ဆောင်းပါး

မြန်မာ့မီဒီယာ အနာဂတ် ဘာလဲ

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်ပါလီမန် အမတ်နှင့် အတွေးအခေါ်ပညာရှင် Edmund Burke က လူ့အဖွဲ့အစည်း၏ စတုတ္ထမဏ္ဍိုင်ဟု တချိန်က အမည်တပ်ခဲ့သော မီဒီယာက ဒီမိုကရေစီ ပုံဖော်ရေးနှင့် အများပြည်သူများ ပွင်လင်းစွာ ထုတ်ဖော်ပြောဆိုရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ လူ့အဖွဲ့အစည်းများ စီးပွားရေးအရရော နိုင်ငံရေးအရပါ ဖွံဖြိုးတိုးတက်နေသည်နှင့် အမျှ ပြည်သူများအတွက် တွေးတောဆင်ခြင်နိုင်ရန်နှင့် သူတို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များရွေးချယ်ရန် အခွင့်အရေးရှိနေသည့် ဒီမိုကရေစီနိုင်ငံသစ်များတွင် စတုတ္ထမဏ္ဍိုင်က အထူးအရေး ပါသည်။ အမှားအယွင်းများကို စုံစမ်းဖော်ထုတ်ရန်နှင့် အချက်အလက်မှန်ကန်စွာ တင်ပြနိုင်ရန် ပွင့်လင်း၍ လွတ်လပ်သော မီဒီယာ၏ အခန်းကဏ္ဍက ကမ္ဘာအတိုင်းအတာအရဆိုလျှင် ယခင်ကထက်များစွာ ပို၍ အရေးပါနေပါသည်။ ပြည်သူလူထု၏ အတွေးအမြင်ကို ပုံဖော်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များက မူဝါဒများနှင့် တိုးတက်မှုများအတွက် တာဝန်ယူစေရေးတွင် မီဒီယာ၏ အခန်းကဏ္ဍအပြင် လွတ်လပ်၍ မျှတသော သတင်းအတုအယောင် မဟုတ်သော မီဒီယာဖြစ်ရန်လည်း အရေးကြီးပါသည်။

မြန်မာနိုင်ငံမှ မီဒီယာတိုးတက်မှုက အရေးကြီးသော အဆင့်တခုသို့ ရောက်ရှိနေပါသည်။ နှစ်ပေါင်း ၆၀ ကြာမြင့်ခဲ့သော စစ်အာဏာရှင် စနစ်နှင့် ပုံနှိပ်မီဒီယာအပေါ် အလုံးစုံ ထိန်းချုပ် စိစစ်မှုများ၏နောက်ပိုင်းတွင် ၂၀၁၁ ခုနှစ်က စတင်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၌ မီဒီယာလွတ်လပ်ခွင့် အသစ်များနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုများ အပြင် စာနယ်ဇင်းသမားများနှင့် ထုတ်ဝေဖြန့်ချိမှုများကို ပစ်မှတ်ထားရန် အသုံးပြုနေဆဲဖြစ်သော ဖိနှိပ်ကန့်သတ်သည့် ဥပဒေနှင့် စည်းမျဉ်းများ၏ အမွေများကိုလည်း မြင်တွေ့ခဲ့ရသည်။ နိုင်ငံတခုနှင့် လာမည့်နှစ်များအတွင်း အမှန်တကယ် တံခါးဖွင့် ထားသည့် လူ့အဖွဲ့အစည်းတခု အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ခိုင်မာတောင့်တင်း၍ သတိကြီးသော မီဒီယာကဏ္ဍက အဓိက အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။

“စစ်အစိုးရလက်ထက်မှာတုန်းက ခင်ဗျားမှာ ပိုက်ဆံ သို့မဟုတ် အဆက်အသွယ် မရှိဘူးဆိုရင် လိုင်စင်တခုရဖို့ ခက်ခဲပါတယ်။ တကယ်လို့ ခင်ဗျားက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်သွယ်မှု ရှိမယ်ဆိုရင်၊ အဲဒီအကြောင်း (လိုင်စင်ရရှိရေး) ကို မေ့ထားလိုက်တော့။ ထုတ်ဝေခြင်း မပြုခင် ကြိုတင် စိစစ်ရေး စနစ်လည်း ကျနော်တို့ ကြုံခဲ့ရတယ်။ ဒါပေမယ့် ကြိုတင် စိစစ်ရေးတင်ရတဲ့ စနစ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ပယ်ဖျက်ခဲ့ပါတယ်။ အဲဒါက မီဒီယာလွတ်လပ်ခွင့်အတွက် စိတ်လှုပ်ရှားစရာ တိုးတက်ပြောင်းလဲမှုတခုကို ဖြစ်စေခဲ့ပါတယ်” ဟု Frontier Myanmar ၏ အယ်ဒီတာချုပ် Thomas Kean က ပြောသည်။

ထိုနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သော မီဒီယာဥပဒေနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဥပဒေများက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မီဒီယာ၏ အခွင့်အရေးနှင့် တာဝန်များကို နေရာပေးသည့် ပထမဆုံးသော ဥပဒေသစ်များ ဖြစ်ခဲ့ ကြပြီး မီဒီယာအပေါ် ပထမဆုံးအကြိမ်အဖြစ် ကျယ်ပြန့်သော အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ပေးခဲ့သည်။ မီဒီယာ ပွင့်လင်း လွတ်လပ်လာခြင်းက ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာ ထုတ်ဝေမှုများ တည်ထောင်ရေးအတွက် အားဖြစ်စေခဲ့ သလို မြန်မာနိုင်ငံ ပြင်ပသို့ ရောက်ရှိနေသည့် ပြည်ပရောက် ထုတ်ဝေမှုများလည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ နိုင်ငံခြား ဂျာနယ်လစ်များကိုလည်း ဗီဇာများ ထုတ်ပေးခဲ့သည်။

သတင်းစာဆရာများအပေါ် တရားစွဲဆိုမှုကို တပ်မတော်က ပြန်လည်ရုပ်သိမ်းပေးခြင်းက တိုးတက်မှုသင်္ကေတခု ဖြစ်သည်/ Reuters

အမှန်တကယ် မလွတ်လပ်သေး

သို့သော်လည်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်ရရှိခြင်းနှင့် အတူ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ဥပဒေများနှင့် အမှန်တကယ် လွတ်လပ်သည့် မီဒီယာတို့ အလျှင်အမြန် ဖြစ်လာလိမ့်မည် ဆိုသည့် မျှော်လင့်ချက်များက လျော့ကျလာခဲ့သည်။ ၂၀၁၇ နှစ်တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်း (World Press Freedom Index) တွင် မြန်မာနိုင်ငံက လက်ရှိအချိန်၌ နိုင်ငံပေါင်း ၁၈၀ ထဲတွင် အဆင့် ၁၃၁ ဖြင့် ရပ်တည်နေသည်။ ပြီးခဲ့သည့် ၄ နှစ်အတွင်းတွင် မြန်မာနိုင်ငံက ဇယားအောက်ဆုံးနား၌ မြောက်ကိုရီးယားကဲ့သို့ နိုင်ငံများနှင့် အတူရှိနေခဲ့ရာမှ တိုးတက်မှုများရှိလာပြီး အဆင့်များစွာ တက်လာခဲ့သော်လည်း စာနယ်ဇင်းက ယခုအချိန်အထိ အမှန်တကယ် လွတ်လပ်ခြင်း မရှိသေးပါ။ စာနယ်ဇင်းသမားများ ဖမ်းဆီးခံရခြင်း၊ ဒဏ်ရိုက်ခံရခြင်းများနှင့် ရင်ဆိုင်နေရဆဲ ရှိသေးသည်။

စာရေးသူတဦးက အင်တာနက်၊ တယ်လီဖုန်း၊ ရေဒီယို သို့မဟုတ် တီဗီၤတွင် ဖြန့်ဝေသည့် အကြောင်းအရာမှန်သမျှကို မည်သူကမဆို တရားစွဲဆိုနိုင်သည့် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေမှ ပုဒ်မ ၆၆(ဃ) ကဲ့သိုသော အညင်းပွားဖွယ်ရာ လွတ်လပ်စွာ ပြောဆိုခွင့် ဥပဒေများက စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ဖေ့စ်ဘွတ်ကဲ့သို့ အင်တာနက်ဝက်ဘ်ဆိုက်များတွင် လွတ်လပ်စွာ ဆက်သွယ်ခွင့်တို့ကို တားဆီးနေဆဲ ဖြစ်သည်။ အဆိုဥပဒေကို အသုံးပြုခဲ့သည့် လူသိအများဆုံး ဖြစ်ရပ်များ ထဲမှ တခုမှာ တပ်မတော်၏ အစိမ်းနုရောင် ယူနီဖောင်းသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံချည် အစိမ်းရောင်ကို နှိုင်းယှဉ်ပြခဲ့သော ဖေ့စ်ဘွတ် အသုံးပြုသူတဦးကို တပ်မတော် အကြီးအကဲနှင့် တပ်မတော်အပေါ်စော်ကားမှုဖြင့် တရားစွဲဆို အရေးယူခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေကို အတည်ပြုပြီးသည့် နောက်ပိုင်းတွင် ပုဒ်မ ၆၆ (ဃ)ကို အသုံးပြု၍ တရားစွဲဆိုသည့် အမှုပေါင်း အနည်းဆုံး ၈၀ ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၇၃ မှုမှာ NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိလာပြီးနောက်ပိုင်းတွင် ဖြစ်သည် ဟု လွတ်လပ်စွာ ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် အဖွဲ့တခုဖြစ်သည့် PEN ၏ အဆိုအရ သိရသည်။ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှာလည်း အသက်ဝင်နေဆဲ ဖြစ်ပြီး စာနယ်ဇင်းသမားများကို အခမ်းအနားများမှ သတင်းရယူရေးကို တားဆီးထားသည်။ မီဒီယာအပေါ်နောက်ဆုံး တိုက်ခိုက်မှုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသော အခန်း အနားတခုကို တက်ရောက်သတင်းယူခဲ့သော စာနယ်ဇင်းသမားများကို ရှမ်းပြည်နယ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။

၎င်းအပြင် စာနယ်ဇင်းသမားတချို့ ဝေးလံသောဒေသများ သို့မဟုတ် အငြင်းပွားဖွယ်ရာ အခြေအနေများတွင် ထူးခြား ဆန်းကျယ်စွာ ပျောက်ဆုံးသွားခြင်း သို့မဟုတ် အသတ်ခံရခြင်းများလည်း ရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံက ရှေ့သို့ ချီတက်ခဲ့ပြီ ဖြစ်သော်လည်း ဖိနှိပ်ချုပ်ချယ်မှုများက ကျန်ရစ်နေဆဲ ဖြစ်ပါသည်။

သတင်းစာ၊ ရေဒီယိုနှင့် တီဗီ ကဲ့သို့သော သမရိုးကျ ဆက်သွယ်ရေး နည်းလမ်းများက မြန်မာနိုင်ငံတွင် အဓိက ကျနေဆဲ/ Reuters

ကောင်းသော အပြောင်းအလဲ

မီဒီယာနှင့် မီဒီယာတွင် လုပ်ကိုင်နေသူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အမျိုးမျိုး ရှိနေသော်လည်း အပေါင်းလက္ခဏာ ဆောင်သည့် အပြောင်းအလဲများက တဖြည်းဖြည်းချင်း ရှိလာနေပါသည်။ NLD အစိုးရက ပုဒ်မ၆၆ (ဃ)ကို ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ ပြင်ဆင်ချက်အရ ဆက်သွယ်ရေး ဥပဒေအရ ပြစ်မှုတခုခုဖြင့် တရားစွဲဆိုခြင်းမပြုမီ တတိယ အဖွဲ့ အစည်းတခု(ဝန်ကြီးဌာန)၏ ခွင့်ပြုချက်ရယူရန် လိုအပ်သလို သက်ဆိုင်ရာနစ်နာသူကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူက ဖြစ်စေ တိုင်တန်းလာခြင်း မဟုတ်ပါက အရေးယူဆောင်ရွက်ခြင်း မပြုရန် သတ်မှတ်ထားသည့် အတွက် ဥပဒေကို အလွယ်တကူ အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရာတွင် အရေးပါသော ခြေလှမ်းတရပ် ဖြစ်သည်။

ယခုအခါတွင် အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုခြင်းခံရသူသည် အာမခံလည်းလျှောက်ထားခွင့် ရှိသည့်အတွက် အမှုရင်ဆိုင် နေစဉ်အတွင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ယခင်ကဆိုလျှင် တရားစွဲခံရသူများမှာ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရလေ့ရှိပါသည်။ ထိုသို့ ပြင်ဆင်မှုများ ရှိခဲ့သော်လည်း ၆၆(ဃ)၏ အဓိက အစိတ်အပိုင်းတွင် “ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” ပြုလုပ်ပါက ဤဥပဒေဖြင့် အရေးယူခြင်းခံရမည် ဆိုသည့်အချက်က ပါဝင်နေဆဲ ဖြစ်သည်။ ထိုအချက်ကို မီဒီယာများသာမက အွန်လိုင်းမှ ဝေဖန်သူများကိုပါ တရားစွဲဆိုရန် အသုံးပြုလေ့ ရှိကြပါသည်။

“ဆက်သွယ်ရေး ဥပဒေက အဓိက စိုးရိမ်စရာတခု ဖြစ်နေတုန်းပါပဲ။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ချွင်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး မတည်ငြိမ်သေးပါဘူး။ အာမခံချက် ရှိတဲ့ အခွင့်အရေးတခု မဟုတ်ပါဘူး” ဟု Frontier Myanmar ၏ အယ်ဒီတာချုပ် Thomas Kean က ပြောသည်။

ဥပဒေ၏ အနက်ထွေပြားခြင်း၊ လိုရာဆွဲနိုင်ခြင်းတို့က မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် စာနယ်ဇင်းသမားများ၏ ပိုဆိုးစေ သည့် အခြေအနေအချို့ ဖြစ်စေခဲ့သည်။ အသရေဖျက်ခြင်းဆိုသည့် အဓိပ္ပါယ်မရေရာခြင်းကြောင့် ဖြစ်သည်။ တိကျ သေချာစွာ လမ်းညွှန်ဖွင့်ဆိုမှု မရှိခြင်းကြောင့် စာနယ်ဇင်းသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် အွန်လိုင်းမှ ဝေဖန်ရေးသား သူများသည် မည်သည့် အကြောင်းအရာနှင့် ကိစ္စများက အသေရေဖျက်မှု မြောက်နိုင်သည်ဆိုခြင်းကို ရေရေရာရာ မသိနိုင်ဘဲ ဖြစ်ခဲ့ရသည်။ အထူးသဖြင့် နိုင်ငံရေး ကိစ္စများနှင့် ထိရှလွယ်သော အကြောင်းအရာများကို သတင်းရေးသားနေသည့် စာနယ်ဇင်းသမားများအတွက် ဖြစ်သည်။

လတ်တလောတွင် သူတို့၏ အလုပ်ကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသော စာနယ်ဇင်းသမား ၆ ဦးရှိခဲ့ပြီး အဓိက အားဖြင့် သူတို့၏ ဝေဖန်ရေးသားမှုများကြောင့် သူတို့ကို အရေးယူစဉ်က ပုဒ်မ ၆၆(ဃ) ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အပြုသဘောဆောင်သည့် တိုးတက်မှုတခု အနေဖြင့် တပ်မတော်က သူတို့၏ စွဲဆိုမှုများကို ရုပ်သိမ်းပေးခဲ့သည်။ ထပ်၍ ဆိုရသော် ထိုသို့ ရုပ်သိမ်းပေးခဲ့ခြင်းက မြန်မာနိုင်ငံ၏ မီဒီယာအခွင့်အရေး တိုးတက်မှုတွင် ဆုတ်လိုက် တက်လိုက် ဖြစ်နေသည့်သဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ သူတို့အပေါ်တရားစွဲဆိုမှုကို ပြန်လည်ရုပ်သိမ်းပေးခြင်းက တိုးတက်မှုသင်္ကေတခု ဖြစ်သည်မှာ မှန်ပါသည်။ ပထမပိုင်းတွင် သူတို့တရားစွဲဆိုခြင်း ခံခဲ့ရခြင်းက မီဒီယာအနေဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သော စိန်ခေါ်မှုများကို ဖော်ပြနေသည်ဆိုသည်ကလည်း အမှန်ပင် ဖြစ်သည်။

Myanamar Journalism Institute မှ အကြံပေးတဦး ဖြစ်သည့် Chris Peken အတွက်မှာမူ ထိုအဖြစ်များက မြန်မာနိုင်ငံမှ မီဒီယာ ကဏ္ဍ လက်ရှိရောက်နေသည့် အခြေအနေကို တိုက်ရိုက်ဖော်ပြနေခြင်း ဖြစ်သည်။ စာနယ်ဇင်းသမားများနှင့် မီဒီယာ ထုတ်ဝေဖြန့်ချီမှုများ၏ အနေအထားကို အကောင်းဆုံး အတိုချုပ်ပြရလျှင် “ရှေ့ကို ၂ လမ်းတိုးလိုက်၊ နောက်ကို ၁ လှမ်း ပြန်ဆုတ်လိုက်” ဖြစ်နေသည်ဟု Chris Peken က ယူဆသည်။ သို့သော်လည်း အပေါင်း လက္ခဏာ ရှိသည်ကိုတော့ မငြင်းနိုင်ပါ။

“နောက်တခုကတော့ ရပ်ရွာအခြေပြုရေဒီယို အသံလွှင့်ဌာနတွေအတွက် စမ်းသပ် အစီအစဉ်တွေ ပေါ်ပေါက်လာ တာ ဖြစ်ပါလိမ့်မယ်။ အဲဒီ အစီအစဉ်တွေနဲ့ အတူ အသံလွှင့် ဥပဒေတွေကို ပြင်ဆင်ဖို့ အဆိုပြုလာတာတွေက မီဒီယာမှာ တတိယ မီဒီယာ အလွှာတခု (ပြည်သူပိုင်နဲ့ စီးပွားဖြစ် အသံလွှင့်ဌာနတွေနဲ့ အတူ) လုပ်ပေးပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို ဒါက တွေးကြည့်လို့တောင် မရခဲ့ပါဘူး” ဟု Chris Peken က ပြောသည်။

အဆိုပါ အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများ နှင့် အားတက်စရာ အရိပ်အယောင်များကို စမ်းသပ်ခဲ့ပြီး ဖြစ် သည်။ မြန်မာ ရုပ်သံ အစီအစဉ်တခု နှင့် ချုပ်ဆိုထားသော စာချုပ်တခုကို BBC က မကြာသေးမီက ရပ်ဆိုင်းခဲ့သည်။ ရို ဟင်ဂျာ ပဋိပက္ခနှင့် ပတ်သက်သော ၎င်းတို့၏ ထုတ်လွှင့်မှုများ အပေါ် အစိုးရက စိစစ်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု BBC ကပြောသည်။ အဆိုပါ အဖြစ်မှာ စာနယ်ဇင်းသမား ၆ ဦး မကြာသေးမီက ပြန်လွတ်လာခဲ့သော ကိစ္စကဲ့သို့ပင် မီဒီယာများ လုပ်ကိုင်နေရသည့် ပတ်ဝန်းကျင်က ရှေ့ ၂ လမ်းတိုးလိုက် နောက် ၁ လှမ်း ပြန်ဆုတ်လိုက် ဖြစ် နေသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။ နေရာအများအပြားတွင် မြန်မာမီဒီယာက စမ်းသပ်နေရဆဲ ကာလဖြစ်ပါသည်။ အချို့သော ကိစ္စများမှာ လက်လှမ်းမမီသည့်နေရာတွင် ဆက်၍ ရှိနေဆဲ ဖြစ်သည်။

ပွင့်လင်းမြင်သာမှုနှင့် သတင်း အချက်အလက် ရရှိနိုင်မှုက မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး သော့ချက်များဖြစ်သည်/Reuters

မျိုးဆက်သစ်

မြန်မာ့မီဒီယာ ထပ်မံတိုးတက်လာရေးအတွက် စည်းကမ်းဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ ပိုမို လိုအပ်လာမည် ဖြစ်သည်။ သို့သော်လည်း မာလ်တီမီဒီယာ၊ အင်တာနက်နှင့် စာနယ်ဇင်းသမား မျိုးဆက်သစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့ကိုလည်း အလေးပေးရန် လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စာနယ်ဇင်းသမား အဖြစ် လုပ်ကိုင်နေသူ ၄၀၀၀ မှ ၅၀၀၀ အတွင်းရှိသော်လည်း အများစုမှာ နည်းလမ်းတကျ လေ့ကျင့်သင်ကြားမှု ရရှိထားသူများ မဟုတ်ကြပါ။ Chris Peken အတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းက အလွန်အခြေခံကျသည့် ချဉ်းကပ်မှုဖြစ်ပြီး မီဒီယာ၏ စွမ်းဆောင်ရည် တည်ဆောက်မှုကို အလွန်ထူးခြားသိသာစွာ အထောက်အကူပေးနိုင်သည်။

“စာနယ်ဇင်းသမားတွေ အနေနဲ့ မေးခွန်းထုတ်ခြင်းနဲ့ လေ့လာဆန်းစစ်ခြင်း ယဉ်ကျေးမှုတခုကို ဖန်တီးဖို့လိုပါတယ်။ စာနယ်ဇင်းပညာရဲ့ ယဉ်ကျေးမှုပါ။ ပိုင်းခြားဝေဖန် စဉ်းစားတဲ့ စွမ်းရည်တွေက တီဗီ၊ ရေဒီယို၊ ပုံနှိပ်မီဒီယာ သို့မဟုတ် အွန်လိုင်းပဲ ဖြစ်ဖြစ် စာနယ်ဇင်းပညာရဲ့ အခြေခံဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ အများစုမှာဆိုရင် စာနယ်ဇင်းပညာက ၄ နှစ် သင်တန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ ကျနော်တို့အတွက် ဒီလောက်အချိန် အများကြီး မရှိပါဘူး။ Myanmar Journalism Institute က ပြည်တွင်းနဲ့ ပြည်ပက အကောင်းဆုံး သင်တန်းဆရာတွေ၊ ကျွမ်းကျင်သူတွေ နဲ့ (ပြင်းပြင်း ထန်ထန်လေ့ကျင့်ပေးတဲ့) အချိန်ပြည့် ၁ နှစ်သင်တန်းနဲ့ ကာလတို သင်တန်းတွေ ပေးပါတယ်။ ဒါက လက်တွေ့ကျ ပါတယ်။ စွမ်းရည်တွေ ဖန်တီးဖို့နဲ့ ဒီယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အထောက်အကူ ဖြစ်ဖို့ အခြေခံအဆင့် တွေမှာ လုပ်ကိုင်နေပါတယ်” ဟု Chris Peken က ပြောသည်။

ဆိုရှယ်မီဒီယာ၏ အရေးပါမှု

အခြားနိုင်ငံများတွင် သတင်းစာထုတ်ဝေမှု စောင်ရေက ကျဆင်းနေပြီ ဖြစ်သော်လည်း မြန်မာပြည်သူများက သတင်းစာကို အများအပြား ဖတ်ရှုနေကြဆဲ ဖြစ်သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာတစောင်အရ အိမ်ထောင်စုများ၏ ၃ ပုံ ၁ ပုံက သတင်း အချက်အလက် သို့မဟုတ် ဆက်သွယ်ရေး ကရိယာ အသုံးပြုနိုင်ခြင်း မရှိသေးဘဲ ရေဒီယို၊ တီဗီနှင့် ပုံနှိပ်စာများက အဆို ပါ နေရာများသို့ (သတင်းအချက်အလက်) ရောက်ရှိရေးတွင် အရေးပါနေဆဲ ဖြစ်သည်။ ဒီဂျစ်တယ် မိုဘိုင်း ဆက်သွယ်ရေး၏ အရေးပါမှုကို ပြောဆိုခြင်း များလာသော်လည်း သတင်းစာ၊ ရေဒီယိုနှင့် တီဗီ ကဲ့သို့သော သမရိုးကျ ဆက်သွယ်ရေး နည်းလမ်းများက မြန်မာနိုင်ငံတွင် အဓိက ကျနေဆဲ ဖြစ်သည်။ သို့သော်လည်း ဖြည်းဖြည်းချင်း ပြောင်းလဲလာမှုတော့ ရှိနေ ပါသည်။

အခြားနေရာများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ဒီဂျစ်တယ် လမ်းကြောင်းသို့ တွန်းအားများ ရှိနေသည်။ မိုဘိုင်းဖုန်း နှင့် အင်တာနက် သုံးစွဲနိုင်မှုကို တိုးတက်စေခဲ့သော တယ်လီဖုန်းဆက်သွယ်ရေး နည်းပညာ အခြေခံ အဆောက်အဦးပိုင်းတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုများ၏ မောင်းနှင်အားကြောင့် Facebook ကဲ့သို့သော လူမှုမီဒီယာသုံးစွဲမှု အကြီးအကျယ် မြင့်တက်လာခဲ့သည်။ လတ်တလော ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ အနည်းဆုံး ၃၃ သန်း (မြန်မာနိုင်ငံ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်) ဝန်းကျင် ရှိပြီး အဆိုပါ ၃၃ သန်း၏ ၈၀ ရာခိုင်နှုန်းခန့်က စမတ်ဖုန်းများ အသုံးပြုနေကြသည်။ မြန်မာနိုင်ငံ၏ မီဒီယာ အခင်းအကျင်းတွင် ဒီဂျစ်တယ် နည်းပညာက အရေးပါသော နေရာမှ ပါဝင် လာရန် ရှိနေသည်ကို ထိုအချက်က ဖော်ပြနေသည်။

IRI က မကြာသေးမီက ပြုလုပ်ခဲ့သော လူထုသဘောထား စစ်တမ်းကောက်ယူမှု တခုတွင် မြန်မာနိုင်ငံ၌ Facebook ၏ သြ ဇာ လွှမ်းမိုးမှု မည်မျှကြီးမားကြောင်း ဖော်ပြနေသည်။ အထူးသဖြင့် မြန်မာပြည်သူများ သတင်းများ ရရှိသည့် နေရာတွင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ အများအပြားက Facebook ကို သတင်း အရင်းအမြစ်တခု အဖြစ် အသုံးပြုနေကြသည်။ ထို့အပြင် အများစုက လူမျိုးရေး သို့မဟုတ် ဘာသာရေး ပဋိပက္ခနှင့် ပတ်သက်သော ရေးသားမှု များကို Facebook တွင်တွေ့ခဲ့ကြခြင်း ဖြစ်ကြောင်း စစ်တမ်းက တွေ့ရှိခဲ့ရသည်။ အွန်လိုင်းတွင် သတင်း အတုအယောင် များ ပြန့်နှံခြင်းနှင့် နှင့် ပတ်သက်၍ နောက်ထပ် စိုးရိမ်စရာတခု ဖြစ်လာသည်။ ကမ္ဘာတလွှားတွင် ဖြစ်နေသည့် အတိုင်း Facebook သည် မြန်မာနိုင်ငံတွင် သတင်းများ ပေါင်းစုပေးသည့်၊ ဆုံးဖြတ်ပေးသည့် နေရာတခု အဖြစ် ပို၍ ပို၍ အရေးပါ လာနေသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစောက ဆိုရှယ် မီဒီယာ နှင့် အွန်လိုင်းသတင်းအချက်အလက် ရရှိမှုက မြန်မာနိုင်ငံကို အလျှင်အမြန် ပြောင်းလဲနေပြီး မည်သည့်အရာက သတင်းအစစ်အမှန် ဖြစ်ပြီး မည်သည့်အရာက သတင်း အစစ် အမှန် မဟုတ်သည်ကို ပိုင်းခြားနိုင်မှု မရှိခြင်းက မီဒီယာအတွက် အမှန်တကယ် ခြိမ်းခြောက်မှုတခု စိန်ခေါ်မှု တခု ဖြစ်လာနေသည်ဟု ပြောသည်။

“ဆိုရှယ် မီဒီယာနဲ့ အတူ လူတိုင်းက ထုတ်လုပ်သူရော စားသုံးသူပါ တချိန်တည်းမှာ ဖြစ်နေတယ်။ သတင်းအတုအယောင် တွေက ဘက်အားလုံးက လာနေတယ်” ဟု ဦးသီဟစောက ဆိုသည်။

မြန်မာမီဒီယာ အတွက် နောက်ထပ်စိန်ခေါ်မှုတခုမှာ လူအများ၏ စိတ်ဝင်စားမှုကို ရရှိတတ်သည့် သတင်းအတု အယောင်များကို ယှဉ်ပြိုင်နိုင်သည့် အကြောင်းအရာများ Facebook တွင် ထုတ်ပြန်နိုင်ရေး ဖြစ်သည်။

အနာဂတ်

မီဒီယာက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း စာနယ်ဇင်းသမားများ နှင့် မီဒီယာထုတ်ဝေရေးများက ဆက်လက် တိုက်ပွဲဝင်နေကြသည်။ မည်သည့် အကြောင်းအရာများကို မည်မျှအတိုင်းအတာအထိ သူတို့ တင်ဆက်ပေးနိုင်မည်ကို ဆက်လက် စမ်းသပ်နေကြသည်။ တခါတရံတွင် ထိုသို့ပြုလုပ်ခြင်းအတွက် သူတို့ တန်ဖိုးကြီးမားစွာ ပေးဆပ်ကြရသည်။ စိတ်ပျက်စရာများ ရှိနေသော်လည်း မြန်မာနိုင်ငံမှ မီဒီယာတိုးတက်မှုက ခြုံ၍ကြည့်လျှင် အပေါင်းလက္ခဏာ ဆောင်ပါသည်။ နောက်ပိုင်းတွင် စည်းကမ်းဥပဒေများ ထပ်မံဖြေလျှော့မှု ရှိလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။

မြန်မာနိုင်ငံမှ မီဒီယာ ဖွံဖြိုး တိုးတက်မှုက စစ်အစိုးရ အုပ်ချုပ်စဉ် ကာလက စ၍ကြည့်မည်ဆိုလျှင် သိသိသာသာ တိုးတက်လာခဲ့ပါသည်။ သိသာသည့် ဥပမာတခုပြရလျှင် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် မီဒီယာလုပ်ငန်း အရေအတွက် သိသိသာသာ များပြားလာခဲ့ပြီး အခြေအနေကလည်း ဖြည်းဖြည်းချင်း တိုးတက်လာနေသည်။ ရေဒီယို၊ တီဗီ၊ ပုံနှိပ်ထုတ်ဝေရေး အစရှိသဖြင့် အားလုံးက ပိုမို ကြီးမားသည့် လွတ်လပ်ခွင့်ကို မျှော်လင့်နေကြခြင်းနှင့် အတူ မီဒီယာ ဖြေလျှော့မှုကို ဆက်လက်ပြုလုပ်ခြင်းက တိုးတက်မှုကို ပြသမည့် စမ်းသပ်ချက်တခု ဖြစ်ပါသည်။ ယခုအချိန်တွင် အဓိကကျသော စမ်းသပ်ချက်မှာ မြန်မာနိုင်ငံက ရှေ့သို့ဆက်သွားနိုင်မည်လား သို့မဟုတ် နောက်ပြန်ကျသွားမည်လား ဆိုသည့် အချက် ဖြစ်ပါလိမ့်မည်။

စည်းကမ်း ဥပဒေများ အပြင် မြန်မာနိုင်ငံမှ အဖွဲ့အစည်းဆိုင်ရာများတွင်လည်း သတင်းအချက်အလက်ရရှိနိုင်မှု တိုးတက် လာရန် လိုအပ်နေပါသည်။ “ပွင့်လင်းမြင်သာမှုနဲ့ သတင်း အချက်အလက် ရရှိနိုင်မှုက သော့ချက်တွေပါ။ အစိုးရဘက်မှာ အများစုက မီဒီယာနဲ့ စကားပြောဖို့ လိုအပ်တယ်လို့ မမြင်ကြဘူး။ ရှေ့ကို ဆက်ပြီးသွားနိုင်ဖို့ ကျနော်တို့အတွက် အဲဒါကို ပြောင်းလဲဖို့ လိုပါတယ်” ဟု Thomas Kean က ပြောသည်။

မကြာမီ ပြောင်းလဲကောင်း ပြောင်းလဲလာပါလိမ့်မည်။ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက လက်ရှိ အချိန်တွင် “သတင်း အချက်အလက် ရရှိခွင့် ဥပဒေ” ကို အစိုးရနှင့် အတူ ရေးဆွဲနေပါသည်။ အဆိုပါ ဥပဒေက အခြားသော နိုင်ငံများမှ သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေများ ကဲ့သို့ပင် အလုပ်လုပ်ပေးလိမ့်မည် ဖြစ်သည်။ ထို့ အပြင် မီဒီယာများ အစိုးရထံမှ သတင်းအချက်အလက် ရယူနိုင်မှု ပိုမိုလွယ်ကူစေရေး စာနယ်ဇင်းကောင်စီက အစိုးရနှင့် အတူ လက်တွဲ၍ ဝန်ကြီး ဌာနတိုင်းတွင် ပြည်သူ့ဆက်ဆံရေး ဌာနများတည်ထောင်နိုင်ရေး တိုက်တွန်းနေသည်။ အဆိုပါ ဌာနများက စာနယ်ဇင်းသမားများအတွက် သတင်းအချက်အလက်များနှင့် အခြားသော အစိုးရဆိုင်ရာ ကိစ္စများကို ပံ့ပိုးပေး လိမ့်မည် ဖြစ်သည်။

“ခုချိန်မှာ ပြည်သူတွေကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးနေကြတယ်။ ပြည်တွင်းက လွတ်လပ်တဲ့ မီဒီယာတွေ ပါဝင်ရမယ့် အခန်းကဏ္ဍရဲ့ အရေးပါမှုကို အစိုးရအတွင်းမှာ နားလည်သဘောပေါက်မှု အသစ်ပြန်ပြီး ရှိလာခဲ့ပါတယ်” ဟု ဦးသီဟစောက ထပ်ပြောသည်။

မြန်မာနိုင်ငံက ကြီးမားသော တိုးတက်မှုရှိခဲ့သလို တိုးတက်အောင်လည်း ပြုလုပ်နေသည်။ သို့သော်လည်း ဥပဒေရေးရာ ဖိအားများနှင့် အဖွဲ့အစည်း ဆိုင်ရာ အတားအဆီးများက မီဒီယာဖွံ့ဖြိုးတိုးတက်ရေး နှင့် လွတ်လပ်ခွင့်ကို ဆက်လက်၍ နှောင့်နှေးစေခဲ့သည်။ ပြုပြည်ပြောင်းလဲရေးများ ဆက်သွားမည်လား သို့မဟုတ် ရပ်တန့်နေမည်လားဆိုသည်ကို ယခုအခါ စောင့်ကြည့်နေကြပါသည်။

( The Diplomat အွန်လိုင်းသတင်းပါ Edward Parker ၏ What is the Future of the Media in Myanmar? ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading