ဆောင်းပါး

ကာတွန်းတွေက ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး

Want create site? Find Free WordPress Themes and plugins.

၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေး အမည်ရသည့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများက မြန်မာနိုင်ငံကို လှုပ်ခါခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများကို နိုင်ငံတကာ အသိုင်းအဝိုင်း သိစေရန် အတွက် ဧရာဝတီက ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြပေးခဲ့ပါသည်။ သတင်းဖော်ပြမှုများ၏ မှတ်သားစရာ အဖြစ်ခဲ့ဆုံး အစိတ်အပိုင်းများမှာ ဧရာဝတီမဂ္ဂဇင်းနှင့် အွန်လိုင်းစာမျက်နှာတို့တွင် ထိုစဉ်က ဖော်ပြခဲ့သည့် ကာတွန်းများ ဖြစ်ပြီး ဧရာဝတီ၏ ပင်တိုင်ကာတွန်းဆရာ ဟန်လေးနှင့် ကူညီရေးသားပေးနေသူတဦး ဖြစ်သော Stephff တို့၏ လက်ရာများ ဖြစ်ပါသည်။ ရွှေဝါရောင် တော်လှန်ရေး ၁၀ နှစ်ပြည့်သည့် အချိန်တွင် ဧရာဝတီက ယခင်ဖော်ပြခဲ့သော ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်သည့် လက်ရွေးစင်ကာတွန်းများကို ပြန်လည်တင်ပြပေးလိုက်ပါသည်။

ရုပ်ပုံတခုက သေနတ် ၁၀၀၀ တန်သည်
Stephff/ စက်တင်ဘာ ၂၈၊ ၂၀၀၇

ဂျပန် လူမျိုး ဓာတ်ပုံ သတင်းထောက် ကန်ဂျီနာဂါအိ Kenji Nagai မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်း ခံခဲ့ရသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းကို သတင်းယူနေစဉ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

“ဆန္ဒပြပွဲတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျနော်တို့ ကိုင်တွယ်သွားပါမယ်”
ဟန်လေး/ စက်တင်ဘာ ၂၆၊ ၂၀၀၇

၂၀၀၇ ခုနှစ်တွင် သံဃာတော်များက သူတို့၏ ဒကာ၊ ဒကာမများကိုယ်စား စီးပွားရေး နှင့် နိုင်ငံရေး ပြဿနာများအတွက် ဆန္ဒပြရန် လမ်းများပေါ်သို့ ရောက်လာသည့်အချိန်တွင် ထိုစဉ်က စစ်အစိုးရက ရက်စက်ကြမ်းတမ်းစွာ ဖြိုခွဲချေမှုန်းခဲ့သည်။ ဖြိုခွဲမှုများ မပြုလုပ်မီအချိန်တွင် အစိုးရအဖွဲ့ဝင်တဦးက ၎င်းတို့ အနေဖြင့် ဆန္ဒပြပွဲများကို သင့်တင့် လျော်ကန်သော နည်း လမ်းဖြင့် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲရင့်သော ရှေ့တက်ခြေလှမ်း
Stephff/ စက်တင်ဘာ၂၀၊ ၂၀၀၇

စစ်အစိုးရ အံ့အားသင့်စေခဲ့သော လှုပ်ရှားမှုတွင် ရာနှင့်ချီသော ဗုဒ္ဓဘာသာ သံဃာတော်များက သူတို့၏ ဒကာ၊ ဒကာမများ ခံစားနေရသော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စိုးရိမ်သောကများအတွက် ထိုစဉ်က စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ လွန်ခဲ့သော ၁၀ နှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သော အဆိုပါ ဆန္ဒပြပွဲများက ၁၉၈၈ ခုနှစ် ဒီမို ကရေစီ အရေးတော်ပုံ နောက်ပိုင်းတွင် အကြီးမားဆုံး ဖြစ်သည်။

ဒါကို ကျနော်တို့ရဲ့နည်းလမ်းနဲ့ ကျနော်တို့ ကိုင်တွယ်သွားပါမယ်
ဟန်လေး/ အောက်တိုဘာ ၁၂၊ ၂၀၀၇

ရွှေဝါရောင်တော်လှန်ရေးကို ကြမ်းတမ်းရက်စက်စွာဖြိုခွဲခဲ့သည့် အတွက် အမေရိကန်နှင် ဥရောနိုင်ငံအချို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှတဆင့် မြန်မာစစ်အစိုးရကို ပြစ်တင်ရှုံ့ချရေး ကြိုးစားခဲ့သည့် အချိန်တွင် တရုတ်နိုင်ငံက ထိုကြိုးပမ်းမှုကို ပိတ်ပင်ခဲ့သည်။ ဆန္ဒပြပွဲများသည် ပြည်တွင်းရေး ပြဿနာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောခဲ့သည်။

ကျနော်တို့က အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်
ဟန်လေး/ စက်တင်ဘာ ၁၉၊ ၂၀၀၇

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့တပ်မတော်နှင့် လက်ကိုင်တုတ်များက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်ကြမ်းတမ်းစွာ ဖြိုခွဲခဲ့ချိန်၌ မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့တို့က ဝင်ရောက်စွတ်ဖက်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

“ခနစောင့်ဦး။ သူ့မှာ လက်နက်ပါတယ်လို့ ထင်တယ်။ ဗုံးတလုံး။ နေဦး၊ နေဦး။ အဲဒါ သပိတ်တလုံး။ ထပ်ပြောမယ်။ သံသယ ရှိသူမှာ သပိတ်တလုံးပါတယ်။”
ဟန်လေး/ စက်တင်ဘာ ၂၄၊ ၂၀၀၈

၂၀၀၇ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာ သံဃာတော်များ ဦးဆောင်၍ လမ်းများပေါ်တွင် ဆန္ဒပြခဲ့ကြသည်။ မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဘာသာရေးအရ ရိုသေလေးစားခြင်းခံရသူများဖြစ်သော်လည်း သူတို့ကို သာမန်ရာဇဝတ်သားကဲ့သို့ ပြုမူဆက်ဆံရန် လုံခြုံရေးတပ်ဖွဲ့များကို အထက်က ညွှန်ကြားထားခဲ့သည်။

“လက်နက်ချပါ၊ လက်နက်မချရင် ပစ်မယ်”
ဟန်လေး/၂၀၀၇ ခုနှစ် နိုဝင်ဘာလထုတ် ဧရာဝတီ မဂ္ဂဇင်း

လောင်စာဆီ ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့လမ်းများပေါ်တွင် ဆန္ဒ ပြပွဲများ ပေါ်ပေါက်စေခဲ့သည်။ ကနဦးတွင် ဗုဒ္ဓဘာသာ သံဃာတော်များက ဦးဆောင်ခဲ့သော ရွှေဝါရောင် တော်လှန်ရေး ကြောင့် မြန်မာနိုင်ငံမှ ဖိနှိပ်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို သတိပြုမိစေခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၈ မတ်လတွင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တာဝန်လွှဲပြောင်းပေးမည်ဟု ကတိပေးခဲ့ပြီး အချိန်စွဲရေးသားနေခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ကာ မေလအတွင်း နာဂစ်မုန်တိုင်းအပြီး အတင်းအတည်ပြုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading