ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဝင်ရိုးတန်းအဖွဲ့ဝင်နိုင်ငံတနိုင်ဖြစ်တဲ့ ဂျပန်တပ်မတော်က ဖောက်လုပ်ခဲ့တဲ့ ယိုးဒယား−မြန်မာမီးရထားလမ်းကြီးဟာ လူသားများစွာ အသက်စတေးခဲ့ရတဲ့အတွက် သေမင်းတမန် ရထားလမ်းအဖြစ် ထင်ရှားခဲ့ပါတယ်။
နိုင်ငံတော်တော်များများကို ဖက်ဆစ်စနစ်ကို ကိုင်စွဲထားတဲ့ ဂျပန်တပ်နီတွေက ကြီးစိုးမင်းမူနေချိန်လည်း ဖြစ်ပါတယ်။
မိုင်၂၅၀ ကျော် ရှည်လျားတဲ့သေမင်းတမန်ရထားလမ်းဟာ မြန်မာပြည်ဘက်ခြမ်း သံဖြူဇရပ်မြို့မှ စတင်ခဲ့ပြီး ဘုရားသုံးဆူ တောင်ကြားကို ဖြတ်လျက် ဘန်ပေါင်ရှိ ဘန်ကောက်- စင်္ကာပူမီးရထားလမ်းနှင့် ဆက်သွယ်ရန် ယိုးဒယားနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့သို့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။
သေမင်းတမန် ရထားလမ်းဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသားများသာမက စစ်သုံ့ပန်းအဖြစ် ဂျပန်တပ်များ ဖမ်းဆီး ထားတဲ့မဟာမိတ်တပ်သား အများအပြားလည်း ပါဝင်ခဲ့ပါတယ်။
မဟာမိတ်စစ်သုံ့ပန်းတွေနဲ့ ချွေးတပ်သားအများအပြားဟာ ပင်ပန်းမှုဒဏ်၊ ငတ်ပြတ်မှုဒဏ်၊ ငှက်ဖျား၊ ဝမ်းလျှောဝမ်းကိုက် ရောဂါတွေနဲ့ သေဆုံးခဲ့ကြရပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အနည်းစုပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသား ၈၀,ဝဝဝ ကျော်၊ မဟာမိတ်တပ်သား ၁၀,ဝဝဝ ကျော်တို့ အသက် ဆုံးရှုံးခဲ့ကြရပါတယ်။
ဝမ်းရောဂါနဲ့ အရေပြားရောဂါတို့ကြောင့် သေဆုံးခဲ့ရတဲ့ချွေးတပ်အလုပ်သမားများဟာ ဂျပန်တို့နှိပ်စက်လို့ သေဆုံးရတဲ့အ ရေအတွက်ထက် ပိုမိုများပြားကာ “ဇလီဖာတုံးတစ်တုံး လူ့အသက်တစ်ချောင်း”ဟုပင် ခေါ်ဆိုခဲ့ရတဲ့ သေမင်းတမန်ရထား လမ်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
သေမင်းတမန်ရထားလမ်းနဲ့ပတ်သက်ပြီး နောက်ခံသမိုင်းကြောင်းအနေနဲ့ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိစာအုပ်၊ ရုပ်ရှင်၊ ဝတ္ထု အစရှိ သည်တို့အနက် စာရေးဆရာကြီး မောင်ထင်ရဲ့ငဘဝတ္ထုဟာ သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရေးအတွက် ချွေးတပ်နဲ့ အတူပါသွားသူလယ်သမားတဦး၏ဘဝကိုသရုပ်ဖော်ထားသောဝတ္ထုဇာတ်လမ်း ဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ်ပင် မင်းသားကြီး ရွှေဘနဲ့ ရိုက်ကူးခဲ့တယ်လို့လည်း မှတ်သားရပါတယ်။
နာမည်ကျော် A Bridge on the River Kwei ရုပ်ရှင်ဇာတ်ကားမှာလည်း ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန်မီးရထား လမ်းရှိ ကွေးမြစ်တံတားပေါ်မှ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
သံဖြူဇရပ်မြို့အနီးတွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ် ပြတိုက်နဲ့စစ်သင်္ချိုင်းတို့ တည် ရှိပါတယ်။
စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ အင်္ဂလိပ်၊ ကနေဒါ၊သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေး ရှား၊ နယ်သာလန် စတဲ့နိုင်ငံများမှ စစ်သည်များရဲ့အရိုးပြာများကို မြုပ်နှံထားပါတယ်။ အဆိုပါ စစ်သင်္ချိုင်းကို ၁၉၄၆ခု ဒီဇင် ဘာလ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့လာရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ယခုစာအုပ်ကတော့ သေမင်းတမန်ရထားလမ်း ဝမ်းနည်းဖွယ်အိပ်မက်ဆိုးကို အခြေခံထားပြီး စကားလုံးအားကောင်း ကောင်းနဲ့ ရေးသားထားတဲ့ The Narrow Road To The Deep North ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းရှည်ကြီးတပုဒ် ဖြစ် ပါတယ်။
မူရင်းရေးသားသူက သြစတြေးလျနိုင်ငံသား Richard Flanagan ဖြစ်ပြီး ယခုစာအုပ်အတွက် စာပေဆုပေါင်း ၁၅ဆုနဲ့ ၂၀၁၄ ခုနှစ်အတွက် မန်းဘွတ်ကာဆု (The Man Booker Prize) ရရှိထားပြီး တစ်ကိုယ်စာလမ်း မြောက်ဖျားစွန်းသို့ အမည်ဖြင့် နိုင်စွမ်းက မြန်မာဘာသာပြန်ထားတာဖြစ်ပါတယ်။
စာအုပ်တွင် မြန်မာပြန်မူမှာကို စာမျက်နှာ ၆၀၀ကျော် အပိုင်း ၁၈ ပိုင်း ပါဝင်ပြီး စာအုပ်ရဲ့ထူးခြားချက်ကတော့ အခန်းတိုင်း မှာ ခေါင်းစဉ်ငယ်ပေးထားခြင်းမရှိဘဲ ဝတ္ထုအသွားပုံစံတခန်းချင်းကို ဇာတ်ကောင် ဒိုရီဂိုအီဗန်ရဲ့အပြော အပြဟန်များနဲ့ ဆွဲ ခေါ်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။
သေမင်းတမန်ရထားလမ်းကို အခြေပြုထားသော်လည်း သမိုင်းဆိုင်ရာအချက်အလက်များကိုချည်း အားပြုထားတာ မတွေ့ရ ဘဲ တဦးချင်း ဇာတ်ကောင်တွေရဲ့စကားပြောခန်းမှာ မချီးကျူးဘဲ မနေနိုင်အောင် ဒိုင်ယာလော့နဲ့အမြင်များကို ထည့်သွင်းရေး သားနိုင်တာ ဖတ်ရှုရပါတယ်။
စာအုပ်မှာ သေမင်းတမန်ရထားလမ်းက စိတ်ပျက် ညည်းညူစရာတွေအပြင် အဓိက ဇာတ်ကောင် ဒိုရီဂိုအီဗန်ဟာ စာအုပ်ချစ် သူ၊ ကဗျာရွတ်ဖတ်သူအဖြစ် ပါဝင်တော့ သူ့ရဲ့ချစ်သူအေမီကို ကဗျာရွတ်ဆိုပြတာတွေအပြင် သူ့ပြောစကားများကပါ စာအုပ် ရေးသားတဲ့Richard Flanaganရဲ့ဖန်တီးမှုများနဲ့ ကဗျာဆန်နေပါတယ်။
ပျော်ရွှင်တဲ့သူမှာ အတိတ်ဆိုတာမရှိ၊ အဲဒီလိုပဲ မပျော်ရွှင်တဲ့သူတွေမှာကျတော့ မပျော်ရွှင်ခြင်းကလွဲပြီး တခြားဘာမှကို မရှိ ဘူး။
သူ့အမေ ပြောလေ့ရှိတဲ့စကားက ကျောက်ဆောင်က ကျောက်ခဲဖြစ် ကျောက်ခဲက ဖုန်မှုန်ဖြစ် ဖုန်မှုန်က ရွှံ့ ကျောက်ဆောင် ဖြစ် ဆိုတာလိုပဲ လူ့ဘဝဟာ သံသရာလည်နေတာပါ။ ကမ္ဘာကြီးက အဲဒီအတိုင်းပဲလေ သားရဲ့လို့ အမေကတော့ ပြောမှာပဲ။
စစ်ကြီးထဲကို လိုက်ရတော့မယ့် ဒိုရီဂိုအီဗန်နဲ့ သူ့ချစ်သူ အေမီတို့စကားပြောခန်းမှာလည်း
“စစ်ပွဲရှိတဲ့နေရာ
“ဘယ်နေရာလဲလို့”
“ကိုယ်တို့ ဘယ်လိုသိနိုင်မှာလဲ”
“ရှင်က ဘယ်ကိုသွားမှာလဲ”
“စစ်ပွဲရှိရာကိုပေါ့၊ နေရာတိုင်းမှာ စစ်ပွဲတွေ ဖြစ်နေတာမဟုတ်လား၊ ကိုယ် မင်းကို ပြန်တွေ့နိုင်ပါဦးမလားကွယ်၊”
“ကျွန်မတော့လေ”
“ကိုယ်တို့တွေ့နိုင်ဦးပါ့မလား တို့တစ်တွေ အားလုံးပေါ့ အေမီရယ်”
ဒီစာအုပ်မှာ ဇာတ်ကောင် သြစတြေးလျနိုင်ငံသား ဒိုရီဂိုအီဗန်ဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း သြစတြေးလျတွေ အများဆုံး ပါဝင်တဲ့ စစ်အကျဉ်းသားအယောက်တထောင်ရဲ့ဒုတပ်မှူးဗိုလ်မှူးကြီးတယောက်အဖြစ် ဂျားဗားကုန်းမြင့်က စစ်စခန်းတခု ကို ဖြတ်သန်းရင်း စစ်ကြီးမှာ ပါဝင်ခဲ့ပါတယ်။
သေမင်းတမန်ရထားလမ်းဆီကို ဖြတ်သန်းလာခဲ့ပုံများကိုလည်း “သူတို့ဟာ အလှည့်ကျထိုင်ရတယ်။ အိပ်ရင် တစ်ယောက် ခြေထောက် တစ်ယောက်ပေါ်ကို တင်ထားရတယ်။ ပေါင်မုန့်တွေကို ပြန်အန်ထားတဲ့ ချဉ်သိုးသိုးအနံ့၊ ညစ်ပတ်စုတ်ပြတ်ပေ နေတဲ့ ခန္ဓာကိုယ်တွေရဲ့အနံ့၊ မစင်တွေ အန်ဖန်တွေကြားမှာ အိုးမည်းတွေ ပေတူးနေတဲ့မျက်နှာ၊ နာကျင်တဲ့နှလုံးသားနဲ့ ဘာ အစားအစာမှ မရှိဘဲ သူတို့ခရီးဆက်ခဲ့ရပြီး ရထားခြောက်ကြိမ်ပဲရပ်တဲ့ မိုင်တစ်ထောင် ငါးရက်ခရီးမှာ လူသုံးယောက် သေ ဆုံးခဲ့တယ်လေ။
ငါးရက်မြောက်နေ့ မွန်းလွဲပိုင်းမှာ ဘန်ကောက်ကနေ မိုင်လေးဆယ်ဝေးတဲ့ ဘန်ပေါင် အရပ်မှာ သူတို့ရထားပေါ်က ဆင်းကြ ရတယ်။ ပြီးတော့ ထရပ်ကားအမြင့်ကြီးတွေပေါ်ကို တိရစ္ဆာန်တွေတင်သလို တစ်ကားကို လူသုံးဆယ်ထိ ကျပ်ညပ်ပြီး တင်တဲ့ အတွက် သူတို့ဟာ မျောက်တွေလို တစ်ယောက်ကိုတစ်ယောက် တွဲလဲခိုထားကြရပြီး ဖုန်မှုန့်တွေ ခြောက်လက်မအထိ ထူနေ တဲ့ လမ်းကနေ တောအုပ်ကို ဖြတ်ပြီး ခရီးဆက်ရတယ်။”လို့ အားပါ ပေါ်လွင်တဲ့အရေးအသားကိုလည်း ဂရုပြုမိပါ တယ်။
စာအုပ်ကိုဖတ်နေရင်းမှာပဲ တကယ့်ကမ္ဘာကျော် သေမင်းတမန်လမ်းကို သမိုင်းဆိုင်ရာ မှတ်တမ်းတင်ရေးဖွဲ့ပုံမျိုးလည်းမ ဟုတ်၊ သာမန်ဝတ္ထုရှည်များလို တဆင့်ချင်းရေးသားထားတာလည်းမဟုတ်ဘဲ တခါတခါ ကဗျာဆန်ဆန်ဖွဲ့နွဲ့လိုက်။ ခက်ခဲ ကြမ်းတမ်းမှုတွေကို ခက်ထန်အောင် ရေးသားလိုက်နဲ့မို့ တကွက်ချင်းတကွက်ကို ရုပ်ရှင်ကြည့်ရသလိုဖြစ်စေပါတယ်။
“အပင်တွေက ရွက်သစ်လေးတွေထွက်လာ၊ သစ်ရွက်တွေက ကောင်းကင်ကြီးကို ဖုံးလွှမ်း ကောင်းကင်ကြီးက မဲမှောင်လာ။ အဲဒီမှောင်မည်းမှုတွေက လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းခဲ့ပြီပေါ့။ စားစရာက နည်းသထက်နည်းလာပြီ။ မုတ်သီရာသီဝင် လာခါစ အရိပ်နိမိတ်ဆိုးတွေကြောင့် နားမလည်သေးခင်ကတော့ မိုးရွာတာကို သူတို့ကျေးဇူးတင်ခဲ့ကြတယ်။
နောက်တော့ “အရှိန်အဟုန်” စလာပါလေရော။ အရှိန်အဟုန်ဆိုတာ နားရက်မရှိတော့တာ အလုပ်တာဝန်တွေက များသ ထက်များ မြင့်သထက်မြင့်လာတာ၊ အဆိုင်းနဲ့လုပ်ရတဲ့အချိန်တွေကလည်း ကြာသည်ထက်ကြာလာတာကို ဆိုလိုတာ၊ နဂိုက မှ ကျန်းမာတဲ့သူနဲ့ဖျားနာတဲ့သူဆိုတဲ့ ခပ်ပါးပါးလေးပဲခြားထားတဲ့စည်းကို “အရှိန်အဟုန်”က ဖျားနာတဲ့သူနဲ့ သေခါနီးလူ တွေအဖြစ် ရောသမ မွှေပစ်တော့တာပဲ။ အဲဒီအရှိန်အဟုန်ကြောင့်ပဲ အကျဉ်းသားတွေကို မကြာခဏဆိုသလို နေ့ရောညပါ တစ်ဆိုင်းမက နှစ်ဆိုင်းလုပ်ဖို့ အမိန့်ပေးပြီး ခိုင်းကြတယ်။”လို့ ဖြစ်ရပ်ကို တိုက်ရိုက်ပြန်လည်ပြောပြတဲ့ပုံစံမဟုတ်ဘဲ တွေ့ရ တာ ဖြစ်ပါတယ်။
“သူတို့ဟာ အနာရောဂါတွေနဲ့နာမကျန်းဖြစ်ခဲ့တာတွေ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်နေရသလို မဟာမိတ်လေကြောင်းက အ လစ်ဝင်ဗုံးကြဲတိုက်ခိုက်တာတွေ ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်။ နာဖျားနေတဲ့လူဟာ အလုပ်လုပ်ခိုင်းတာဟာ လွယ်ကူတာ တော့ မဟုတ်။ ကျန်းမာရေးမပြည့်စုံကြဘဲ
ဘယ်လိုပဲဆိုဆို အသက်ရှင်ဖို့နည်းပါးလှတဲ့အခြေအနေမှာ ရထားလမ်းကို ဖောက် ခဲ့ကြတာလေ။”
ဒုတိယကမ္ဘာစစ်ကြီးလည်း အဆုံးသတ်၊ အိပ်မက်ဆိုးကြီးဖြစ်တဲ့ သေမင်းတမန်ရထားလမ်းကြီးလည်း လူပေါင်းများစွာရဲ့အ သက်တွေနဲ့ နိဂုံချုပ်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် စာအုပ်ချစ်တဲ့ ကဗျာရွတ်တဲ့ ဇာတ်ကောင်ဒိုရီဂိုအီဗန် အချစ်ဇာတ်လမ်း ကတော့ ဆက်သွားနေခဲ့ပါတယ်။
“မျှော်လင့်ချက်တို့ ပျော်ရွှင်ကြည်နူးမှုတို့ နားလည်မှုတို့ ဘာမှမရှိတော့ဘူးလေ။ နောက်ဆုံးစာမျက်နှာမရှိဘူး။ သူ့ဘ၀ဇာတ် ကြောင်းစာအုပ်က ကွဲအက်ကျိုးပျက်သွားခဲ့ပြီလေ။ သူ့အောက်မှာက ရွှံ့တွေ၊ သူ့အထက်မှာက ညစ်ပေနေတဲ့ ကောင်းကင်ကြီး ပဲရှိတယ်။ ငြိမ်းချမ်းမှုတို့မျှော်လင့်ချက်တို့ရှိတော့မှာ မဟုတ်တော့ဘူး။ ပြီးတော့ အဆုံးသတ်မရှိတဲ့ ကမ္ဘာကြီးလိုပဲ အချစ် ဇာတ်လမ်းတွေဆိုတာလည်း အဆုံးမဲ့ ထာဝရ ဆက်ကာ ဆက်ကာ သွားနေမှာပဲဆိုတာ ဒိုရီဂိုအီဗန် နားလည်လိုက်တယ်။
သူဟာ ငရဲမှာ နေထိုင်ရမယ် ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ငရဲလည်းဖြစ်ပေတာကိုး”လို့ တစ်ကိုယ်စာလမ်းကို ဖော်ကျူး ထားပါတယ်။
စာရေးသူ – Richard Flanagan
ဘာသာပြန် – နိုင်စွမ်း
စာအုပ်အမည် – တစ်ကိုယ်စာလမ်း မြောက်ဖျားစွန်းသို့
The Narrow Road To The Deep North
အမျိုးအစား – ဝတ္ထုရှည်
ထုတ်ဝေသည့်တိုက် – ငါတို့စာပေ
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ ဇူလိုင်
တန်ဖိုး – ၇၀၀၀ ကျပ်