ဆောင်းပါး

ကြိုးတန်းလမ်းလျှောက်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရဲတပ်ဖွဲ့ စခန်းများကို မွတ်စလင်စစ်သွေးကြွများ တိုက်ခိုက်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများကို တရုတ်၊ ရုရှား အိန္ဒိယ နှင့် အရှေ့တောင် အာရှနိုင်ငံ အနည်းငယ်က ထောက်ခံခဲ့ကြသည်။ သို့ရာတွင် ပဋိပက္ခ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ပြဿနာများနှင့် ပတ်သက်၍ အနောက်နိုင်ငံများက ပိုမိုကျယ်လောင်စွာ ပြောဆိုလာခဲ့ကြသည်။

ရဲတပ်ဖွဲ့စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း အတွက် တာဝန်ရှိသည့် အာဆာ (ARSA) ကို လိုက်လံ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ပြောဆိုနေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် ယာယီ စခန်းများရှိ ဒုက္ခသည်များက လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့အား ကြုံသလို သတ်ဖြတ်နေကြောင်း ထွက်ဆိုနေကြသည်။ နေရပ်သို့ လွယ်လင့်တကူ ပြန်လာခြင်း မပြုနိုင်ရန် အတွက် မြေမြှုပ်မိုင်းများပင် ထောင်ထားသည် ဟု ဆိုနေကြသည်။

ယခုအချိန်အထိ မိမိကိုယ်ကို ရိုဟင်ဂျာဟု ခံယူထားသူ မွတ်စလင် ၄၀၀၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းသည်။

ဒုက္ခသည်တို့၏ ထိခိုက်နစ်နာမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေခြင်း အပေါ် မာလာလာ ယူဆွတ်ဖ်ဇိုင် (Malala Yousafzai) က အစပြု၍ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်များက သူတို့၏ စိတ်ပျက်မှုကို တယောာက်ပြီး တယောက် ထုတ်ဖော်ပြောကြား လာခဲ့ကြသည်။ တိဘက် ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလားမားက ငြိမ်းချမ်းရေး ပြန်လည် ရရှိရေး အတွက် လူ့အဖွဲ့အစည်း အားလုံးသို့ ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို လိုက်ပြီး ရိုဟင်ဂျာဟု ဆိုသူများကို ဗုဒ္ဓက ကူညီလိမ့်မည် ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

Nobel Women’s Initiative ခေါင်းစဉ်ဖြင့် လှုပ်ရှားနေသော နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ၅ ဦးက မွတ်စလင် လူနည်းစု များကို ကာကွယ်ပေးရန် သူတို့၏ ညီအစ်မတော် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်ကို တောင်းဆိုလိုက်ပြီး ခရစ်ယန် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) ကလည်း ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာရေးသားခဲ့သည်။ မွတ်စလင်များ အပေါ် စာနာသနားမိကြောင်း ပြောဆိုရန် နှုတ်ဆိတ်နေခြင်းသည် သူမ၏ သြဇာတိက္ကမ ကြီးမားမှုကို ထိခိုက်မည် ဖြစ်ကြောင်း ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်ကြီးမားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း အကယ်၍ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်များ ပြောသည့် အတိုင်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း ရိုဟင်ဂျာ ဆိုသူများကို လက်ခံခြင်းများ ပြုလုပ်ခဲ့မည် ဆိုလျှင် လူအများစု ထောက်ခံမှု ဆုံးရှုံးမည် သာမက စစ်အုပ်ချုပ်ရေး ဆီသို့လည်း ပြန်ရောက်သွားဖွယ်လည်း ရှိနေသည်။ နိုင်ငံတကာ မီဒီယာများက ရခိုင် ပြည်နယ်အရေးတွင် ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်ရေး တောင်းဆိုခြင်းသည် ယင်းအခြေအနေသို့ ပို၍ပင် နီးကပ်သွား စေမည် ဖြစ်သည်။ ထိုသို့ အကြောင်းအရာ တခုလုံးကို ခြုံငုံသုံးသပ်ခြင်း မပြုလျှင် မြန်မာနိုင်ငံ အတွက် အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပါ။

အခြားတဖက်တွင်

“ရိုဟင်ဂျာတွေ ဘယ်လောက် သေရဦးမှာလဲ။ ရိုဟင်ဂျာ အမျိုးသမီးတွေ ဘယ်လောက်ထိ အဓမ္မ ပြုကျင့်ခံရဦးမှာလဲ။ ကာကွယ် ပြောကြားပေးမယ့်သူ မရှိတဲ့ သူတွေ အတွက် သင်က ပြောမပေးခင်မှာ အသိုင်းအဝိုင်းတွေ ဘယ်လောက်များ ဖျက်ဆီးခံရဦးမှာလဲ” ဟု နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ၅ ဦးက ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးပို့သော အိတ်ဖွင့် ပေးစာတွင် ရေးသားထားသည်။

သို့သော် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တို့၏ စာတွင် အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သူဟု သံသယရှိသည့် မွတ်စလင် ၆၀ ကျော်ကို ARSA က သတ်ဖြတ်ခြင်း နှင့် အခြားမွတ်စလင် ဘာသာဝင်များ မဟုတ်သည့် အရပ်သားများ အသတ်ခံရခြင်း တို့ကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။ ထိုနည်းတူပင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရခိုင်နှင့် ဟိန္ဒူ ဘာသာဝင် ဒုက္ခသည် ၃၀၀၀၀ ကိစ္စကိုလည်း အလေးပေး ဖော်ပြထားခြင်း မရှိပေ။

လူသစ်များ စုဆောင်းလျက် တုတ်၊ ဓား ရရာ လက်နက်များ ကိုင်စွဲ၍ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်စေခဲ့သော ARSA ၏ နည်းဗျူဟာက အသေအပျောက် စာရင်းကို ဖောင်းပွစေခဲ့သည်။ ထို့ ကြောင့်လည်း တရားဝင် ထုတ်ပြန်သည့် စာရင်း အချက်အလက်များတွင် စစ်သွေးကြွ ဟု သံသယရှိသူများ သေဆုံးမှုက လုံခြုံရေး တပ်ဖွဲ့များ၏ ထိခိုက်သေဆုံးမှုထက် အဆမတန် များပြားနေကြောင်း တွေ့ရသည်။

အထက်ပါ ကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် က ကိုဖီအာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အကြံပြုချက်များကို အကောင်အထည် ဖော်ရန် ကော်မတီများ ဖွဲ့စည်းလျက်ရှိပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အားစိုက်နေသည်မှာ ပေါ်လွင်လှသည်။

အမေရိကန်နိုင်ငံ၏ ရှုထောင့်

မြန်မာအစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ သံတမန်တချို့က ရခိုင်ပြည်နယ်မှ မွတ်စလင် နှင့် ရခိုင်အသိုင်းအဝိုင်းများ ကြားတွင် ပြန်လည်သင့်မြတ် စေမည့် အရေး အစိုးရ၏ အားထုတ်မှုများ ဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရေရှည် ဖြေရှင်းမည့် နည်းလမ်းများကို မီဒီယာများသို့ ပြောကြားခဲ့သည်။

သို့သော်လည်း ယင်း ပြောကြားချက်များထဲမှ အချက်အလက် အနည်းငယ်မျှကိုသာ ကမ္ဘာ့ထိပ်တန်း မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် အမေရိကန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ သြစတြေးလျမှ သံတမန်များနှင့် ဥရောပ သမဂ္ဂမှ ကိုယ်စားလှယ်များက ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) နှင့် ပူးပေါင်း၍ ထိခိုက်နစ်နာခဲ့ရသည့် အသိုင်းအဝိုင်းများ အားလုံး အတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစ္စဖိတ်ရေးရာ ဗျူရိုမှ အရှေ့တောင် အာရှဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ပက်ထရစ် မာဖီ (Patrick Murphy) က AFP၊ AP၊ Reuters၊ CBS နှင့် CNN သတင်းဌာနများနှင့် တယ်လီဖုန်း သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် စာနယ်ဇင်းသမားများက အရပ်သား အများအပြား အသတ်ခံရခြင်းတွင် တပ်မတော်က တာဝန် ရှိ / မရှိ နှင့် မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆိုမှုများ ပြန်လည် ချမှတ်မည့် အခြေအနေ ရှိ / မရှိ မေးမြန်းခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ဖိအားပေးဖို့ အနေနဲ့ ကျနော်တို့ ချဉ်းကပ်ခဲ့တယ် လို့ ကျနော် မထင်ပါဘူး။ တကယ်တော့ အဲဒါက မိတ်ဖက်တွေ အနေနဲ့ ချဉ်းကပ်ခဲ့တာပါ။ မိတ်ဖက်အနေနဲ့ ကျနော်တို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလကနေ အောင်မြင်တဲ့ အထိ ကူညီသွားမှာပါ” ဟု ပက်ထရစ် မာဖီ က ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် ၎င်းက ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel နှင့် ရန်ကုန်မြို့မှ သူ၏ အဖွဲ့ သားများသည် မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များနှင့် အတူ ရခိုင်ပြည်နယ် ပြန်လည် တည်ငြိမ်အေးချမ်းရေး နှင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူများအား လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းတခု ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

လက်တွေ့မြေပြင် အခြေအနေက ကူညီရေး လုပ်သားများ အတွက် အန္တရယ် အလွန်များသော်လည်း အကူအညီပေးရေး လုပ်ငန်းများကို မကြာမီ ပြန်လည် စတင်နိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း သူက ထပ်ပြောသည်။ လုံခြုံရေးတပ်ဖွဲ့များ အပေါ် တိုက်ခိုက်ခြင်း အတွက် တာဝန်ယူမှုရှိသော တုန့်ုပြန်မှုတခု လိုအပ်ကြောင်း ပက်ထရစ် မာဖီ က ဆိုသည်။

သို့သော်လည်း အမေရိကန် သမ္မတ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟာကဘီး ဆန်းဒါး က (Sarah Huckabee Sanders) က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြင်းထန်သည့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ယင်း ကြေညာချက်တွင် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့် ဒုက္ခသည် အလွန်များပြားနေသည့် အချက်သည် မြန်မာလုံခြုံရေး တပ်ဖွဲ့များက အရပ်သား ပြည်သူများအား ကာကွယ်ပေးခြင်း မရှိကြောင်းကို ပြသနေခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

သံအမတ်များ၏ ကိုယ်ချင်းစာတရား

နိုင်ငံတကာ သတင်း အများအပြားတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်နေသော်လည်း အချို့သော သံတမန်ဟောင်းများကမူ ဒေါ်အောင်ဆန်းစုကြည် ၏ အနေအထားကို နားလည်ကြောင်း ပြသခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သော ပရက်စ်လာ ကလပ် (Priscilla Clapp) က ပြီးခဲ့သည့် သီတင်းပတ်က France 24 နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် နိုင်ငံတကာ၏ ပြောဆိုနေမှုများ အပေါ် ပြန်လည် ဝေဖန်ခဲ့သည်။

“ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်ခဲ့ပါတယ်။ အဲဒါက ပြင်ပကနေ လာတာပါ။ ပါကစ္စတန်၊ ဆော်ဒီ အာရေးဗီးယားမှာ နေနေတဲ့ ပြည်ပရောက် ရိုဟင်ဂျာတွေက အဲဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို ဖြတ်ကျော် ဝင်ရောက်လာတာ ဖြစ်တယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခြင်းအားဖြင့် ရခိုင်ပြည်နယ်မှ ပြဿနာများကို ဖြေရှင်းရန် စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း Priscilla Clapp က ရှင်းပြသည်။ အဆိုပါ ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး များမကြာမီမှာပင် စစ်သွေးကြွတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ကြောင်း သူက ထပ်ပြောသည်။

နိုင်ငံသား ဖြစ်ခွင့်ပေးခြင်း၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ပညာသင်ကြားရေး ကိစ္စများ အပါအဝင် ကော်မရှင်၏ အကြံပြု ချက်များကို အကောင်အထည် ဖော်ရန် အစိုးရက ရခိုင်ပြည်နယ်နှင့် ပတ်သက်သော ကော်မတီ အများအပြား ဖွဲ့စည်းမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကို ကတိပြုခဲ့ပြီး ဖြစ်သည်။

“သူက အဲဒါတွေကို စလုပ်နေပြီ။ ဒါပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကဖျက်ယဖျက် လုပ်ခဲ့ကြတယ်။ သူက အဲဒီ အသိုင်းအဝိုင်း တခုလုံးကို အကြမ်းဖက်သမားလို့ ခေါ်နေတာ မဟုတ်ပါဘူး။ သူက သေနတ်တွေ၊ ဓားတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ကိုင်ပြီး လျှောက်သွားနေတဲ့ လူတစုကို ဖယ်ရှားနေတာ ဖြစ်ပါတယ်။ ထွက်ပြေးနေတဲ့ သူတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတဲ့ သူတွေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တုံ့ပြန် တိုက်ခိုက်မှု တခုတည်း အတွက် ထွက်ပြေးကြတာ မဟုတ်ပါဘူး။ သူတို့ထဲက အစွန်းရောက် အဖွဲ့တွေကြောင့် ထွက်ပြေးကြတာလည်း ပါပါတယ်” ဟု Priscilla Clapp က ဆက်လက်၍ ပြောသည်။

ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း

သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရုဒ် (Kevin Rudd) က မြန်မာနိုင်ငံသည် တည်ငြိမ်မှု မရှိဘဲ ကျိုးလွယ် ပျက်လွယ် ထိရှလွယ်သော နိုင်ငံရေး အသွင်ကူးပြောင်းရေး အခြေအနေတခုတွင်သာ တည်ရှိနေဆဲ ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က Buzzfeed News တွင် ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။

ဝေဖန်ရေးသားသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် တိုင်းပြည်၏ အရပ်သား ခေါင်းဆောင်တဦးသာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ စစ်ဦးစီးချုပ် မဟုတ်ကြောင်းနှင့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ အစရှိသည့် အရေးပါသော ဝန်ကြီးဌာန များကို ထိန်းချုပ်ထားသော အဖွဲ့အစည်းမှာ တပ်မတော်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အပြင် တိုင်းပြည်အခြေအနေ ဖရိုဖရဲဖြစ်ပြီး ပြန်လည် တည်ငြိမ်အေးချမ်းရန် စစ်ဘက်မှ တာဝန်ယူ ထိန်းသိမ်းရန် လိုအပ်သည် ဟု ယူဆကာ တရားဝင် အာဏာ သိမ်းနိုင်ရန်လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ခွင့်ပြုထားခြင်း တို့ကို ပေါ်လွင်အောင် ဖော်ပြပေးရန် လိုအပ်သည်ကြောင်း ကယ်ဗင်ရုဒ်က အလေးအနက် ထောက်ပြ ဝေဖန်ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေဖြင့် တဖက်တွင် ရိုဟင်ဂျာများ အတွက် အပြုသဘော ဆောင်သည့် လမ်းတခုပေးရန် နှင့် အခြား တဖက်တွင် မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဒီမိုကရေစီကို အဆုံးသတ်ရေး တပ်မတော်ကို အကြောင်းပြချက် တခု မပေးရရေးတို့ ကြားတွင် “ကြိုးတန်းပေါ်၌ လမ်းလျှောက်နေရသည်” ဟု Kevin Rudd က ရေးသားသည်။

“ဟန်ချက် ပျက်သွားခြင်းရဲ့ အကျိုးဆက်ကတော့ အားလုံး အတွက် အရမ်းကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်စေမှာပါ” ဟု သူက ထပ်ပြောသည်။

“တကယ်လို့ ကျနော်တို့ အပြစ်တင်တဲ့ အချက်တွေက ရာစုနှစ်ဝက်လောက် ကာလအတွင်းမှာ တိုင်းပြည်က ပထမဆုံး ရခဲ့တဲ့ ဒီမိုကရေစီ အစိုးရတခုကို ကျဆုံးဖို့ ပိုပြီး တွန်းအားပေးနေတယ် ဆိုရင် ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့ သူတွေရော အခြား မြန်မာပြည်သူ သန်း ၅၀ တို့ပါ တိုးတက်မှု ရှိလာမှာ မဟုတ်ပါဘူး” ဟု Kevin Rudd က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ အဖွဲ့အစည်း အချို့နှင့် မွတ်စလင် အသိုင်းအဝိုင်း အတွင်းတွင် လည်း အစွန်းရောက် အစုအဖွဲ့ တချို့ ရှိနေသည်။ နိုင်ငံရေး အကျိုးအမြတ် အတွက် မွတ်စလင် ဆန့်ကျင်ရေး သဘောထား များကို သွေးထိုးပေးနေသော ပါတီများလည်း ရှိသည်။ ပိုမို သိသာသည့် အချက်က ရခိုင်နိုင်ငံရေး သမားများနှင့် ကိုဖီအာနန် ကော်မရှင်တို့ကြား ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းပင် ဖြစ်၏။

ထို့အပြင် ရခိုင် အမျိုးသားပါတီ (ANP) နှင့် ယခင် အာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့က ဆိုလျှင် ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များကို တလုံးတပါဒမျှ လက်မခံနိုင်ကြောင်း ထုတ်ပြန်ခဲ့ သည်။ USDP နှင့် ၎င်း၏ မဟာမိတ်များက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အစိုးရကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန် မောင်တောမြို့နယ်တွင် ယမန်နှစ် အောက်တိုဘ ၉ ရက်နေ့ စစ်သွေးကြွ တိုက်ခိုက်မှုများ ပေါ်ပေါက်ကတည်းက အစဉ်တစိုက် တောင်းဆိုနေခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီ ၂၉ ခုက ပူးတွဲချက် တစောင် ထုတ်ပြန်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း မပြုရန် နှင့် လူ့အခွင့်အရေး နှင့် လူမျိုးစုကွဲပြားမှုကိစ္စများကို မဆောင်ရွက်မီ နေရပ်စွန့်ခွာခဲ့ ရသည့် ဌာနေတိုင်းရင်းသားများ ပြန်လည်နေရာချထားရေးကို အစိုးရက ဦးစားပေးဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်ရန် လိုအပ်ကြောင်းဖော်ပြခြင်းဖြင့် နိဂုံးချုပ်ထားသည်။

နိုင်ငံတကာ ဖိအားများ၊ မြန်မာနိုင်ငံတွင် တပ်မတော်၏ ကြီးမားသော အခန်းကဏ္ဍတို့နှင့် အတူ အဆိုပါ အချက်တို့ကို ဆက်စပ် ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် အလွန်အမင်း ဘေးကျပ်နံကျပ် အခြေအနေတခုကို ဖြတ်သန်း နေရသည်ကို မြင်နိုင်သည်။

ထို့ကြောင့်လည်း Kevin Rudd က“ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး တွေဆိုတာ ဒီမိုကရေစီ နည်းကျ တရားဥပဒေ စိုးမိုးရေးဆီကပဲ လာတာပါ။ စစ်အုပ်ချုပ်ရေးကို ပြန်သွားဖို့ မဟုတ်ပါဘူး” ဟု ရေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading