ဆောင်းပါး

ကြီးထွားလာနေသော အမျိုးသားရေးဝါဒက မြန်မာ့နိုင်ငံရေး မြင်ကွင်းသစ်ကို ပုံဖော်နေသည်

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သိန်းနှင့် ချီသော ဒုက္ခသည်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးကြခြင်း နှင့် လူမျိုးဖြုတ်သန့်စင်ခြင်း စွပ်စွဲချက်များ အပါအဝင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှ ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှတဆင့် မြန်မာနိုင်ငံအရေးကို လတ်တလော ရက်သတ္တပတ်များအတွင်း၌ အာရုံစိုက်လာခဲ့ သည်။

သို့သော်လည်း ဒုက္ခသည်များ နေရပ်သို့ပြန်လာနိုင်ရေး အနာဂတ်ရွေးချယ်စရာများကို ပုံဖော်နိုင်သည်သာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် နိုင်ငံအတွင်းမှ ပြည်သူများအားလုံး ပိုမိုကောင်းမွန်သော ဘဝတခုရရှိရေးအတွက် ဖြစ်နိုင်ချေဟူသမျှ ပါဝင်ပြီး ရခိုင်ပြည်နယ် တခုတည်းအတွက်သာဟုတ်ဘဲ ပိုမိုကျယ်ပြန့်စွာ သုံးသပ်သည့် အမြင်က ပျောက်ဆုံးနေသည်။

ရခိုင်ပြည်နယ်ကို ထည့်တွက်ခြင်း မပြုခဲ့လျှင်ပင် မြန်မာနိုင်ငံတွင်းတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ရသူ နောက်ထပ် အနည်းဆုံး သန်းဝက်ခန့်ရှိပါသည်။ နိုင်ငံ၏ အခြားနေရာများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ကျော် (အကြီးဆုံး လက်နက်ကိုင် အဖွဲ့သည် အင်အား ၂ သောင်းကျော် ရှိသည်) နှင့် ရာနှင့်ချီသော ပြည်သူ့စစ်အဖွဲ့များ ရှိနေ ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို မမြင်တွေ့ရပါ။ ထို့ပြင် ဘဏ်လုပ်ငန်းကဏ္ဍ၏ တည်ငြိမ်မှုက မေးခွန်းထုတ်ဖွယ်ရာ ရှိနေခြင်း၊ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်စိတ်ချမှုကျဆင်းနေခြင်း၊ သန်းနှင့်ချီသော အဆင်းရဲဆုံး ပြည်သူများအတွက် အလားအလာများက မရေမရာ ဖြစ်နေခြင်းနှင့် အတူ စီးပွားရေးကလည်း အခြေအနေကောင်းများနှင့် ဝေးကွာနေသည်။ ထိုအချိန်တွင် တရုတ်အစိုးရက အဓိကကျသည့် အခြေခံ အဆောက်အဦး စီမံကိန်းများ ကမ်းလှမ်းနေပြီး အဆိုပါ စီမံကိန်းများက မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အတွင်းပိုင်း ပြည်နယ်များနှင့် ပိုမိုနီးကပ်သွားစေမည် ဖြစ်သလို မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ တံတားဖြစ်လာစေမည် ဖြစ်သည်။

လက်ရှိအခြေခံဥပဒေက တပ်မတော်ကို လုံခြုံရေးနှင့် ပတ်သက်၍ အရေးပါသော အခွင့်အာဏာကို ပေးထားပြီး ရွေးကောက်ခံ အရပ်သား အစိုးရအနေဖြင့် စီးပွားရေးကိစ္စများနှင့် နိုင်ငံခြား ဆက်ဆံရေးများကိုသာ လွတ်လပ်စွာ စီမံခွင့် ပြုထားသည်။ ထိုသို့ရှိနေခြင်းက စိတ်ကျဉ်းကျပ်ဖွယ်ရာ ပေါင်းစပ်မှုတခု ဖြစ်စေခဲ့သည်။ နောက်လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အောင်မြင်ရေးနှင့် နောက်ထပ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးတို့က အာမခံချက်ရှိရန် ဝေးကွာနေဆဲ ဖြစ်ပါသည်။

မြန်မာပြည်သူတို့အတွက် လက်ရှိအချိန်သည် စိုးရိမ်ပူပန်စရာ ကာလတခု ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေး၏ လျှင်မြန်မှုတွင် သူတို့ မိသားစုများ၏ ဆင်းရဲဒုက္ခများနှင့် အခွင့်အလမ်းများ မရရှိဘဲ သူတို့ကျန်ခဲ့မည်ကို သန်းပေါင်းများစွာသော ပြည်သူများက စိုးရိမ်နေကြသည်။ ယခုအခါ ဤသန်းပေါင်းများစွာသော ပြည်သူများက အင်တာနက်ပေါ်သို့ရောက်ရှိနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်း မြန်မာပြည်သူတို့၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက အနည်းငယ်မျှသော ရာခိုင်နှုန်းမှသည် ၇၀ ရာခိုင်နှုန်း ကျော်သို့ခုန်တက်သွားခဲ့သည်။ လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းသော ရေ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ခြင်း ကြီးမားစွာရှိနေသော လူဦးရေတခုက ယခုအခါ မြန်မာနိုင်ငံ ၏ တခုတည်းသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းဟု ယူဆရနိုင်သည့် facebook ပေါ်သို့ရောက်ရှိလာကြပြီဖြစ်သည်။

မှောင်မိုက်သော ရေစီးကြောင်းသစ်များ

ယခုကဲ့သို့ တနိုင်ငံလုံး အတိုင်းအတာဖြင့် စိုးရိမ် ပူပန်နေရသည့် အချိန်တွင် မြန်မာပြည်၌ ဆိုရှယ်မီဒီယာ၏ အခြေအနေ ပေးမှုက ရခိုင်ပြည်နယ်တွင်ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် ထိုပဋိပက္ခအပေါ် ပြင်ပကမ္ဘာအသိုင်းအဝိုင်း၏ သဘောထား အထူးသဖြင့် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ ရန်ဘက်များနှင့်အတူ ရပ်တည်နေခြင်းတို့၏ မီးထိုးပေးမှုကြောင့် အမျိုးသားရေးဝါဒ လက်သစ် (neo-nationalism) တခု ပုံပေါ်လာစေခဲ့သည်။

ပြင်ပကမ္ဘာ၏အမြင်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်များနှင့် ရိုဟင်ဂျာများအပေါ် အဓိကထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို အလေးပေးသော်လည်း ပြည်တွင်းမှ အမြင်က ကမ္ဘာ့အသိုင်းအဝိုင်း၏ အမြင်နှင့် ကွဲပြားမှုရှိရုံမျှမက လုံးလုံးလျားလျားပင် ဆန့်ကျင်ဖက်ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုကသာမက အစိုးရပါ ကြီးမားစွာ အလေးထားခဲ့သည်မှာ ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ် မတော် (ARSA)၏ ခြိမ်းခြောက်မှုနှင့် အစ္စလမ်အစွန်းရောက်ဝါဒအပေါ် စိုးရိမ်မှု ဖြစ်သည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA က စတင်တိုက်ခိုက်ခဲ့သည့် အချိန်မှ စ၍ မြန်မာနိုင်ငံ၏ ဆိုရှယ်မီဒီယာတွင် ဗုဒ္ဓဘာသာဝင်နှင့် လူနည်းစု ဟိန္ဒူများ အပေါ်တွင် ကျူးလွန်ခဲ့သည်ဟု ယူဆရသော ARSA ၏ အကြမ်းဖက်မှု သတင်းများနှင့် သောင်းချီသော ဗုဒ္ဓဘာသာဝင်များ နှင့် ဟိန္ဒူများ မွတ်ဆလင်အများစုရှိနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည့် အကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

စက်တင်ဘာလနှောင်းပိုင်းတွင် al-Qaeda နှင့် Islamic State (IS) အဖွဲ့ ၂ ခုလုံးက မြန်မာနိုင်ငံတွင် လှုပ်ရှားကြရန် တောင်းဆိုခဲ့ကြခြင်းကြောင့် ရန်ကုန် သို့မဟုတ် မန္တလေးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာမည်ကို လူထုအတွင်း စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည်များ၏ သက်သေခံပြောဆိုမှုများကို အတုအယောင်ထွင် လုံးများ အဖြစ် ပယ်ချခြင်းခံခဲ့ရသည်။ ပြင်ပကမ္ဘာက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကံဆိုးမှုအဖြစ် မြင်ကြသော်လည်း မြန်မာနိုင်ငံအတွင်းတွင် အထူးသဖြင့် ရခိုင်ဗုဒ္ဒဘာသာဝင်များက တရားမဝင် ရောက်ရှိလာသူများအဖြစ်မှ အကြမ်းဖက် သမားများအဖြစ်သို့ ပြောင်းလဲသွားသည့် တိုင်းတပါး ကျူးကျော်မှုတခုဟု မြင်ကြသည်။

ပြန်လည်ပေါ်ပေါက်လာသည့် အမျိုးသားရေးဝါဒ လက်သစ်တခုက ပုံပေါ်လာနေသည်။ သို့သော်လည်း ပီပီပြင်ပြင် ရှိမနေ သေးပါ။ မြန်မာနိုင်ငံမှ များပြားစုံလင်သည့် လူနည်းစုများ၊ ဒီမိုကရက်တစ် အနောက်တိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး အပြင် မြန်မာ့ ဒီမိုကရေစီ သဘောတရား အပေါ်တွင် ၎င်းသဘောထားများက မရေရာသေးပါ။

အပယ်ခံ ရခိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ကမ္ဘာပေါ်တွင် သက်တောင့်သက်သာမရှိဆုံး နေရာများထဲမှ တခုဖြစ်ပါသည်။ ငလျင်ဇုန် အတွင်း ကျရောက်သည့် ဒေသတခု၊ ဖျက်စွမ်းအားကြီးသောဆိုင်ကလုံး မုန်တိုင်းများ ရင်ဆိုင်ရလေ့ ရှိသည့်ဒေသတခု ၊ မုတ်သုံရာသီအတွင်းတွင် တလလျှင် မိုးရေချိန် တမီတာ နီးပါး အထိ ပြင်းထန်စွာ ရွာသွန်းတတ်သည့် ဒေသတခု ဖြစ်ပါ သည်။

၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အိန္ဒိယ၊ ဂေါ်ရခါး၊ အင်္ဂလိပ်နှင့် အနောက် အာဖရိကသားများက ဂျပန်များနှင့် Admin Box အမည်ရှိတိုက်ပွဲကို တိုက်ခိုက်ခဲ့သည့် နေရာဖြစ်သည်။ ယဉ်ကျေးမှုကွဲပြားခြင်းများ ကာလရှည်ကြာစွာ ရှိခဲ့သည့်နေရာ ဖြစ်သည်။ ရှေးခေတ်နှင့် ဆိုင်သည့် မြန်မာရာဇဝင်များတွင် ထိုဒေသအတွင်း၌ လူသားများနှင့် ဘီလူးများ ရင်ဆိုင် ဆုံတွေခဲ့ကြသည်။ ရှေးခေတ် အိန္ဒိယများအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ Meghna မြစ် အလွန်တွင် ရှိသည့် မြေများသည် Pandava barjita နယ်ဖြစ်သည်။ လူရိုင်းတို့၏ နယ်မြေဖြစ်ပြီး အမျိုးကို မလေးစားသည့် ဟိန္ဒူများသာ သွားကြမည့် ဒေသတခု ဖြစ်သည်။

ကွဲပြားသည့် လက်နက်ကိုင်ပုန်ကန်မှုနှင့် ဒုက္ခသည် ပြဿနာတခု အပြင် ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှတို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီက မြန်မာ ဘုရင့်နိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့သည်မှာလည်း ဤနေရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရခိုင် ဒေသကို အနောက်တံခါး ဟု ယခုတိုင်သိကြဆဲ ဖြစ်သည်။

ရခိုင်သမိုင်း၏ အစောပိုင်းကို အနည်းငယ်မျှသာ နားလည်ကြသေးသည်။ သို့သော်လည်း သေချာသည်က ၁၄၀၀ နှစ်များ အတွင်း ယနေ့ခေတ် စစ်တကောင်းမှ ကပ္ပလီ ပင်လယ်အထိ ကျယ်ဝန်းသော ဘုရင့် နိုင်ငံငယ်တခု အဖြစ် ရှိနေပြီ ဖြစ်သည်။ ရခိုင်ဘုရင်များက မြန်မာစကားနှင့် အနည်းငယ်ကွဲပြားသည့် ပုံစံမျိုး ဖြစ်သော ရခိုင်စကား ပြောကြသည်။ သူတို့သည် တင့်တယ်လှပသော စေတီပုထိုးများကို တည်ထားခဲ့သော ဗုဒ္ဒဘာသာများလည်း ဖြစ်ကြသည်။ သို့သော်လည်း ရခိုင်ဘုရင်များသည် ကမ္ဘာအရပ်ရပ်နှင့် ဆက်ဆံတတ်သူများ ဖြစ်ကြသည်။ အချို့က ဘင်္ဂါလီ- မွတ်ဆလင် နှင့် မြန်မာ-ပါဠိ ဘွဲ့အမည်များ ၂ လုံး ခံယူခဲ့ကြသည်။ ဒတ်ချ်ကုန်သည်ကို လက်ခံခဲ့ကြသည်။ အာဖဂန် လေးသမားများနှင့် ဂျပန်နိုင်ငံမှ ရောက်လာသည့် ဆာမူရိုင်းများကို ကိုယ်ရံတော်များအဖြစ် ခန့်အပ်ခဲ့ကြသည်။ သက်တော်စောင့် ခန့်ကြသည်။ ဖမ်းမိလာသည့် ပေါ်တူဂီ ပင်လယ်ဓါးပြများနှင့် ဘင်္ဂါလီ ကျေးကျွန်များကို ယခုအခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဖြစ်လာမည့် ဒေသများသို့ ပို့ ဆောင်ခဲ့ကြသည်။

ဧရာဝတီမြစ်ဝှမ်းမှ ရောက်လာသည့် ဗမာ လူမျိုးများက ၁၇၈၅ ခုနှစ်တွင် ရခိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီခေတ်ရောက်သည့် အခါ ယခင်ကထက် ပို၍ ဝင်ငွေရရန် စိတ်အားထက်သန်နေသည့် ဗြိတိသျှတို့က ကိုလိုနီခေတ် အရာရှိတဦး ပြောခဲ့သလို“အလွန် ခြိုးခြံ၍ အလုပ် အလွန်ကြိုးစားသော စစ်တကောင်းဒေသမှ ဘင်္ဂလီ မွတ်ဆလင်များ” သိန်းနှင့် ချီ၍ ရွှေ့ပြောင်းဝင်ရောက်လာခြင်းကို အားပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အခြားနေရာများမှ လာရောက် အခြေချသူ ဗမာများလည်း ရောက်ရှိလာခဲ့ရာ ၁၉၁၀ ခုနှစ် ရောက်သည့် အချိန်တွင် ရခိုင်လူမျိုးများမှာ သူတို့၏ ကိုယ်ပိုင်မြေပေါ်တွင် လူနည်းစု ဖြစ်လာခဲ့ရသည်။

ယနေ့ခေတ်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်းနှင့် ရွှေ့ပြောင်း ဝင်ရောက်မှုကို ဆန့်ကျင်ခြင်းဟု ကျနော်တို့ ခေါ်ကောင်းခေါ်နိုင်မည့် မြန်မာအမျိုးသားရေးဝါဒက တချိန်တည်းနီးပါးတွင် မွေးဖွားလာခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းများတွင် ဘင်္ဂါလီမွတ်ဆလင်များက ရခိုင်ပြည်နယ်အတွင်းသို့ ကုန်းလမ်းမှ ဝင်ရောက်လာကြသလို အိန္ဒိယတိုက်ငယ်အတွင်းမှ အခြားသူ သန်းပေါင်းများစွာကလည်း ပင်လယ်ပြင်မှတဆင့် ရေကြောင်းလမ်းမှ ဝင်ရောက်လာခဲ့ကြသည်။ ကိုလိုနီစီးပွားရေးလည်း ခုန်တက်သွားခဲ့ရသည်။ သို့သော်လည်း မြန်မာများမှာမူ လူမှုအဖွဲ့အစည်းပုံစံသစ်၏ အောက်ခြေနားတွင်သာ ရှိနေခဲ့သည်။

ရခိုင် အမျိုးသားရေးဝါဒက မြန်မာ အမျိုးသားရေးဝါဒနှင့် ဆင်တူခဲ့သည်။ ထေရဝါဒ ဗုဒ္ဒဘာသာအရ ဆက်စပ်မှုများ ရှိနေပြီး ခေတ်ဆန်မှုနှင့် ပြင်ပလူတို့၏ လွှမ်းမိုးမှုကို စိုးရိမ်ရာတွင်လည်း တူညီသည်။ ဂျပန်များ ကျူးကျော်ဝင်ရောက်လာပြီး အရပ်ဖက်အုပ်ချုပ်ရေး ပျက်ပြားသွားရသည့် ၁၉၄၂ ခုနှစ်တွင် ဗုဒ္ဓဘာသာ-မွတ်ဆလင် လူမျိုးရေး ပဋိပက္ခကြောင့် ထောင်နှင့် ချီ၍ သေဆုံးခဲ့ရသည်။ ဂျပန်များက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများကို လက်နက်တပ်ဆင်ပေးခဲ့ပြီး ဗြိတိသျှတို့က ကင်းထောက်ရေးနှင့် ပျောက်ကြားစစ်ဆင်ရေးများအတွက် V Force တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ တစိတ်တပိုင်း အဖြစ် မွတ်ဆလင်များကို လက်နက်တပ်ဆင်ပေးခဲ့သည်။

စစ်ပြီးသွားသောအခါ ပြည်တွင်းမှ ဘင်္ဂါလီစကားပြော မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်များက ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပါကစ္စတန်နှင့် ပူးပေါင်းမည့် စိတ်ကူးကို သွေးတိုးစမ်းခြင်းနှင့်အတူ မြန်မာနိုင်ငံအတွင်း သူတို့၏ ကိုယ်ပိုင် နယ်မြေရရှိရေးကို တောင်းဆိုခဲ့ကြသည်။ နောက်ပိုင်း ဆယ်စုနှစ်များ အတွင်းတွင် မူဂျာဟစ်အပါအဝင် အခြားသော လက်နက်ကိုင် ဆူပူမှုများက တိုးလာလိုက် လျော့သွားလိုက်ဖြင့် ရှိနေခဲ့သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်များတွင် တပ်မတော်၏ ဖြိုခွင်းတိုက်ခိုက်မှုများကြောင့် သိန်းနှင့် ချီသောမွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်သည် အလွန်ဆင်းရဲ၍ အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံအတွင်းတွင် အဆင်းရဲဆုံးနှင့် သီးခြားအဖြစ်ဆုံး နေရာများထဲမှ တခု ဖြစ်လာခဲ့တော့သည်။

တိုင်းရင်းသားအမှတ်သင်္ကေတအတွက် မေးခွန်း

မြန်မာ အမျိုးသားရေးဝါဒီများက သူတို့ရှေ့မှ ဗြိတိသျှ ပညာရှင်များကဲ့သို့ပင် လူမျိုးစုဖြစ်မှုကို (Essentialist view) ထုံးတမ်းစဉ်လာအရ မရှိမဖြစ် သတ်မှတ်ချက်များဖြင့် ချည်းကပ်ကြသည်။ (ကံမကောင်းစွာဖြင့်ပင် ယနေ့ခေတ်မှ နိုင်ငံခြားဆောင်းပါးရှင်များ အားလုံးနီးပါးကဲ့သို့ ဖြစ်သည်။) တိုင်းပြည်ကို ဌာနေတိုင်းရင်းသား (Indegenous) နှင့် အခြားမှရောက်လာသူများ (Alien) ဖြင့် ခွဲခြားကြသည်။ မြန်မာ အမျိုးသားရေးဝါဒ ဗဟိုပြုသည့် အယူအဆတခုမှာ တိုင်းပြည်သည် တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားများနှင့်သာ သက်ဆိုင်ပြီး ကျန်သည့်သူများမှာ ဧည့်သည်များ ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ရှမ်း နှင့် ကချင်တို့သည် ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။ ၁၇ ရာစုတွင် မန်ချူးတို့၏ ကျူးကျော်မှုကြောင့် ထွက်ပြေးလာသော တရုတ်လူမျိုးများမှ ဆင်းသက်လာသည့် ကိုးကန့်များ၊ တချိန်တည်းလောက်မှာပင် ဘန်ဂေါလ်ဘုရင်ခံ Mughal မင်းသား Shah Shuja နှင့်အတူ လိုက်ပါသည့် အာဖဂန်နွယ်ဖွားများမှ ဆင်းသက်လာသော ကမန်မွတ်ဆလင်များကို တိုင်းရင်းသားများ အဖြစ် သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဗြိတိသျှအုပ်ချုပ်ရေး မတိုင်မီ ရောက်ရှိလာသူများ ဖြစ်သောကြောင့်ဖြစ်သည်။ နောက်ပိုင်းမှ ရောက်လာသည့် တမီလ် ခရစ်ယန်များ၊ နီပေါ ဟိန္ဒူများ၊ ယူနန် မွတ်ဆလင်များနှင့် အခြားသူ အများအပြားကိုမူ နေထိုင်ခြင်းကို လက်ခံသော်လည်း သူတို့၏ ယဉ်ကျေးမှုများကို မည်သည့်အချိန်တွင်မှ အလားတူ လက်ခံမည် မဟုတ်ကြောင်း အမျိုးသားရေးဝါဒီများက ပြောကြသည်။

ထို့ကြောင့် ယခုကိစ္စက အမှန်တကယ်တွင် နိုင်ငံသား ကိစ္စမဟုတ်ပါ။ လက်ရှိ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရွှေ့ပြောင်း ရောက်ရှိလာသူများနှင့် ၎င်းတို့၏ ကလေးငယ်များကို “ဧည့်နိုင်ငံသား” သို့မဟုတ် “နိုင်ငံသား ပြုခွင့်ရသူ” ဟုသာ အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်ပြီး နိုင်ငံရေး အခွင့်အရေးများမှ တားဆီးကန့်သတ်ထားသည်။ သို့သော်လည်း တတိယ မျိုးဆက်သို့ ရောက်သည့်အခါ မည့်သည့်လူမျိုးနောက်ခံရှိသူ ဖြစ်စေ (ဥပမာအားဖြင့် ၂၀ရာစု အစောပိုင်းက ရောက်ရှိ လာသည့် ဘင်္ဂလီ မွတ်ဆလင် ရွှေ့ပြောင်း အခြေချသူများ၏ မြေးတော်စပ်သူများ) ကို အပြည့်အဝ နိုင်ငံသား ဖြစ်နိုင်သည့် အခွင့်အရေး ပေးထားသည်။

ယခုပြဿနာမှာ သမိုင်း အယူအဆနှင့် ခွဲခြားမှု ပြဿနာတခုနှင့် ပို၍တူပါသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံသား အားလုံးနီးပါးက ဘင်္ဂလားဒေ့ရှ် (အရှေ့ပါကစ္စတန်) သည် ကြီးမားသော တရားမဝင် အခြေချမှုများ၏ အရင်းအမြစ်ဟု ယုံကြည်ထားကြသည်။ သူတို့က နယ်စပ်မှ တာဝန်ရှိသူမျာ၏ အကျင့်ပျက်ခြစားမှု နှင့် ဈေးပေါသော အလုပ်သမားများ ရှာဖွေသည့် စီးပွားရေးသမားများ၏ လောဘကို အပြစ်တင်ကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရှိနေသူ အများအပြားမှာ လတ်တလောတွင် တရားမဝင် ရောက်ရှိလာသူများ ဖြစ်ကြသည်ဟု သူတို့က ပြောသည်။ ဗြိတိသျှ ခေတ် တွင် ရွှေ့ပြောင်း ဝင်ရောက်လာသည့် ဘင်္ဂါလီများမှ ဆင်းသက်လာသူ အများအပြားမှာ နိုင်ငံသား ဖြစ်ရန် အရည်အချင်း ပြည့်မီနိုင်ကြောင်း သူတို့က လက်ခံသော်လည်း ဘင်္ဂါလီများက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု သတ်မှတ်ခြင်းကို ခွင့်ပြုရန် ဆန့်ကျင်ကြသည်။

ရိုဟင်ဂျာ ဆိုသည့် စကားလုံးက မြန်မာနိုင်ငံတွင် ရွံမုန်းစရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဌာနေတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုသည့် သဘောဆောင်သောကြောင့် ဖြစ်သည်။ ၁၇ ရာစုက ကဗျာဆရာ Shah Aloal သို့မဟုတ် ရှေးဟောင်း မြောက်ဦးဘုရင့်နိုင်ငံခေတ်တွင် နန်းတွင်းဆောင်များကို ကြီးကြပ်ရသူနှင့် စစ်ရေးဆိုင်ရာ ဝန်ကြီး ဖြစ်ခဲ့သော Ashraf Khan တို့ကဲ့သို့ ထင်ရှားသော မွတ်ဆလင်များ ရှိခဲ့ခြင်းက အငြင်းပွားစရာ မရှိပါ။ ရခိုင်ပြည်နယ်တွင် ဗြိတိသျှ ခေတ်မတိုင်မီ ရှည်ကြာသော ကာလကတည်းက ကျွန်အဖြစ် ဖမ်းဆီးထားခဲ့သော ဘင်္ဂါလီများက သိသာ မြင်သာသော အရေအတွက်တခုအထိ ရှိခဲ့ခြင်းမှာလည်း ထင်ရှားပါသည်။ မရှင်းလင်းသည်မှာ မည်သူတို့က မည်သူတို့ထံမှ အမှန်တကယ် ဆင်းသက်လာသနည်း ဆိုသည့် ကိစ္စ ဖြစ်သည်။ ဗြိတိသျှတို့က ထိုဒေသအတွင်းမှ မွတ်ဆလင်များကို အာရကန် မဟာမေဒင်များ၊ စစ်တကောင်းသားများ၊ ဇေရဘာဒီများ၊ ကမန်များ၊ ဘင်္ဂါလီ မွတ်ဆလင်များ အစရှိသဖြင့် နာမည် အမျိုးမျိုးဖြင့် ရောထွေးသုံးစွဲခဲ့ကြသည်။

၁၉၅၀ ခုနှစ်များတွင် မွတ်ဆလင်နိုင်ငံရေးသမားများက ကမန်မွတ်ဆလင်များမှ အပ ရခိုင်ဒေသမှ မွတ်ဆလင် အားလုံး အတွက် လူမျိုးစု အမည်အသစ်တခုအဖြစ် ရိုဟင်ဂျာဆိုသော အမည်ကို စတင်သုံးစွဲခဲ့ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အကုန်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်အားလုံးအတွက် သဘောကျစရာ ဖြစ်လာ ခဲ့သည်။ အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ သတ်မှတ်ဖော်ပြရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက တိုင်းရင်းသား ဖြစ် ကြောင်း တောင်းဆိုနိုင်ရန် အတွက်ဖြစ်သလို ထိုသို့ တောင်းဆိုခြင်းကြောင့် မြန်မာပြည်သူများကလည်း ပြင်းထန်စွာ ကန့်ကွက် ငြင်းပယ်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံး အခွင့်အလမ်း

လွန်ခဲ့သော ၅ နှစ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ စုံလင် ကွဲပြားမှု များကို အင်အားတခုအဖြစ် ရှုမြင်ခြင်း၏ အရေးပါပုံ၊ တိုင်းပြည်၏ ပေါ်ထွန်းစ ပြုပြင်ပြောင်းလဲရေးကို လစ်ဘရယ်ကျသည့် အမြင်များနှင့် ပေါင်းစပ်လိမ့်မည်၊ ငြိမ်းချမ်းရေး၊ လွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီသို့ ဦးတည်သော အားထုတ်မှုများကို အားလုံးလက်တွဲ၍ ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ချက်တခု ရှိနေကြောင်း ပြောကြားခဲ့သည်။ သတိမပြုမိဘဲ ကျန်ရစ်ခဲ့သည်မှာ လူမျိုးကို အခြေပြုသည့် မြန်မာအမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွက်လာခြင်း၏ အင်အားကြီးမားမှု၊ အရင်းရှင် စနစ်နှင့် ပြင်ပကမ္ဘာအပေါ် ရာစုနှစ်နှင့် ချီ၍ ထားရှိခဲ့သော မယုံသင်္ကာဖြစ်ခြင်းများ၊ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကြောင့် ဖြစ်ရသည့် စိတ်ဒဏ်ရာများ၊ အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုနှင့် အထီးကျန်ခြင်းနှင့် ပြည်သူလူထုကို ဝန်ဆောင်ပေးရန်အတွက် ပြောင်းလဲတိုးတက်လာခြင်း မရှိခဲ့သော အစိုးရ အဖွဲ့အစည်းများ၏ သဘောသဘာဝတို့ ဖြစ်သည်။

ဖြည့်ဆည်းရန် ကျန်ရစ်နေသည့် အယူအဆ ကွက်လပ်တခု ရှိပါသည်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများကြောင့် ဗုဒ္ဒဘာသာဝင်များရော မွတ်ဆလင်များပါ ရာနှင့် ချီ၍ သေဆုံးခဲ့ကြပြီး လူ ၁၀၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ပဋိပက္ခ၏ ပုံရိပ်များက ကမ္ဘာတလွှားမှ အစ္စလမ် အကြမ်းဖက်ဝါဒ၏ ပုံရိပ်များနှင့် အွန်လိုင်းပေါ်တွင် ပေါင်းသွားခဲ့သည်။ ရခိုင်ပြည်နယ်မှ သောင်းနှင့် ချီသော မွတ်ဆလင်များ ဒုက္ခသည် စခန်းများတွင် ကျန်ရစ်ခဲ့ကြသည်။ သို့မဟုတ် လှေများဖြင့် ထွက်ပြေးရန် တွန်းအား ဖြစ်ခဲ့သည်။ ထို့နောက် ARSA နှင့် လက်ရှိ ကံဆိုးမှုများ ပေါ်လာခဲ့ခြင်းပင်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးကြဦးမည် ဖြစ်သည်။ လုံခြုံရေး ကောင်စီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ပေးရန် အလေးပေးခြင်းက မှန်ကန်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေတရပ်တွင် ရောက်ရှိနေကြာင်း သတိပြုမိရန်လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံက အာရှ၏ အချက်အချာ နေရာတွင် လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတခု၊ ငြိမ်းချမ်းပြီး အောင်မြင်သော လမ်းဆုံတခု ဖြစ်လာနိုင်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း နောက်ထပ် ဖြစ်လာနိုင်စရာ အခြား ဇာတ်ကြောင်းတခုလည်း ရှိနေပါသည်။ အကယ်၍ အမျိုးသားရေးဝါဒ လက်သစ်က လစ်ဘရယ် မဟုတ်သော၊ နိုင်ငံခြားသားများကို မုန်းတီးသော အလှည့်အပြောင်းတခုကို ရှင်းရှင်းလင်းလင်း ရယူခဲ့လျှင်၊ ရခိုင်ပြည်နယ်တွင်သာမက အသိုင်းအဝိုင်းများကြားမှ တင်းမာမှုများက မြင့်တက်လာပြီး အကြမ်းဖက် ပဋိပက္ခအဖြစ်သို့ ရောက်ရှိစေခဲ့လျှင်၊ တရုတ် နယ်စပ် တလျှောက်မှ တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်က ကစဉ့် ကလျား အခြေအနေသို့ ရောက်ရှိသွားခဲ့လျှင်၊ စီးပွားရေးက ပိုမိုကောင်းမွန်သည့် ဘဝတခု ဖြစ်လာရေး ယောင်ယောင်လေးမျှ လုပ်မပေးနိုင်ခဲ့လျှင် ဒီမိုကရေစီသို့ ပြောင်းလဲရေး၏ ဆွဲဆောင်မှုများက မေးခွန်းထုတ်စရာများ တိုးလာတော့မည် ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မိတ်ဆွေများက ဒေသသမိုင်းကို ပိုနားလည်ရန်၊ ပြည်သူတို့၏ အယူအဆ သဘောထားများနှင့် ထိတွေ့ရန်၊ မြန်မာနိုင်ငံကို ကျဉ်းမြောင်းသော လူမျိုးရေးကို အခြေပြုသည့် အမြင်တခုနှင့် ကင်းဝေးစေရေး ကူညီရန်နှင့် မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော နောက်ခံကားမှ ခက်ခဲရှုပ်ထွေးမှုများကို အသိအမှတ်ပြုပေးရန် ယခင်ကထက် ပိုမို၍ လိုအပ်နေပါသည်။

(Nikkei Asian Review ပါ Thant Myint-U ၏ Myanmar’s resurgent nationalism shapes new political landscape ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading