ဆောင်းပါး

ARSA အကြောင်း သိကောင်းစရာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွက်လာသော ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) က ၎င်းတို့သည် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်အတွက် တိုက်ခိုက်နေကြသော မြန်မာနိုင်ငံအတွင်းမှ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့ သို့ပင် ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းတခု အဖြစ် တံဆိပ်မကပ်သင့်ကြောင်းပြောသော်လည်း လက်တွေ့မြေပြင်မှ အမှန်တရားများက ကွဲပြားသော ဇာတ်ကြောင်းတခုကို ပြောပြနေသည်။

ARSA က လက်နက်ကိုင် ပုန်ကန်မှု ပုံစံအသစ်တမျိုးကို ကိုယ်စားပြုနေသည်။ သူတို့သည် တိုက်ပွဲဝင်ရန် လက်နက်၊ ပစ္စည်း လုံးဝပြည့်စုံခြင်း မရှိကြောင်း မြန်မာ့တပ်မတော်က သရုပ်ပြခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ ကချင်၊ ရှမ်း၊ ကရင် သို့မဟုတ် မွန် အစရှိသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်း၏ အမည်ကို ထင်ထင်ရှားရှား ဖော်ပြထားပြီး သူတို့၏ ရာထူးများကိုပြသသည့် တံဆိပ်များပါဝင်သော စစ်ဝတ်စုံ များကို ဝတ်ဆင်ကြပါသည်။

သို့သော်လည်း ARSA မှ မွတ်ဆလင် တိုက်ခိုက်ရေးသမားများကမူ ကျေးရွာသားများနှင့် ရောနှောနေပြီး အရပ်သားများကဲ့သို့ပင် ဝတ်ဆင်ကြသည်။ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထား၍ မဖြစ်မမြောက် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ARSA အဖွဲ့က နယ်စပ်ကို ဖြတ်ကျော်၍ သူတို့ ပြောဆိုသော ဘာသာစကားနှင့် ကိုးကွယ်ရာ ဘာသာတူသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆုတ်ခွာသွားတတ်ကြကြောင်း သိရသည်။ ထိုနေရာတွင် ARSA ၏ ဗျူဟာက မြန်မာနိုင်ငံမှ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စာလျှင် မလေးရှားနှင့် ကပ်နေသော ထိုင်းနိုင်ငံ တောင်ဖက်စွန်းမှ မွတ်ဆလင် လက်နက်ကိုင်များနှင့် များစွာ သွားတူနေသည်။

နီပေါနှင့် အိန္ဒိယမှ မော်ဝါဒီ(မော်စီတုန်းဝါဒီ ကွန်မြူနစ်များ) လက်နက်ကိုင်များနှင့် သဘောတရားရေးရာ အယူအဆများ တူညီခြင်း မရှိသော်လည်း ARSA က သူတို့၏ တိုက်ခိုက်ရေး နည်းလမ်းများကို ပုံတူကူးခဲ့ပုံရသည်။ မြန်မာ့တပ်မတော်ကို တိုက်ပွဲများနှင့် ခြုံခိုတိုက်ခိုက်မှုများတွင် ရင်ဆိုင်တိုက်ခိုက်ရေးအစား နီပေါတွင် မော်ဝါဒီလက်နက်ကိုင်များ လှုပ်ရှားစဉ်က ပြုလုပ်ခဲ့ပြီး ယနေ့အချိန်တွင် အိန္ဒိယနိုင်ငံမှ Naxalite (ကွန်မြူနစ်လက်နက်ကိုင်)များကဲ့သို့ပင် ညကြီးမင်းကြီး၌ ရာနှင့်ချီသော လက်နက်မဲ့ ကျေးလက်ပြည်သူများကို စုစည်း၍ အစိုးရတပ်စခန်းများကို တိုက်ခိုက်ရန် ARSA က ပိုသဘောကျခဲ့သည်။

ပစ်မှတ်ထားခံရသည့် အစိုးရတပ်စခန်းများမှာ များသောအားဖြင့် သေးငယ်၍ ဝေးလံသော စခန်းများ ဖြစ်ကြပြီး ထိုစခန်းများမှ ခုခံကာကွယ်ရသူတို့မှာ သူတို့ကို အလွန်ကြီးမားသော တိုက်ခိုက်ရေး အဖွဲ့တခုက ဝိုင်းရံထားပြီဟု အထင်ရောက်စေခဲ့သည်။ ထို့နောက် သူတို့က အရွယ်အစားပိုသေးသည့် တိုက်ခိုက်ရေးအဖွဲ့ဖြင့် ဝင်သွားပြီး ခြောက်ခြားနေသော စစ်သား သို့မဟုတ် ရဲများကို သတ်ဖြတ်၍ လက်နက်များယူပြီး ထွက်ပြေးလွတ်မြောက်သွားကြသည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုပုံစံမှာ တောင်အာရှတွင် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုအချိန်အထိ အသစ်အဆန်းလို ဖြစ်နေသေးသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင် သောင်းကျန်းသူ ၄၀၀ ခန့် သေဆုံးခဲ့ကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ဖြစ်နိုင်ဖွယ်ရာ အရှိဆုံးမှာ သေဆုံးသူ အားလုံးနီးပါးမှာ ARSA အဖွဲ့က ခေါ်လာသော ကျေးရွာသားများ ဖြစ်ပါလိမ့်မည်။ အကယ်၍ ARSA တိုက်ခိုက်ရေးသမားများသာ ဤမျှအရေအတွက်အထိ အသတ်ခံခဲ့ရလျှင် ၎င်းအဖွဲ့တခုလုံးနီးပါး ပျောက်ပျက်သွားနိုင်ကြောင်း ARSA ကို စောင့်ကြည့်နေသော လုံခြုံရေး လေ့လာဆန်းစစ်သူများက ဆိုသည်။

အဆိုပါ လေ့လာဆန်းစစ်သူတို့ကပင် ARSA ၏ အင်အားသည် သူတို့အဖွဲ့နှင့် မြန်မာ့တပ်မတော် အာဏာပိုင်များက ပြောဆိုသည်ထက် များစွာ နည်းပါးသည်ဟု ပြောကြသည်။ အတွင်းလူများ၏ အဆိုအရ ARSA ၏ အင်အားသည် ထောင်ဂဏန်း မဟုတ်ဘဲ ရာဂဏန်းသာ ရှိပြီး တိုက်ပွဲဝင်ရန် လေ့ကျင့်ပေးထားသည့် အဖွဲ့ဝင် စုစုပေါင်းက ၅၀၀ ကျော်ဖွယ်ရာ မရှိကြောင်း သိရသည်။

ARSA ၏ စစ်ရေး အင်အားက အကန့်အသတ်ရှိသော်လည်း Twitter နှင့် အခြားသော ဆိုရှယ်မီဒီယာများတွင် အံ့အားသင့် ဖွယ်ရာ ကောင်းလောက်အောင် ပြေပြစ်သော အင်္ဂလိပ်ဘာသာစကား ဖြင့် ထုတ်ပြန်သည့် ကြေညာချက်များ နှင့် အတူ ၎င်းတို့၏ ဝါဒဖြန့်ချီရေး ယန္တယားက ကျယ်ကျယ်ပြန့်ပြန့် ရောက်ခဲ့သည်။ သူတို့၏ ပြောပုံဆိုပုံများအရ ARSA အဖွဲ့သည် အလယ်အလတ်ကျပြီး ကျိုးကြောင်း ဆီလျော်သည့် အဖွဲ့အစည်းတခု အသွင်ဖြစ်အောင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် သဘောဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် သူတို့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခုတွင် ARSA က ရိုဟင်ဂျာ ဒုက္ခသည်များထံ အကူအညီပေးရေး အဖွဲ့အစည်းများ သွားရောက်နိုင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတခု အပြည့်အဝ ပေါ်ပေါက်လာခြင်းမှ ရှောင်ရှားနိုင်ရန် သူတို့ဖက်မှ ၁ လကြာ အပစ်အခတ် ရပ်စဲမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ARSA ၏ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုများနှင့် တပ်မတော်၏ ပြင်းထန်သော တုန့်ပြန် တိုက်ခိုက်မှုများနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာ ၄၀၀၀၀၀ ကျော်ထွက်ပြေးခဲ့သည်ဟု အကူအညီပေးရေး အဖွဲ့အစည်းများက ခန့်မှန်းခဲ့သည်။

၎င်းတို့ အဖွဲ့၏ တိုက်ခိုက်မှု အများအပြားမှာ ဓားရှည်များဖြင့် တိုက်ခိုက်ခဲ့ကြပြီး စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသည့် တပ်မတော်တခု လုံးဝမဟုတ်သည့် လက်နက်ကိုင် အဖွဲ့ငယ်လေးတခု အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကြေညာချက်က အတော်ပင် ရဲတင်းသည်။ တချိန်တည်းမှာပင် လက်နက်မပြည့်စုံသည့် တိုက်ခိုက်ရေးသမား အနည်းငယ်ဖြင့် မြန်မာ့တပ်မတော်အား ရင်ဆိုင်တိုက်ခိုက်ခြင်းကို “ရိုဟင်ဂျာများကို ကယ်တင်ရန်” ပြုလုပ်သည့် လုပ်ရပ်တခု အဖြစ် မည်ကဲ့သို့ မြင်နိုင်သည်အား ရှင်းပြရန် ARSA က ပျက်ကွက်နေခဲ့သည်။

ရရှိခဲ့သော ဒေသတွင်းမှ သတင်းများသာ သေချာမှန်ကန်ခဲ့မည် ဆိုလျှင် ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုတို့ နေထိုင်ကြရာ ဒေသထဲတွင် မြန်မာ့တပ်မတော်ကို ပြင်းထန်သော စစ်ဆင်ရေးပြုလုပ်ရန် လမ်းဖွင့်ပေးခဲ့သည့်အတွက် ARSA ကို နယ်မြေခံများက ဒေါသ ဖြစ်နေကြသည်ဟု သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ARSA က ၎င်းတို့ အနေဖြင့် Al Qaeda၊ ISIS၊ Lashkar-e-Taiba သို့မဟုတ် မည်သည့် နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့ အစည်းနှင့်မျှ ဆက်သွယ်မှုမရှိကြောင်း ရှင်းလင်းစွာ သိစေလိုသည်ဟု ပြောခဲ့သည်။ ရခိုင်ပြည်နယ်သို့ အကြားဖက်သမားများ ဝင်ရောက်လာခြင်းနှင့် အခြေအနေ ပိုဆိုးအောင် ပြုလုပ်ခြင်းတို့ကို ကာကွယ် တားဆီးရန် ARSA က လုံခြုံရေး အေဂျင်စီများနှင့် အတူ အလုပ်လုပ်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံအားလုံးက သိစေလိုသည်ဟုလည်း ဆိုသေးသည်။

သို့သော်လည်း ARSA က ပါကစ္စတန် နိုင်ငံတွင်းမှ အပါအဝင် နိုင်ငံခြား အစွန်းရောက် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ကင်းရှင်းကြောင်း ယူဆရန် လုံခြုံရေး လေ့လာဆန်းစစ်သူများနှင့် အကြမ်းဖက်ဝါဒ ဆိုင်ရာ ကျွမ်းကျင်သူများက လက်မခံ ခဲ့ကြပါ။ ARSA ၏ ခေါင်းဆောင် (Hafiz Tohar ဟုလည်း သိကြသည့်) Ataullah abu Ammar Junjuni က ပါကစ္စတန် နိုင်ငံ ကရာချိတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မက်ဒရက်ဆာ ဘာသာရေး ကျောင်းတက်ခဲ့သူ ဖြစ်သည်။

သိန်းနှင့် ချီသော ပထမ၊ ဒုတိယနှင့် တတိယ မျိုးဆက် ရိုဟင်ဂျာများ Orangi၊ Korangi၊ Landhi နှင့်ဆင်းရဲနွမ်းပါးသော ကရာချိ ဆင်ခြေဖုံးများတွင် နေထိုင်ကြသည်။ ပါကစ္စတန်နိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အများစုမှာ ပါကစ္စတန်တွင် မွေးဖွားခဲ့သူများ ဖြစ်သော်လည်း သူတို့ အားလုံးနီးပါးမှာ နိုင်ငံမဲ့များ ဖြစ်ကြသည်။ သူတို့နေထိုင်သော ဧရိယာများမှာ အစွန်းရောက်လှုပ်ရှားမှုများ ပေါက်ဖွားရာနေရာ ဖြစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အချို့မှာ အာဖဂန်နစ္စတန်မှ တိုက်ပွဲများတွင် တိုက်ခိုက်ရန် စည်းရုံးခေါ်ယူခြင်းခံကြရသည်။

ARSA ကို မူလက Harakah al-Yaqin သို့မဟုတ် “ယုံကြည်ချက် လှုပ်ရှားမှု” အဖွဲ့ဟု သိခဲ့ကြသည်။ အဖွဲ့အမည်မှာ ဘာသာရေး အဓိပ္ပါယ်ဆောင်ကြောင်း ရှင်းလင်းထင်ရှားပြီး အထူးသဖြင့် ရိုဟင်ဂျာ သို့မဟုတ် ရခိုင်စသည့် စကားလုံးများ လုံးဝ မပါဝင်ခဲ့ပါ။ ပြီးခဲ့သည့် နှစ်ရောက်မှသာလျှင် လူမျိုးစုကို ပိုမိုအသားပေးသည့် အမည်ဖြစ်သော ARSA အဖြစ် ပြောင်းလဲခဲ့ခြင်းမှာ ၎င်းတို့ လှုပ်ရှားမှု စတင်ရာနေရာမှ အစွန်းရောက် အသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် ကွဲပြားရန် အားထုတ်ခြင်းတခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ထောက်လှမ်းရေးဆိုင်ရာ လေ့လာဆန်းစစ်သူတို့၏ အဆိုအရ သူတို့ကို ဦးဆောင်လမ်းပြသူမှာ ရိုဟင်ဂျာမျိုးနွယ် ပါကစ္စတန်တယောက် ဖြစ်သည့် Abdus Qadoos Burmi ဖြစ်သည်။ ကရာချိတွင်ပင် အခြေစိုက်သော Abdus Qadoos Burmi ကို ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခဲ့သည့် မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲ ဆင်နွဲရန် တောင်းဆိုသော ဗီဒီယိုတွင် မြင်တွေ့ခဲ့ရသည်။

Abdus Qadoos Burmi က Lashkar-e-Taiba နှင့် ဆက်သွယ်မှုများရှိကြောင်း မှတ်တမ်း အခိုင်အမာရှိသူ ဖြစ်သည်။ Lashkar-e-Taiba သည် တောင်အာရှ၏ အကြီးဆုံး အစ္စလမ်မစ် အကြမ်းဖက်အဖွဲ့ များတွင် တခု အပါအဝင် ဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် အဓိက လှုပ်ရှားသည်။ Lashkar-e-Taiba ကို ၁၉၈၇ ခုနှစ်တွင် ကွယ်လွန်သူ Al Qaeda အဖွဲ့ခေါင်းဆောင် Osama bin Laden ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အာဖဂန်နစ္စတန်တွင် ထူထောင်ခဲ့သည်။ Abdus Qadoos Burmi ကို အစည်းအဝေးပွဲများတွင် Lashkar-e-Taiba အကြီးအကဲ Hafiz Mohammed Syed နှင့် အတူ တွေ့ရခြင်းများပင် ရှိခဲ့သည်။

ARSA ၏ ဒုတိယခေါင်းဆောင်မှာ မထင်မရှား အမျိုးသားတယောက် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း စစ်တကောင်းမှလာသည့် Sharif ဟုသာ သိကြသည်။ အဖွဲ့၏ ဝါဒဖြန့်ချီရေး ဗီဒီယိုများတွင်လည်း မတွေ့ရပါ။ သူ စကား ပြောလျှင် ပါကစ္စတန်နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သော အူရဒူသံဝဲသည်ဟု သိရသည်။

ARSA က ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် စခန်းများမှ ဒေါထွက်နေသော၊ မျှော်လင့်ချက်မဲ့နေသော လူငယ် များကို စည်းရုံးသိမ်းသွင်းနိုင်သော်လည်း လုံခြုံရေး လေ့လာဆန်းစစ်သူတို့၏ အဆိုအရ ၎င်းတို့ထဲတွင် နိုင်ငံခြားသား ၁၅၀ ခန့်လည်း ပါဝင်နေကြောင်း သိရသည်။

နိုင်ငံခြားသားအများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်ပြီး ၈ ယောက်မှ ၁၀ ယောက်ခန့်မှာ ပါကစ္စတန်မှ ဖြစ်သည်။ အင်ဒို နီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ လာသည့် အဖွဲ့ငယ်လေးများလည်း ရှိသည်။ ၂ ဦးမှာ ဥဇဘတ်ကစ္စတန် မှ ဖြစ်သည်ဟု သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လေ့ကျင့်သင်တန်းပေးမှုများတွင် အာဖဂန် နစ္စတန်စစ်ပွဲပြန် သက်ကြီးပိုင်းများကလည်း တစိတ်တပိုင်း ပါဝင် သင်ကြားပေးခဲ့သည်ဟု လုံခြုံရေး လေ့လာဆန်းစစ်သူများက ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အချိန်ကိုက်တိုက်ခိုက်မှုများ အတွက် စေ့စပ်သေချာသော အစီအမံ လိုအပ်ကြောင်း ယခုအခါ ထင်ရှားလာပြီ ဖြစ်သည်။ တိုက်ခိုက်မှုများ မပြုလုပ်မီ လများအတွင်းတွင် အစိုးရ၏ သတင်းပေးများ ဖြစ်သည်ဟု သံသယရှိသော မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင် အပါဝင် လူ ၅၀ ခန့် လည်လှီးခံရခြင်း သို့မဟုတ် ဓားဖြင့် ခုတ်ထစ် သတ်ဖြတ်ခံရခြင်းတို့မှာ ထိုဧရိယာတွင်းတွင် မြန်မာ့တပ်မတော်က ထောက်လှမ်းခြင်း မပြုနိုင်အောင် တားဆီးခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများ၏ ချိန်ကိုက်မှုက တိုက်ဆိုင်မှုတခု ဖြစ်ရန် ခဲယဉ်းပါသည်။ သြဂုတ်လ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာတွင် ဒေသတွင်းမှ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကြံပြုထားသည်။

လက်ရှိ ကသောင်းကနင်း အခြေအနေကြောင့် ကော်မရှင်၏ အဆိုပြုချက်များကို ပြန်လည်ဖော်ဆောင်ရန် ခက်ခဲလိမ့်မည် ဖြစ်ပြီး ပိုမို၍ မတည်မငြိမ်ဖြစ်စေမည့် စစ်သွေးကြွလုပ်ရပ်များ လမ်းပွင့်စေခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ အစ္စလမ်မစ် အဖွဲ့များက ဖြန့်ချီခဲ့သည့် ဗီဒီယိုများတွင် ရခိုင်ပြည်နယ်၌ ဘာသာရေး စစ်ပွဲဆင်နွဲရန် ပြင်ဆင်သည့် အနေဖြင့် ဆူမတြာမြောက်ပိုင်း အာချေးတွင် လူငယ် အမျိုးသားများ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာများကို ထောက်ခံသည့် ကြီးမားသော ဆန္ဒပြပွဲများ ဘင်္ဂလားဒေ့ရှ် နိုင်ငံတလွှားတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဒုက္ခသည်များ အများအပြား ဝင်ရောက်လာခြင်းက အာဏာရ Awami League ပါတီအတွက် အမျိုးသားရေးဝါဒ ကျောထောက်နောက်ခံပြု အတိုက်အခံပါတီနှင့် ရင်ဆိုင်ရာတွင် ပြည်တွင်း နိုင်ငံရေး ပြဿနာတခု လျှင်လျှင်မြန်မြန် ဖြစ်လာသည်။

ARSA နှင့် လုံခြုံရေးတပ်ဖွဲ့များကြား ပထမဆုံး ထိတွေ့မှု ဖြစ်သည့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှု နောက်ပိုင်း မြန်မာ့တပ်မတော်၏ ပြင်းထန်သော တုန့်ပြန်မှုနှင့် နောက်ဆက်တွဲနယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာ ၇၀၀၀၀ ခန့် ထွက်ပြေးခဲ့ရသည့် အခြေအနေအရ သြဂုတ်လ ၂၅ ရက်နေ့က ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ခြင်း အပေါ် တက်မတော်က ပိုမိုပြင်းထန်စွာပင် တုန့်ပြန်နိုင်လာသည်ကို ARSA က ကြိုတင်မျှော်လင့်ထားခြင်း မရှိဟု ဆိုသည်မှာ လက်ခံနိုင်ဖွယ်ရာ မဟုတ်ဟု လေ့လာဆန်းစစ်သူများက ယူဆကြသည်။

အကယ်၍ ARSA ၏ ရည်ရွယ်ချက်က ၎င်းတို့ ပြောသည့်အတိုင်း ရိုဟင်ဂျာများကို ကယ်တင်ရန် ဖြစ်သည်ဆိုလျှင် ၎င်းတို့ တိုက်ခိုက်မှု၏ ဆန့်ကျင်ဖက် သက်ရောက်မှုက ဆိုးရွားလွန်းသည်။ သို့သော်လည်း ပေါက်ကွဲထွက်မှုမှ ဆင်းသက်လာနိုင်သည့် ကျယ်ပြန့်သော အကျိုးအမြတ်များကို စစ်သွေးကြွများက တွက်ချက်ပြီးသား ဖြစ်ပါမည်။ ရိုဟင်ဂျာတို့၏ နစ်နာမှုနှင့် ပတ်သက်၍ နိုင်ငံတကာ၏ လူသိရှင်ကြား ပြောဆိုမှုက ယခင်ကထက် ပိုခဲ့သည်။ အာရပ်နှင့် မွတ်ဆလင်ကမ္ဘာမှ အလားအလာကောင်းပြီး မက်မောလောက်ဖွယ်ရာ ရှိသည့် ထောက်ပံ့မှု အသစ်များနှင့် ဒေါသထွက်နေသော လူငယ် အမျိုးသားများကို ပိုမို စုဆောင်းနိုင်ခဲ့သည်။

သို့သော်လည်း မရိုးသားသည့် ယခု ကစားပွဲ၏ သားကောင် ဖြစ်ရသူများမှာ သူတို့၏ ပျက်စီးနေသော နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရပြီး ယခုအခါတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ညစ်ပေသော ဒုက္ခသည် စခန်းများ သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာများ တိုးလာနေသည့် ၂ နိုင်ငံ နယ်စပ်တလျှောက်မှ လူသူမရှိသည့် နေရာများတွင် ဒုက္ခများနှင့် နေထိုင်နေကြရသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာများသာ ဖြစ်ပါသည်။

(Asia Times ပါ Bertil Lintner ၏ The truth behind Myanmar’s Rohingya insurgency ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading