ဆောင်းပါး

ရွှေဝါရောင် တော်လှန်ရေး ၁၀ နှစ် ပြည့်ပြီ

Want create site? Find Free WordPress Themes and plugins.

စက်တင်ဘာ၏ နေ့လယ်ခင်း တခုတွင် ရန်ကုန်မြို့လယ် ဆူးလေစေတီ အနီး မီးပွိုင့်လမ်းဆုံ၌ ငြိမ်းချမ်းစွာ တောင်းဆိုမှု ပြုနေသူများနှင့် အော်ဟစ်နေသူများ ရောနှောလျက် ဆန္ဒထုတ်ဖော် နေကြသည်။

မကြာခင် ၎င်းတို့အနီးသို့ စစ်ကားတစီး ထိုးရပ်လာခဲ့ပြီး သေနတ်များဖြင့် လူစုထဲသို့ ပစ်ခတ်လိုက်လေသည်။

အဆက်မပြတ် ထွက်ပေါ်လာသည့် သေနတ်သံများက သံဃာတချို့ပါဝင်သော ထိုလူတစုကို ဖရိုဖရဲ နှင့် ဦးတည်ရာမဲ့ ပြိုကွဲ သွားစေခဲ့သည်။

ပြေးလွှား ထွက်ပြေးသွားကြရသည့် လူအုပ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို စတစ်ကာ ရိုက်နှိပ်ထားသော အကျီၤ ဝတ်ဆင်ထားသည့် ကိုမြသန်းထိုက် တယောက် ဒဏ်ရာကိုပင် သတိမထားမိဘဲ ရောပါသွားလေသည်။

“ပထမရက် ဖြစ်ပြီးတော့ လူတော့ နည်းသွားတယ်၊ လူအုပ်ထဲမှ သံဃာအနည်းငယ်နဲ့ တချို့ကတော့ အော်ဟစ်နေကြ တာပေါ့၊ သိပ်မကြာဘူး စစ်ကားတစီး ရောက်လာပြီး ဆက်တိုက် ပစ်တော့တာပါပဲ”လို့ ကိုမြသန်းထိုက် က ပြန်လည် ပြောပြသည်။

ထိုနေ့သည် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်နေသည့် သံဃာနှင့်လူပုဂ္ဂိုလ်များ အပေါ် နအဖ စစ်အစိုးရ၏ ရန်ကုန် မြို့လယ်တွင် အကြမ်းဖက် ပစ်ခတ်ဖြိုခွဲသည့် ဒုတိယမြောက်နေ့ စက်တင်ဘာ ၂၇ ရက်နေ့ ဖြစ်သည်။

စစ်အစိုးရ၏ ပစ်ခတ်ဖြိုခွဲမှုကို ပထမဆုံအကြိမ် ကြုံတွေ့လိုက်ရသည့် သူ့အနေနဲ့ လူစု၏ ရှေ့ဆုံးကို ရောက်နေစဉ် ကျည်ဆန် များကို ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။

ပြေးလွှားနေရင်း ဘယ်ဘက် ပေါင်တွင် ဆစ်ခနဲဖြစ်သွားသည်ကို သိလိုက်သော်လည်း ကျည်ဆန် ရှပ်ထိသည်ဟုသာ သူ့အနေနဲ့ ထင်လိုက်မိပြီး ၃၃ လမ်းထိပ် အရောက် ကားကြားထဲဝင်ကာ ပုန်းခိုနေလိုက်သည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားသော ရွှေဝါရောင် တော်လှန်ရေး မြင်ကွင်း ( ဓာတ်ပုံ – Reuters)

ထိုအချိန် အပြင်ဘက်တွင် ပြေးလွှားနေသူများကို လိုက်လံ ရိုက်နှက်ဖမ်းဆီးမှုမျာနှင့် ဆူညံနေပြီး လမ်းပေါ်တွင် ဖိနပ်များ၊ ဖုန်းများ၊ အိတ်များ၊ ပုဆိုးများ ပြန့်ကျဲနေသည်ကိုလည်း သူတွေ့လိုက်ရလေသည်။

တပ်သားတဦးက ပစ်လိုက်သည့် ကျည်ဆန်သည် ရှေ့ကပြေးနေသည့် သူ၏တင်ပါးကို ထိမှန်ကာ ပေါင်မှဖောက် ထွက်သွားခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် သွေးအိုင်ထဲလဲနေစဉ် ရုတ်တရက် အားငယ်မိသော်လည်း နောင်တရခြင်း မရှိခဲ့ကြောင်း ကိုမြသန်းထိုက်က ပြောပြသည်။

“အဲ့ဒီမှာ သေပြီထင်ခဲ့တာ၊ သူဟာသူ ပြေးနေကြရတဲ့အချိန်မှာ ကိုယ့်ကိုလာခေါ်ဖို့က မလွယ်ဘူးလေ”ဟုလည်း ၎င်းက ပြောသည်။

ကားကြား ပုန်းခိုနေစဉ် ပစ်ခတ်မှုကြောင့် လမ်းပေါ်တွင် လဲကျကျန်နေသူတချို့ကို တွေ့လိုက်ရကြောင်းလည်း ကိုမြသန်းထိုက် က ဆက်ပြောပြသည်။

ပြေးလွှားဖမ်းဆီးမှုများ ကြားကပင် လူငယ်တချို့က သွေးအိုင်ထဲ လဲနေသည့် သူ့ကို တွေ့ရှိသွားပြီး လမ်းတွင် တွေ့ သည့် ပုဆိုးတထည်ကို ကောက်ယူပတ်ပေးကာ အနီးရှိ တိုက်ခန်းတခုပေါ်သို့ ဆွဲတင်သွားကြသည်ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ရွှေဝါရောင် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား နအဖ စစ်အစိုးရ က အကြမ်းဖက် ဖြိုခွင်းမှု ပြုလုပ်ခဲ့သေးသည်။
“ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ ရိုက်နှက်ခံရတာတွေ၊ မျက်ရည်ယိုဗုံး ဒဏ်တွေကို ခံစားခဲ့ရတယ်”ဟု ရွှေဝါရောင် ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးစန္ဒာသီရိကလည်း မိန့်ကြားသည်။

၎င်းအနေဖြင့်လည်း ဆန္ဒထုတ်ဖော်ပွဲ အကြမ်းဖက်ဖြိုခွင်း ခံရပြီးနောက် ကျောင်းတိုက်သို့ ပြန်လာခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းတွင်ပင် ကျောင်းတိုက်အတွင်း လာရောက်ဖမ်းဆီးခြင်း ခံရကာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရ သည်။

ရွှေဝါရောင် တော်လှန်ရေးကို အစပြု ဖြစ်ပေါ်စေသည့် ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆို မှု များသည် တစတစ အရှိန်မြင့်တက်လာပြီး ရန်ကုန်မှတဆင့် စစ်တွေ၊ ပခုက္ကူ စသည့် မြို့များသို့ ကူးစက်သွားရာမှ စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူ ၌ ဆန္ဒထုတ်ဖော် နေသည့် သံဃာတချို့ကို စစ်အစိုးရက ဖမ်းဆီးကာ ဓာတ်တိုင် တွင် ကြိုးတုတ်ရိုက်နှက်သည်အထိ ပြုလုပ်ခဲ့သည်။

ထိုလုပ်ရပ်သည် တနိုင်ငံလုံးရှိ သံဃာထုနှင့် လူထု၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး ချီတက် တောင်းဆိုမှုများ ကိုလည်း ပိုမို များပြားလာစေခဲ့လေသည်။

ပခုက္ကူ အကြမ်းဖက်ဖြိုခွင်း ခံရပြီးနောက် သံဃာတော်တချို့က နအဖ စစ်အစိုးရအပေါ် ပတ္တနိ က္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့ပြီး ရိုက်နှက် ကျူးလွန်သူများက ပြန်လည် ဝန်ချတောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး တို့ကိုလည်း ရွှေဝါရောင် သံဃာတော်များက တောင်းဆိုခဲ့ကြပါသည်။

စစ်အစိုးရဘက်မှ ကံဆောင် သပိတ်မှောက်ခြင်းကို လျစ်လျူရှူခဲ့သည့်အပြင် ရွှေဝါရောင် သံဃာတော်များ၏ တောင်း ဆို ချက်များကို ညှိနှိုင်း လိုက်လျောမှုမရှိခဲ့ဘဲ ရန်ကုန်မြို့တွင်း လှုပ်ရှား တောင်းဆိုသူများအား အကြမ်းဖက် ဖြိုခွင်းခြင်း နည်းလမ်းဖြင့်သာ တုံ့ပြန်ခဲ့သည်။

အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ ရွှေဝါရောင်တွင် ပါဝင်ခဲ့သည့် သံဃာတော် များ သီတင်း သုံးရာ ကျောင်းတိုက်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများပြုလုပ်ခဲ့ကာ ကျောင်းများကိုလည်း ချိတ်ပိတ် ခဲ့ပါသည်။

ကျောင်းတိုက်များ စီးနင်းမှုတွင် ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်ရှိ ငွေကြာယံ ကျောင်းတိုက်အား ညအချိန် ဝင်ရောက် စီးနင်း၍ ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာများ ဒဏ်ရာရရှိခဲ့ကာ ကျောင်းတိုက်အတွင်း သွေးမြေကျမှု ဖြစ်ပွားခဲ့သည်။

“အာဏာရှင်တွေက ရက်ရက်စက်စက်ကို တုံ့ပြန်ချေမှုန်းခဲ့တာ၊ ဦးပဉ္ဇင်းတို့ကျောင်းမှာ ပစ္စည်းတွေကို ဖျက် သွားတာ တွေ၊ ဘုန်းကြီးတွေကို လက်ပြန်ကြိုးတုတ်ပြီး လမ်းပေါ်ဒူးထောက် လျှောက်ခိုင်း၊ ရိုက်နှက်တာတွေ လုပ်ခဲ့တာ၊ ဦးပဉ္ဇင်း တောင် အံသွားတွေ ကြိုးထွက်ကုန်တယ်”ဟု ငွေကြာယံ ဆရာတော် တပါးဖြစ်သည့် ဦးအဂ္ဂရာဇာ က မိန့်သည်။

ဦးအဂ္ဂရာဇာသည် ငွေကြာယံ ကျောင်းတိုက် ဝင်းရောက်စီးနင်းခံရမှုတွင် ရိုက်နှက်ဖမ်းဆီးခြင်းခံရသည့် သံဃာ တပါး လည်းဖြစ်ပြီး ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

ကုလသမဂ္ဂ အနေဖြင့် ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက် ဖြိုခွင်းခံရမှုအတွင်း အနည်းဆုံး ဦးရေ ၃၀ ခန့် သေဆုံးခဲ့ သည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်တွေကြုံခဲ့ရသူတချို့ကမူ သေဆုံးခဲ့ရသူ အရေအတွက်သည် ၃၀ ထက် ပိုနိုင်ပြီး ဖမ်းဆီးခံခဲ့ရသည့် သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း ပြောဆိုကြသည်။

ဖမ်းဆီးမှုများကြောင့် ရွှေဝါရောင်တွင် ပါဝင်ခဲ့ကြသည့် သံဃာနှင့် လူပုဂ္ဂိုလ်တချို့တို့မှာ ပြည်ပ နိုင်ငံများသို့လည်း ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထိုသို့ တိမ်းရှောင်ခဲ့ရသူများအား ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသည့် လက်ရှိ NLD အစိုးရ လက်ထက်တွင် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာနိုင်ရေး အတွက် ဖိတ်ခေါ်မှုများပြုလုပ်ပြီး ကြိုဆိုသင့်ကြောင်း ရွှေဝါရောင် ဦးဆောင် သံဃာတော် တပါးဖြစ်သူ ဦးပဏ္ဍဝံသက မိန့်ကြားသည်။

ရွှေဝါရောင် တော်လှန်ရေး အကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူများအား ရန်ကုန် အင်းစိန်မြို့နယ်ရှိ GTI ကျောင်း တွင် စစ်ကြောရေး စခန်းဖွင့်လှစ်၍ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဖမ်းဆီးခံရသူများက ပြောဆိုသည်။

GTI ၌ စစ်ဆေးခံရသူများတွင် ကိုမြသန်းထိုက် တယောက်လည်း ဒဏ်ရာရှိလျက်နှင့်ပင် စစ်ကြောရေး ဝင်ခဲ့ရသည်။

၎င်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာခုတင်ပေါ်မှပင် ညအချိန် လာရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင် ခံရခြင်း ဖြစ်သည်။

ဆေးရုံကြီးတွင် ကုသနေစဉ် အတွင်း ပုခုံးတွင် သေနတ်ဒဏ်ရာ ရရှိထားသည့် ရဟန်းငယ်တပါးနှင့်အတူ တခန်း တည်း အတူ နေခဲ့ရကြောင်းလည်း ကိုမြသန်းထိုက်က ပြောပြသည်။

GTI ကျောင်းအတွင်း ညဉ့်နက်သန်းခေါင် အချိန်မရွေး ခေါ်ယူစစ်မေးခြင်းများကို ဒဏ်ရာကြောင့် ဘီးတပ် ကုလားထိုင် ဖြင့် ဖြေဆိုခဲ့ရပြီး ဖမ်းဆီးထားသူ ၅၀၀ ခန့်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း ၎င်းက ဆက်ပြော သည်။

ထိုအတောအတွင်း သူ့အနေဖြင့် သတိထားမိသည်မှာ ဆန္ဒထုတ်ဖော်ရာတွင် ရှေ့မှ စစ်သားများအား ဆဲဆိုကာ၊ ခဲများ ရေဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ပုဆိုးလှန်ပြခြင်းများ ပြုလုပ်သူများကို ဖမ်းဆီး ခံရသူများထဲတွင် မတွေ့ရခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“အော်ဟစ် ကြိမ်းမောင်းနေတဲ့ သူတွေကို တားလို့လည်း မရဘူး၊ သူတို့က တဖက်ကို ဆွပေးနေသလို ဖြစ်နေတာကိုး၊ အဲ့ဒီလို လုပ်တဲ့သူတွေထဲကလည်း တယောက်မှ အဖမ်းခံရတာ၊ သေနတ်နဲ့ အပစ်ခံရတာ မတွေ့မိဘူး၊ သူတို့လူတွေ ပဲလည်း ဖြစ်နိုင်ပါတယ်”ဟု ကိုမြသန်းထိုက်က ပြောသည်။

အင်းစိန် GTI တွင် စစ်ဆေးပြီးနောက် အင်းစိန် အကျဉ်းထောင် သီးသန့်ဆောင်တွင် ဆက်လက် စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ကိုမြသန်းထိုက်အား စစ်အစိုးရက ရုန်းရင်းဆန်ခတ် ဆူပူသောင်းကျန်းမှု ပုဒ်မ ၁၄၅၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး တောင်ငူထောင်သို့ ပြောင်းရွှေ့လိုက်လေသည်။

ထောင်တွင်း နေရစဉ် သေနတ်ဒဏ်ရာသည် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ၎င်းအတွက် ပြန်မရနိုင်သည့် ကြေကွဲစရာ ဖြစ်ရပ်တခုကို ၂၀၁၀ ပြည့်နှစ်တွင် ကြုံတွေ့ရတော့သည်။

၎င်းရှိနေသည့် တောင်ငူထောင်သို့ အသက် ၆၆ နှစ်အရွယ် မိခင်ဖြစ်သူက ၂၀၁၀ ပြည့်နှစ် မေလ ၁၅ ရက်နေ့တွင် ထောင်ဝင်စာ လာရောက် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မိခင်ဖြစ်သူမှာ ကောင်းမွန်နေသည့် ပုံစံရှိသော်လည်း တောင်ငူမှ ရန်ကုန်အပြန် ရထားပေါ်တွင် ဆုံးပါးမှု ဖြစ်ခဲ့ရသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားသော ရွှေဝါရောင် တော်လှန်ရေး မြင်ကွင်း ( ဓာတ်ပုံ – Reuters)

“အချိန်က တော်တော်ပူနေတဲ့ အချိန်ဗျ၊ သွေးတိုးရင်း ဆုံးသွားတယ်လို့ပဲ ထင်ပါတယ်”ဟု ကိုမြသန်းထိုက်က ပြော သည်။

သူ့အနေဖြင့် အကျဉ်းထောင်တွင်း ၃ နှစ် ၈ လကျော်ကြာ နေခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလတွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကာ သူ့ဆန္ဒတခုဖြစ်သည့် အောင်ဆန်း ပင်လုံ စာကြည့်တိုက် ကလေးတခုကို သင်္ဃန်းကျွန်းမြို့နယ် ခက်ချီးယား မှတ်တိုင်အနီးတွင် ပြန်လွတ်ပြီး ၆ လအကြာ၌ ဖွင့်လှစ်နိုင်ခဲ့သည်။

ကိုမြသန်းထိုက်တယောက် သေကံမရောက်ခဲ့သည့် သေနတ်ဒဏ်ရာ အတွက် ယခုအချိန်တွင် မည်သည့် အာဃာတမျှ မရှိတော့သလို သံဃာတော်များ သွေမြေကျခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးကြီးသည်လည်း ၁၀ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

လူထု၏ အခက်အခဲ အကြပ်အတည်းနှင့် တိုင်းပြည်၏ ယိုယွင်းနေသည့် အခြေအနေ အရပ်ရပ်ကြောင့် သံဃာတော် များ ဦးဆောင်ကာ ပေါ်ထွက်လာသည့် ရွှေဝါရောင် တော်လှန်ရေးကို နအဖ စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုသည် သမိုင်းတွင် ချေဖျက်မရသည့် အမည်းစက်တခုပင် ဖြစ်ပါသည်။

ရွှေဝါရောင် အကြမ်းဖက်ဖြိုခွင်း ခံရသကဲ့သို့ပင် သံဃာများနှင့် လူထုအပေါ် သေနတ်ဖြင့်ပစ်ခတ် အကြမ်းဖက်မှုသည် နဝတ စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်တွင်လည်း ဖြစ်ပွားခဲ့သေးသည်။

နဝတ စစ်အစိုးရ အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ဘဲ အနိုင်ရ လွှတ်တော်အမတ်များကို ဖမ်းဆီး ခြင်းများ ပြုလုပ်နေချိန် မန္တလေးမြို့ပေါ်ရှိ ဆွမ်းလောင်းပွဲတခု အတွင်းသို့ စစ်အစိုးရက ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် သေနတ် ပစ်ဖောက်ခဲ့မှုကြောင့် ကိုရင်တပါးဖြစ်သည့် အရှင်အာစိန္ဒ သေနတ်ဒဏ်ရာ ရရှိခဲ့သည်။

ထိုဖြစ်ရပ်အပြီး ၁၉၉၀ စက်တင်ဘာ ၂၅ ရက်နေ့တွင် မန္တလေးရှိ သံဃာတော်တချို့နှင့် အောက်တိုဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့မှ သံဃာတော်တချို့တို့က နဝတ စစ်အစိုးရအပေါ် ပတ္တနိ က္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှု ပြုလုပ်ခဲ့ပါ သည်။

နဝတ အစိုးရနှင့် နအဖ အစိုးရတို့အပေါ် သံဃာတော်များ၏ ကံဆောင် သပိတ်မှောက်မှုများသည် ယနေ့အထိ ပတ္တုက္ကုဇ္ဇန ရွတ်ဆို သပိတ်လှန်ပေးခြင်း မပြုလုပ်ရသေးပါ။

“ဒါကြီးကို သံဃာတွေက မလွှဲသာမရှောင်သာဘဲ လုပ်ခဲ့ရတာ၊ ဒါကိုသံဃာတွေက ပြန်လည် ဖြေလျှော့ချင်တယ်၊ ကျူးလွန်တဲ့ ကာယကံရှင် ကိုယ်တိုင်က ဝန်ချတောင်းပန်ရမယ်၊ အဲ့ဒီလိုဆို ပြန်လည်တည့်မတ်တယ်ပေါ့၊ အဲ့ဒီအတွက် ဦးပဉ္ဇင်းတို့ဘက်က သပိတ် ပြန်လှန်ပေးဖို့ကို အဆင်သင့်ပါပဲ၊”ဟု ရွှေဝါရောင် ဦးဆောင် သံဃာတော် တပါးဖြစ်သူ ဦးပဏ္ဍဝံသ က မိန့်ကြားသည်။

စစ်အစိုးရ၏ အကြမ်ဖက် ဖြိုခွင်းမှုကြောင့် ရွှေဝါရောင ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ် များ၏ သွေးမြေကျရသည့် နေ့သည့် ယခု ၂၀၁၇ ခုနှစ် စက်တင်ဘာလ အထိ ၁၀ နှစ်တိုင်ခဲ့ပြီ ဆိုသော်လည်း သူတို့၏ တောင်းဆိုချက်များသည် ယနေ့အထိ မပြည့်ဝသေးပေ။

၎င်းတို့က လွှတ်ပေးရန် တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သည့် အစိုးရလက်ထက်ကို ရောက်ရှိနေသော်လည်း တောင်းဆိုချက်များ ပြည့်ဝရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့ အမျိုးမျိုးသော အကြပ် အတည်းများ အစိုးရတွင်ရှိနေသည်ကို ရွှေဝါရောင် သံဃာတော်တချို့က ထောက်ပြမှုလည်း ရှိသည်။

ရွှေဝါရောင် တော်လှန်ရေး၏ ၁၀ နှစ်ပြည့်မြောက်သည့် အခမ်းအနားများကိုလည်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် သံဃာတော်များဦးဆောင် ကျင်းပကြမည်ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ကို တောင်းဆို ထားကြသည်။

သေနတ်ထိမှန်ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကိုမြသန်းထိုက် အနေဖြင့် ၎င်းကိုယ်တိုင် ကြုံတွေ့ရသည့် စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် အကျည်းတန်သွားသော နေလယ်ခင်းတခုကို မြန်မာ့ သမိုင်းတွင် အမည်းစက်ကြီး တခု ဖြစ်သည်ဟု မှတ်ချက်ပေးလိုက်သည်။

“သံဃာတွေကို သတ်တဲ့အစိုးရ၊ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ သံဃတော်လှန်ရေးကို နှိပ်ကွပ်ခဲ့တာ၊ မြန်မာ့ သမိုင်းမှာ လည်း အမည်းစက်ကြီးတခုပါပဲ”ဟု ကိုမြသန်းထိုက်က ပြောဆိုပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading