ဆောင်းပါး

ပျောက်ဆုံးနေဆဲ တပ်မတော် တိုက်လေယာဉ် G - 4

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့အခြေစိုက် ပုသိမ် လေတပ်စခန်း ဌာနချုပ်မှ လေ့ကျင့်ပျံသန်းရင်း ပျောက်ဆုံးလျက် ရှိသည့် G-4 ဂျက် တိုက်လေယာဉ်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ပုသိမ် လေတပ်တို့ ပူးပေါင်း၍ ရှာဖွေနေ ခဲ့သည်မှာ ရက် ၂၀ နီးပါး ရှိပြီ ဖြစ်သည်။

ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ရှာဖွေခဲ့သလို မြေပြင်မှ ခြေလျင်တပ်များနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းကူညီ မှုဖြင့် လေယာဉ် ပျောက်ဆုံးခဲ့သည့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ပုသိမ်ခရိုင် သာပေါင်းမြို့နယ် မကျီးဇင်နှင့် ဘောမိ ကျေးရွာများအနီး ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း အစအနပင် မတွေ့ရဘဲ လေယာဉ် အစင်းလိုက် ပျောက်ဆုံး နေသည့် အတွက် ရှာဖွေသူများ စဉ်းစားရကြပ်သည့် အနေအထား ဖြစ်နေသည်။

ယင်းလေယာဉ်သည် လေယာဉ်မှူး ၂ ဦးဖြစ်သည့် ဗိုလ်မှူး ကောင်းထိုက် နှင့် ဗိုလ်ကြီးသော်ဇင်စိုး တို့ လေ့ကျင့် မောင်းနှင် ခဲ့သည့် G-4 တိုက် လေယာဉ် ဖြစ်သည်။
“ကျနော်တို့ နေ့တိုင်းရှာနေတာ။ ရဟတ်ယာဉ်တွေကို ခပ်နိမ့်နိမ့်ပျံသန်းပြီးတော့ တောအုပ် တခု လုံးရှာတာပဲ။ အခုချိန်အထိ လေယာဉ်တစင်းလုံး အစအနတောင် မတွေ့ရဘူး”ဟု ပျောက်ဆုံး လေယာဉ် ရှာဖွေရေး အဖွဲ့တွင် ပါဝင်သည့် တပ်မတော် (လေ) မှ အဆင့်မြင့်အရာရှိတဦးက ဧရာဝတီကို ပြောသည်။

ပုသိမ်လေဆိပ်မှ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းရေး G-4 တိုက် လေယာဉ် ၃ စီးသည် တစီးလျှင် အချိန် အနည်းငယ်စီ ခြား၍ ပုသိမ် – ဟင်္သာတ – ဂွ – ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ် ၃ စီးအနက် ဗိုလ်ကြီး သော်ဇင်စိုး မောင်းနှင်ပြီး နည်းပြဆရာ ဗိုလ်မှူးကောင်းထိုက် ကြီးကြပ်မှုဖြင့် မောင်းနှင် သွားသော လေယာဉ်သည် ထိုနေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် ပုသိမ်လေတပ်နှင့် အဆက်အသွယ် ပြတ်တောက် ကာ ပျောက်ဆုံးခဲ့သည်။

ပုသိမ်လေတပ်နှင့် အဆက်အသွယ် ပြတ်တောက်ချိန်တွင် G-4 လေယာဉ်၌ နာရီဝက်ခန့် ဆက်လက်မောင်းနှင် နိုင်သည့် ဆီလက်ကျန် ရှိနေသည့် အတွက် ဗိုလ်မှူး ကောင်းထိုက်တို့ လေတပ်သို့ ပြန်မောင်းလာမလားဟု ပုသိမ် လေတပ်က အခြေ အနေ ဆက်လက် စောင့်ကြည့်ခဲ့ကြသည်။

သို့သော် ဆီလက်ကျန် ကုန်ဆုံးချိန် အထိ အဆိုပါ G-4 လေယာဉ် ပေါ်မလာသည့် အတွက် လေယာဉ်နှင့် အဆက် အသွယ် ပြတ်သွားသည့် သာပေါင်းမြို့နယ် မကျီးဇင်နှင့် ဘောမိကျေးရွာ အနီးသို့ ပုသိမ်လေတပ်မှ ကယ်ဆယ်ရေး လေယာဉ် စေလွှတ်ခဲ့ရသည်။

G-4 တိုက်လေယာဉ်သည် နံနက် ၉ နာရီတွင် ပျောက်သွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပျောက်ဆုံးနေရာသို့ ပုသိမ်လေတပ်၏ ကယ်ဆယ်ရေး လေယာဉ်က နံနက် ၁၁ နာရီတွင် ရောက်ရှိ ရှာဖွေခဲ့သော်လည်း လေယာဉ် ပျက်ကျပြီး ပေါက်ကွဲ မီးလောင် သည့် အနေအထားတခုမှ မတွေ့ခဲ့ကြောင်း ပုသိမ်လေတပ်စခန်း ဌာနချုပ်နှင့် နီးစပ်သူများ ထံမှ သိရသည်။

“ဗိုလ်မှူး ကောင်းထိုက်တို့ လေယာဉ်က မနက် ၉ နာရီမှာ ရေဒါကနေ ပျောက်သွားတယ်။ ပျောက်တဲ့နေရာကို မနက် ၁၁ နာရီ မှာ ကယ်ဆယ်ရေး လေယာဉ်ရောက်ပြီး ချက်ခြင်းရှာတယ်။ မီးလောင်ပျက်စီးတဲ့ အနေအထား တခုမှ မတွေ့ရဘူး။ ပျက်ကျ လို့ လေယာဉ် ပေါက်ကွဲမီးလောင်ခဲ့ရင် ၂ နာရီဆိုတဲ့ အချိန်အတွင်း အဲဒီမီးက ဘယ်လိုမှ မငြိမ်းနိုင်ဘူး။ အခုက ထူးခြားတဲ့ အနေအထား ဘာမှကိုမတွေ့ရတာ”ဟု ပုသိမ် လေတပ်စခန်း ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တဦးက ပြောပြ သည်။

ထိုသို့ G-4 လေယာဉ် ပျောက်ဆုံးပြီး နောက်တနေ့မှ စတင်၍ သာပေါင်းမြို့နယ် အတွင်း အခြေစိုက်ထားသည့် အမှတ် ၃၆ ခြေလျင်တပ်ရင်းနှင့် ရခိုင်ပြည်နယ် ဂွမြို့ အခြေစိုက် အမှတ် ၃၆၂ နှင့် ၃၆၃ ခြေမြန်တပ်ရင်း တို့ဖြင့် မြေပြင်၌ ရှာဖွေခဲ့ကြသလို ဝေဟင်မှ လည်း ရဟတ်ယာဉ်များဖြင့် လေယာဉ် ပျောက်ဆုံးသည့်နေရာ၏ ၁၀ မိုင်ပတ်လည်ကို နေ့စဉ် တောတိုး ရှာဖွေ ခဲ့ကြသည်။

“အခုက တပ်မတော်နဲ့အတူ ဒေသခံ ပြည်သူတွေကပါ ပူးပေါင်းပြီး လေယာဉ်ကို ကူရှာပေးနေကြတယ်။ အကယ်၍ လေယာဉ် ပျက်လို့ လယ်ကွင်းထဲကို ဗိုက်နဲ့ထိုးဆင်းတာတွေ ဖြစ်နိုင်တာမို့ လေယာဉ်ပျောက်တဲ့ နေရာတဝိုက် မြေပြန့် ဖြစ်တဲ့ လယ်ကွင်း တွေ အကုန်လုံးကို ရှာပြီးသွားပြီ။ လုံးဝ မတွေ့ဘူး။ တောတိုးပြီးတော့လည်း ရှာကြတာပဲ။ ရှာဖို့ နေရာ တောင် များများ စားစား မကျန်တော့ဘူး။ အခုချိန်အထိ လေယာဉ်တစင်းလုံးကို အစအနကို ရှာမတွေ့တာ”ဟု လေယာဉ် ကူညီရှာဖွေပေး နေသည့် သာပေါင်းမြို့နယ် မကျီးဇင်ကျေးရွာမှ ဒေသခံ ကိုစိုးမိုးက ပြောသည်။

တပ်မတော် စစ်ကြောင်းဖြင့် တောတိုးရှာဖွေချိန်တွင် သစ်မှောင်ခိုသမားများ၏ လမ်းလွဲှညွှန်ပြခြင်းများ ကြုံတွေ့နေရပြီး သာပေါင်းမြို့နယ်၏ တောတောင် ထူထပ်ခြင်းကြောင့်လည်း ရှာဖွေရေးလုပ်ငန်းများ အခက်အခဲဖြစ်ရသည်ဟု အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိတဦးက ရှင်းပြသည်။

“ရဟတ်ယာဉ်နဲ့ ခပ်နိမ့်နိမ့်ပျံပြီး ရှာပေမယ့် တောထူထပ်တော့ တောရဲ့အောက်ခြေကိုတောင် မမြင်ရဘူး။ မြေပြင်က တပ်တွေ နဲ့ ရှာတော့လည်း တောထဲမှာ သစ်ခုတ်နေတဲ့ သစ်မှောင်ခိုသမားတွေ သူတို့လုပ်ငန်းတွေ ထိခိုက်မှာ စိုးတော့ ကျနော်တို့ လေ ယာဉ်ပျက်ကျသံ ကြားရတာက ဒီဘက်မဟုတ်ဘူး။ ဟိုဘက်ဆိုပြီး လမ်းလွဲှပြောတာတွေ လုပ်ကြတော့ ရှာဖွေရေး လုပ်ငန်း တွေ ခရီးမတွင် နှောင့်နှေးတာတွေ ဖြစ်တာပေါ့”ဟုလည်း သူက ပြောသည်။

ထိုသို့ နှောင့်နှေးမှုများ ရှိနေသည့်အတွက် ပျက်ကျသည့် လေယာဉ်ကိုတွေ့ရှိပြီး လမ်းပြပေးနိုင်သူအား ဆုငွေ ကျပ် ၁၀ သိန်း ပေးရန် တပ်မတော် (လေ) က သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

G-4 တိုက် လေယာဉ်သည် ကုန်းမြေပေါ် ပျက်မကျခဲ့ဘဲ ဘင်္ဂလား ပင်လယ်အော်အတွင်း ပျက်ကျခဲ့သည် ဆိုလျှင်လည်း ရခိုင် နှင့် ဧရာဝတီ ကမ်းရိုးတန်း တလျှောက် ဥဒဟိုမောင်းနှင် သွားလာနေသည့် သင်္ဘောများက တွေ့နိုင်မည် ဖြစ်ပြီး လေယာဉ် အပျက်အစီး အပိုင်းအစများကလည်း ချောင်းသာ၊ ငွေဆောင်နှင့် ငရုတ်ကောင်း ကမ်းခြေဒေသများသို့ ဆိုက်ကပ်မည်သာ ဖြစ်သည်။

ထို့ကြောင့် ပင်လယ်ထဲ ပျက်ကျခြင်း လုံးဝမဖြစ်နိုင်ဘဲ သာပေါင်းမြို့နယ် အတွင်းရှိ တောထူထပ်သည့် နေရာသို့ ပျက်ကျခဲ့ခြင်းသာ ဖြစ်မည်ဟု ရှာဖွေသူများက ယူဆနေကြသည်။

ပျက်ကျခဲ့သည့် G-4 ဂျက် တိုက်လေယာဉ်သည် လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဗိုလ်မှူးကောင်းထိုက် ကိုယ်တိုင် လေ့ကျင့် ပျံသန်း မောင်းနှင်ခဲ့သည့် လေယာဉ်ဖြစ်ပြီး ယခုနှစ် သင်ကြားရေး ကာလတွင်လည်း အဆိုပါ လေယာဉ်ဖြင့်ပင် နည်းပြ ဆရာ ဗိုလ်မှူး ကောင်းထိုက် ကြီးကြပ်မှုဖြင့် သင်တန်းသားများကို လေ့ကျင့် မောင်းနှင်ပေးနေသည့် လေယာဉ် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး ကောင်းထိုက်သည် ရှမ်းပြည်နယ် နမ့်စန် လေယာဉ်မောင်း သင်တန်းကျောင်း အမှတ်စဉ် ၆၄ လေယာဉ်မောင်း သင်တန်း တက်ရောက် အောင်မြင်ခဲ့သူဖြစ်ပြီး မင်္ဂလာဒုံလေတပ် စခန်းတွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် မှ စတင်၍ ပုသိမ် လေတပ်စခန်း ဌာနချုပ်တွင် တာဝန် ထမ်းဆောင်နေသူ လေသူရဲတဦး ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူး ကောင်းထိုက် တို့နှင့်အတူ ပျောက်ဆုံးနေသည့် G-4 တိုက် လေယာဉ်သည် ၁၉၈၄ ခုနှစ်တွင် ယူဂိုဆလားဗီယား နိုင်ငံမှ ထုတ်လုပ်သည့် တပ်မတော် လေ့ကျင့်ရေး လေယာဉ် အမျိုးအစား ဖြစ်ပြီး နာမည် အပြည့်အစုံမှာ SoKo G-4 Super Galeb ဖြစ်ကာ တန်ကြေးမှာ ၂၀၁၀ ပြည့်နှစ် ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း တန်ဖိုးရှိကြောင်း သိရ သည်။

G-4 တိုက် လေယာဉ်များကို ယူဂိုဆလားဗီယား နိုင်ငံမှ ၁၉၈၄ ခုနှစ်မှ ၁၉၉၁ အထိ ၈ နှစ်တာ အတွင်း လေယာဉ်စုစုပေါင်း ၈၅ စီး တည်ဆောက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ တပ်မတော်မှ လေယာဉ် ၆ စီး ဝယ်ယူ အသုံးပြုထားကာ လက်ရှိတွင် အဆိုပါ G-4 လေယာဉ်များကို ဆားဘီးယား လေတပ်၌ အသုံးပြုလျက် ရှိကြောင်းလည်း သိရသည်။

ယင်း G-4 လေယာဉ်နှင့်အတူ ဗိုလ်မှူး ကောင်းထိုက်နှင့် ဗိုလ်ကြီး သော်ဇင်စိုးတို့ ပျောက်ဆုံးသည်မှာ ရက် ၂၀ နီးပါး ကြာခဲ့ပြီ ဖြစ်သည့်အတွက် သူတို့ ၂ ဦးကို အသက်ရှင်လျက် ပြန်တွေ့နိုင်ရန် အခွင့်အလမ်း နည်းပါးနေပြီ ဖြစ်သည်။

“ဗိုလ်မှူး ကောင်းထိုက်တို့ အခုလို ကြုံဆုံခဲ့ရတဲ့ အခြေအနေအပေါ် ပြောရရင် စိတ်မကောင်းဘူး ဆိုတာထက်ကို ပိုပါ တယ်။ လေယာဉ်မှူး တယောက် ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရပါတယ်။ ဗိုလ်မှူး ကောင်းထိုက်တို့ကို ဆုံးရှုံးခဲ့မယ်ဆိုရင် နိုင်ငံတော်အတွက် ပညာရှင်တွေ ဆုံးရှုံးတာမို့ အရမ်းနစ်နာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ကတော့ သူတို့ကို မတွေ့တွေ့အောင် ရှာဖွေသွားမှာပါ”ဟု ရှာဖွေရေး အဖွဲ့တွင် ပါဝင်သည့် ဗိုလ်မှူး ကောင်းထိုက်၏ သူငယ်ချင်းဖြစ်သူ တပ်မတော် အဆင့်မြင့် အရာရှိတဦးက ပြောပြသည်။

ပျောက်ဆုံးနေသည့် ဗိုလ်မှူး ကောင်းထိုက်တို့ ၂ ဦးအား တပ်မတော် (လေ) နှင့် မြေပြင် တပ်များ ပူးပေါင်း၍ သာပေါင်း မြို့နယ်အတွင်း ရှိရှာဖွေရန် ကျန်ရှိသော တောတောင် ဒေသများတွင် ယနေ့အချိန်အထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရ သည်။

ဗိုလ်မှူး ကောင်းထိုက်နှင့် ဗိုလ်ကြီး သော်ဇင်စိုးတို့၏ မိသားစုများနှင့် မိတ်ဆွေများကတော့ သူတို့ချစ်ခင်ရသူ ၂ ဦးကို အသက် ရှင်လျက် ပြန်တွေ့ချင်ကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading