ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ပြန်လည် ခေါင်းထောင်ထလာ သောကြောင့် အရှေ့တောင်အာရှ ဒေသတွင်း အရေးအပါဆုံး ဘာသာရေးကြီး နှစ်ခုဖြစ်သော ဗုဒ္ဓဘာသာနှင့် အစ္စလမ်တို့ အကြား သွေးကွဲစေမည့် အန္တရာယ် ကြီးသော အကွဲအပြဲ တခုအတွက် လမ်းပွင့်သွားသည်။
ဤဒေသတွင် ငြိမ်းချမ်းစွာ ပူးတွဲ တည်ရှိခဲ့သည်မှာ ရာစုနှစ်ချီ ကြာပြီ ဖြစ်သော ဘာသာနှစ်ခု အကြား ခေတ်သစ်သမိုင်းတွင် တင်းမာမှုများသည် ယခုလောက် တကြိမ်မျှ မြင့်မားခဲ့ဖူးခြင်း မရှိပေ။ ထိုအတိုင်းသာ ဆက်သွားပါက လူမှုတည်ငြိမ်မှု အတွက် အရှေ့အလယ်ပိုင်းမှ ပြန်ဝင်လာကြသည့် IS အဖွဲ့များ၏ ခြိမ်းခြောက်မူထက် ပိုမို အန္တရာယ်ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။
“အာဆီယံကို လမ်းကြောင်း လွဲသွားစေနိုင်တဲ့ ကြောက်စရာ စိတ်ဝမ်းကွဲမှု ဖြစ်လာစေမယ့် အလားအလာ ရှိနေတယ်” ဟု အာဆီယံ အတွင်းရေးမှူးချုပ် ဟောင်း Surin Pitsuwan က ပြောသည်။
ယုံကြည်နိုင်ခြေ မရှိဟု ထင်ရသော်လည်း မြန်မာနိုင်ငံ၏ ဝေးကွာလှသော အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား ဖြစ်ပွားနေသော ထို အကြမ်းဖက်မှုသည် အခြားသော နိုင်ငံများတွင်လည်း တင်းမာမှုများ ဖြစ်စေနိုင်သည်။ ထိုသို့ ဆိုရခြင်းမှာ ရက်ပိုင်း အတွင်း လူ ၄၀၀ သေဆုံးပြီး လူ ၄၀၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အကြမ်းဖက်မှုများ စတင်သည့် သြဂုတ်လ ၂၅ ရက် နောက်ပိုင်း ရက်အနည်းငယ် အတွင်း ဖြစ်ရပ်များကြောင့်ပင် ဖြစ်သည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာ တထောင်နီးပါးသည် မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ဆန့်ကျင် ကန့်ကွက် ခဲ့ကြသည်။ ၎င်းတို့အနက် ၄၀ ကျော် အဖမ်းခံရပြီး သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့ ကန့်ကွက်မည့်သူ တဦးကို တားဆီးခဲ့ရသည်။ ထိုကန့်ကွက်ပွဲကို မလေးရှားနိုင်ငံမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် မလေးရှား အစ္စလမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ Malaysian Consultative Council of Islam Organizations (Mapim) က စီစဉ်သည် ဟု ဆိုသည်။
ထိုအဖွဲ့က မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို တိုင်းပြည်မှ နှင်ထုတ်ရန်လည်း တောင်းဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်တင်ရမည် ဟု (Mapim) ၏ ဥက္ကဌ Mohammed Azmi Abdul Hamid က မြန်မာသံရုံးသို့ ကန့်ကွက်စာ တစောင်ပေးစဉ် ပြောသည်။ “သင်ဟာ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်လို့ တာဝန်ရှိတယ်။ သင်ဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဘာကြောင့် စစ်တပ်ဘက်က ရပ်တည်နေတာလဲ” ဟု သူက မေးခွန်းထုတ်သည်။
မလေးမွတ်စလင်များသည် ဗလီများ၊ သတင်းစာများတွင်လည်း ဒေါသပေါက်ကွဲ နေကြသည်။ စိတ်လိုက်မာန်ပါ တုံ့ပြန်မှု အများအပြားမှာ နှစ်ဖက်လုံးက ကျူးလွန်သည် ဟု စွပ်စွဲခံရသော ရက်စက်မှုများ၏ ဓာတ်ပုံတုများကြောင့် ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခဲ့ကြသည့် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ တွစ်တာ ဓာတ်ပုံများမှာ ရခိုင်ပြည်နယ်မှ မဟုတ်ဘဲ ရဝမ်ဒါ ပြည်တွင်းစစ်နှင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ပဋိပက္ခများမှ ပုံများဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။
အင်ဒိုနီးရှား အစိုးရသည်လည်း တစုံတရာ အရေးယူ ဆောင်ရွက်ရန် အပြင်းအထန် ဖိအားပေး ခံနေရသည်။ အင်ဒိုနီးရှား နိုင်ငံ၏ ဒုတိယအကြီးဆုံး မွတ်စလင်အဖွဲ့အစည်း ဖြစ်သည့် Muhammadiya က ထုတ်ပြန်သည့် ကြေညာချက်တွင် ရခိုင်ပြည်နယ် တိုက်ပွဲများကို နိုင်ငံတကာ ရာဇဝတ်တရားရုံးက စုံစမ်းစစ်ဆေးရန်၊ မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် ၏ နိုဗယ်ဆုကို ပြန်လည် ရုပ်သိမ်းရန် တို့ကို တောင်းဆိုထားသည်။
အိမ်နီးချင်း နိုင်ငံများ၏ ပြည်တွင်းရေးနှင့်ပတ်သက်သော အရေးယူ ဆောင်ရွက်မှုကို ကန့်သတ်ပြီး စိတ်ခံစားမှုကို ထိန်းချုပ်သော အစဉ်အလာရှိသည့် ဒေသတွင် ထိုသို့သော စကားများ ခြိမ်းခြောက်မှုများသည် ပြင်းထန်သည် ဟု ဆိုရမည် ဖြစ်သည်။ ဆယ်စုနှစ် ၂ ခုနီးပါး ရှိပြီ ဖြစ်သော မွတ်စလင ်မလေးများနှင် ထိုင်း ဗုဒ္ဓဘာသာများ၏ ထိုင်းနိုင်ငံ တောင်ပိုင်းမှ ပဋိပက္ခကြောင့် မလေးရှားတွင် ထိုသို့သော လူထုလှုပ်ရှားမှု မရှိသလောက်ပင် ဖြစ်သည်။ ဝင်ရောက် မစွက်ဖက်ရေးသည် အာဆီယံကို စုစည်းညီညွတ်စေသော အခြေခံစည်းမျဉ်း ဖြစ်သည်။
ဒေသတွင်း အစိုးရများ အတွက် မွတ်စလင်များ၏ ကံကြမ္မာကို ကရုဏာသက်ခြင်း သာမက ပြည်တွင်းရေး အရ ထည့်သွင်း စဉ်းစားရသော အချက်များလည်း ရှိနေသည်။ မလေးရှား ဒုတိယဝန်ကြီးချုပ် Zahid Hamidi က “ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာလို့ မလေးရှားနိုင်ငံ အတွက် နိုင်ငံရေး၊ လူမှုရေး ဝန်ထုတ်ဝန်ပိုး ဖြစ်တာမျိုးကို ကျနော် မလိုလားဘူး” ဟု ပြောသည်။ လတ်တလောတွင် ရိုဟင်ဂျာ အနည်းဆုံး ၆၀၀၀၀ သည် မလေးရှားတွင် ခိုလှုံနေသည်။
အင်ဒိုနီးရှားတွင် အစိုးရသည် သဘောထား ပြင်းထန်သော အစ္စလမ်မစ် စိတ်ခံစားမှုများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရ သည်။ ထိုသို့သော စိတ်ဓာတ်များကို သမ္မတ Joko Widodo ၏ အတိုက်အခံများက ထိန်းချုပ်အသုံးချပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ သူ့ကို အင်အားချိနဲ့ သွားအောင် လုပ်ဆောင် နေကြသည်။
အစိုးရအပေါ် အစ္စလမ်မစ်များ၏ ဒေါသကို မီးထိုးပေးရန် အကြောင်းပြချက် အဖြစ် ရခိုင်ပြည်နယ် အခြေအနေကို အသုံးချမည် ကိုလည်း စိုးရိမ်နေရသည်။ လူမှုကွန်ရက်တွင် မြန်မာသံရုံးရှေ့၌ လူထုကန့်ကွက်ပွဲ ပြုလုပ်ရန် တောင်းဆိုမှုများ ပြည့်နှက်နေပြီး ပိုမိုစိုးရိမ်စရာ ကောင်းသည်မှာ အခြေခံဝါဒီ အစ္စလမ်မစ် အုပ်စုများက ဂျာဗား အလယ်ပိုင်းရှိ Borobodur ဗုဒ္ဓဘာသာ အမွေအနှစ်ကို သွားရောက် ဝိုင်းထားရန် ကြံစည်ကြခြင်း ဖြစ်သည်။
ဒေသတွင်း ရိုက်ခတ်မှုများ
အာဆီယံသည် လူမျိုးစုများ ပဋိပက္ခဖြစ်မှုနှင့် လူသားချင်း စာနာမှု အကျပ်အတည်းကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရန် ပြင်ဆင်ထားခြင်း မရှိပေ။ မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ရေး အတွက် ကန့်ကွက်ပွဲများကို ဖြိုခွဲရန်လည်း အင်ဒိုနီးရှား လုံခြုံရေးတပ်များ အတွက် ဖိအားများလည်း ရှိလာမည် ဖြစ်သည်။ မိုးရာသီကုန်လျှင် ပိုမို များပြားသော ရိုဟင်ဂျာများ ထိုင်းနိုင်ငံ၊ မလေးရှာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လှေများဖြင့် ထွက်ပြေးလာပြီး လှေစီးဒုက္ခသည် အကျပ်အတည်း ထပ်မံပေါ်ပေါက်မည် ကိုလည်း စိုးရိမ်နေရသည်။
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှုဆိုင်ရာလျစ်လျူရှုမှု ဖြစ်စေခဲ့သော အသိုင်းအဝန်း နှစ်ခုကြား ပဋိပက္ခအဖြစ် စတင်ခဲ့သော ရခိုင်အရေးသည် စနစ်တကျ ပုန်ကန်မှုနှင့် အတူ လွန်စွာကြီးမားသော ပဋိပက္ခဖြစ်လာခဲ့သည်။ ထို ပုန်ကန်မှုကို စည်းရုံးရေး သြဇာကြီးမားသည့် ခေါင်းဆောင်တဦးက ဦးဆောင်နေပြီး မီဒီယာများသို့ ကြေညာချက်များ သဘောထားများ ဖြန့်ချိ နိုင်စွမ်း ရှိသည့့် စနစ်တကျ ဖွဲ့စည်းထားသည့် အဝေးရောက် ကွန်ရက်တခုကလည်း ထောက်ခံ ပံ့ပိုးပေးထားသည်။ ARSA အုပ်စုသည် IS အဖွဲ့ ဟူသော အမည်ဖြင့် ပိုင်နက်နယ်မြေ ထူထောင်ရန် ကြိုးစားနေသာ အခြေခံဝါဒီ အစွန်းရောက်များ၏ သြဇာအောက်သို့ ရောက်သွားမည် ကိုလည်း စိုးရိမ်နေရ သည်။
ထို့ကြောင့် ပိုမိုဆိုးရွားလာခြင်း မရှိမီ အခြေအနေကို ကိုင်တွယ် ဖြေရှင်းရန် ဒေသတခုလုံး အနေဖြင့် မည်သို့ ကူညီ ဆောင်ရွက် ပေးနိုင်မည်နည်း။ လွန်ခဲ့သော နှစ်က အင်ဒိုနီးရှား နိုင်ငံရေးဝန်ကြီး Retno Marsudi မြန်မာနိုင်ငံသို့ သွားရောက်ပြီးနောက် ရခိုင်ပြည်နယ် အခြေအနေကို ရှင်းလင်းတင်ပြရန် အာဆီယံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည် ကို ဖျောင်းဖျနိုင်ခဲ့သည်။ သို့သော် စိတ်ခံစားမှုများ ပြင်းထန် နေသောကြောင့် အခြေအနေကို ဆွေးနွေးနေရုံနှင့် မလုံလောက်တော့ဘဲ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုသည်။
မြန်မာအစိုးရ အနေဖြင့် တိုက်ရိုက် အကူအညီပေးရန် စာနာမှု အကူအညီ ပေးရေး ပူးတွဲ အဖွဲ့များ စေလွတ်ခွင့်ပေးလျှင် ဘာသာရေး တင်းမာမှုများ ပြေလျော့လာနိုင်သည်။ ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်းဒဏ် ခံရသော မြန်မာနိုင်ငံ၏ လူဦးရေ ထူထပ်သည့် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ရန် လုပ်ဆောင်ခဲ့သော အာဆီယံလူသားချင်း စာနာမှု လုပ်ငန်းအဖွဲ့ (ASEAN Humanitarian Task Force) နှင့် သုံးပွင့်ဆိုင် အဖွဲ့ (Tripartite Core Group) တို့ကို ပြန်လည် အမှတ်ရစေသော အခြေအနေ ဖြစ်သည်။
အသိုင်းအဝန်း နှစ်ခုကြား တင်းမာမှုများကို ပိုမိုကောင်းမွန်စွာ စီမံရန် သို့မဟုတ် အာဆီယံ အဆင့်မြင့် သံတမန်တဦး၏ စကားအရ ပြောရပါက အသိုင်းအဝန်းနှစ်ခုလုံး၏ လိုအပ်ချက်များကို ဖြေရှင်းပေးရန် ရေရှည် ယန္တရားတခုလည်း လိုအပ် သည်မှာ ထင်ရှားသည်။ ထိုသို့ လုပ်ဆောင်ရန် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ နှင့် မွတ်စလင်များပါ ပါဝင်သော ရခိုင်ပြည်နယ်ရှိ ဘာသာရေး အသိုင်းအဝန်းများ အတွက် ဒေသတွင်း အိမ်နီးချင်းများက ဖော်ပြခဲ့ကြသော ပူပန်မှုများနှင့် ရခိုင်ပြည်နယ် တိုးတက်ရေး လုပ်ငန်းများကို သတိကြီးကြီးထား ချိန်ညှိရန် လိုသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အကူအညီများသည် ရခိုင်နှင့် မွတ်စလင် အသိုင်းအဝန်း ၂ ခုအတွက် ဂရုတစိုက် ရည်ရွယ်သောကြောင့် မြန်မာအစိုးရ၏အမြင်တွင် အင်ဒိုနီးရှားသည် အပြုသဘောပါဝင်ဆောင်ရွက်သော နိုင်ငံဖြစ်သည်။
ထိုသို့ ဖြစ်ရန် အင်ဒိုနီးရှား နိုင်ငံသည် ဗုဒ္ဓဘာသာ အစိုးရ မဟုတ်သော အဖွဲ့များနှင့် မွတ်စလင် အစိုးမဟုတ်သော အဖွဲ့များ နှစ်ဘက်လုံးကို တာဝန်ပေးပြီး ၎င်း၏ နှိမ်ချသော သဘောထားနှင့် အသင့်အတင့် ပမာဏသာ ရှိသော်လည်း ထိရောက်သော အကူအညီပေးရေး စနစ်ကြောင့် ဗဟိုအစိုးရ အရာရှိများနှင့် ယုံကြည်မှု တည်ဆောက်သည်။
နှစ်နိုင်ငံ နယ်စပ်တွင် လူသားချင်း စာနာမှု အကျပ်အတည်းကို လျှော့ချနိုင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရန်လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တွန်းအားပေးသည်။
ယခု နောက်ဆုံး တိုက်ခိုက်မှုများ အပြီး ဦးစားပေး လုပ်ဆောင်ရမည့် အချက်မှာ မြန်မာအစိုးရက ဆက်သွယ်ရေး လမ်းကြောင်းကို ဖွင့်ထားပေးရန်နှင့် ခုခံကာကွယ်သော အမျိုးသားရေး ဝါဒနှင့် စွပ်စွဲခံရသောကြောင့် ဖြစ်ပေါ်လာသော ဒေါသတံတိုင်း နောက်သို့ ရောက် မသွားစေရန် ဖြောင်းဖျပေးရန် လိုသည်။
မြန်မာတွင်သာမက အိမ်နီးချင်းနိုင်ငံများတွင် အမျိုးဘာသာ နိုင်ငံရေး ခေါင်းထောင်ထလာခြင်းသည် အုပ်စုကွဲများကြား သွေးထွက်သံယို တိုက်ခိုက်ကြခြင်းကို ဖြစ်ပွားစေမည့် အခြေအနေကို ဖန်တီးပေးနေသည်။ ရခိုင်ပြည် မြောက်ဖျားမှ မီးကို လေပင့်ပါက ဒေသတခုလုံးရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ အားလုံး၏ လုံခြုံရေးကို အန္တရာယ်ကျရောက်စေတော့မည် ဖြစ်သည်။
(www.asia.nikkei.com တွင် ဖော်ပြထားသည့် Michael Vatikiotis ၏ Myanmar’s harsh crackdown on Rohingya population draws extreme international responses ကို ဆီလျော်အောင် ဘာသာပြန်သည်။ ၎င်းသည် Centre for Humanitarian Dialogue ၏ Asia director တဦး ဖြစ်သည်။)