ဆောင်းပါး

Drop out တွေကို ဘယ်လို စဉ်းစားကြမလဲ

Want create site? Find Free WordPress Themes and plugins.

အုပ်ချုပ်မှု သင်တန်းကျောင်းက သင်တန်းဆင်းပွဲပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ကျမက ပညာရေးဝန်ကြီးနဲ့ မေးခွန်းများ မေးမြန်းခဲ့တဲ့ အကြောင်း Facebook ပေါ်တင်ပါတယ်။ အခြေခံပညာ ဆရာ/ဆရာမများ ရင်ဖွင့်ရာ Group မှာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရန်ကုန် ထောက်ကြံ့ အုပ်ချုပ်မှု သင်တန်းကျောင်းမှာ ဝန်ကြီးရဲ့ ခွင့်ပြုချက်အရ မေးခွန်း တခု မေးခဲ့ ပါတယ်။ ၄ တန်း နဲ့ ၈ တန်း ဖြေဆိုသူတိုင်း အောင်ကြတာ ဘာကြောင့်ပါလဲလို့။

အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးက ပြည့်စုံစွာ အကျယ်တဝင့် ရှင်းပြသွားပါတယ်။

အဓိကကတော့ Drop out တွေလျော့ကျသွားဖို့ပါ။ အဲဒါနဲ့ တဆက်တည်း ဝန်ကြီးက စာမေးပွဲ ၆ ကြိမ် ၊ ၇ ကြိမ် စစ်နေ တာ ဆရာမကြီး ဘယ်လိုထင်လဲတဲ့။

ဝန်ကြီးအမေးကို အကြိမ်ရေများတယ်လို့ ထင်ပါတယ်ဆိုတော့၊ ဝန်ကြီးက ဒါဆို ဇူလိုင်၊ အောက်တိုဘာ၊ ဒီဇင်ဘာ၊ ဖေဖော်ဝါရီ ၄ ကြိမ်ဆို အဆင်ပြေမလား၊ ဆရာမကြီးတို့ အချင်းချင်းလည်း တိုင်ပင်ကြပါလို့ မိန့်ကြားပါတယ်။

ပညာရေး လောကသားတွေ သိသင့် သိထိုက်တာတွေကိုလည်း ဝန်ကြီးက ၃ နာရီနီးပါး ဆက်တိုက် ပြောကြား သွားပါ တယ်။ ဝန်ကြီးရဲ့ စေတနာတွေကိုလည်း အဲဒီနေ့က သင်တန်းသူ သင်တန်းသားတွေ အားလုံး ခံစားကြရပါတယ်။

ဖေ့စ်ဘုတ်မှာ တက်လာတဲ့ Comment တွေထဲက စိတ်မကောင်းစရာ ဖြစ်ရတဲ့ အရေးအသားက အများစုမို့ ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမ အများစု လက်မခံနိုင်တဲ့ အကြောင်းအရာ များစွာကိုလည်း နားလည်ခဲ့ရပါတယ်။

ဒါပေမယ့် စာသင်ကျောင်းကိုတောင် ရောက်မလာရရှာတဲ့၊ ကျောင်းနေချင်ပေမယ့် နေခွင့်မရခဲ့ရှာကြတဲ့ ကလေးငယ် များစွာ ရှိနေတာကို ကျမတို့ သတိထားကြည့်ရပါမယ်။

ကျမတို့ရဲ့ အလယ်တန်းကျောင်းတွေ၊ အထက်တန်းကျောင်းတွေကို ရောက် မလာဘဲ သူ့အကြောင်းနဲ့သူ ဖြစ်နေတဲ့ Drop out တွေ (အကြောင်းကြောင်းကြောင့် ကျောင်းစာသင်ခန်း ပြင်ပ ရောက်သွားရတဲ့ ကလေးတွေ) ကို ကျမတို့ ဘာမှ တစုံတရာ မကူညီနိုင်ခဲ့ကြပါဘူး။

အတန်းတခုမှာ စာသင်ယူနေသူ ကလေးတယောက်က ကျောင်းပြောင်းလက်မှတ် မယူ၊ ကျောင်းလည်း မလာတော့ ဘူး၊ အိမ်လိပ်စာနဲ့ လိုက်ကြည့်လို့လည်း မတွေ့တော့ဘူး ဆိုရင် သေချာပါပြီ အဲဒီကလေး Drop out ဖြစ်သွားပါပြီ။

အခု လက်ရှိမှာတော့ ခေတ်စနစ်အရ၊ အခြေခံလူတန်းစား အများစုက အလုပ်အကိုင် အဆင်မပြေလို့ မိသားစုမှာ လူမှုရေး ကိစ္စလေးတွေ ရှိလို့၊ ရန်ကုန်လို မြို့ကြီးတွေမှာ အိမ်ငှားခတွေ မတတ်နိုင်တော့လို့၊ တောရွာတွေမှာ လယ် စာရင်း ငှား မိဘများက နေရာဒေသ ပြောင်းရွှေ့သွားရလို့ စသဖြင့် တချို့မိဘများက အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းဆက် မထားကြတော့ဘူး ဆိုတဲ့အခါ ကျောင်းပြောင်း လက်မှတ် လာမယူကြတော့ပါဘူး။ ဒီလိုနည်းများနဲ့ လည်း Drop out ဖြစ်ရပါတယ်။

တောရွာတွေဘက်မှာ မိဘအများစုက “ပညာမတတ်ရင် လူရာမဝင်ဘူး” ဆိုတဲ့ အခြေခံ အသိရယ်၊ ပညာခေတ်ရဲ့ တန်ဖိုးကို အတန်အသင့် နားလည်လာကြတာရယ်၊ ပညာရေးဌာနရဲ့ ဖြေလျှော့ပေးမှု များရယ်ကြောင့် ကျောင်းဆက် ထားဖို့ကို အားသန် ကြပါတယ်၊ စုန်းပြူးမိဘ တချို့တလေကတော့ တာဝန်မဲ့စွာနဲ့ ကိုယ့်သားသမီးကို ခိုင်းစားဖို့ ကျောင်း ဆက်မထားကြတာလည်း ရှိပါတယ်။

“၄ တန်း အောင်လောက် သေစာရှင်စာ ဖတ်တတ် တော်ပြီပေါ့” ဆိုတဲ့ ခိုင်းစားချင်တဲ့ မိဘများကို တောရွာတွေ ဘက် မှာ တာဝန် ထမ်းဆောင်ရင်း၊ ခရီးလမ်းပေါ်မှာ ကားစီးရင်း၊ သင်္ဘောစီးရင်း တွေ့ခဲ့ရပါတယ်။ အဲဒီလို သွားရင်း လာရင်း အတွေ့အကြုံတခုကို အမှတ်ရမိပါတယ်။

ခရီးသည်က များများ၊ ကားကသေးသေး၊ မျက်နှာချင်းဆိုင် အလယ်ခုံက လင်မယားမှာ ယောက်ျားက မူးပြီး ခေါင်းက ဆန်ကောဝိုင်း နေတော့ ကိုယ့်မျက်နှာနဲ့ လာလာထိတဲ့အခါ နံလိုက်တဲ့ အရက်စော်၊ မတတ်နိုင်တဲ့အဆုံး အမူးသမားကို စည်းရုံးပြီး စကားပြောရပါတယ်။

“ရန်ကုန်ထဲက လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သားနှစ်ယောက်ရဲ့ လစာကို သွားထုတ်မှာလေ” မူသံနဲ့ ပေမယ့် မေးတာကို ဖြေပေးပါတယ်။

“သားနှစ်ယောက်က လုပ်ကျွေးနေတာလေ၊ အကြီးကောင်က သုံးသောင်း၊ အငယ်ကောင်က နှစ်သောင်း၊ ငါးသောင်း သွားထုတ်မှာလေ”

“သြော် ဒါကြောင့် အဖေက မူးနေတာကိုး” ထုတ်တော့ မပြောရဲပါဘူး။

“သြော် ညီမတို့ မောင်လေးတို့ သားတွေက ဘယ်အရွယ်တွေလဲ ကျောင်းမနေကြဘူးလား”

“၂ ယောက်လုံး ၄ တန်းအောင်ပြီး ကျောင်းက ထွက်ထားတာ၊ အကြီးကောင်က ၁၃ နှစ်၊ အငယ်ကောင်က ၁၁ နှစ် လေ၊ အငယ်ကောင် နောက် ၃ လဆိုရင် ၅ ထောင်တိုးရတော့မှာ”

ကျမနားထဲကို ဝင်သွားတဲ့ သင်္ချာ ကိန်းဂဏန်းတွေက ခါးသီးလွန်းလှပါတယ်။ နည်းနည်းစည်းရုံး ကြည့်မိလိုက်တယ်။

“ဟိုအငယ်လေးကို ကျောင်းဆက်ထားပါလား၊ သား ၂ ယောက်မှာ တယောက်က ဘွဲ့ရ ပညာတတ်လေး ဖြစ်တော့ ကိုယ့်ရပ်ရွာမှာ ကျောင်းဆရာတော့ ဖြစ်တာပေါ့”

“အခု ကျောင်းတွေမှာက ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ကျောင်းဝတ်စုံတစုံ အလကားပေးနေတယ်လေ၊ ကျောင်း ကလည်း ဘာတပြားမှ ပိုက်ဆံမကောက်ဘူး၊ လာထားမလား”

“မထားတော့ပါဘူး ဆရာမကြီးရယ်၊ အခု သူ့အစ်ကိုလိုပဲ အလုပ်ပဲလုပ်မယ်တဲ့ ပညာမတတ်လည်း မငတ်ပါဘူး၊ ဒီလိုပဲ သင်သွားမှာပေါ့၊ အကြော်ဆရာ၊ အဖျော်ဆရာဖြစ်ရင် လစာကောင်းပြီလေ၊ သူတို့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကလည်း စားပွဲထိုးကနေ ဖြစ်လာတာလေ”

“သူတို့ အဖေကလည်း ကျန်းမာရေး မကောင်းလှဘူး၊ ကျမကလည်း အလုပ်ကမယ်မယ်ရရ ရှိတာမဟုတ်ဘူး” တဲ့။

ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အဖေက မူးပြဲနေတဲ့ သန်မာတဲ့ အရက်သမား၊ အလုပ်အကိုင် မယ်မယ်ရရ မရှိဘူး ဆိုတဲ့ အမေက လုံးကြီးပေါက်လှ မယ်ဗမာ၊ သားနှစ်ယောက်ရဲ့ လစာ သွားထုတ်ကြမှာတဲ့၊ စပ်စပ်စုစု မေးမိတဲ့ ကျမ ရင်ထဲ မကောင်းလှ။

ကျမတို့ ဘာလုပ်ပေးနိုင်ကြမလဲ။

ပညာရေးဌာနကရော နောက်ထပ် ဘာတွေများ လုပ်ပေးနိုင်ကြဦးမလဲ။ မိဘများ၊ ဝန်မလေးရအောင် ဖြေလျှော့မှုတွေ အများကြီး လုပ်ပေးပြီးပါပြီ၊ သူတို့ အတွက်ကတော့ အရာမထင်ပါ။

“သူတို့ပေးတဲ့ အလကားက၊ စားလို့မှ မရတာ၊ နေ့တိုင်း ထမင်းစားဖို့က ရှာရဦးမယ်လေ”တဲ့။

လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ သားလေးနှစ်ယောက်ရဲ့မိဘနှစ်ပါးရဲ့ စကားလုံးများ အောက်မှာ ဘာမှ ပြန် မပြောနိုင်အောင် ဆွံ့အခဲ့ဖူးပါတယ်။

“သားလေးတွေက ကျောင်း ဆက်တက်ချင်တယ်လို့ မပြောဘူးလားကွယ်”

“အစပိုင်းတော့ ပြောတာပေါ့၊ ဆရာမကြီးရယ်၊ အခုတော့ မပြောတော့ပါဘူး၊ နောက်တော့လည်း သူတို့ဘဝ သူတို့ နားလည် သွားကြတာပေါ့”တဲ့။

သားတို့ရေ အမြဲမူးနေတဲ့ အဖေနဲ့၊ အလုပ်မလုပ်ချင်တဲ့ အမေ၊ ဒီလိုမိဘများကို လုပ်ကျွေးနိုင်ဖို့ ကျောင်းမနေရရှာဘဲ အလုပ် လုပ်ပြီး မွေးကျေးဇူးကို ဆပ်နေရရှာတာ၊ သားတို့က နားလည်မှုရှိပေမယ့် နားလည်မှုမရှိတဲ့ မိဘတွေနဲ့ တွေ့ခဲ့ ရ တဲ့ သားတို့ရေ။

သားတို့ကို မမြင်ဘူးပေမယ့် မိဘကို ရွေးချယ်ခွင့်မရှိဘဲ လူဖြစ်လာရတဲ့ ဘဝမို့၊ ကံအကျိုးပေးအတိုင်း ဖြစ်လာရတဲ့ ဘဝမှာ ကျောင်းနေချင်ပါတယ်လို့ ဘယ် ပြောနိုင်ပါတော့ မလဲ။

လက်ဖက်ရည်ဆိုင် ဆိုတာ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှ အိပ်ရတာ၊ မနက်အစောကြီး ၄ နာရီလောက် ထရတာ၊ တနေ့လုံး စားပွဲထိုးပြီး နေ့လယ်စာ၊ ညစာကို အပြေးအလွှားစားရတာ၊ ကျောင်းနေချင် လိုက်တာ ဆိုတဲ့ အတွေး အိပ်မက်ထဲတောင် ထည့်မက်ခွင့် မရရှာတော့ဘူးပေါ့။

ဒါပေမယ့် သားတို့ရေ “စာနာတတ်တဲ့ လက်ဖက်ရည်ဆိုင်ရှင်နဲ့ တွေ့ပါစေ၊ ဆိုင်မှာရှိတဲ့ သတင်းစာ၊ ဂျာနယ်လေးတွေ ကို ရတဲ့အချိန်လေးမှာ ဖတ်ကြပြီး၊ နည်းပေး လမ်းပြ ကူဖတ်ပေးမယ့် ကူညီတတ်သူနဲ့လည်း တွေ့ပါစေ” လို့ ဆုတောင်း ပေးလိုက်ပါတယ်။

အဲဒါမျိုးတွေအပြင် ဆရာ၊ ဆရာမ များကြောင့် Droup out ဖြစ်ရတာရော မရှိနိုင်ဘူးလား၊ ရှိနိုင်ပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ ခွဲခြားဆက်ဆံမှုကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးဟာ ကျောင်းမနေချင်တော့ဘူး၊ ကျောင်းကို လုံးဝ မိဘက ပို့လို့မရ၊ လွှတ်လို့ မရတော့ရင်လည်း Drop out ဖြစ်တတ်ပါတယ်။ ကျမရဲ့ လုပ်သက် ၃၅ နှစ် အတွေ့ အကြုံမှာ တွေ့ဖူးတယ်လေ။

ဉာဏ်မကောင်းတော့ စာမရ၊ စာမရတော့ ဆရာမက ဖင်ချွတ်ပြီး ရိုက်ပါတယ်၊ မိဘက ချမ်းသာပါတယ်၊ ဒါပေမယ့် ဆရာမ ကို “ဂါ” ရမှန်း မသိရှာပါဘူး။ “လာသမျှက ငါ့ကလေး၊ တို့ကတော့ သင်မှာပဲ” ဆိုတဲ့ ဆရာမနဲ့ တွေ့ရင် ဘာမှ မဖြစ်ပေမယ့်၊ “မဂါ” လို့ ဖင်ချွတ် ရိုက်တဲ့ ဆရာမနဲ့တွေ့တော့ ကလေးက လုံးဝ ကျောင်းထွက်သွားပါတယ်။

ဟိုတုန်းက ကလေးမရိုက်ရ မရှိသေးဘူးလေ၊ အဲဒီလို အရိုက်ကြမ်းတဲ့ ဆရာမများ အတွက်တော့ ကလေးမရိုက်ရ အမိန့် က ကောင်းနေပြန်ရော။ နိုင်ငံတော်က ပညာရေးအတွက် ဘတ်ဂျက်တွေ ပိုသုံးပြီး၊ ကျေးရွာတိုင်းမှာ မူလတန်း ကျောင်းတွေ တိုးချဲ့ ဆောက်လုပ်ချထား ပေးတာ၊ သတ်မှတ်ချက်နဲ့ညီတဲ့ ကျောင်းတွေကို အဆင့်တိုးမြှင့်ပေးတာ၊ အလယ်တန်း ကျောင်း(ခွဲ)၊ အထက်တန်း ကျောင်း(ခွဲ) ကျောင်းများမှ အဆင့် တိုးရသွားတဲ့ကျောင်းတွေ တိုးလာတာ၊ ကျောင်းနေရွယ် ကလေးတိုင်း လွယ်လင့်တကူ ကျောင်းနေနိုင်ဖို့ တိုးချဲ့ ဆောက်လုပ်ပေးခဲ့တာတွေဟာ Drop out တွေ လျော့နည်းစေဖို့ပါ။

ကျောင်းနေနှုန်း မြင့်မားရေး Drop out လျော့ကျရေးကို ပညာရေးဌာန တာဝန်ရှိ လူကြီးမင်းများက ဘက်ပေါင်းစုံကနေ စဉ်းစားပြီး ဖြည့်ဆည်း ပေးနေခဲ့ကြတာပါ။ အကြောင်း အမျိုးမျိုးကြောင့် Drop out ဖြစ်သွားကြတာတွေကို ကျမတို့ မကူညီနိုင်ခဲ့ကြဘူး၊ ကူညီဖို့ အခွင့်အရေးလည်း မရခဲ့ကြဘူးဆိုရင်၊ ကျမတို့ရဲ့ကျောင်းတွေကို ရောက်လာကြပြီး ဉာဏ်ရည်မမီလို့ စာမလိုက်နိုင်ခဲ့၍ ဖြစ်စေ၊ တာဝန်ကျေလောက်တောင် သင်မပေးခဲ့တဲ့ ဆရာ၊ ဆရာမများနဲ့ တွေ့ခဲ့လို့ ဘာမှ မရေးတတ် မဖတ်တတ်သည် ဖြစ်စေ၊ အခုလက်ရှိ ဆရာ၊ ဆရာမများနဲ့တွေ့တဲ့အခါ ကိုယ် တတ်နိုင်သလောက် သင်ကြား ပြသပေးမယ်။ ကူညီဖေးမ ပေးမယ်၊ ဒါဆို ဒီကလေးများအတွက် အဆင်ပြေပါပြီ။

တချို့ကလေးတွေ စာမလိုက်နိုင်ပေမယ့်၊ တခြားကိစ္စတွေမှာ (ဥပမာ ဆရာ၊ ဆရာမတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံ တတ်တာမျိုး၊ သူတို့ ကလေးချင်း ကိစ္စတွေ ကူညီတတ်တာမျိုး၊ ကျောင်းလုပ်ငန်း၊ ဆရာ၊ ဆရာမ ဝေယျဝစ္စတွေကို ကူညီ ပေးတာမျိုး၊ ကျောင်းခန်းအတွင်း လိုအပ်တဲ့ ကိစ္စတွေ၊ ကျောင်းက လိုအပ်တဲ့ ကိစ္စတွေမှာ ဦးဆောင် ပေးတာမျိုး ထူးချွန် တတ်ကြပါတယ်။

“ဘာစာမှ မရဘူး” ၊“ကိုယ့် နာမယ်တောင် မရေးတတ်ဘူး”၊ “ABC တောင် မရဘူး”၊ စတဲ့ စာမလိုက်နိုင်တဲ့ ကလေးများ ကို တွေ့တဲ့အခါ ကိုယ်တိုင်ကလည်း စာသင်တာကို စနစ်တကျလုပ်တယ်၊ ကလေးကိုလည်း တတ်စေချင်တယ်၊  တတ်မြောက်ပြီး အဆင့်မီမှ အောင်စေချင်တယ် ဆိုတဲ့ အဲဒီလို ဆရာ၊ ဆရာမတွေမှာလည်း စိတ်ဒဏ်ရာတွေ ရတတ်ပါ တယ်။

ဆရာ၊ ဆရာမများ အနေနဲ့ ရတတ်တဲ့ စိတ်ဒဏ်ရာများကို ကုစားပြီး အတတ်နိုင်ဆုံး ကလေးများကို ဖေးမကူညီပေးဖို့ လိုပါတယ်။ ကလေးကိုတော့ စိတ်ဒဏ်ရာ မပေးမိအောင် အတတ်နိုင်ဆုံး ကြိုးစားရပါလိမ့်မယ်။

စာမလိုက်နိုင်ပေမယ့် ကျမတို့ ကျောင်းတွေကို ရောက်လာတာကိုပဲ ကျမတို့က ကျေးဇူးတင်ပြီး ဆရာ၊ ဆရာမများရဲ့ စေတနာ၊ မေတ္တာ၊ အကြင်နာများနဲ့ “ဒုတိယ မိဘများ” အဖြစ် ဖေးမ ကူညီနိုင်ကြရပါမယ်။

သူတို့ဘဝလေးတွေ လမ်းပေါ် ရောက် မသွားအောင်၊ ရေသန့်ဘူး လိုက်ကောက်တဲ့ ကလေးတွေ မဖြစ်ရအောင်၊ လက် ဖက် ရည်ဆိုင် ရောက်သွားတဲ့ ကလေးတွေ မဖြစ်ရအောင်၊ ကျောင်းရင်ခွင်ထဲမှာ၊ ဆရာ၊ ဆရာမများရဲ့ ရင်ခွင်ထဲမှာ ထိန်းထားကြရပါမယ်။

အများကြီး လုပ်မပေးနိုင်ပေမယ့် ဆယ်တန်း လောက်အထိ ပညာသင်ဖူးတယ် ဆိုရင်ပဲ ကျမတို့ ပညာရေး လောက သား များရဲ့ ဆောင်ရွက်ချက်ဟာ Drop out လျော့နည်းရေး တခုတည်းကိုပဲ ဦးတည်တာ မဟုတ်ဘဲ “လူ့ဘောင် လောကကြီး ကောင်းကျိုးအတွက် တဖက်တလမ်းက ပါဝင် ကူညီကြသူများ” အဖြစ် ကျမတို့ ပညာရေး လောကသား များရဲ့ ရင်ထဲမှာ စာတန်းလေးရေးထိုးပြီး Drop out တွေ ကိစ္စကို ဝိုင်းဝန်း အဖြေ ရှာကြရအောင်ပါ။  ။

စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ ၃၅ နှစ်ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading