ဆောင်းပါး

ရိုဟင်ဂျာဆိုသည်မှာ ခွဲထွက်လိုခြင်းဟု သမိုင်းအရ မြင်ကြောင်း သံအမတ်ဟောင်း ဒဲရစ်မစ်ချဲလ် ပြော

Want create site? Find Free WordPress Themes and plugins.

လူမျိုးစု အဖြစ် အသိအမှတ်ပြုခံလိုသည့် ရိုဟင်ဂျာဆိုသူများနှင့် ထိုအမည်ခံ စစ်သွေးကြွ အကြမ်းဖက်လှုပ်ရှားမှုများကို ရခိုင်နှင့် တခြားသောတိုင်းရင်းသားများက ခွဲထွက်ရေးအစီအစဉ်ဟု မြင်သော်လည်း အနောက်နိုင်ငံများ အနေဖြင့် ယင်းအချက်ကို နားလည်နိုင်ခြင်းမရှိဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချဲလ် ကပြောသည်။

နိုင်ငံတကာ အသိုင်းအဝန်းက ၎င်းရိုဟင်ဂျာဆိုသူများကို လူမျိုးဟု အသိအမှတ်ပြုခံလိုသောကြောင့် ထူးထူးခြားခြား အခွင့်အရေး ချိုးဖောက်ခံရသည့် အပြစ်ကင်းသူများဟု ထင်မြင်ကြသော်လည်း ထိုအမည်မှာ မြန်မာပြည်သူများ အတွက် အခြားအဓိပ္ပာယ်သက်ရောက်နေသည် ဟု ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ဆောင်ရွက်ခဲ့သူ ဒဲရစ်မစ်ချယ်က The Atlantic မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ အစိုးရ လုံခြုံရေးကင်းစခန်း ၃၀ကို ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုနှင့် အရပ်သားများ ထိခိုက်စေသော နောက်ဆက်တွဲ တိုက်ပွဲများကြောင့် အခြေအနေ ယိမ်းယိုင်နေသည်။

ထိုမွတ်စလင် စစ်သွေးကြွအုပ်စုကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြီး ထိုဒေသတွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ လုပ်ဆောင်သောကြောင့် ရခိုင်နှင့်အခြား လူမျိုးစုများ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ရိုဟင်ဂျာ ဟု ဆိုသူ ၄သိန်း ကျော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခိုလှုံရသည်။

လူမျိုးစုအဖြစ် သတ်မှတ်ခံလိုသော ရိုဟင်ဂျာ ဆိုသူများကို ဖိနှိပ်ခြင်းဟူသည့် ကိစ္စရပ်သည် နိုင်ငံတကာ၏ အာရုံစိုက်မှု အမြင့်မားဆုံး ဖြစ်နေပြီး၊ အခြားမည်သည့် ပြဿနာမျှ အလားတူသော နိုင်ငံတကာအာရုံစိုက်မှု မရခဲ့ပေ။

သို့သော် အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံမှ လူအများစုက ၎င်းတို့သည် ဘင်္ဂလီများသာ ဖြစ်ပြီး ၁၉၀၀ ခုနှစ်များက ဗြိတိသျှတို့ ခေါ်ဆောင်လာခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် လာရောက်သူများ ဖြစ်သည် ဟု ဆိုသည်။

နိုင်ငံသားအဆင့် မရသောကြောင့် ခရီးသွားလာခွင့် မရှိခြင်းစသည့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို အစိုးရ အဆက် ဆက်က ကန့်သတ်ခဲ့သည်။ နိုင်ငံသား ပေးမည်ဟု ယခင် ဦးသိန်းစိန် အစိုးရသာမက ယခု အမျိုူးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတို့ကပါ ပြောခဲ့ကြသော်လည်း ထိုဒေသ မွတ်စလင်အများစုကမူ ရိုဟင်ဂျာလူမျိုးစုဟု အသိအမှတ် မပြုသောကြောင့် လျှောက်ထားခြင်း မရှိပေ။

လူသားချင်းစာနာမှုအဖွဲ့များနှင့် အနောက်နိုင်ငံများက ရိုဟင်ဂျာဆိုသူများကို ကမ္ဘာ့အဖိနှပ်ခံရဆုံး လူနည်းစုဟု မြင်သော် လည်း မြန်မာအစိုးရနှင့် ပြည်သူအများစုက ထိုအုပ်စုသည် အစ္စလမ် အစွန်းရောက်များက သွေးထိုးပေးသော၊ ပြည်ပမှ ငွေကြေး အထောက်အပံ့ရရှိနေသည့် ခွဲထွက်ရေး အုပ်စုဟု မြင်ကြသည်။

ထိုသို့ အမြင်မတူသောကြောင့်ပင် ယင်း ပြဿနာကို ဖြေရှင်းရန် လွန်စွာခက်ခဲစေသည် ဟု “မှားယွင်းနားလည်နေသည့် မြန်မာ့ရိုဟင်ဂျာ အကျပ်အတည်း၏ အရင်းအမြစ်” အမည်ရှိ ဆောင်းပါးကို The Atlantic မဂ္ဂဇင်းတွင် ဖော်ပြ ထားသည်။

“အနောက်နိုင်ငံတွေ လုံးဝ နားမလည်နိုင်တာက မြန်မာတွေရဲ့ စိတ်ထဲက လူမျိုးစုဆိုတဲ့ အယူအဆပဲ” ဟု ဒဲရစ်မစ်ချယ်က ပြောကြောင်း ထိုဆောင်းပါးတွင် ဖော်ပြသည်။

ထို သံအမတ်ဟောင်းသည် ၂၀၁၂ ခုက ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်းအဝန်း ၂ ခု ကြား ပဋိပက္ခ ဖြစ်ပွားစဉ်က မြန်မာနိုင်ငံတွင် ရှိနေပြီး နိုင်ငံတဝန်း နောက်ဆက်တွဲ မငြိမ်သက်မှုများကို သူ၏ ရာထူးသက်တမ်း အတွင်း မြင်တွေ့ခဲ့ရသူ ဖြစ်သည်။ ရိုဟင်ဂျာ ဆိုသူများ၏ တက်ကြွလှုပ်ရှားသူများနှင့် ခေါင်းဆောင်များသည် ထိုအမည်ကို လွန်စွာ ကာကွယ်စောင့်ရှောက်ကြသည် ဟု ဒဲရစ်မစ်ချယ်က ပြောသည်။

“ဒီနာမည်ဟာ သူတို့ကို နိုင်ငံတကာ အာရုံစူးစိုက်ခံရရေး လှုပ်ရှားမှုအတွက်လည်း အရေးပါနေတယ်”ဟုဒဲရစ်မစ်ချယ်က ထိုမဂ္ဂဇင်းသို့ပြောသည်။

ထိုဆောင်းပါးတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို ရိုဟင်ဂျာလူမျိုးစု အဖြစ် အသိအမှတ်ပြုရေးနှင့် ပတ်သက်သော အစိုးရ၏ စိုးရိမ်ပူပန်မှုများကိုလည်း ဖော်ပြထားသည်။ မွတ်စလင်များကို ရိုဟင်ဂျာဟု အသိအမှတ် ပြုလိုက်ပါက ၎င်းတို့ကို နိုင်ငံအတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပေးအပ်ရမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရခိုင်ပြည်နယ်၏ နယ်မြေကို ဖဲ့ပေးရမည် ကို မြန်မာပြည်သူများက စိုးရိမ်နေကြသည် ဟု ထိုဆောင်းပါးတွင် ဖော်ပြထားသည်။

ရိုဟင်ဂျာ ဆိုသူများကို နှိမ်နင်းနေသော မြန်မာ့တပ်မတော်ကလည်း ထိုနေရာမျိုးသည် ARSA ကဲ့သို့သော အကြမ်းဖက် သမားများ လှုပ်ရှားမည့် ဒေသဟုမြင်သည်။

ဩဂုတ်လ တိုက်ခိုက်မှုများ အပြီး အစိုး၏ ကြေညာချက်သည် ထိုသို့သော စိုးရိမ်မှုကို ထင်ဟပ်နေသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သံတမန်များကို ရှင်းလင်းတင်ပြရာတွင် မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ARSA အကြမ်းဖက်အဖွဲ့သည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် အစ္စလမ်မစ် နိုင်ငံထူထောင်ရန် ကြိုးပမ်း နေသည်ဟု ပြောသည်။

“သူတို့တွေက အဲဒီဒေသကို ဘင်္ဂါလီ သီးသန့်ဒေသ ထူထောင်ချင်ကြတာ” ဟု ရဲမှူးချုပ် ဝင်းထွန်းက ထိုရှင်းလင်းပွဲတွင် ပြောသည်။

“မြန်မာနိုင်ငံဒီကိစ္စကို နက်နက်ရှိုင်းရှိုင်း ခံစားနေရပေမယ့် အနောက်နိုင်ငံတွေက ဒါကို နားမလည်ဘူး။ ဒါဟာ မြန်မာ့ သမိုင်းရဲ့ တကယ့် ဖြစ်ရပ်ကနေ အခြေခံလာတာ” ဟု ဒဲရစ်မစ်ချယ်က The Atlantic မဂ္ဂဇင်းတွင် သို့ ပြောသည်။

ထိုဖြစ်ရပ် အမှန်မှာ ဒုတိယကမ္ဘာစစ်အပြီးတွင် အိန္ဒိယနှင့် ပါကစ္စတန်ခွဲရန် ဆုံးဖြတ်ခဲ့စဉ် ယခုရိုဟင်ဂျာဆိုသူများ၏ ဘိုဘွားများက ၎င်းတို့နေထိုင်သည့် ဒေသကို ထိုစဉ်က အရှေ့ပါကစ္စတန်ဟုခေါ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိမ်းပိုက်ရန် တောင်းဆိုခဲ့သည်။

သို့သော် ပါကစ္စတန်က သိမ်းပိုက်ခြင်း မရှိသဖြင့် ဒေသတွင်း မွတ်စလင်(မူဂျာဟစ်)များက လက်နက်စွဲကိုင်ကာ ခွဲထွက်ရေး ပုန်ကန်မှု ပြုလုပ်သည်မှာ ၁၉၆၀ ခုနှစ်များ အထိ ကြာသော်လည်း ထိုပုန်ကန်မှု အကြွင်းအကျန်များသည် ၁၉၉၀ ခုနှစ်များ အထိ အသက်ဆက်ခဲ့သည်။

“ဒါကြောင့် ရခိုင်တွေနဲ့ မြန်မာနိုင်ငံက တခြားသူတွေက ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ အတူ ဘာတွေပါလာလဲ ဆိုတာကို ကြည့် ကြတယ်။ လူမျိုးစုအဖြစ် အသိအမှတ်ပြုခံချင်တာ ဘာသဘောလဲ ဆိုတာ သိကြတယ်။ အခု ဒီစစ်သွေးကြွလုပ်ရပ်ကို လည်း ဒီနာမည်နဲ့ပဲ လုပ်တယ်။ ပြီးတော့ဘေးကင်းဇုန် သတ်မှတ်ရေး အပါအဝင် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်ဖို့ တောင်းဆိုတယ်။ ဒါကို မြန်မာနိုင်ငံက လူတွေက တနည်းနည်းနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုလို့ပဲ မြင်တယ်လေ” ဟု မစ်ချယ်က ပြောကြောင်း ထိုဆောင်းပါးတွင် ဖော်ပြထားသည်။

“ကြားညပ်သွားတာကတော့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေပဲပေါ့” ဟုလည်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဟောင်း ဒဲရစ်မစ်ချဲလ်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Rohingya Desire for Ethnicity Seen as Separatist Agenda: Former US Ambassador to Myanmar ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading