်၊ မောင်စိမ်းနီ(ကေသီပန်)၊ စိုးမြင့်သိန်း၊ နီအောင်၊ မောင်ပြု ပြင် (ကျုံပျော်)၊ ရွှေရ(တောင်ကုတ်)၊ မောင်သွေးသစ်၊ မောင်သင်းခိုင်(ပျဉ်းမနား)၊ အောင်ဇင်မင်းတို့ဖြစ်ပြီး ဆရာမောင် ချောနွယ်၊ ဆရာ မောင်စိမ်းနီ(ကေသီပန်)၊ ဆရာနီအောင်၊ ဆရာမောင်ပြုပြင် (ကျုံပျော်)၊ ဆရာရွှေရ(တောင်ကုတ်)တို့က တော့ ကွယ်လွန်ခဲ့ပြီး သက်ရှိထင်ရှားဆရာများပင် ခု အသက် ၇၀ တန်းတွေ ဖြစ်နေပါပြီ။
ပထမအကြိမ်ထုတ်စာအုပ်တွင် ငြိမ်းချမ်းရေးကဗျာဆရာကြီး ဒဂုန်တာရာက အမှာစာရေးသားထားပြီး ဒုတိယအကြိမ်ထုတ် မှာ ကွယ်လွန်သူကဗျာဆရာ မောင်စိမ်းနီရဲ့ဇနီး ကဗျာဆရာမ ဗန်းမော်-မျိုမျိုးယဉ်က အမှာစာရေးထားပါတယ်။
ပါဝင်တဲ့ကဗျာများကတော့ မောင်ချောနွယ်- ကြွေတာကိုက ပွင့်ခြင်းဘဲ၊ ဝေဖန်ရေး၊ ခွင့်လွှတ်ပါ၊ တော်လှန်ရေးသမား၊ ဘယ် ပန်း ပန်မလဲ၊ နားခိုရာ၊ တိုက်ပွဲ သစ္စာ၊ ပဋိပက္ခ၏ ဆုံးရှုံးခြင်း၊ ဖောက်ပြန်ရေးသမား၊ ရင့်ကျက်ချိန်။ ကဗျာ၁၀ပုဒ်။
မောင်စိမ်းနီ-ကဗျာစစ်မျက်နှာ၊ တခုတော့ လိုနေသည်၊ ကဗျာဆိုတာ ဒါပါဘဲ၊ ကြောင်တောင်ကန်း၊ ကဗျာနဲ့ကဗျာဆရာ၊ ထ မင်းလုံးတစ္ဆေ၊ မြှုပ်နှံရမည့် အရင်းအနှီး၊ အောင်ပွဲဆက်ဆက်ခံရမည်၊ သွေးဖြူသွားသော ငယ်ပေါင်းတဦး၊ တော်လှန်ရေးသ ဘောတရား။ ကဗျာ၁၀ပုဒ်။
စိုးမြင့်သိန်း- အနုပညာ၊ ကဗျာ့ပေါက်ဖွားရာ ကဗျာ့ကျက်စားရာ၊ အပြုံး မောင့်အတွက် ဂုဏ်ယူပါ၊ နင်လားဟဲ့၊ မင်းတို့ရဲ့မေ တ္တာကို ငါမယုံဘူး၊ ဟိုချီမင်းက တို့ကို ချစ်ခဲ့တယ်၊ ချီဂွေဗားရား တမ်းချင်း၊ စာရေးဆရာကြီးတဦးသို့ အိတ်ဖွင့်ပေးစာ၊ ကဗျာ ၈ ပုဒ်။
နီအောင်- သတ္တိဆိုတာ ငါ၊ သူ(သို့မဟုတ်)…..၊ စစ်မျက်နှာ၊ မီးရှို့ပစ်ရမည့် ကဗျာ၊ ဝါရှင်တန် ချီတက်ပွဲ၊ ရိုးမ သူပုန်၊ ကဗျာ ၆ ပုဒ်။
မောင်ပြုပြင်(ကျုံပျော်)-အဖိုး သခင်ကိုယ်တော်မှိုင်း၊ ပြည်သူ စာပေနှင့် ပိုင်ဆိုင်မှု၊ ပြည်သူ့ဆိပ်ကမ်းတနေရာ၊ တပ်လှန့်သော ကဗျာ၊ မျက်လုံးများကို ဖောက်ပစ်လော့၊ နှာစေးနေသော ယုန်ကလေးအကြောင်း၊ လပြည့်ညသည် မှောင်နေ၏၊ ကဗျာ ၇ ပုဒ်။
ရွှေရ(တောင်ကုတ်)- သည် ကာလသည် ဘာကာလလဲ၊ တော်လှန်သောကဗျာနှင့် မတော်လှန်သောကဗျာဆရာ၊ အမိ ရေတိမ် မနစ်မီ၊ နီရင့်သော ပွင့်ဦးပန်း(သို့မဟုတ်) ဦးဝိစာရ၊ တရွာထဲ သားများ၊ လက်ယာဘက်မှလာသော မုန်တိုင်း၊ စာဆို၏မသေ တရား၊ အမေ၏သံမဏိယုံကြည်ချက်၊ ကဗျာ ၈ပုဒ်။
မောင်သွေးသစ်- သိုးနှင့်ကြွက် သို့မဟုတ်၊ ဧည့်ဆိုး၊ တောမှာ အင်အားလိုနေသည်၊ နိယာမနှင့် ထာဝရတရား၊ ပြည်သူ့ သူရဲ ကောင်း၊ မုဆိုးတဦး၏ ကိုယ်တွေ့အဖြစ်အပျက်၊ လူတိုင်း သည်လိုပါဘဲလား၊ သေနတ်ပြောင်းများ လှည့်ကြလော့၊ ကဗျာ ၈ ပုဒ်။
မောင်သင်းခိုင်- ဆရာ ဦးဗေဒါ၏ဖုံး၍ ဖိ၍မရသော သမိုင်းနောက်ခံကား၊ ရွှေပြည်အေးတရားဒေသနာတော် (ဆရာ စံလက် နက်ကိုင်ပုန်ကန်မှုအား လေ့လာခြင်း)၊ ငါဒို့ ရှက်ခဲ့ရပါသည်၊ ဗီယက်နမ်မျိုးချစ်သူရဲကောင်း ကဗျာ ၄ပုဒ်။
အောင်ဇင်မင်း- ထမင်းငတ်သောအခါ၊ တရားသောတိုက်ပွဲ၊ အလွှာနှစ်ခု၏ စပ်ကြားတွင်၊ ကျေးဇူးကန်း၊ ကဗျာလမ်းနှင့် နောက်ဆုံးခရီး၊ စုစည်းကြ သွေးစည်းကြ၊ အရှေ့ဘက်က နေဝန်း၊ ဟီရိုရှီးမား(သို့မဟုတ်) သွေးသမိုင်းကြောင်း၊ တော်လှန် မြေပြင် ကဗျာ ၉ပုဒ် တို့ဖြစ်ပါတယ်။
ကဗျာများကို ဖတ်ရှုရင်း ထိုခေတ်ထိုကာလ သမိုင်းဆိုင်ရာ အချက်အလက်များကို သိရှိနိုင်မှာဖြစ်သလို ရေးသားခဲ့ကြတဲ့ ကဗျာဆရာများရဲ့ရပ်တည်ချက်၊ ခံယူချက်၊ ယုံကြည်ချက်များကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ကွယ်လွန်သူ နာမည်ကျော် ကဗျာဆရာမောင်ချောနွယ်ရဲ့တော်လှန်ရေးသမားကဗျာကို ဖတ်ကြည့်စေချင်ပါတယ်။ ၁၉၆၉ခု နှစ် ဆိုတာ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး အာဏာမီးဟုန်းဟုန်းတောက်နေချိန်မျိုးမှာတောင် ပြည်သူ့ဘက် မားမားရပ် တည်ရေးဖွဲ့ခဲ့တဲ့ ကဗျာတပုဒ်လို့ ညွှန်းဆိုချင်ပါတယ်။
တော်လှန်ရေးသမား
မြေကြီးထဲမှာ မြုပ်နေပါလဲ
ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ဘဲလေ။
မြေကြီးပေါ်မှာ
ရောက်နေပါလဲ၊ ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ဘဲလေ ။ ။
မောင်ချောနွယ်
တဆက်တည်း အဲဒီခေတ် အဲဒီကာလမှာ ရောရောယောင်ယောင်မောင်ဘမောင်များ အကြောင်းကိုလည်း မောင်ချောနွယ် ရဲ့ ဖောက်ပြန်ရေးသမားဆိုတဲ့ကဗျာမှာ ခုလိုဖတ်ရှုရပါတယ်။
တည်လော့ ဆောက်လော့
ဖန်တီးလော့ဟု ပြောတော့ဆိုတော့
အဟုတ်ပေါ့ တည်တော့ဆောက်တော့
ခပ်လျော့လျော့၊ ပြီးတော့ ခပ်လျော့လျော့။ ။
(ဖောက်ပြန်ရေးသမား ကဗျာမှ)
မြန်မာ့ခေတ်ပေါ်ကဗျာရဲ့ခေတ်ဦး၊ မြန်မာ့ကဗျာရဲ့အချိုးအကွေ့မှာ အင်အားကြီးမားစွာရှိခဲ့တဲ့ တော်လှန်ကဗျာစာအုပ်ဟာ သက်တော် ၄၈ နှစ်ထဲ ဝင်ရောက်လာပြီးမှ ဒုတိယအကြိမ် ထွက်ရှိလာတာမို့ နောက်မျိုးဆက်အနေနဲ့ မြန်မာကဗျာ ရေစီး ကြောင်းကို ပြန်ပြောင်းဆိုကြရရင် သမိုင်းအထောက်အထားတခုလို့လည်း ဆိုနိုင်ပါတယ်။
စာအုပ်မှာ စစ်ဆန့်ကျင်ရေး၊ အာဏာရှင်တော်လှန်ရေး ကဗျာများအပြင် စကားလုံးနည်းနည်းဖြင့် ကဗျာဆရာ အောင်ဇင်မင်း ရဲ့လူထုလူတန်းစား တိုက်ပွဲတခုကို မီးမောင်းထိုးပြထားတဲ့ ကဗျာတပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
အလွှာနှစ်ခု၏ စပ်ကြားတွင်
ခွေးသည် အိပ်ငိုက်
အိမ်စေရှိုက်လျှင်
လူကိုက်နေကြောင်း သိနိုင်သည် ။ ။
ဒီနေရာမှာ စာမျက်နှာ အခက်အခဲကြောင့် ပါဝင်ရေးသားခဲ့တဲ့ ကဗျာဆရာကြီးများရဲ့ကဗျာများကို ဖော်ပြနိုင်ဖို့ မစွမ်းသော် ငြား ပါဝင်တဲ့ကဗျာများအားလုံးကတော့ အကြောင်းအရာပိုင်းမှာ ခေတ်မီလှပနေဆဲဖြစ်ပါတယ်။ စာအုပ်မှာ ပါဝင်ရေးသား ခဲ့ကြတဲ့ သက်ရှိထင်ရှားဆရာများပင် အသက် ၇၀ ကျော်တန်းပင်ဖြစ်နေပါပြီ။
မြန်မာ့ကဗျာလောကအတွက် လမ်းသစ်ဖောက်ထွက် သမိုင်းပေးတာဝန်တရပ်လို ပခုံးထမ်းခဲ့ကြတဲ့ စေတနာကို ယခု တော် လှန်ကဗျာစာအုပ်မှာ တွေ့ရမယ်လို့ တိတိကျကျ ဆိုလိုက်ရပါတယ်။
စာရေးသူ – မောင်ချောနွယ်၊ မောင်စိမ်းနီ(ကေသီပန်)၊ စိုးမြင့်သိန်း၊ နီအောင်၊ မောင်ပြု ပြင် (ကျုံပျော်)၊ ရွှေရ (တောင်ကုတ်)၊ မောင်သွေးသစ်၊ မောင်သင်းခိုင်(ပျဉ်းမနား)၊ အောင်ဇင်မင်း
စာအုပ်အမည် – တော်လှန်ကဗျာ (၁၉၆၉)
အမျိုးအစား – ကဗျာ
ထုတ်ဝေသည့်တိုက် – ကြယ်နီ စာအုပ်တိုက်
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ မတ်လ၊ ဒုတိယအကြိမ်
တန်ဖိုး – ၁၅၀၀ ကျပ်