ဆောင်းပါး

စစ်ဘေးရှောင် ကလေးငယ်များ၏ အပြုံးပန်း ပွင့်စေလိုသူ

Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် စစ်ဘေးရှောင်စခန်းတခုသို့ လူမှုကူညီရေး ဝန်ထမ်းဖြစ်သူ လမိုင်မိုင်းမိုင် ရောက်ရှိစဉ် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာ ခံစားနေရသော ဂမ်မိုင်အမည်ရ ၃ နှစ် အရွယ် ကလေးငယ်အား တွေ့ခဲ့ရာမှ စစ်ဘေးရှောင် နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာ ကလေးငယ်များကို ကူညီရန် အစပျိုးခဲ့သည်။

“ကျမတို့ စခန်းကို ရောက်ချိန် ကတည်းက အဲဒီကလေးက သူ့ပါးစပ်ကို လက်နဲ့ တချိန်လုံး အုပ်ထားတာ။ ကျန်ကလေးတွေ စနေတော့ အရမ်းပဲ စိတ်ဆိုးပြီး တုံ့ပြန်တော့မှ သူက နှုတ်ခမ်းကွဲနေမှန်း သိရတယ်” ဟု မမိုင်းမိုင်က ယင်း အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။

ယင်း မြင်ကွင်းကြောင့် စိတ်ထိခိုက်ကာ လူမှုကွန်ရက် မီဒီယာ စာမျက်နှာများတွင် သူ့အတွက် ဆေးကုသရန် အကူအညီ တောင်းခံခဲ့ရာ လိုအပ်သော သွားလာ စရိတ်နှင့် ဆေးကုသစဉ် ကုန်ကျမည့် စရိတ်များကို တပတ်အတွင်း ရှာပေးနိုင် ခဲ့သည်။

ယင်း အကူအညီတောင်းခံသည့် ပို့စ်ကို တွေ့ပြီးနောက် အခြားသော စစ်ဘေးရှောင်စခန်းရှိ ဒေသခံများမှလည်း မမိုင်းမိုင်ကို ဆက်သွယ်ကာ မွေးရာပါ နှုတ်ခမ်းကွဲအာခေါင်ကွဲ ရောဂါခံစားရသူ ကလေးငယ်များ အတွက် အကူအညီ တောင်းခံလာသည်။

“ပို့စ် တင်ပြီးနောက်မှာမှ ဟိုစခန်းမှာ ဒီစခန်းမှာ ဒီလို ကလေးတွေ ရှိတယ် ဆိုတာ သိလာရတယ်။ အဓိကက အာဟာရ ချို့တဲ့မှုရယ် ကိုယ်ဝန်ဆောင်စဉ် မိခင်က စစ်အတွင်း အထိတ်တလန့် ဖြစ်ရတာတွေကြောင့် ဒီလို ဖြစ်တတ်တယ် လို့ သိရတယ်” ဟု မမိုင်းမိုင်က ပြောပြသည်။

အသက် ၃၉ နှစ် အရွယ်ရှိ မမိုင်းမိုင်သည် ထိုအချိန်မှ စတင်ကာ စစ်ဘေးရှောင်စခန်းများမှ ထိုသို့သော ရောဂါ ခံစားရသည့် ကလေးများ အတွက် အပြုံးများ ပြန်လည် ခေါ်ဆောင်လာနိုင်သည့် ခွဲစိတ်မှုများ အတွက် ဦးဆောင် လှုံ့ဆော်သူ ဖြစ်လာခဲ့သည်။

၁ နှစ်အတွင်း ကလေးငယ် ၁၁ ဦး ဆေးကုသခံနိုင်ရန် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး လိုအပ်ချက်ရှိနေသော အခြား ကလေးငယ်များ အတွက် ဆက်လက် လှုံ့ဆော် အကူအညီ တောင်းခံလျက် ရှိသည်။
“ကလေးငယ် ၁၁ ဦး အတွက် နှုတ်ခမ်းခွဲစိတ် ကုသမှုက ပြီးပြီ။ အခု အာခေါင်ကွဲတာကို ခွဲစိတ်ဖို့ စောင့်နေကြတယ်” ဟု သူက ရှင်းပြသည်။

မမိုင်းမိုင်သည် ကချင် တိုင်းရင်းသားများ အရေးကို ဆောင်ရွက်ခဲ့သည်မှာ ယခုမှ အစပျိုးခဲ့သည် မဟုတ်ဘဲ ၂၀၀၂ ခုနှစ်မှ စတင်ကာ ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်းနှင့် အလုပ်အကိုင် ရရှိရန် အခက်အခဲ ရှိသည့် ဒေသတွင်းမှ ကချင်လူငယ်များ အလုပ်အကိုင် ရရှိရန်လည်း ကူညီပေးခဲ့သည်။

၂၀၁၆ ခုနှစ် သြဂုတ်လက ကျင်းပခဲ့သော မြန်မာနိုင်ငံမှ လူမျိုးစု ၂၇ မျိုးမှ လူငယ် ၈၀၀ ကျော် ပါဝင်ခဲ့ကာ တိုင်းရင်းသား လူငယ်များ အကြား အပြန်အလှန် နားလည်ယုံကြည်မှု တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော ရေရှည် တည်တံ့သည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံကို အခက်အခဲများ ကြားမှ အောင်မြင်အောင် ဦးဆောင်သူများ အနက်မှ တဦး ဖြစ်သည်။

နာဂတိုင်းရင်းသား လူငယ်ခေါင်းဆောင် တဦးဖြစ်သူ ကိုအက်သွန်မာကူရီက မမိုင်မိုင်သည် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့် ရှိနေသူ ဟု မှတ်ချက်ပေးသည်။

“လူမျိုး အတွက် ကောင်းကျိုး လုပ်ဖို့ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ထားတဲ့သူပါ။ စိန်ခေါ်မှုတွေနဲ့ တွေ့ဖို့လည်း အဆင်သင့် ဖြစ်နေသူပေါ့” ဟု ကိုအက်သွန်မာကူရီက ဆိုသည်။

၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် မမိုင်းမိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက “အပြောင်းအလဲ ဖော်ဆောင်သော အမျိုးသမီး” ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

မမိုင်းမိုင်သည် ကချင်လူငယ်အဖွဲ့ တည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ အတွင်းက ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ဖြစ်မြောက်ရေး စည်းရုံး ဆောင်ရွက်ရာတွင် အဓိက ပါဝင်ခဲ့သူ ဖြစ်သည့် အပြင် မမိုင်းမိုင်သည် ဖယ်ဒရယ်မူ အကြောင်း၊ နိုင်ငံသားများ အကြောင်းနှင့် ဒီမိုကရေစီ အကြောင်းကို လူငယ်များ လေ့လာဆည်းပူးရာတွင် ဦးဆောင် ကူညီပေးနေသူ ဖြစ်သောကြောင့် ယင်းဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ကချင်ပြည် မိုင်ဂျာယန် စစ်ဘေးရှောင် စခန်းတွင် ၄ နှစ်ခန့် နေထိုင်ခဲ့ဖူးသော စစ်ဘေးရှောင်တဦးလည်း ဖြစ်ခဲ့သော သူမက “စစ်ဘေးရှောင်တွေရဲ့ ဘ၀ ဘယ်လောက် ခက်ခဲတယ်။ ဆင်းရဲတယ် ဆိုတာ ကိုယ်တိုင်ကြုံခဲ့ဖူးတော့ နားလည်တယ်။ တကယ့် လိုအပ်ချက်တွေလည်း ရှိနေသေးတယ်” ဟု သူက ပြောသည်။

၂၀၁၀ ခုနှစ် နှောင်းပိုင်းတွင် မိုင်းမိုင်သည် တရုတ်နိုင်ငံ နယ်စပ်ဘက်သို့ သွားရောက်စဉ် လူကုန်ကူးမှုဖြင့် ကျော်ဇောနေမှု ကြောင့် ဒေသခံနှင့် မိသားစုများက စိုုးရိမ်ကြသဖြင့် နေရပ်သို့ပြန်လည် လာရောက်နိုင်ခြင်း မရှိဘဲ စစ်ဘေးရှောင် စခန်းတွင် ၄ နှစ်ခန့် နေထိုင်ခဲ့ရသည်။

ယင်း ကာလက အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသော ဒေသခံလူငယ်များကို ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေမှ စီမံကိန်းများတွင် အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးမှုကြောင့် ယင်းသို့ စွပ်စွဲခံရခြင်း ဖြစ်သည်။

၁၇ နှစ် ကြာပြီးနောက် ပြန်လည် စတင်ခဲ့သည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့ အကြား ပြည်တွင်းစစ်မီး အတွင်းမှ စစ်ဘေးရှောင် ပြည်သူများ အတွက် အကူအညီပေးနေသော လူမှုအခြေပြု အဖွဲ့အစည်းများတွင် မမိုင်းမိုင် အားသွန်ခွန်စိုက် ပါဝင် ဆောင်ရွက် ကူညီခဲ့သည်။

ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့များ အနေဖြင့် ဆန်၊ ဆီ နှင့် အမိုးအကာများ ထောက်ပံ့ပေးသော်လည်း ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်း အထူးသဖြင့် မသန်စွမ်း ကလေးငယ်များနှင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်းကွဲရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ်များ အတွက် အထူးလိုအပ်ချက် ရှိနေကြောင်း သူမက ပြောသည်။

စစ်ဘေးရှောင်စခန်း အပြင် ရှမ်းမြောက်ဒေသ တဝိုက်မှ ရွာများမှ မသန်စွမ်းသော ကလေး အများအပြားကို ကုသမှုပေးရန် သင့်လျော်သော မသန်စွမ်း ကလေးငယ်များ အတွက် စင်တာများ ဖွင့်လှစ်ရန် လိုသည် ဟုလည်း သူက ပြောသည်။

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါဖြစ်ပွားမှုမှာ မွေးဖွားမှု ၈၀၀ မှ ၁၀၀၀ တိုင်းတွင် ၁ ဦး တွေ့ရသဖြင့် နှစ်စဉ် ကလေးငယ် ၆၀၀၀ ခန့် ခံစားနေကြရသည်။

ကိုယ်ဝန်ဆောင်ချိန် အာဟာရချို့တဲ့ခြင်း၊ မူးယစ်ဆေးနှင့် အရက်သုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အချို့သော ဆေးဝါးများ သောက်ခြင်း အပြင် မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ကျန်းမာရေး အသိပညာ အားနည်းခြင်း တို့ကြောင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ ဖြစ်ရသည် ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ယူဆသည်။

မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါများ အတွက် ခွဲစိတ်ကုသစရိတ်မှာ အခမဲ့ဖြစ်သော်လည်း နယ်မှ လာရောက် ကုသခံယူမည့်သူများ အတွက် ခရီးစရိတ်နှင့် တည်းခိုစရိတ်များ အပြင် အခြား စရိတ်စက များကြောင့်လည်း နွမ်းပါးသော မိသားစုုများမှာ တတ်နိုင်ခြင်း မရှိပေ။

လူမှုဝန်ထမ်း ဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်များထံ တင်ပြ အကူအညီတောင်းခံနိုင်ရန် စစ်ဘေးရှောင် စခန်းများမှ ကလေးငယ်များ ခံစားရသော နှုတ်ခမ်းကွဲအာခေါင်ကွဲ ရောဂါ ခံစားနေရ နှင့် အခြား မသန်စွမ်းသူများ အတွက် စာရင်း ကောက်ယူလျက် ရှိကြောင်း မမိုင်းမိုင်က ဧရာဝတီသို့ ပြောသည်။

“ကျမ သိသလောက် စစ်ဘေးရှောင်စခန်းတွေနဲ့ အနီးနားက ရွာတွေမှာ ဒီလို ပြဿနာမျိုးတွေကို ပံ့ပိုးတဲ့ အဖွဲ့အစည်းက ခုထိ မရှိသေးဘူး။ ကျမ တတ်စွမ်းသမျှ ကူညီဖို့ ဆုံးဖြတ်ထားတယ်” ဟု သူမက ပြောသည်။

သို့သော် သူမ အနေဖြင့် ပြဿနာကို ဖြေရှင်းရန် စခန်း ခေါင်းဆောင်များ၊ ဒေသခံ လူ့အဖွဲ့အစည်းများကို ကလေးငယ်များ ခံစားနေရသည့် ယင်းကိစ္စ အတွက် အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း သူက ဧရာဝတီသို့ ရှင်းပြသည်။

“ဒီ ကလေးတွေက ကျမတို့ရဲ့ အနာဂတ်တွေမို့ ဒီပြသနာကို အလေးထား ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သူသူအောင်၏ Changing The Lives of Displaced Children  ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading