အကယ်၍ ကျနော်တို့က လူတွေ အကြမ်းဖက်လုပ်ရပ်များကို ဘာကြောင့်ကျူးလွန်သနည်း ဆိုသည်ကို သိချင်လျှင် ကျနော်တို့က သူတို့ ဘာကိုရဖို့ မျှော်လင့်ထားသနည်းဆိုသည်ကို မေးရမည် ဖြစ်သည်။
အကြမ်းဖက်အဖွဲ့အစည်းများ၏အဖွဲ့ဝင်အဖြစ် လူပုဂ္ဂိုလ်များ မည်သည့်အတွက်ကြောင့် သိမ်းသွင်းခြင်းခံရသည်ဆိုသော အကြောင်းရင်းများနှင့် အကြောင်းတရားများက အကြမ်းဖက်ဝါဒကိုယ်တိုင်၏ဗျူဟာဆိုင်ရာ ယုတ္တိဗေဒနှင့် ကွဲပြား၍ နေသည်။
အကြမ်းဖက်ဝါဒဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတခု မဟုတ်သလို့ ပန်းတိုင်တခုလည်း မဟုတ်ပါ။ အကြမ်းဖက်ဝါဒ ဆိုသည်မှာ အားနည်းသူက အားကြီးသူကို တိုက်ခိုက်သည့် စစ်ပွဲတမျိုး ဖြစ်ပါသည်။
အကြမ်းဖက်ဝါဒ အားလုံးက ၎င်း၏သက်ရောက်မှုအတွက် ပရိသတ်၏ပူးပေါင်းဆောင်ရွက်မှုပေါ်တွင် မူတည်၍ ခင်းကျင်းကြသည်။ ပြည်သူတို့၏ အာရုံစူးစိုက်မှုကို ဖမ်းယူရန်နှင့်(ကြောက်လန့်မှုသာမက နာကြည်းခံပြင်းခြင်းနှင့် ဒေါသပင်လျှင် ပါဝင်သော) ကျနော်တို့၏ စိတ်ခံစားမှုကို ကြိုးကိုင်ခြယ်လှယ်ခြင်း ဖြစ်သည်။
သေးငယ်သော (တခါတရံ အလွန်ပင် သေးငယ်သော) စစ်ရေးအရ အားနည်းသော အဖွဲ့အစည်းတခု၏ နိုင်ငံရေးရည်မှန်းချက်ကို အဆင့်မြှင့်တင်ရေး ဖြစ်သည်။ အကြမ်းဖက်ဝါဒက ရွေးချယ်သည့် ပုံစံက အဖွဲ့၏ရည်မှန်းချက်များ၊ အကြမ်းဖက်ခြင်းအပေါ် တိမ်းညွတ်မှုနှင့် နည်းဗျူဟာ တွက်ချက်မှုများပေါ်တွင် မူတည်၍ ကွဲပြားလိမ့်မည် ဖြစ်သည်။
(၁) အာရုံစိုက်မှု ရအောင်ပြုလုပ်ခြင်း (ကမ္ဘာ့မီဒီယာကို အပိုင်စီးခြင်း)
အကြမ်းဖက်မှုအများအပြားက ဒီမိုကရေစီအသိုင်းအဝိုင်းတခု၏အာရုံစူးစိုက်မှုကို ရယူခြင်းနှင့် သက်ဆိုင်နေသည်။ အဓိက လှည့်ကွက်မှာ မည်သူမျှ အာရုံစိုက်လိမ့်မည် မဟုတ်သော နိုင်ငံရေး သတင်းစကားတခုကို ပြင်းထန်သော၊ အလွန် စိတ်ဝင်စားဖွယ်ရာ ဖြစ်သော ပြကွက်မျိုးဖြင့် လူ့အဖွဲ့အစည်းတခု၏သတင်းမီဒီယာကို သိမ်းပိုက်ခြင်းဖြစ် သည်။
ယင်းသည် အကြမ်းဖက်ဝါဒ၏ အခြေခံအကျဆုံး အလုပ်တခု ဖြစ်သည်။ အကြမ်းဖက်မှု၏ ကျယ်ပြန့်သော အဆင့်အမျိုးမျိုးနှင့်အညီ ဖြစ်သည်။
အာရုံစိုက်မှု ရရှိအောင်ဆွဲဆောင်ရေးတွင် အပိုင်း ၂ ပိုင်းရှိပါသည်။ တခုမှာ အကြမ်းဖက်သမားများ၏အစီအစဉ်က မီဒီယာ ဆွေးနွေးပြောဆိုမှုများတွင် အစိတ်အပိုင်းတခု ဖြစ်လာရေး ဖြစ်သည်။
နောက်ဆုံးတွင် သူတို့အသံကို အများက သိသွားသည်။ ဥပမာအားဖြင့် Charlie Hebdo တိုက်ခိုက်မှုများ၂၀၁၅ ခုနှစ် ဇန် နဝါရီလ အစောပိုင်းက ပါရီမြို့ရှိ Charlie Hebdo ဂျာနယ်တိုက်ကို အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခြင်း) နောက်ပိုင်းတွင် ဘာသာရေးအရ အသရေဖျက်ခြင်းကို ဆန့်ကျင်သည့် အကြောင်းများကို အလေးအနက် ဆွေးနွေးလာကြသည်။ ပြောဆိုဆွေးနွေးမှုများ၏ နောက်ဆုံးသုံးသပ်ချက်က ဘာသာရေးအရ အသရေဖျက်ခြင်းကို လက်မခံဟူ၍ ဖြစ်သည်။
အကြမ်းဖက်သမားများကတော့ သူတို့သည် စစ်မှန်သော တရားမျှတမှုဆီသို့ ပြောင်းလဲရန် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း လူတိုင်းက နားလည်လာကြမည်ဟု စိတ်ကူးယဉ်ကောင်း ယဉ်ကြမည် ဖြစ်သည်။
သို့သော်လည်း အကြမ်းဖက်ခြင်းက သူတို့၏ ရည်ရွယ်ချက် သူတို့မြှင့်တင်လိုသည့် ကိစ္စများကို စွန်းထင်းညစ်ပေစေခဲ့သည်။ (ဂန္ဒီနှင့် မာတင်လူသာကင်းတို့က အကြမ်းမဖက်ဘဲ လူထုအားဖြင့် ဖီဆန်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ ဖိနှိပ်သူများကို ကိုယ့်ကိုယ်ကိုယ် ပြန်၍ သိက္ခာချစေခဲ့သည်။)
အများ၏ အာရုံစိုက်မှုကို ရှာဖွေသည့်လုပ်ငန်းက များစွာ အလုပ်ဖြစ်ခဲ့သည်။ အထ္တုပ္ပတ္တိရုပ်ရှင် ရိုက်ကူးခြင်းခံရတာမျိုးပင် ရှိခဲ့သည်။
အင်္ဂလန်နိုင်ငံမှ အမျိုးသမီးများ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရေးလှုပ်ရှားမှုသည် အကြမ်းဖက်ဆန်သည့် လှုပ်ရှားမှုများ(ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ပြတင်းပေါက်မှန်များ ခွဲခြင်း၊ လူမရှိသည့် ဘုရားကျောင်းများ အိမ်များကို မီးရှို့ခြင်း စသည်ဖြင့်) ပေါ်ပေါက်မလာမီအချိန်အထိ ရာစုနှစ် တခုခွဲကြာမြင့်ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ထိပ်တန်း သတင်းထူးများ ဖြစ်အောင် လုပ်ခဲ့သူများကိုသာ အများက မှတ်မိကြတော့သည် ဟု ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါသည်။
(Women’s Social and Political Union (WSPU) ကို တည်ထောင်သူ Emmeline Pankhurst က ဝန်ကြီးချုပ်၏နေ အိမ်ကို ခဲနှင့် ထုခဲ့သည့်အတွက် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။ သူနှင့် အခြားတက်ကြွလှုပ်ရှားသူ အမျိုးသမီးများ အကြောင်းကို Suffragette အမည်ဖြင့် ၂၀၁၅ ခုနှစ်က ရုပ်ရှင်ရိုက်ကူးခဲ့ရာ Emmeline Pankhurst အဖြစ် နာမည်ကျော် မင်းသမီးကြီး Meryl Streep က သရုပ်ဆောင်ခဲ့သည်။)
အကြမ်းဖက်အဖွဲ့အစည်းတခုက အကြမ်းဖက်လုပ်ရပ်တခုကို အကြောင်းတစုံတခုအတွက် သို့မဟုတ် လူတစုကိုယ်စား ပြုလုပ်ခဲ့သည်ဆိုလျှင် အများ၏အာရုံစူးစိုက်မှုကို ရရှိရန် သက်သက်သာမဟုတ်ဘဲ သူတို့ကိုယ်တိုင်အတွက်လည်း ဖြစ်သည်။
မီဒီယာများတွင် သူတို့အကြောင်း ပြောဆိုဖော်ပြမှု များလာသည်နှင့်အမျှ သူတို့သည် အကြောင်းတရားတခု သို့မဟုတ် လူ ဦးရေတခုအတွက် အမှန်တကယ် ကိုယ်စားပြုသူများ ဖြစ်သည်ဟု (ကိုယ့်ကိုယ်ကိုယ်) ပို၍ မြင်လာကြသည်။ ဖြစ်လာ သည့်ကိစ္စများအတွက် ပျော်ပင် ပျော်နေနိုင်ပါသည်။
ထိုအချက်က အကြမ်းဖက်သမားများအတွက် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ သူတို့၏လိုအပ်ချက်များ ရရှိရေးအတွက်သာ မဟုတ်ဘဲ နိုင်ငံရေးအာဏာ ရရှိရေးလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။
အချို့သော အကြမ်းဖက်အဖွဲ့အစည်းများက သူတို့နှင့် တဖက်တည်းဖြစ်သည်ဟု ယူဆရသည့်အဖွဲ့များကို အချိန်ပေး၍ တိုက်ခိုက်နေခြင်းမှာ အာဏာအတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ယေဘုယျအနေဖြင့်ဆိုလျှင် အကြမ်းဖက်ဝါဒတွင် နိုင်ငံရေး အာဏာ (Political power) နှင့် နိုင်ငံရေးအရ တရားမျှတမှု (political justice)ကြားတွင် ဟန်ချက်ညီမျှအောင် တွက်ချက်မှုတခု ပါဝင်နေသည်ဟု ပြောနိုင်ပါသည်။
အကြမ်းဖက်ဝါဒက အများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းဥပဒေများကို ပစ်ပယ်ကြသည်။ ပိုမို၍ ကျဉ်းမြောင်းသော အသိုင်းအဝိုင်းတခုအပေါ် ပိုဩဇာ သက်ရောက်စေရေး သူတို့ အရေးကိစ္စ၏တရားမျှတမှုအတွက် တောင်းဆိုမှုများက ထိုအသိုင်းအဝိုင်းတွင် သူတို့၏ အကြမ်းဖက်ဝါဒကို အထီးကျန်စေသည်။
ဥပမာပြရလျှင် Al Qaida အဖွဲ့က ၎င်းတို့သည် အစ္စလာမ်နှင့် ၁.၅ ဘီလီယံရှိသော မွတ်ဆလင်များကို ကိုယ်စားပြုကြောင်း အမေရိကန် အများအပြားနှင့် သူတို့၏ နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်သူများ ယုံကြည်ရန် အားထုတ်ခဲ့သည်။ ထိုသို့မဟုတ်ကြောင်း မွတ်ဆလင်များက လူသိရှင်ကြား ထပ်ခါတလဲလဲ ကြေညာရန် ပြင်ဆင်ထားသည့်ကြားမှ ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်ဝါဒက တုံ့ပြန်မှု ကွင်းဆက်တခုပေါ်တွင် တည်ဆောက်ထားသည်။ ရက်စက် ကြမ်းကြုတ်မှုများက မီဒီယာများ၏ အာရုံစိုက်မှုရလေ သူတို့ ပို၍ ကျေနပ်လာလေ ဖြစ်သည်။ ပရိသတ်များက အလားတူ အကြောင်းအရာဟောင်းများကို ငြီးငွေ့လာသည်နှင့်အမျှ အခြားသော အကြမ်းဖက်အဖွဲ့များက မီဒီယာတွင် နေရာရရန် ယှဉ်ပြိုင်လာသည်။ အရှိန်မြှင့်တင်ရန် အားထုတ်လာသည်။
ISIS က ၎င်း၏ စိတ်ဝင်စားစရာ ကောင်းသော်လည်း လက်မခံနိုင်စရာ လုပ်ရပ်များ၊ လူမှုကွန်ရက်တွင် လှုံ့ဆော်မှုများနှင့် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည့် ရက်စက်မှုများပင်လျှင် ပြုလုပ်ပြီး Al Qaida ၏ နေရာကို မည်ကဲ့သို့ ယူခဲ့သည်ဆိုသည်ကို ကြည့်နိုင်ပါသည်။
မီဒီယာကလည်း ထိုနေရာတွင် ရှင်းရှင်းလင်းလင်းပင် ကြံရာပါဖြစ်ခဲ့သည်။ သူတို့က မည်သည်ကို ထုတ်လွှင့်ရမည်၊ ထုတ်ဝေ ရမည်ဆိုသည်ကို ရွေးချယ်သည်။ ကြော်ငြာ ရရှိရန်အတွက် ကြည့်ရှုသူ မည်မျှရရှိမည်ဆိုသည်ကို အခြေခံ၍ ရွေးချယ်သည်။
သို့သော်လည်း ထိုသို့ စိတ်ပျက်ဖွယ်ရာများ၊ တာဝန်မဲ့မှုများ၏ အကျင့်ကို တွေ့ကောင်းတွေ့နိုင်မည် ဖြစ်သော်လည်း ထိုကိစ္စများကြောင့် မည်သို့ ဖြစ်လာနိုင်သည်ကို တွေ့ရှိရန် ခက်ခဲပါသည်။
မြောက်ကိုရီးယားကဲ့သို့သော လွတ်လပ်သည့် မီဒီယာတခု မရှိသော လူ့အဖွဲ့အစည်းတွင် အကြမ်းဖက်ဝါဒ အစွမ်းအစမဲ့ နေသည်။ လွတ်လပ်သော မီဒီယာ ရှိနေသည့် လူ့အဖွဲ့အစည်းများတွင် အကြမ်းဖက်ဝါဒနှင့် စာနယ်ဇင်းပညာက အပြန်အလှန် အကျိုးပြုနေကြသည်။
အိုင်ယာလန်မြောက်ပိုင်း အကြမ်းဖက်အဖွဲ့(IRA) နှင့် ပတ်သက်၍ တုံ့ပြန်ရာတွင် အင်္ဂလန်ဝန်ကြီးချုပ် မာဂရက် သက်ချာ၏ အစိုးရအဖွဲ့က ဗြိတိန်မီဒီယာအနေဖြင့် မိမိဆန္ဒအလျောက် စိစစ်ဖြတ်တောက်ခြင်းအားဖြင့် အသိတရား ထားရှိပေးကြပါရန်နှင့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက် အပြည့်အစုံဖော်ပြခြင်း မပြုရန် မေတ္တာရပ် ခံခဲ့သည်။
IRA အဖွဲ့၏ ကိုယ်စားလှယ်များ သို့မဟုတ် ထောက်ခံသူများ၏ ကြေညာချက်များကို တိုက်ရိုက်ဖော်ပြခြင်း ထုတ်လွှင့်ခြင်းများကို ဥပဒေအရ ပိတ်ပင်ခြင်းများပင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း အလုပ်မဖြစ်ခဲ့ပါ။ ယခုကဲ့သို့ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဆိုရှယ်မီဒီယာ ထွန်းကားသည့်အချိန်တွင် ပို၍ပင် အလုပ်ဖြစ်မည် မဟုတ်ပါ။
သို့သော်လည်း မီဒီယာကုမ္ပဏီများကိုသာ လုံးဝ အပြစ်တင်ရန် မဟုတ်ပါ။ သူတို့အနေဖြင့်လည်း ပရိသတ်များက မြင်ချင် ဖတ်ချင်သော အကြောင်းအရာများကို ပေးခြင်းသာဖြစ်သည်။
အကယ်၍ ကျနော်တို့က ရက်စက်ကြမ်းတမ်းမှုများကို ပထမနေရာတွင် ထား၍ အလေးမပေးကြလျှင် အကြမ်းဖက်သမားများ၏ အာသီသ ပြင်းပြမှုက ပြောင်းလဲသွားနိုင်ကောင်းသည်။ ကျနော်တို့၏ ကိုယ်ပိုင်အလေးပေးမှုကို ထိန်းကျောင်းရန် စွမ်းအားနှင့် ကိုယ်ကျင့်သိက္ခာအရ တာဝန်ယူမှု ရှိပါသည်။ သူတို့၏ လုပ်ရပ်များကို အရေးတယူမပြုခြင်းက သူတို့ကို အသိအမှတ်မပြုခြင်းနှင့် ခွန်အားတခု ဖြစ်ပါသည်။ သူတို့၏ လုပ်ရပ်များကို ထိတ်လန့်တုန်လှုပ်ခြင်းက ကျိုးကြောင်းဆီလျော်သည့် တုံ့ပြန်မှုမဟုတ်ပါ။ အကြမ်းဖက်မှုက အမြဲတစေ စိုးရိမ်ပူပန်နေရန်အတွက် အမှန်တကယ် မထိုက်တန်ပါ။
နိုင်ငံအများအပြားတွင် ရေချိုးခန်းထဲ၌ ချော်လဲ၍ သေသူက (အကြမ်းဖက်မှုကြောင့်ထက်) ပိုများပါသည်။
(၂) ခြောက်လှန့်ခြင်း(အထိတ်တလန့် ဖြစ်အောင် ဖန်တီးခြင်း)
အကြမ်းဖက်ဝါဒက အများအာရုံစူးစိုက်မှုရအောင် တောင်းဆိုနေခြင်းသာ မဟုတ်ပါ။ အစိုးရများ အကြောက်ဆုံးအရာ ဖြစ် သည့် ပြည်သူများ ထိတ်လန့်ခြင်း မတည်ငြိမ်ခြင်းများ ဖြစ်အောင် ခြိမ်းခြောက်သည့် နည်းလမ်းတခုလည်း ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံများတွင် အာဏာရပါတီများက အကယ်၍ သူတို့က နိုင်ငံသားတို့၏ ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းမထားနိုင်ခဲ့လျှင် နေရာမှ ဖယ်ရှားခံရနိုင်သည့် အရေးကို အလွန်သတိထားကြသည်။ ဒီမိုကရေစီ အစိုးရများက တိုက်ခိုက်မှုများကို ကြောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်မှုများ မတည်ငြိမ်မှုများကို သူတို့ ကြောက်သောကြောင့် ဖြစ်သည်။
အကြမ်းဖက်ဝါဒကို အသုံးချရခြင်း၏ မဟာစိတ်ကူးမှာ အကယ်၍ အစိုးရများက သူတို့၏ ပြည်သူများကို ကာကွယ်ပေးရန် အားထုတ်သည့်အနေဖြင့် လုံခြုံရေးဆောင်ရွက်မှုများ အကြီးအကျယ်ပြုလုပ်လာခြင်းက အကြမ်းဖက်သမားတို့၏ ခြိမ်းခြောက်မှုကို ဆိုင်းဘုတ်ကြီးထောင်၍ ကြော်ငြာပေးသလို ဖြစ်သည်။
လေဆိပ်တခုတွင် သို့မဟုတ် ရထားဘူတာတခုတွင် စက်သေနတ်ကိုင်ထားသော ရဲအဖွဲ့ဝင်တဦးကို တွေ့သည့်အခါတိုင်း အကြမ်းဖက်ဝါဒက မည်မျှအထိ စွမ်းအား ပြင်းထန်၍ အန္တရာယ်ကြီးကြောင်း သင့်ကို သတိပေးနေပါလိမ့်မည်။
အမှန်တကယ်၌ စစ်ပုံစံပြုလုပ်ခြင်းက နိုင်ငံအပေါ် သူတို့၏သစ္စာစောင့်သိမှုကို လုံလောက်စွာ မပြနိုင်သူ အမြောက်အမြားကို အကြမ်းဖက်အဖွဲ့၏ ထိန်းချုပ်မှုအတွင်းသို့ တွန်းပို့ခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်းအတွင်းတွင် နာကြည်းမှု၊ မကျေနပ်မှု များ ခံစားချက်များကို လိုက်၍ ကွဲပြားမှုများ အမြစ်တွယ်စေ မည် ဖြစ်သည်။
သို့သော်လည်း အစိုးရများက စစ်ရေးအရ ဖြေရှင်းခြင်းကို အမြဲတမ်း အရင်ဆုံး လုပ်ခဲ့ကြသည်။ အန္တရာယ်များ ရှင်းလင်းသွားသည့် အချိန်နောက်ပိုင်းမှာပင် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ သူတို့ ထိုသို့ပြုလုပ်မည့်အစား မည်သို့ ပြုလုပ်သင့် သို့မဟုတ် ပြုလုပ်နိုင်ပါသနည်း။ ပိုမို၍ လွယ်ကူ ရှင်းလင်းစေရန်အတွက် အကြမ်းဖက်သမားတို့က သူတို့သည် တရားမျှတမှုအတွက် တိုက်နေရသည်ဟူသော အကြောင်းပြချက်ကို မဟုတ်မမှန်ကြောင်း ပြသရန်နှင့် အကြမ်းဖက်ဝါဒတွင် ပါဝင်ပတ်သက်သည့်အတွက် ပေးဆပ်ရသည့်တန်ဖိုးကို ကြီးမြင့်စေခြင်းတို့အားဖြင့် ပိုမို ထိရောက်သော စစ်ပွဲတခုကို အစိုးရများက ဆင်နွှဲနိုင်ပါသည်။
သိသာထင်ရှားသော လူမှုရေး မညီမျှမှုများကို ဖြေရှင်းရန် အကြောင်းပြချက်ဖြင့် အကြမ်းဖက်သမားများ ပေါ်လာသည်အထိ စောင့်ဆိုင်းနေရန် အကြောင်းမရှိပါ။
ဆက်လက်ဖော်ပြပါမည်။
(Thomas R. Wells သည် ဟော်ဟန်နိုင်ငံ Tilburg တက္ကသိုလ်မှ ဒဿနိကဗေဒ လက်ထောက်ပါမောက္ခဖြစ်ပါသည်။၎င်း၏ What Terrorists Want – and How to Stop Them Getting It ကို ဆီလျော်အောင် ဘာသာပြန်သည်။)