ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေထဲမှာ စစ်တားဆီးရေး၊ နိုင်ငံတွေ ပူးပေါင်းလက်တွဲပြီး ငြိမ်းချမ်းရေးကို ထူထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေအပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို ပြဌာန်းပြီး အဖွဲ့ဝင်နိုင်ငံတွေက လေးစားလိုက်နာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုလည်း ပါဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောက်ထပ်မဖြစ်အောင် ကာကွယ်တားဆီးဖို့ ကြိုးပမ်းတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို လေးစားလိုက်နာမှု ရှိမရှိ ဘယ်လိုစောင့်ကြည့်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားလာကြတဲ့အခါမှာ နိုင်ငံအစိုးရတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေ ထည့့်သွင်းပြဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်တွေကို လိုက်နာပါမယ်ဖြစ်ကြောင်း ကတိပြု လက်မှတ်ရေးထိုးခိုင်းပြီး ပုံမှန်ဆန်းစစ်တဲ့လုပ်ငန်းတခုကို ထူထောင်လာခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်တွေ (Treaties) တွေကို ပြဌာန်းပြီး စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်မို့လို့ ကုလသမဂ္ဂမှာ (Treaties based Procedure) လို့ လူသိများပါတယ်။
ကုလသမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လိုက်နာသင့်တယ်ဆိုပြီး ပညာရှင်တွေက ပြဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေပါဝင်တဲ့ စာချုပ်တွေ ရှိပါတယ်။ တိတိကျကျပြောရရင် လူ့အခွင့်အရေး ဆိုင်ရာ စာချုပ်စာတမ်း ၉ ခု ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို လေးစားလိုက်နာမှု ဘယ်လောက်အထိရှိသလဲ ဆန်းစစ်တဲ့နည်းတခုကတော့ ဒီလူ့အခွင့်အရေးစာချုပ်တွေထဲက စာချုပ်ဘယ်နှစ်ခုကို လေးစားလိုက်နာကျင့်ကြံပါမယ်လို့ ကမ္ဘာ့အလည်မှာ ကတိပြုလက်မှတ်ထိုးသလဲဆိုတဲ့ အချက်တချက်လည်း ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ လိုက်နာမယ်ပြောပြီး အမှန်တကယ် လိုက်နာမှု ရှိမရှိကို လေ့လာဆန်းစစ်သော လုပ်ထုံးလုပ်နည်းလည်း ပါဝင်ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ် ပင်မစာချုပ် ၉ ခုရှိတဲ့အနက် အားလုံးကို လက်မှတ်ထိုးတဲ့နိုင်ငံ အရေအတွက်ကတော့ တော်တော်လေးနည်းပါးပါတယ်။ အများစုကတော့ ၅ ခု ၆ ခုလောက်ကို ထိုးလေ့ရှိပါတယ်။ ဒီလောက်အရေအတွက်ကို ထိုးတဲ့နိုင်ငံဆိုရင် ကမ္ဘာ့အလည်မှာ မျက်နှာမငယ်လောက်တဲ့ နိုင်ငံလို့ကို ပြောလို့ ရပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက စာချုပ်ကြီး ၉ ခုအနက် ၈ ခု၊ အင်ဒိုနီရှားနဲ့ ထိုင်းနိုင်ငံက ၇ ခုလောက်ကို ထိုးထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစာချုပ်ကြီး ၉ ခုအနက် စီဒေါစာချုပ် (CEDAW အမျိုးသမီး အခွင့်အရေး စာချုပ်) ကို ၁၉၉၇ ခုနှစ်၊ စီအာစီ (CRC -ကလေးသူငယ် အခွင့်အရေးစာချုပ်) ကို ၁၉၉၁ ခုနှစ်နဲ့ စီအာပီဒီ (CRPD မသန်စွမ်းသူများ အခွင့်အရေးစာချုပ်)တို့ကို ၂၀၁၁ ခုနှစ် တို့မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ယခင် စစ်အစိုးရလက်ထက်မှာ အမျိုးသမီးနဲ့ ကလေးအခွင့်အရေးစာချုပ်ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအစိုးရကာလအတွင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က နောက်ထပ် လူ့အခွင့်အရေးစာချုပ်တခုဖြစ်တဲ့ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ် (International Covenant on Economic, Social and Cultural Rights – ICESCR) အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ် (အတိုကောက် စီးလူယဉ်စာချုပ်) ဟာ မြန်မာနိုင်ငံက အတည်လက်မှတ်ရေးထိုးလိုက်တဲ့ ၄ ခုမြောက် နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ် ဖြစ်လာခဲ့ပါတယ်။
စီးလူယဉ်စာချုပ်နဲ့ အတူ ယှဉ်တွဲပေါ်လာတဲ့ နိုင်ငံတကာစာချုပ် နောက်တခုကတော့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ် (International Covenant On Civil and Political Rights) ဖြစ်ပါတယ်။ ဒီနောက်ထပ်စာချုပ်ကိုတော့ မြန်မာနိုင်ငံက အခုထိ ပဏာမအဆင့်တောင်မှ လက်မှတ်မထိုးသေးပါဘူး၊ ဒီစာချူပ်နှစ်ခုစလုံးကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပြဌာန်းခဲ့ပါတယ်။ စီးလူယဉ်စာချုပ်ကတော့ ၁၉၇၆ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ်မှာတွေ့ရပြီး စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေး တွေကိုတော့ စီးလူယဉ်အခွင့်အရေးမှာ တွေ့ရပါတယ်။ အခွင့်အရေးအမျိုးအစားနှစ်ခုက မတူညီတဲ့သဘော တရားတွေရှိတဲ့အတွက် အခုလို စာချုပ်ကြီးနှစ်ခု ကွဲပြားလာတာဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ကြ ပါတယ်။ ဒီလို ပင်မစာချုပ်နှစ်ခုကို ပြဌာန်းနိုင်ခဲ့ခြင်းက နိုင်ငံသား၊ နိုင်ငံရေးအခွင့်အရေးများနဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများဟာတခုနဲ့တခု ဆက်စပ်မှုရှိနေပြီး အပြန်အလှန် မှီတွယ်လျက် ရှိသည်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တနည်းအားဖြင့် သက်သေပြနေတာဖြစ်ပါတယ်။ သဘောတရားကွဲပြားပေမယ့် ဆက်စပ်မှုရှိတယ်ဆိုတဲ့သဘောပါ။
စီးလူယဉ်စာချုပ်မှာ အပိုဒ်ပေါင်း ၃၀ ပါဝင်ပါတယ်။ စာချုပ်မှာပါတဲ့အပိုဒ်တွေကတော့အပိုဒ် (၁) လူတိုင်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူတိုင်းသည် နိုင်ငံရေးအဆင့်အတန်းအပါအဝင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုများကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
အပိုဒ် (၂) စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် မိမိတွင်ရှိသော ရင်းမြစ်များအား အစွမ်းကုန်အသုံးပြု၍ ယခုစာချုပ်တွင်ပါသော အခွင့်အရေးများကို အမြင့်မားဆုံးသို့ တဖြေးဖြေးရောက်ရှိ ခံစားနိုင်အောင် အဆင့်ဆင့် လုပ်ဆောင်ပေးရမည်။
အပိုဒ် (၃) စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသား၊ အမျိုးသမီးခွဲခြားခြင်း မရှိစေဘဲ ယခုစာချုပ်ပါ အခွင့်အရေးများကို ကျားမ မရွေး တန်းတူခံစားခွင့်ရရန် အာမခံပေးရမည်။
အပိုဒ် (၄) အစိုးရအနေဖြင့် ဒီမိုကရေစီလူ့ဘောင်ရှိ အများအကျိုးအတွက် ရှေ့ရူ၍ အချို့အခွင့်အရေးများအား သင့်လျော်သလို ကန့်သတ်ထားနိုင်သည်။
အပိုဒ် (၅) စာချုပ်ပါအခွင့်အရေးများကို ပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် ဤစာချုပ်ကို မည်သည့် လူတဦးကဖြစ်စေ၊ အုပ်စုတစုကဖြစ်စေ၊ အစိုးရဖြစ်စေ မပြုလုပ်ရ၊
အပိုဒ် (၆) လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်ရှိသည်။
အပိုဒ် (၇) လူတိုင်းသင့်တင့်လုံခြုံသော လုပ်ငန်းခွင်ရရှိခွင့်ရှိသည်။ အလုပ်ရှင်က ကြောင်းကျိုးမဲ့ အလုပ်မှ ထုတ်ပစ်ခြင်းနှင့် အဓမ္မလုပ်အားစေခိုင်းခြင်းတို့ကို ကာကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည်။ အမျိုးသမီးအလုပ်သမားများအတွက် အမျိုးသားများထက် မနိမ့်ကျသော လုပ်ငန်းခွင်အခြေအနေများကို အာမခံရန် အစိုးရတွင် တာဝန်ရှိသည်။
အပိုဒ် (၈) လူတိုင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့များနှင့် ပူးပေါင်းပါဝင်ခွင့်ရှိသည်။
အပိုဒ် (၉) လူမှုဖူလုံရေး အခွင့်အရေးများကို ခံစားခွင့်ရှိရမည်။ ထိုလူမှုဖူလုံရေးအခွင့်အရေးများအတွက် ဆေးဝါးကုသပိုင်ခွင့်၊ လစာနှင့် ဆေးခွင့်၊ သားဖွားခွင့်၊ အာမခံ၊ အသက်အာမခံ၊ သက်ကြီးရွယ်အိုအာမခံ၊ မတော်တဆဒဏ်ရာရမှုအာမခံ၊ အလုပ်မှထုတ်ပစ်ပါက လျှော်ကြေးငွေအာမခံ၊ မိသားစုအာမခံတို့ အကြုံးဝင်သည်။
အပိုဒ် (၁၀) မိသားစု ကာကွယ်စောင့်ရှောက်ပေးမှုကို အစိုးရင တာဝန်ယူလုပ်ဆောင်ပေးရမည်။ အလုပ်လုပ်သူမိခင်များနှင့် ကလေးများအား စောင့်ရှောက်ရေးတို့ကို အစွမ်းကုန်ကာကွယ်ပေးရမည်။ အလုပ်လုပ်ခွင့်ပြုသည့် ကလေးအသက်အရွယ်ကို ကန့်သတ်သတ်မှတ်ပေးရမည်။
အပိုဒ် (၁၁) လုံလောက်မျှတသော လူနေမှုအဆင့်အတန်းရရှိရေးအတွက် အစိုးရက လုပ်ဆောင်ပေးရမည်။ လုံလောက်မျှတသော လူနေမှုအဆင့်အတန်းရရှိရေး လိုအပ်ချက်များဖြစ်သည့် တိုးတက်ကောင်းမွန်သော လူနေမှုအဆင့်အတန်း၏ လုံလောက်သော အစားအစာ၊ အဝတ်အစား၊ နေထိုင်စရာ အိမ်ယာစီမံကိန်းတို့ အကြုံးဝင်သည်။
အပိုဒ် (၁၂) လူထု၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အမြင့်မားဆုံးနှင့် အဖြစ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် အစိုးရတွင ်တာဝန်ရှိသည်။ ထိုအခွင့်အရေးများတွင် လုံခြုံပြီး ကျန်းမာရေးရူထောင့်နှင့် ကိုက်ညီသော ပတ်ဝန်းကျင်ရရှိရေးအချက်လည်း အကြုံးဝင်သည်။
အပိုဒ် (၁၃) ကျား၊မ၊ အသက်အရွယ်၊ ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ ရွေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးများ၊ လူမျိုးစု၊ ဘာသာရေးလူနည်းစုတို့မှ ကလေးငယ်များအားလုံးအပါအဝင် လူတိုင်း ပညာသင်ကြားခွင့်ရှိရမည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့ဖြစ်ရမည်။
အပိုဒ် (၁၄) ထိုသို့ မူလတန်းပညာ အခမဲ့ဖြစ်စေရန်အတွက် အစိုးရအနေဖြင့် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
အပိုဒ် (၁၅) ယဉ်ကျေးမှုဘဝထဲတွင် လူတိုင်းပါဝင်ခွင့်သာမက ခေတ်မှီသိပ္ပံပညာ၏ တိုးတက်မှု အကျိုးကျေးဇူးများတွင် ပါဝင်ခံစားခွင့်တို့ရှိသည်။ လူတဦးတယောက်၏ သိပ္ပံပညာ၊ စာပေ၊ အနုပညာ ထူးချွန်မှုအပေါ် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှုတို့ကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ပေးရမည်။
အပိုဒ် (၁၆-၃၀) ကတော့ စာချုပ်ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းများဖြစ်ပါတယ်။
စီးလူယဉ်စာချုပ်မှာ ပါတဲ့အခွင့်အရေးတွေကို ပြည်သူတွေရရှိခံစားနိုင်အောင် လုပ်ဆောင်မယ်ဆိုရင် အချိန်၊ ငွေကြေး၊ နည်းပညာတွေ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်ကို တချို့သောနိုင်ငံတွေက အခွင့်ကောင်း ယူတတ်ကြပါတယ်။ ဘယ်လို အခွင့်ကောင်းယူနေတတ်လဲဆိုရင် အစိုးရအနေနဲ့ ပြည်သူတွေ ဘဝမြှင့်တင်ရေးကို အားကြိုးမာန်တက်လုပ်ဆောင်ချင်ပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးမကောင်းတာ၊ နိုင်ငံတကာက ပူးပေါင်းကူညီမှုမရှိတာ၊ အရင်အစိုးရဟောင်းက ခြစားထားတာတွေကို ပြန်ပြင်နေရတာကြောင့် အပြည့်အ၀ မလုပ်နိုင်သေးဘူးလို့ ဆင်ခြင်ပေးတတ်တာတွေ ရှိပါတယ်။
ဒီလိုဆင်ခြေတွေပေး အကြောင်းပြပြီး အမှန်တကယ် စာချုပ်ပါအခွင့်အရးတွေကို မလိုက်နာတာမျိုးူ မလုပ်နိုင်ဖို့အတွက် လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ စာချုပ်ပါ အချက်တွေကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နေသလဲဆိုတဲ့အပေါ် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေး ကော်မတီက စောင့်ကြပ်လေ့လာပါတယ်။
တကယ်လို့ သက်ဆိုင်ရာနိုင်ငံက လိုအပ်တဲ့ နောက်ဆက်တွဲ အချက်အလက်တွေကို တင်ပြနိုင်ခြင်း မရှိရင် ကော်မတီအနေနဲ့ လိုအပ်တဲ့ ဆန်းစစ်မှုများ၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီများ၊ အကြံပေးချက်များ ပံ့ပိုးနိုင်ရန် အဖွဲ့ဝင်တဦး သို့မဟုတ် နှစ်ဦးပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံအတွင်းလေ့လာဖို့ စေလွှတ်ခြင်းကို လက်ခံရန် အစိုးရကို ပန်ကြားနိုင်ပါတယ်။ လုပ်ဆောင်သင့်တဲ့အချက်တွေကို အကြံပြု တင်ပြပြီး လုပ်ဆောင်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။
ဒီစာချုပ်မှာပါတဲ့အပိုဒ်တပိုဒ်နဲ့ ပတ်သက်လို့ကတော့ အစိုးရအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထုတ်ဖော်ပြောဆိုထားတာ ရှိပါတယ်။ အဲဒီအပိုဒ်ကတော့ စာချုပ်ပါအပိုဒ် (၁) ဖြစ်တဲ့ “ကိုယ်ပိုင်ဆုံးဖြတိခွင့်”နဲ့ပတ်သက်တဲ့ အစိုးရရဲ့ ရပ်တည်ချက်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံအစိုးရဟာ ၁၉၉၃ ခုနှစ် ဗီယင်နာကြေညာစာတမ်းကို လက်ခံပေမယ့် ဒီစာချုပ်မှာပါတဲ့ “ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်”ဆိုတာ အချုပ်အခြာအာဏာကို ထိပါး မယ့် လွတ်လပ်ခွင့်မျိုးကို မဆိုလိုကြောင်း သို့မဟုတ် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲစည်းပုံအခြေခံဥပဒေကို ထိပါးအောင် အသုံးချခြင်းမျိုး မဟုတ်သောလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို တွေ့နိုင်ပါတယ်။
ဒီလိုထုတ်ဖော်ပြောကြားထားတဲ့အတွက် ယခုလက်ရှိတိုင်းပြည်ကနေ ခွဲထွက်တာ၊ ပြိုကွဲတာမျိုးကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအပိုဒ်နဲ့ပတ်သက်လို့ နိုင်ငံတချို့မှာလဲ အခုလို အစိုးရရဲ့ အာဘော်ကို ထုတ်ဖော်ပြောဆိုထားတာ တွေ့ရလေ့ရှိပါတယ်။ ဒီအပိုဒ်မှာပါဝင်တဲ့ “ကိုယ်ပိုင်ပြဌာန်းချက်”နဲ့ ခွဲထွက်တာမျိုးကို ဆိုလိုတာမဟုတ်ဘဲ မတူညီတဲ့ ဝိသေသလက္ခဏာတွေကို အသိအမှတ်ပြုပြီး မခွဲထွက်ချင်တဲ့စိတ်ဓာတ်မျိုးကို မွေးမြူပြီး အတူတကွ ပေါင်းစည်းနေထိုင်တာမျိုးကို ဆိုလိုနိုင်တာလည်း သဘောပေါက်ဖို့ လိုအပ်ပါတယ်။
ဒီစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်းဟာ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးတွေ တိုးတက်ထွန်းကားအောင် အစိုးရက အစွမ်းဆောင်နိုင်ဆုံး လုပ်ဆောင်ပေးဖို့ ကတိကဝတ်ပြုလိုက်တာမို့ ကြိုဆိုပါတယ်။ အစိုးရက နိုင်ငံတကာမှာ လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ ပြည်သူတွေအတွက် အကျိုးရှိမယ့်ကဏ္ဍတွေမှာ တိုင်းပြည်ရဲ့ရင်းမြစ်တွေကို အမှန်တကယ် သုံးမသုံးကို စောင့်ကြပ်စိစစ်ဖို့အတွက်ကတော့ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ပြည်သူတွေအပြင် နိုင်ငံတော်ဘတ်ဂျက်ကို ဆုံးဖြတ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဖြစ်လာပါပြီ။
တိုင်းပြည်ရဲ့ အသုံးစားရိတ်ကို ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေး တွေ တိုးတက်မြှင့်မားအောင် လုပ်ဆောင်တဲ့ ကဏ္ဍတွေမှာ ဦးစားပေးသုံးနိုင်တော့မလား။ နိုင်ငံတော်ဘတ်ဂျက်တွေ ဆီးသီးဗန်းမှောက်သလို အစပျောက်သုံးတာတွေကို တားဆီးနိုင်မှာလား။ နိုင်ငံတော်ဘတ်ဂျက်သုံးစွဲမှုကို ဆန်းစစ်နိုင်သော လုပ်ငန်းစဉ်တွေကို မဖြစ်မနေ ထူထောင်ရတော့မှာ ဖြစ်ပါတယ်။
ဒီ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှု အခွင့်အရေးစာချုပ်အပြင် လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင်အရေးဆိုင်ရာစာချုပ် (ICCPR) နဲ့ နှိပ်စက်ညှင်းပမ်းမှုစာချုပ် (CAT) စာချုပ်တွေကိုလည်း အမြန်ဆုံး လက်မှက်ထိုးရင်း မြန်မာနိုင်ငံ နယ်နမိတ်တွင်းရှိ လူသားအားလုံးရဲ့ အခွင့်အရေးတွေကို အမှန်တကယ် လေးစား၊ ကာကွယ်၊ ဖြည့်ဆည်းပေးနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။
(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)