ဆောင်းပါး

မောင်တော ပဋိပက္ခ၏ ပကတိ အခြေအနေမှန်

Want create site? Find Free WordPress Themes and plugins.

စာရေးသူတို့ ပြည်တွင်းပြည်ပသတင်းထောက် ၂၂ ဦးတွင်ပါဝင်သော သတင်းမီဒီယာအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင် မြို့နယ်သို့ ရောက်ရှိသည်။ စတင်ရောက်ရှိသည်နှင့် တပြိုင်နက် မောင်တောမြို့နယ်ရှိ ဇူလားကျေးရွာအနီးတွင် ရခိုင်လူငယ်လေးဦးကို မွတ်ဆလင်စစ်သွေးကြွများက သတ်ဖြတ်လိုက်သည်ဟူသော သတင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဆိုသော သတင်းများရောက်ရှိလာသည်။

ရဲတပ်ဖွဲ့က သတင်းသမားအဖွဲ့အား ၂၄ ကီလိုမီတာကွာဝေးသော ဘူးသီးတောင်-မောင်တောခရီးကို လုံခြုံရေးကားများနှင့် လိုက်ပါပို့ဆောင်ပေးသည်။ စိမ်းစိုနေသော မေယု တောင်တန်းကို ဖြတ်ဖောက်ထားသည့် အဝေးပြေးကားလမ်းတလျှောက် ကားနှင့်ဆိုင်ကယ်အချို့ကိုသာ ရံဖန်ရံခါ တွေ့ရတတ်သည်။ တနာရီခန့်ကြာသော် နေရပ်စွန့်ခွာထွက်ပြေးလာကြသော ရခိုင်တိုင်းရင်းသားများခိုလှုံရာ သုံးမိုင်သာစည် စစ်ဆေးရေး စခန်းသို့ ရောက်ရှိကြသည်။ ယင်းစခန်းတွင် အိုးအိမ်မဲ့ လူထောင်ချီ ယာယီနေထိုင်လျက်ရှိသည်။

သာစည်ကျေးရွာမှ မိနစ်အနည်းငယ်မောင်းပြီးနောက် အဝေးပြေးကားလမ်းမကြီး နံဘေးတွင် ကပ်ရပ်တည်ရှိသော မွတ်စလင်ကျေးရွာ မြို့သူကြီးသို့ ရောက်ရှိသည်။ ယင်းရွာတွင် မွတ်စလင် ၈၆၀၀ ခန့်နေထိုင်ကြပြီး မောင်တောမြို့အဝင် ရဲကင်းနှင့် ၁.၆ ကီလိုမီတာခန့်သာ ဝေး၏်။

ထိုကျေးရွာ၏ မြင်ကွင်းမှာကား ပြာပုံအတိ ဖုံးလျက်။ ယင်းမြင်ကွင်းသည် စာရေးသူ ယခုနှစ်များအတွင်း မြင်တွေ့ခဲ့ရသော မြင်ကွင်းများအနက် အဆိုးရွားဆုံးမြင်ကွင်းပင်။ စာရေးသူသည် ယမန်နှစ် အောက်တိုဘာ ၉ တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ ဆောင်ရွက်စဉ်ကာလ မောင်တောသို့ သွားရောက်ဖြစ်ခဲ့ပါသည်။ ယင်း စစ်ဆင်ရေးကြောင့် မွတ်စလင်သောင်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခနဖ် ခရိုင်သို့ ထွက်ပြေးခဲ့ကြရသော်လည်း ထိုစဉ်က မြို့သူကြီးကျေးရွာမှာ ယခုကဲ့သို့ မီးလောင်တိုက်သွင်း ခံရခြင်း မရှိခဲ့ပါ။

မြင့်တက်လာသော သေဆုံးမှုနှုန်း

အစိုးရ၏ နောက်ဆုံးစာရင်းများအရ ARSA အကြမ်းဖက်အဖွဲ့က ရဲစခန်းများကို စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ထိုအဖွဲ့မှ အဖွဲ့ဝင်များသည် ရခိုင်ဗုဒ္ဓဘာသာ ၁၄ ဦး၊ ဟိန္ဒူ ၇ ဦး၊ မွတ်ဆလင် ၇ ဦး နှင့် လုံခြံရေးတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အစိုးရဝန်ထမ်း ၃ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့များက ဩဂုတ်လနှောင်းပိုင်းမှ စတင်၍ စစ်သွေးကြွ ၃၇၁ ဦး ရှင်းလင်းသုတ်သင်ခဲ့ပြီး ၃၈ ဦးကို ဖမ်းမိသည်။ သေဆုံးမှုနှုန်း ကွာခြားခြင်းနှင့် အစိုးရကဖမ်းမိသော လက်နက်များတွင် တိုက်ခိုက်ရေးရိုင်ဖယ်နှင့် လုပ်သေနတ် အနည်းငယ်မှအပ ကျန်လက်နက်များသည် ဓါး ဂျင်ကလိနှင့် ဓါးမြှောင်များဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရကို ဝေဖန်ကြသည်။

နှစ်ရက်ခရီးစဉ်အတွင်း အစိုးရလူကြီးများ ဟိန္ဒူအရပ်သားများနှင့် ထွက်ပြေးတိမ်းရှောင်လာကြသော ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ရာ ၎င်းတို့က တိုက်ခိုက်မှု ဖြစ်စဉ်များတွင် အနည်းဆုံးလူ ၁၀၀ ခန့်ပါဝင်ကြောင်း၊ အများစုမှာ ဓါး တုတ် ဓါးမြှောင်နှင့် လေးခွများဖြင့် တိုက်ခိုက်ကြပြီး အနည်းစုတွင် သေနတ်များ ကိုင်ဆောင်ထားကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောဆိုကြပါသည်။

ထိုကဲ့သို့ လူအုပ်နှင့် တိုက်ခိုက်ခြင်းခံရပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ရဲတပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်များအရ တိုက်ခိုက်သူများသည် ရဲတပ်ဖွဲ့ဝင်များကို စတင် ပစ်ခတ်သည်နှင့် တပြိုင်နက် ရာနှင့်ချီသော လူအုပ်ကြီး ပြေးတက်လာကြောင်း ထိုအခါ ရဲတပ်ဖွဲ့ဝင်များမှာ ယင်းလူအုပ်ကို ပစ်ခတ်ရကြောင်း အကယ်၍ မပစ်ခတ်ပြန်လျှင်လည်း တပ်ဖွဲ့ဝင်တို့မှာ ယင်းနေရာတွင်ပင် သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ပြောဆိုကြပါသည်။

ARSA အကြမ်းဖက်အဖွဲ့၏ လူသစ်စုဆောင်းခြင်းကို ငြင်းဆန်သော မွတ်စလင်များသည် မကြာခဏ သတ်ဖြတ်ခံရလေ့ရှိကြောင်း ရဲမှုးတဦးက ဧရာဝတီသတင်းဌာနကို ပြောပါသည်။ ထိုသို့ လူသစ်စုဆောင်းရာတွင် ဒေသတွင်းရှိ မော်လဝီများသည် အရေးကြီးသော အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့သည်ဟု သူကဆိုပါသည်။ ထိုအချက်ကို ဧရာဝတီ သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ထောက်လှမ်းရေးသတင်းများအရ ARSA သည် မောင်တောမြို့နယ်တွင်းရှိ ရွာတိုင်းတွင် အနည်းဆုံး အမာခံလူ ၁၀၀ စုစည်းထားပြီးဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ထုတ်ဖေါ်ပြောဆိုပါသည်။ ထို့အပြင် လုံခြုံရေးတပ်များကို တိုက်ခိုက်မှုတွင် ပါဝင်သည့် ကလေး အမျိုးသမီး မည်သူမဆို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ ရှင်းလင်းမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောပါသည်။

ရက်အနည်းငယ်အတွင်း စစ်သွေးကြွဟု သံသယရှိသူ ၄၀၀ ခန့် သေဆုံးရခြင်းမှာ ၎င်းတို့ အများအပြားတွင် သေနတ်မရှိဘဲ အစိုးရတပ်များကို လူသားဒိုင်း အဖြစ် အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် လွန်စွာဖြစ်နိုင်ခြေရှိပါသည်။ ပြီးခဲ့သည့်လက မောင်တောနယ်ခြားစောင့်တပ်များနှင့် စခန်းများကို တိုက်ခိုက်ရန် ARSA အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင် Ata Ullah က ၎င်း၏ တပ်ဖွဲ့ဝင်များကို ပေးပို့ခဲ့သည့် အသံဖိုင်များကို ရှာဖွေတွေ့ရှိခဲ့သည်။

အသံဖိုင်တွင် “တကယ်လို့ လူ ၂၀၀ ဒါမှမဟုတ် ၃၀၀ လောက် ထွက်လာရင်။ ၅၀ လောက်တော့ သေမှာပဲ။ အဲဒါ အလ္လာရှင်မြတ် အလိုအတိုင်းပဲ။ ကျန်တဲ့ ၁၅၀ လောက်ကတော့ သူတို့ (ရဲတပ်ဖွဲ့ဝင်တွေ) ကို ဓါးနဲ့သတ်လို့ရတယ်” ဟု ပါရှိသည်။

ထိုတိုက်ခိုက်မှုကို ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်၏ နောက်ဆုံးအပြီးသတ် အစီရင်ခံစာကို သြဂုတ် ၂၄ ရက်နေ့တွင် ထုတ်ပြန်ပြီး နာရီပိုင်းအနည်းငယ်အကြာတွင် စတင်လိုက်ခြင်းဖြစ်သည်။

ရှုပ်ထွေးမှု

အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ ယခုအပတ်အတွင်း ထုတ်ပြန်ချက်အရ ရွာပေါင်း ၆၀ တွင် အိမ်ခြေ ၆၈၄၅ ခု မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။ မီးရှို့များကို ARSA က ပြုလုပ်သည်ဟု အစိုးရက ကြေညာထားပြီး မွတ်စလင် စစ်သွေးကြွများကလည်း တပ်မတော်က မီးရှို့သည်ဟု ပြန်လည်ပြောဆိုသည်။ ဧရာဝတီ သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သူ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ရခိုင်၊ မွတ်ဆလင်အသိုင်းအဝန်းအချို့ကမူ ၂ ဘက်လုံးက ရှို့ကြသည်ဟု ပြောပါသည်။

စာရေးသူက ပဋိပက္ခနယ်မြေအတွင်း သတင်းအချက်အလက် ထပ်မံရရှိနိုင်ရေးအတွက် တည ထပ်မံနေခွင့် တောင်းခံခဲ့သော်လည်း အာဏာပိုင်များက ခွင့်ပြုခြင်းမရှိပေ။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့-HRW က ထုတ်ပြန်သည့် ဂြိုလ်တုဓာတ်ပုံများတွင် မိမိကိုယ်ကို ရိုဟင်ဂျာဟု ခေါ်ဆိုကြသူများ နေထိုင်သည့်ကျေးရွာ ၁၇ ခု ဖျက်ဆီးခံထားရကြောင်း ဖော်ပြထားသည်။ တပ်မတော် စစ်ဆင်ရေးကာလအတွင်း ယင်းမွတ်စလင်ရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု လူ့အခွင်ရေးအဖွဲ့များက စွပ်စွဲကြပါသည်။

အစိုးရ၏ စာရင်းဇယားများအရ ထွက်ပြေးတိမ်းရှောင်လာသော ရခိုင်ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ ၂၆၇၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး မောင်တောမြို့နယ်ရှိ နေရာ ၃၃ ခု သို့ ပြောင်းရွှေ့ နေရာ ချထားပေးကြောင်း သိရသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံသူ ၃ သိန်းကျော်ရှိပြီး ယာယီတဲများထိုးကာ နေထိုင်ကြသည်။ ယင်းသို့ ထွက်ပြေးကြရာတွင် အချို့မှာ မြေမြုပ်မှိုင်းများ တက်နင်းမိကြကြောင်း သတင်းများ ကြားနေရသည်။

ဝန်ထုတ်ဝန်ပိုးနှင့် အတားအဆီးများ

သုံးရက်ကြာခရီးစဉ်အတွင်း စာရေးသူသည် ဟိန္ဒူ၊ ရခိုင်နှင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသော ရခိုင်မျိုးနွယ်စုများ၏ ကိုယ်တွေ့ဖြစ်ရပ်များကို မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက်ရသော ခရီးစဉ်အတွင်း စာရေးသူတို့သည် မောင်တောတွင် အိုးအိမ်ဆုံးခဲ့ရသော မွတ်ဆလင် နေရပ်စွန်ခွာသူများနှင့် တွေ့ဆုံရန် စီစဉ်မပေးခဲ့ပေ။ မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ရပ်ရွာလူကြီးအချို့တို့နှင့်သာ တွေ့ခွင့်ရခဲ့သည်။

ခရီးစဉ်အတွင်း တွေ့ခွင့်ရသော မွတ်ဆလင် သတင်းရင်းမြစ် အများစုမှာ စီးပွားရေးသမားများဖြစ်ပြီး လုံခြုံရေးတပ်များနှင့် ARSA တို့ ၂ ဘက်လုံးကို မဝေဖန်ပဲ သတိထား ရှောင်ရှားနေကြောင်း တွေ့ခဲ့ရသည်။ ၎င်းတို့ထဲမှ တဦးကမူ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် မြို့တွင်ကူးသန်းရောင်းဝယ်ရေး ပညာရေးနှင့် နေမှုထိုင်မှုတို့ ပြိုလဲကုန်ကြောင်း ရှုတ်ချ ပြောဆိုသည်။

သတင်းသမားများနှင့် တွေ့ဆုံပြောဆိုသည့် (အထူးသဖြင့် ပဋိပက္ခနယ်မြေတွင် နေထိုင်သော) သတင်းရင်းမြစ်များအပေါ် ကျရောက်လာမည့် အန္တရာယ်ကိုလည်း သတင်းသမားများ နားလည်ရန် လိုအပ်လှပါသည်။ အစိုးရ၏ မှတ်တမ်းမှတ်ရာများအရ ၂၀၁၆ ခုနှစ်အောက်တိုဘာလက ရဲစခန်းများကို ပထမအကြိမ် တိုက်ခိုက်မှုနောက်ပိုင်းတွင် လူသတ်မှုပေါင်း ၆၀ ကျော်ထိ ရှိလာသည်။ ယင်းအနက် အစိုးရ သို့မဟုတ် သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောဆိုပြီးနောက် သတင်းရင်းမြစ် အမြောက်အများမှာ စစ်သွေးကြွများ၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ကြရသည်။

ထို့ကိန်းဂဏန်းတို့သည်ကား မွတ်စလင်သတင်းရင်းမြစ်များ သတင်းမီဒီယာများသို့ အုပ်စုတခုခုကို ဝေဖန်ရန် တုံ့ဆိုင်းရသော အကြောင်းအရင်းဖြစ်သည်။ ၎င်းတို့၏ အခြေအနေမှာ ကြိုးတန်းပေါ်လမ်း လျှောက်နေရသည့် အနေအထားဖြစ်သည်။

သတင်းနှင့် သတင်းတု

အစိုးရတပ်များ၏ လုံခြုံရေးအကာအကွယ်အောက်တွင် တည်ရှိသော ဟိန္ဒူ နှင့်ရခိုင် နေရပ်စွန့်ခွာသူများ၏ စခန်း ၃ ခုသို့ စာရေးသူရောက်ရှိခဲ့သည်။ ထိုနေရာတို့တွင် မည်သူကမျှ စောင့်ကြပ်နေပုံ မရသောကြောင့် ယာယီဒုက္ခသည်စခန်းများ၏ လုံခြုံရေးမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ မြေမြှုပ်မိုင်းနှင့် ခြုံခိုတိုက်ခိုက်မှုများကြောင့် ဒေသ၏အခြေအနေမှာ တဖြည်းဖြည်း ယိုယွင်းလာသည်။ တနေ့ တနေ့ လူပေါင်းရာချီ ပြည်နယ်မြို့တော် စစ်တွေသို့သွားရန် သင်္ဘောလက်မှတ် ဝယ်ယူနေကြသည်။ အချို့မှာ လမ်းစရိတ်ပင် မတတ်နိုင်ကြ။

တချိန်တည်းမှာပင် မောင်တောရှိနယ်စပ်စခန်းများ ကျဆုံးသွားပြီဖြစ်ကြောင်း ကျေးရွာများ မီးလောင်တိုက်သွင်းခံရပြီး ပြာကျသွားပြီဖြစ်ကြောင်း လူများအုပ်စုလိုက် အသတ်ခံရကြောင်း စသော အတည်မပြုနိုင်သော သတင်းများက အွန်လိုင်းပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။ ထိုကဲ့သို့ အတည်မပြုထားသော ကြောက်မယ်ဖွယ်ရာ သတင်းများသည် ဖုန်းတလုံးမျှပင် မပိုင်ဆိုင်သော ဒုက္ခသည်များ၏ နားသို့ တဆင့်စကား တဆင့်နားဖြင့် ရောက်ရှိလာသည်။

သတင်းမှားများကား ကြိမ်ဖန်ထပ်လဲလဲ ပြန့်နှံ့လျက်ရှိသည်။ သြဂုတ်လ ၂၉ ရက်နေ့တွင် တူရကီနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် မာမတ် ဆမ်စီ Mehmet Simse သည် ၎င်း၏ ကိုယ်ပိုင် တွစ်တာစာမျက်နှာပေါ်တွင် ဓါတ်ပုံ ၄ ပုံတင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိ သော လူမျိုးတုန်းသတ်ဖြတ်မှုကို ဝင်ရောက်တားဆီးသင့်ကြောင်း ရေးသားထားသည်။ အဆိုပါ စတေးတပ်မှာ အကြိမ်ပေါင်း ၁၆၀၀ ကျော် ပြန်လည်ဝေမျှသူရှိခဲ့ပြီး ဖတ်ရှုသူ ၁၂၀၀ ကျော်က ကြိုက်နှစ်သက်ကြောင်း like ပေးခဲ့ကြသည်။ စစ်စစ်မှာမူ ယင်းဓါတ်ပုံအားလုံးမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်သော ပုံတပုံမျှပင် မပါရှိပေ။ ဒုတိယဝန်ကြီးချုပ်အနေဖြင့် မတင်မီ တိကျ မှန်ကန်မှုရှိ မရှိကို စစ်ဆေးခဲ့သင့်သည်။

တူရကီသမ္မတ အာဒိုဂန်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြရာတွင် တူရကီ ဒုဝန်ကြီးချုပ်ကဲ့သို့သော သတင်းမှားဖြန့်မှုသည် မြောက်များစွာသော ကိစ္စများတို့အနက် တခုသာဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ထိုကဲ့သို့သောလုပ်ရပ်မျိုးသည် “အသိုင်းအဝန်းများအကြား ပြဿနာအများအပြား ဖန်တီးပေးပြီး” “အကြမ်းဖက်သမားများကို အားပေးရာရောက်သည်” ဟုပင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

မောင်တောမြို့၏ ပကတိအခြေအနေကို ထဲထဲဝင်ဝင် သိသူက နည်းပါးလှပါသည်။ သတင်းမှန်က နည်းနည်းနှင့် သတင်းတုက များများ အင်တာနက်မှ တဆင့် ကမ္ဘာတဝန်းပျံ့နှံ့လျှက်ရှိပြီး ယင်းအကြောင်းအရာများက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းလျက်ရှိသော (IDP) နေရပ်စွန့်ခွာလာရသူများ၏ အကြောက်တရားကို ပိုမိုဆိုးရွားစေပါသည်။ ထို့ကြောင့် ယခုကဲ့သို့သော ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် အထူးသတိပြုရန် လိုအပ်လှပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading