ဆောင်းပါး

အဂွန်းမီးတောင် ပေါက်တာ စောင့်နေရတဲ့ ဘာလီက အဖွား

Want create site? Find Free WordPress Themes and plugins.

၁၉၆၃ ခုနှစ်တွင် ဘာလီမှ အဂွန်း Agung မီးတောင် နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့စဉ်က လူ ၁၇၀၀ ကျော်သေဆုံးခဲ့ရသည်။ မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသော ချော်ရည်များ၊ ပြာများ၊ ကျောက်တုံးအပိုင်းအစများ နှင့် ဓာတ်ငွေ့များက အထွဋ်အမြတ်ထားရာ တောင်တဝိုက်ရှိ ကျေးရွာများကို ဖျက်ဆီးပစ်ခဲ့သည်။ ချော်ရည်များနှင့် မီတာ အနည်း ငယ် လွဲချော်သွား၍ ကျန်ရစ်နေသည့် တခုတည်းသောအရာမှာ ဘာလီ၏ မိခင်ဘုရားကျောင်း (Mother Temple of Bali) ဟုသိကြသည့် Besakih ဘုရားကျောင်း ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်ကစ၍ အလားတူ ကပ်ဆိုးမျိုးကို စိုးရိမ်ကြောက်လန့်မှုက ကျွန်းကို လွှမ်းမိုးခဲ့ပြီး ထိတ်လန့်နေသော ရွာသူရွာသားများကို ထွက်ပြေးစေခဲ့သည်။ ယခုဆောင်းပါးကို ရေးနေသည့် အချိန်အထိ ကယ်ဆယ်ရေး စခန်း ၄၇၁ ခုတွင် ထွက်ပြေးတိမ်းရှောင်လာသူ ၁၅၀၀၀၀ နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် Ceritalah အဖွဲ့က အဂွန်း မီးတောင်နှင့် ၆၂ ကီလိုမီတာ ခန့်အကွာတွင်ရှိသော ဂီယာညာ Gianyar မြို့စွန်ရှိ ပုဂ္ဂလိက ရံပုံငွေဖြင့် တည်ထောင်ထားသော ကယ်ဆယ်ရေး စခန်းတခုသို့ သွားရောက်ခဲ့ ပါသည်။ ကယ်ဆယ်ရေး စခန်းက မြို့၏ ဘောလုံးကွင်း အနီးတွင်ရှိပါသည်။ အများပြည်သူ အသုံးပြုသည့် ခန်းမတခုကို အသွင် ပြောင်းထားသည့် ကယ်ဆယ်ရေး စခန်း၏ လှေခါးထစ်များပေါ်တွင် ကလေး ၅ ယောက်၏ အဖွားဖြစ်သော အသက် ၅၂ နှစ် အရွယ် Nyoman Gerti ကို ကျနော်တို့ တွေ့ခဲ့ရသည်။ သူက အဂွန်း တောင်စောင်းပေါ်ရှိ Ababi ရွာမှ ဖြစ်ပါသည်။

“စက်တင်ဘာလ ၂၁ ရက်နေ့ ညဘက်မှာ မြေကြီး လှုပ်သွားတာကို ကျမတို့ ပထမဆုံး ခံစားလိုက်ရတယ်။ ကျမနိုးလာ ပြီး မြေးတွေကို ခေါ်လိုက်ပါတယ်။ အားလုံး ဝရုန်းသုံးကာဖြစ်ကုန်တယ်။ လူတိုင်းသူတို့ အိမ်ထဲကနေပြေးထွက်လာ ကြတယ်” ဟု Nyoman Gerti က ကျနော်တို့ကို ပြောပြသည်။

ကယ်ဆယ်ရေး စခန်းရောက် ကလေး ၅ ယောက်၏ အဖွားဖြစ်သော အသက် ၅၂ နှစ် အရွယ် Nyoman Gerti နှင့် မိသားစု

“၁၉၆၃ ခုနှစ်က မီးတောင်ပေါက်ကွဲတာကို မှတ်မိတဲ့သူတွေက ကျမတို့ကို မြစ်တွေနဲ့ ဝေးဝေးနေပြီး ဘေးကင်းအောင် မြေပြင်မြင့်တဲ့ နေရာနားမှာ နေဖု့ိ ပြောကြတယ်။ ကျမ အိမ်ထဲမှ ပြန် မအိပ်တော့ဘူး။”

“ဒါပေမယ့် ငလျင်တွေက ဆက်လှုပ်နေတယ်။ တနေ့ကို နှစ်ကြိမ် သုံးကြိမ်လောက်လှုပ်တယ်။ ကျမ မအိပ်နိုင်ဘူး၊ အာရုံစိုက်လို့လည်းမရဘူး။ စားလို့လဲ မရဘူး။ ဒါကြောင့် ၂ ရက်ကြာတော့ ကျမတို့အားလုံး ဒီကိုပြောင်းလာခဲ့ကြတယ်။ ကျမ အိမ်ကို စိတ်ပူနေတုန်းပဲ။ ဒါပေမယ့် ကျမတို့ မီးတောင်နဲ့ ဝေးတဲ့နေရာကို ရောက်နေပြီလို့ သိနေတာကြောင့် ကျမ စိတ်သက်သက်သာသာ နေနိုင်တယ်။”

ထူးဆန်းသည်မှာ ကယ်ဆယ်ရေး စခန်းတွင် အလုပ်လုပ်နိုင်သည့် အရွယ် အမျိုးသား အလွန်နည်းပါးနေခြင်း ဖြစ် သည်။ “ကျမတို့ မိသားစုတွေက တကွဲတပြားဖြစ်နေတယ်။ ကျမ ခင်ပွန်းနဲ့ သားတွေက ရွာမှာ ရှိနေတုန်းပဲ။ သူတို့က ကျမတို့ ပစ္စည်းတွေကို စောင့်နေကြရတယ်။ မွေးထားတဲ့ တိရိစ္ဆာန်တွေကို စောင့်ရှောက်နေကြတယ်။ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကလေးတွေနဲ့ အတူ လုံခြုံတဲ့ ဒီနေရာမှာ ရောက်နေကြတာပါ” ဟု Nyoman Gerti က ရှင်းပြသည်။

စပ်စုသည့် အနေဖြင့် အခြားမိသားစုများလည်း ဤသို့ရှိပါသလားဟု ကျနော်က အသံကျယ်ကျယ် ဖြင့်မေးလိုက်ပါ သည်။ အနားမှာ ရှိနေသည့် အမျိုးသမီး အားလုံးက သူတို့လက်များ ထောင်ပြကြသည်။

ကျန်ရစ်သော တိရိစ္ဆာန်များကို ကယ်ထုတ်နေကြစဉ်

လူတိုင်းက ဘာလီကျွန်းမှ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု အကြောင်း စဉ်းစားနေချိန်တွင် ကျန်းမာသန်စွမ်း သည့် ပြည်သူများ အန္တရယ်ဇုန်ထဲတွင် သူတို့မွေးမြူထားသည့် တိရိစ္ဆာန်များကို စောင့်ရှောက်ရန် ကျန်ရစ်နေဆဲ ဖြစ် သည်ကို အများစုက ဥပေက္ခာပြုထားကြသည်။

သူ့တွင် နွားမ ၂ ကောင်နှင့် နွားပေါက်လေး ၁ကောက်၊ ဝက် ၁၀ ကောင်နှင့် ကြက်များ ရှိကြောင်း Nyoman Gerti ပြောသည်။ နွားမ တ ကောင်လျှင် အင်ဒိုနီးရှားငွေ ရူပီးယား သိန်း ၈၀ မှ သိန်း ၁၀၀ အထိတန်ပြီး ဝက် တကောင်လျှင် ရူပီးယား ၁၀သိန်း ကျော်တန်ကြေးရှိသည်။ Nyoman Gerti က ခေါင်းကို ခါရင်း “သူတို့ကို ဒီတိုင်းထားပစ်ခဲ့လို့ မဖြစ် ဘူး။ အဖိုးတန်တယ်။ သူတို့က ကျမတို့ရဲ့ အသက်မွေးဝမ်းကျောင်းပဲ။ တကယ်လို့ သူတို့ကို ဆုံးရှုံးလိုက်ရမယ် ဆိုရင် ကျမတို့မှာ ဘာမှမရှိတော့ဘူး” ဟု ထပ်ပြောသည်။

“ကျမတို့ ပြန်သွားဖို့က အန္တရယ်များလွန်းတယ်။ နေ့တိုင်း ငလျင် ၃ ကြိမ်၊ ၄ကြိမ်လောက် လှုပ်နေတယ်။ လူငယ် အ မျိုးသားတွေကတော့ တခုခု ဖြစ်လာရင် သူတို့ ရဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ မြန်မြန်ဆန်ဆန် ထွက်ပြေးလို့ရ တယ်။”

သူ၏ ခင်ပွန်းနှင့် သားများကို သတိရသလားဟု ကျနော်က မေးသောအခါ Nyoman Gerti က“ကျမက အဲဒါကို ကျင့်သားရနေပါပြီ။ ကျမသားတွေက မြို့ပေါ်မှာသွားပြီး ပန်းရန်လုပ်ကြတယ်။ သူတို့က ၁၀ ရက်ကို ၁ကြိမ်လောက်ပဲ အိမ် ကို ပြန်လာနိုင်ကြပါတယ်” ဟု တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။

ယခုအခြေအနေကတော့ ယခင်နှင့် ပြောင်းပြန် ဖြစ်နေသည်။ အမျိုးသမီးများက မြို့များတွင်ရောက်နေကြပြီး အမျိုး သားများက အိမ်စောင့်နေကြရသည်။

သို့သော်လည်း ယခုလို အရေးပေါ် အခြေအနေကို မကြုံတွေ့ရမီက Nyoman Gerti အတွက် အေးချမ်းသော ကျေး လက် ဘဝဖြစ်ခဲ့သည်။

“ကျမတို့ရွာက လွန်ခဲ့တဲ့ ၇ နှစ်ကမှ လျှပ်စစ်မီးရတာ။ အဲဒီအရင်ကဆိုရင် ကျမတို့ ဆီမီးအိမ်တွေ သုံးနေရတုန်းပဲ။ နိုင် လွန်ကတ္တရာလမ်းတွေ မရှိဘူး။ ကွန်ကရစ်လမ်းတွေပဲ ရှိတယ်။”

သူ၏ ကျေးရွာတွင် Nyoman Gerti က ကုန်စုံ ဆိုင်လေးတခု ဖွင့်ထားသည်။ တနေ့လျှင် ပျမ်းမျှ ရူပီးယား ၁၅၀၀၀ (အမေရိကန် ၁ ဒေါ်လာခန့်) ဝင်ငွေ ရှိသည်။

“တခါတလေ လူတိုင်း(မိသားစုဝင်အားလုံး)ကို ကျမကျွေးနိုင်ပါတယ်။ တခါတလေတော့ ကျမ မစားဘဲ ကျမမြေးလေး တွေကိုပဲ ကျွေးရတယ်။ တကယ်တော့ ကျမတို့ အဖေတွေ ခေတ်လောက်ကထဲက စီးပွားရေး အခြေအနေက ပိုဆိုး လာခဲ့တယ်။ ရွာမှာ အလုပ်မရှိဘူး။”

သူ၏ နေ့စဉ်ဘဝက ခက်ခဲသော်လည်း အသက် ၁၇ နှစ် အရွယ်မြေးမလေး Putu Dobriani အကြောင်းကို ပြောသည့် အချိန်တွင် Nyoman Gerti အားရပါးရ ပြုံးနေသည်။

“ကလေးမ ၃ နှစ် သမီးအရွယ်မှာ သူ့အမေ ကျမသမီးက လည်ချောင်းကင်ဆာနဲ့ ဆုံးပါးသွားပါတယ်။ အဲဒီအချိန်ကထဲ က ကျမ သမီးလိုပဲ သူ့ကို မွေးခဲ့ပါတယ်။”

“ကျမ စာရေး၊ စာဖတ် မသင်ခဲ့ရဘူး။ ကျမ အဖေက ဘုန်းကြီးပါ။ အဲဒါကြောင့် သူက အမြဲတမ်း ဘုရားကျောင်း မှာ ရှိနေခဲ့ရတယ်။ ကျမကို ကျောင်းပို့ဖို့ ပိုက်ဆံလည်း မရှိခဲ့ဘူး။ Dobriani ကိုတော့ ပညာသင်ပေးဖို့ ကျမ ဆုံးဖြတ်ခဲ့ ပါတယ်။

“သူက အခု အထက်တန်းကျောင်း ရောက်နေပြီ။ ကျမတို့ မိသားစုထဲမှာ ဒီလိုလုပ်နိုင်တာ သူက ပထမဆုံးပဲ။ သူက နေ့တိုင်း ကျောင်းကို ဆိုင်ကယ်စီးပြီး သွားတယ်။ ဘွဲ့ရတဲ့ အခါ သူက ဟိုတယ်မှာ အလုပ်လုပ်ချင်တယ်။ သူ့အိမ်မက် ကတော့ တနေ့မှာ လက်ပ်တော့ကွန်ပျူတာ တလုံးရဖို့ ပဲ။”

သို့သော်လည်း မီးတောင်ပေါက်ကွဲမှုက သူတို့ရရှိထားသည့် အနည်းငယ်မျှသော တိုးတက်မှုကို အဝေးသို့ ယူဆောင် သွားနိုင်ပါသည်။

သူ၏ သား ၂ယောက်နှင့် တွေ့ဆုံရန် ကျနော်တို့ ညနေပိုင်းတွင် တခေါက်ပြန်ရောက်သွားသည့် အခါ Nyoman Gerti ၏သားများက အိမ်မွေးတိရိစ္ဆာန်များကို မရောင်း မဖြစ်၍ အလွန်နည်းပါးသည့် လျှော့ဈေး ဖြင့် ရောင်းခဲ့ရကြောင်း ပြော ပြ သည်။ သူတို့ အမေကြားသွားလျှင် စိတ်မကောင်းဖြစ်မည် စိုးသည့်အတွက် ကျနော်တို့ကို တီးတိုးပြောခြင်း ဖြစ် သည်။

Nyoman Gerti ကတော့ အေးချမ်းသာယာမှု ပျက်ပြားသွားခဲ့ရသည့် အတွက် စိတ်အနှောက်အယှက် ဖြစ်နေဆဲ ဖြစ် ပါသည်။

“ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာ ကျမ မသိဘူး။ ကျမတို့က အမှားအယွင်း တခုတခုလုပ်မိလို့ ဘုရား သခင်က ဒေါသထွက်တာ ဖြစ်နိုင်တယ်။ သတ္တုတူးဖော်တာတွေကြောင့်များလား။ အဲဒါတွေက သဘာဝကို နှောက် ယှက်နေတာ ဖြစ်ရမယ်။ လူတွေက တောင်ပေါ်ကို တက်ပြီး မရိုမသေ မလေးမစား လုပ်မိတာတွေကြောင့်များလား။”

“အဲဒါက ဘယ်အချိန်မှာ ပေါက်ကွဲလိမ့်မယ် ဆိုတာတောင် ကျမ မသိဘူး။ အောက်တိုဘာလ ၃ ရက်နေ့မှာ ၄ ကြိမ် မြောက်လပြည့်အတွက် ရိုးရာအစဉ်အလာအရ လုပ်ရတာ တခုရှိတယ်။ ကျမ ပြန်သွားချင်တယ်။ ဒါပေမယ့် အရမ်း အန္တရယ်များတယ်လို့ ကျမသားကပြောတယ်။ အဲဒါက နှစ် ၁ နှစ်မှာ အရေးအကြီးဆုံး လပြည့်နေ့ပါ။ ကျမ အရမ်းကို စိတ်ပျက်တယ်။”

ဘာလီကျွန်းသူတယောက်အတွက် ဘဝက ဝတ်ပြုဆုတောင်းခြင်းဖြင့် လည်ပတ်နေသည်။ သူတို့၏ ယုံကြည်မှုများ နှင့် ရိုးရာဓလေ့များက ဘဝဟန်ချက်ညီမျှရေး ခံစားချက်ထဲတွင် ရောယှက်နေသည်။ အဓိကကျသည့် ရိုးရာ အစဉ် အလာတခုကို ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းက စိုးရိမ်စရာ အကြောင်းတခု ဖြစ်သည်။ ဘုရားသခင်ကို စော် ကားခြင်း အဖြစ်ယူဆကြသည်။

“ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ကျမ ဆုတောင်းချင်တယ်။ ကျမမိသားစုရဲ့ အနာဂါတ်အတွက်။ တကယ်လို့ကျမ က လုံလုံလောက်လောက် ဆုတောင်းခဲ့မယ်ဆိုရင် ဘုရားသခင်က ကျမတို့ကို ထောက်ထား ညှာတာမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

ကျနော်ဘာမှ မတတ်နိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်း၏ ပြဿနာများ အတွက် ကမ္ဘာနှင့်ပိုဆိုင်သည့် အဖြေများရှိသည် ဟု ခံစားရပါသည်။

မရေမတွက်နိုင်သော သဘာဝ အန္တရယ်၊ လူသားတို့က ပြုလုပ်သည့် ဘေးအန္တရယ်များမှ ဘာလီကျွန်းက ပြန်လည် နာလံထလာလိမ့်မည် ဖြစ်သည်။ ဘာလီပြည်သူတို့၏ အခက်အခဲများကို ကျော်လွန်နိုင်သည့် စွမ်းရည်ကိုလည်း မြင်ရ လိမ့်မည် ဖြစ်သည်။

နိုင်ငံခေါင်းဆောင်များ အနေဖြင့် အနာဂတ်အတွက်လည်း စဉ်းစားသင့်ပါသည်။

ကယ်ဆယ်ရေးစခန်းရောက် အမေနှင့် ကလေး

ဘာလီ ခရီးသွားလုပ်ငန်းက တနှစ်လျှင် ၂၀ရာခိုင်နှုန်းတိုးတက်နေပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် ဟိန္ဒူအများစု လွှမ်းမိုးရာ ဘာလီကျွန်းသို့ ကမ္ဘာလှည့် ခရီးသည် ၄.၄သန်း လာရောက်ခဲ့သည်။ အကျိုးဆက် အနေဖြင့် နှစ်စဉ် ဒါ ဇင် နှင့် ချီသော ဟိုတယ်များ တိုးလာခြင်း နှင့် အတူ တိုးတက်မှုကလည်း လျှင်မြန်ခဲ့သည်။

သို့သော်လည်း စီးပွားရေး အကျိုးအမြတ်များက ညီမျှမှု မရှိပါ။ ကျွန်းတောင်ပိုင်းက ဧည့်သည်များဖြင့် စည်ကားပြည့် ကျပ်နေသော်လည်း ဝေးလံသော မြောက်ပိုင်းမှ Ababi ကဲ့သို့သော ကျေးရွာများက ဥပေက္ခာပြုခြင်း ခံနေရသည်။

ထို မညီမျှမှုကို ဖြေရှင်းရမည် ဖြစ်သည်။ အရာရာ အခြေတကျ ဖြစ်သွားပြီးသည့် နောက်တွင် အဓိက ကျသည့် ဆောင် ရွက်မှုမှာ ကာလရှည်ကြာစွာ ရပ်တန့်နေခဲ့ရသည့် မြောက်ပိုင်းတွင် (ဆိပ်ကမ်းမြို့တခု ဖြစ်သည့် Singaraja အနီးတွင်) လေဆိပ်တခု တည်ဆောက်မည့် အစီအစဉ်ကို ပြန်လည်စတင်ရေး ဖြစ်ပါလိမ့်မည်။

အဆိုပါလေဆိပ်က တောင်ပိုင်း၏ Ngurah Rai လေဆိပ်မှ လေယာဉ်ပိတ်ဆို့ကြန့်ကြာမှုများကို သက်သာစေပါလိမ့် မည်။ မှတ်တမ်းတင်လောက်အောင် လှပသော်လည်း ဥပေက္ခာပြုထားခြင်းခံရသည့်၊ သဘာဝအတိုင်း မပျက်မယွင်း ရှိနေသေးသည့် မြောက်ပိုင်းသို့လည်း ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ်များ ပျံ့နှံ့ ရောက်ရှိစေပါလိမ့်မည်။

နောက်ဆုံးအကြိမ် မီးတောင်လှုပ်ရှားလာခြင်းက အရေးယူဆောင်ရွက်ရန်အတွက် တွန်းအားတခု ဖြစ်သင့်ပါသည်။ ရှိမြဲအတိုင်းသာ ဆက်လက်၍ ရှိမနေသင့်တော့ပါ။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading