ကချင်ပြည်နယ် တနိုင်းဒေသက တူးဖော်ရရှိတဲ့ နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိ ဒိုင်နိုဆောအမြီး အပိုင်းအစလေး နစ်မြုပ်နေတဲ့ ပယင်းကျောက်အကြောင်း ၂၀၁၆ ခုနှစ်အတွင်းက ကမ္ဘာတဝန်းလုံး သတင်းပျံ့ပြီးတဲ့နောက်မှာတော့ တနိုင်း က ပယင်းမှော်တွေဟာ ကျောက်တူးဖော်ရေး လုပ်ငန်းကနေ စစ်မြေပြင် အသွင်ပြောင်းသွားခဲ့ပါတယ်။
ပယင်းမှော်တွေရဲ့ ကနဦးပိုင်ရှင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ခဲ့တဲ့ မှော်နယ်မြေ တချို့ကို ဇွန်လ ပထမပတ်က စလို့ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ထိန်းသိမ်းလိုက်ပါတယ်။
အဲဒီ ပယင်းမှော်တွေကို တပ်မတော် တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေလို့ လုပ်ငန်းတွေ ပြန်စလုပ်ဖို့လည်း ခက်ခဲသွားရ ပါ တယ်။
တနိုင်းမြို့က တည်းခိုခန်းပိုင်ရှင် ဒေါ်ရွယ်တောင်က “ဇွန်လ တိုက်ပွဲဖြစ်တုန်းက မှော်က အလုပ်သမားတွေ ပြေးလာကြတာ ဆိုတာ တကယ့် ကမ္ဘာပျက်တဲ့အတိုင်းပဲ။ အခုမှော်တွေ ရပ်ထားရတယ်ဆိုတော့ တနိုင်းမြို့က လုံးဝ ခြောက်ကပ် သွား တာ။ ဘယ်တုန်းကမှ လူမပြတ်ခဲ့တဲ့ ကျမတို့ တည်းခိုခန်းဆို အခု တည်းမယ့်လူတောင် မရှိတော့ဘူး”လို့ ပြောပါတယ်။
အရင်က KIA ကို အခွန်ပေးရင် လွတ်လွတ်လပ်လပ် သွားလာလို့ ရတဲ့ ပယင်းမှော်တွေ အနီးအနားမှာ အခုတော့ တပ်မတော် နဲ့ KIA နှစ်ဘက်လုံးက မိုင်းတွေ ထောင်ထားလို့ အန္တရာယ် သိပ်များတယ်ဆိုပြီးလည်း တနိုင်းဒေသခံတွေက ပြောဆိုနေကြပါတယ်။
KIA ထိန်းချုပ်စဉ်က ပယင်းလုပ်ငန်း
တနိုင်းမြို့နယ်ထဲက ပယင်းမှော်တွေဆီကို တနိုင်းချောင်းအတိုင်း စက်လှေတွေနဲ့ သွားနိုင်သလို ကုန်းလမ်းကနေလည်း ဆိုင်ကယ်တွေနဲ့ သွားနိုင်ပါတယ်။
မှော်အားလုံးဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်းမရှိသေးတဲ့ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေ ထဲမှာ ရှိနေတာပါ။
ပယင်းကုန်သည်တွေ ကျင်းလုပ်သားတွေ ပြောဆိုချက်အရ KIA က ၂၀၁၂ ခုနှစ် အစောပိုင်းကတည်းက အနယ်နယ် အရပ်ရပ် က လာတဲ့လူတွေကို အခွန်အခ ဆောင်ခိုင်းပြီး တူးဖော်ခွင့်ပေးတာလို့ သိရပါတယ်။
ပယင်း လုပ်ငန်းရှင် ဦးဇော်လွမ်တူးက “၂၀၁၆ တုန်းက ပေ ၅၀ ပတ်လည်ကို ကျပ် ၅ သိန်း ပေးရတယ်။ တနိုင်တပိုင် တကျင်း တူးရင်တော့ တကျင်းစာပဲ ပေးရတာပေါ့။ တခါပေးရင် တနှစ်စာလို့ ပြောတာပါပဲ”လို့ ပြောပြပါတယ်။
ဦးဇော်လွမ်တူး ပြောပြတဲ့ ကျင်းဈေးနှုန်းတွေက ကျင်းမတူးခင်မှာ မြေနေရာအတွက် ပေးရတဲ့ နှုန်းထားတွေ ဖြစ်ပြီး တူးပြီး လို့ ပယင်းကျောက်တွေ ထွက်ရင်တော့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို အခွန်အခအဖြစ် KIA ကို ထပ်မံ ပေးရတာပါ။
ပယင်း လုပ်ငန်းရှင်တဦးက ကျင်းတကျင်းကို ကျင်းလုပ်သား ၅ ဦးကနေ ၁၅ ဦးအထိ ငှားရမ်းပါတယ်။
ကျင်းတူးတဲ့အခါ ကုန်ကျတဲ့ စရိတ်နဲ့ ကျင်းသားတွေရဲ့ စားဝတ်နေရေးကို လုပ်ငန်းရှင်က အကုန်အကျ ခံရပြီး ပယင်း ကျောက် ရတဲ့အခါ ၃ စု ၁ စု ဝေပုံကျခွဲပြီး ၁ စုကို ကျင်းသားတွေက လုပ်အားခ အဖြစ် ရပါတယ်။
မှော်ထဲက ကျင်းတွေကို စက်ယန္တရားတွေနဲ့ တူးဖော်တာ မဟုတ်ဘဲ လူတကိုယ်စာ ဝင်လို့ရတဲ့ ၄ပေ ပတ်လည်တွင်း ရအောင် လက်ကိုင် မြေဖောက်စက်တွေနဲ့ ပေ ၂၀ ၊ ပေ ၃၀ ကနေ ပေ ၁၀၀ ၊ ပေ ၃၀၀ ထိ နက်နက်တူးပြီး ပယင်း ကျောက် ရှာပုံတော် ဖွင့်ကြတာပါ။
ကျင်း နက်ရင် နက်သလို ရေတွေထွက်လာတဲ့အခါ ရေစုပ်စက်နဲ့ စုပ်ထုတ်၊ ကျင်းထဲ အောက်ဆီဂျင် ရအောင် စက်တွေနဲ့ လေပေးတာတွေ လုပ်ကြပါတယ်။
ကျင်းကို တည့်တည့် နက်နက်တူးပြီးတဲ့အခါ ပယင်းအကြောကို ရှာပြီး ဘေးဘက်တွေကို လိုဏ်ခေါင်းလို အပေါက်တွေ ဖောက်၊ လူတကိုယ်စာ ဝင်လို့ ရအောင် သစ်လုံးတွေနဲ့ ထောက်ပြီး ကျင်းသားက လိုဏ်ခေါင်းထဲမှာ ပယင်းရှာရတာပါ။
တခါတလေ လိုဏ်ခေါင်းဖောက်တာ မှားယွင်းပြီး မြေပြိုကျတာတို့ ရေကြောကို ဖောက်မိပြီး ရေတွေ ထွက်လာတာမျိုး တွေ မှာ ကျင်းထဲကလူက အပေါ်ကို ချက်ချင်း ပြန်မတတ်နိုင်ရင် အသက်ဆုံးပါးတာတွေ ကြုံကြရပါတယ်။
အခန့်မသင့်လို့ မြေပြိုတာတွေ ဖြစ်တဲ့အခါ ထိခိုက်မှုနည်းအောင် ကျင်းသားတွေကို လုပ်ငန်းခွင်သုံး ဦးထုပ်တွေ၊ ကျင်းဆရာ တွေနဲ့ ဆက်သွယ်လို့ရမယ့် စကားပြောစက်တွေကို တပ်ဆင်ပေးရတယ်လို့ ဦးဇော်လွမ်တူးက ပြောပါတယ်။
ပယင်း တူးဖော်တဲ့ အစောပိုင်း ကာလတွေမှာ မြေအနေအထား၊ ကျင်းတူးဖော်တာတွေ မကျွမ်းကျင်တာ နည်းပညာ မသုံး တတ် တာတွေကြောင့် ကျင်းပြိုကျပြီး ကျင်းသားတွေ သေဆုံးတာ မကြာခဏဖြစ်ပွားခဲ့ပေမယ့် အခုနှစ်ပိုင်း တွေမှာတော့ ကျင်းထဲ အောက်ဆီဂျင် မပြတ်အောင် လေပေးတဲ့ စက်တွေ ကျင်းအတွင်းနဲ့ အပြင်ကို ဆက်သွယ်လို့ ရတဲ့ စကားပြောစက် တွေ အသုံးပြုလာကြတာကြောင့် အန္တရာယ်ကို ကာကွယ်နိုင်တာတွေ ရှိလာတယ်လို့လည်း ဦးဇော်လွမ်တူးက ဆိုပါတယ်။
“တော်တော် အန္တရာယ်များပါတယ်။ မြေကြီးအနက်ကြီးထဲဝင်တော့ လေပြတ်တာ တခါတလေ မြေကြီးအောက်မှာ သဘာဝ အရ ပထဝီ အနေအထားအရ နှစ်ပေါင်းများစွာ လုံံးထွေးနေတဲ့ အညစ်အကြေးရဲ့ ဂက်စ်တွေ ပေါက်လာတဲ့ အခါကျရင် မီး ထလောင်တတ်တယ်။ အဲ့ဒီလိုမျိုးတွေကျရင် အသက်ဆုံးရှုံးတာတွေ ရှိတယ်။ ရှိခဲ့ဖူးတယ်” လို့လည်း သူက ပြောပါတယ်။
ပယင်းတူးဖို့ ကျင်းထဲဝင်တဲ့ အခါမှာလည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ဆုတောင်းခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိတယ်လို့ ကျင်းလုပ်သား ဦးဖြိုးကိုကလည်း ပြောပါတယ်။
ဦးဖြိုးကိုက “ကျနော် မှော်မှာ ကျင်းသားလုပ်တာ တိုက်ပွဲမဖြစ်ခင်ထိဆို ၂နှစ်ကျော်ပေါ့။ ဒီ၂နှစ်ကျော်မှာ သူများတွေ မြေပြို လို့ သေတာတွေ ကြုံရတယ်။ ကျင်းကို အောက်ဘက် တည့်တူးတဲ့အခါမှာ ပြဿနာမရှိ နိုင်ပေမယ့် ဘေးဘက် က ပယင်း ကြောတွေကို နှိုက်ဖို့ ထပ်တူးတဲ့အခါမှာ မြေပြိုတာတွေ ကြုံရနိုင်တယ်။ အသက်ဆုံးရှုံးနိုင်တာပေါ့ဗျာ”လို့လည်း ပြောပါ တယ်။
ဦးဇော်လွမ်းတူး ကတော့ အန္တရာယ်များတဲ့ မှော်ထဲမှာ ပယင်းတမျိုးတည်း ထွက်တာမဟုတ်ဘဲ ရွှေလည်း တူးဖော်လို့ ရ သလို ကျောက်နီတွေလည်း ထွက်တယ်လို့ ပြောပြပါတယ်။
တခါတရံမှာ စိန် အနည်းငယ်ကိုတောင် တူးဖော် တွေ့ရှိရတယ်လို့လည်း ဦးဇော်လွမ်တူးက ပြောပါသေးတယ်။
တရုတ် ဝယ်လက်နဲ့ ပယင်း ဈေးကွက်
KIA မှော်တွေထဲက ထွက်ရှိတဲ့ ပယင်းကျောက်တွေကို အဓိက ဝယ်ယူသူတွေကတော့ တရုတ်ကုန်သည်တွေပါ။
ပယင်းကို လက်ဝတ်ရတနာအဖြစ် ဆောင်ထားရင် ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာသလို ပယင်းအစွမ်းက ကျန်းမာရေး ကောင်းတယ်၊ သွေးလိမ်းရင် မျက်နှာက တင်းတိတ်တွေ ပျောက်တယ်၊ ခေါင်းအုံးထဲ ထည့်အုံးရင် ခေါင်းကိုက် ပျောက်တယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ တရုတ်တွေက ဝယ်ယူကြတာပါ။
ပယင်းအစစ်က ဆားငန်ရေပေါ်မှာ မြုပ်မသွားဘဲ ပေါ်နေပြီး ကျောက်တုံးလို အလေးချိန်မစီးဘဲ ပေါ့ပါတယ်။
ပယင်း လုပ်ငန်းရှင်တွေက ပယင်းကျောက် အရိုင်းတုံးတွေကို ကြည်လင်ပြောင်လက်နေတဲ့ ရောင်းတန်းဝင် ပယင်း ဖြစ်အောင် သွေးယူပြီး တရုတ်ကုန်သည်တွေဆီကို ရောင်းကြပါတယ်။
ပယင်းလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးအောင်ထူးက “ပယင်းကို ကန်ပိုက်တည်၊ ထိန်ချုံးလမ်းကနေပဲ တရုတ်ကို ရောင်းတယ်။ တန်ဖိုး ရှိတာတွေက တရုတ်ဝယ်လက်ကို သွားတာများပါတယ်။ တချို့ချိတ်ရှိတဲ့ သူတွေက အနောက်နိုင်ငံဘက်က ကုန်သည် တွေကို ရောင်းတာတွေလည်း ရှိတယ်။ များသောအားဖြင့်ကတော့ တရုတ်ပါပဲ။ မြန်မာမှာက ဝယ်လက်သိပ် မရှိဘူး” လို့ ဆိုပါတယ်။
အရည်အသွေး ထိပ်တန်းမဟုတ်တဲ့ ပယင်းကျောက်တွေကိုတော့ တနိုင်းမြို့၊ ဝိုင်းမော်မြို့၊ မြစ်ကြီးနားမြို့က ပယင်း ဈေးကွက်တွေမှာလည်း လက်ကောက်၊ ဆွဲကြိုး၊ ဆွဲသီး၊ လက်စွပ်၊ ပယင်းခေါင်းအုံး စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရောင်းချကြ တာကို မြင်တွေ့ရပါတယ်။
ကချင်ပြည်နယ်ထဲက ပယင်းဈေးကွက်တွေမှာတော့ ပယင်းကို အရောင်အလိုက် ကာလာဆန်း၊ ဒီဇယ်၊ အဝါကြည်၊ ကြက်သွေး၊ ဝက်ဆီ၊ လက်ဖက်စိမ်း၊ လိမ္မော်၊ အနီ၊ စပျစ်ချို ဆိုပြီး အမည်တွေ ခွဲခြားထားပါတယ်။
ပြည်တွင်း ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတာကတော့ ဒီဇယ်ရောင် တောက်တောက်ရှိတဲ့ ဒီဇယ်ပယင်း၊ ဖန်သား အဝါရောင်လို ကြည်နေတဲ့ အဝါကြည်ပယင်း၊ ကြက်သွေးရောင် တောက်နေတဲ့ ကြက်သွေးပယင်း၊ အဖြူရောင် အနှစ်အခဲတွေ ဖြစ်နေတဲ့ ဝက်ဆီပယင်း၊ ကြည်လဲ့လဲ့ အစိမ်းရောင်ဖျော့ဖျော့ ရှိတဲ့ လက်ဖက်စိမ်း ပယင်းတွေပါ။
တခါတလေမှာ ဒီဇယ်ရောင်နဲ့ ဝက်ဆီစပ်ထားတဲ့ ပယင်းထဲမှာ ရွှေမှုန်တွေ အများကြီး နစ်မြုပ်နေတဲ့ ပယင်းမျိုး ကိုလည်း တွေ့ရတတ်ပါတယ်။
လိမ္မော်ရောင်၊ အနီရောင်နဲ့ အပြာလဲ့လဲ့ ရှိတဲ့ စပျစ်ချိုပယင်းတွေကိုတော့ ပြည်တွင်းဈေးကွက်တွေမှာ တွေ့ရနည်းပါတယ်။
ပယင်းကျောက် ရောင်းဈေးတွေက ကျပ် ၂၀၀၀ ကနေ ကျပ်သိန်း ထောင်ချီထိ ပေါက်ဈေးတွေ အသီးသီးရှိပါတယ်။
ဦးအောင်ထူးက “ပယင်း အရည်အသွေးကို ကြည့်တဲ့အခါ အမှိုက်ကင်းစင်လား၊ အနာအဆာပါလား၊ အမှိုက်မှုန်တွေ များနေလား။ အက်ကြောင်းပါလား ဆိုတာကိုကြည့် တန်ဖိုးဖြတ်တယ်။ အမှိုက်အနာပါရင်တော့ တန်ဖိုးကျတယ်။ ကြည်လင်နေရင်တော့ ဈေးရတယ်။ ကြည်လင်နေတဲ့ ထဲမှာမှ အကောင် ပါရင်တော့ ပိုဈေးမြောက်တာပေါ့”လို့ ရှင်းပြ ပါတယ်။
ပယင်းထဲမှာ ခြင်၊ ပုရစ်၊ လိပ်ပြာ၊ ပင့်ကူ၊ ပျား၊ ခါချဉ်၊ ပုရွက်ဆိတ်၊ သစ်ခက်နဲ့ ပန်းပွင့်လေးတွေ နစ်မြုပ်နေတာကို အများဆုံး တွေ့ရတယ်လို့ ပယင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
တခါတရံတွေ့ရတဲ့ ပယင်းထဲက ခါချဉ်၊ ပုရွက်ဆိတ်၊ ပင့်ကူ၊ ပျားတွေက အခုခေတ်မှာ မြင်တွေ့ရတဲ့ အကောင်တွေနဲ့ မတူဘဲ အမွေးတွေ ပိုရှည်နေတာ ပုံစံကွဲပြားနေတာကို တွေ့တဲ့အခါ ဈေးပိုရတယ်လို့လည်း သိရပါတယ်။
ဦးဇော်လွမ်တူးကတော့ “ပုံစံပေါ် မူတည်ပြီး ဈေးကကွာတယ်။ အသေကောင်ဆိုရင် ဈေးမရဘူး။ ယက်ကန်နေတဲ့ ပုံစံမျိုး ပေါ်မှ ထင်ထင်ရှားရှား မြင်ရမှ ဈေးရတယ်။ တချို့ကျ အကောင်ရှိပေမယ့် မထင်ရှားဘူး။ မှန်ဘီလူးနဲ့ သေချာကြည့် မှ မြင်ရတာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အကောင် ထင်ထင်ရှားရှားပေါ်မှ ပိုပြီး ဈေးရတာ”လို့ ဈေးကွက် အခြေအနေကို ပြောပြပါ တယ်။
ပြည်တွင်းမှာ တရားဝင် ပယင်းဈေးကွက် သတ်မှတ်ပေးထားတာမျိုး မရှိတာကြောင့် တနိုင်း၊ ဝိုင်းမော်၊ မြစ်ကြီးနားက ပယင်းဈေးနှုန်းက တရုတ်နိုင်ငံထဲက ပယင်းဈေးထက် အဆမတန် နည်းနေပါတယ်။
ဥပမာ တနိုင်းက ပယင်းကို တရုတ်ကုန်သည်က ဝယ်ယူတဲ့အခါ မြန်မာငွေ ၁၀ သိန်းနဲ့ ဝယ်ယူသွားရင် တရုတ်ပြည် ဈေးကွက်ကို ရောက်တဲ့အခါမှာတော့ တန်ဖိုး ၅ဆလောက်ထိ မြင့်တက် သွားတာမျိုးပါ။
မည်သို့ပင်ဖြစ်စေ ပြည်တွင်းမှာ ဝယ်လက် နည်းပါးတာကြောင့် တန်ဖိုးရှိ ပယင်းတွေကို တရုတ် ဝယ်လက်ဆီမှာပဲ ရောင်းကြတယ်လို့ ပယင်း လုပ်ငန်းရှင်တွေက ဆိုပါတယ်။
တချို့ပယင်း လုပ်ငန်းရှင်တွေကတော့ အစိုးရဆီက ပယင်းရောင်းချ ကုန်ကူးခွင့် လိုင်စင် ရထားတာကြောင့် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက ဈေးကွက်တွေမှာ အရောင်းအဝယ် လုပ်ကြပါတယ်။
ပြည်တွင်းဈေးကွက်ကို ပို့သည်ဖြစ်စေ၊ တရုတ်နိုင်ငံဈေးကွက်ကို ပို့သည်ဖြစ်စေ ပယင်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ လုပ်ငန်း ရှင်တွေ ပယင်းတူးတဲ့ ကျင်းလုပ်သားတွေ အများစုက တနိုင်းဒေသခံ ကချင် တိုင်းရင်းသားတွေ မဟုတ်ပါဘူး။
မိုးကုတ်မြို့က ကျောက်ကုန်သည်တွေ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မကွေး၊ ရေနံချောင်း၊ စစ်ကိုင်း စတဲ့ ဒေသ အသီးသီးက လာပြီး ကျောက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေ ပိုများနေပါတယ်။
ဒေသခံ ကချင်အမျိုးသမီး အများစုကတော့ ခြံထွက် ဟင်းသီးဟင်းရွက်တွေ ထမင်းဟင်းတွေကို မှော်လုပ်သားတွေ အတွက် ရောင်းချပေးတဲ့ အလုပ်ကို လုပ်ပြီး အမျိုးသား အများစုကတော့ လယ်လုပ်တာတွေ၊ မှော်ထဲသွားဖို့ စက်လှေ မောင်းပို့ပေးတာတွေ၊ ဆိုင်ကယ် ကယ်ရီမောင်းသူတွေ အဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
ဒေသခံတွေက ကျင်းသားလုပ်ဖို့ မှော်အကြောင်း နားမလည်သလို ပယင်းဈေးကွက်ကိုလည်း မသိတာကြောင့် ပယင်း လုပ်ငန်း လုပ်ကိုင်သူ အင်မတန် နည်းပါး ပါတယ်။ ။