၂၀၁၆ ခုနှစ်အတွင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တရုတ်လူမျိုး လီဒါရှန်က သူ မြစ်ကြီးနားဈေးက ဝယ်လာတဲ့ ပယင်း ထဲမှာ နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိ ဒိုင်နိုဆောအမြီး နစ်မြုပ်နေတယ် ဆိုတဲ့ သုတေသန မှတ်တမ်းတွေကို ကမ္ဘာ တဝန်း ထုတ်ဖော် ပြောဆိုလိုက်တဲ့အခါ တနိုင်းက ပယင်းဈေးကွက်ကလည်း မြောက်တက်လာပါတယ်။
နိုင်ငံရပ်ခြားက ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန ပညာရှင်တချို့ လေ့လာရေးလုပ်ဖို့ တနိုင်းဒေသကို ဝင်ရောက်လာသလို တပ်မတော်ကလည်း ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖားကန့်မြို့နယ် ရှဒူးဇွပ် ကျေးရွာထဲက KIA ရဲ့ရွှေနဲ့ ပယင်းမှော်တွေကို ဝင်ရောက် တိုက်ခိုက်ပြီး မှော်လုပ်ကွက်က တရုတ်နိုင်ငံသား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ရှဒူးဇွပ်ကျေးရွာက ဒေသခံတွေလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်သွားသလို ဒုက္ခသည်တွေကို ကချင် အရပ်ဘက် အဖွဲ့ အစည်းတွေက လာရောက် ထောက်ပံ့တဲ့ ဆန်၊ ဆီ ရိက္ခာကားတွေကိုလည်း KIA ကို ထောက်ပံ့မယ့် ကားတွေဆိုပြီး တားမြစ်တာတွေ ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၇ခုနှစ် ဇွန်လ ပထမပတ်မှာတော့ တနိုင်းဒေသမှာ အကြီးအကျယ် ဈေးကွက်ဖြစ်နေတဲ့ KIA ပယင်းမှော်တွေကို သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ မှော်တွေ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးနေတဲ့ တရားမဝင်မှော်တွေလို့ စွဲချက်နဲ့ ထိုးစစ် ဆင်ပါတယ်။
ဒေသခံတွေ အပါအဝင် မှော်တွေမှာ လာလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အားလုံး အသက် မဆုံးရှုံးဖို့ ဇွန်လ ၂၅ ရက် နောက်ဆုံးထား ထွက်သွားရမယ်ဆိုတဲ့ စာတွေကိုလည်း ရဟတ်ယာဉ်ပေါ်ကနေ ကျဲချခဲ့တာပါ။
ဇွန်လ ၃ ရက်မှာ နမ်ဗျူ၊ အင်ဂါးဂါး၊ နမ့်ခမ်း၊ အွယ်လော ကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ KIA တို့ အပြန်အလှန် ပစ်ခတ် ကြတာကြောင့် ဇွန်လ ၂၅ ရက်ထိတောင် မရောက်ဘဲ ဒေသခံတွေ မှော်လုပ်ငန်းရှင်တွေ ကျင်းသားတွေ အားလုံးထွက်ပြေး ခဲ့ရ ပါတယ်။
မှော်ထဲမှာ လုပ်ငန်းတွေ လုပ်လက်စနဲ့ ပြေးရတာကြောင့် ကျင်းသားအများစုမှာ ဒေသအသီးသီးက နေအိမ်တွေကို ပြန်ဖို့ လမ်း စရိတ်တွေ မလုံလောက်သလို တိုက်ပွဲတွေကြောင့် မှော်တွေဆီကနေ တနိုင်းမြို့ပေါ်ကို ပြေးမယ့် လမ်းတွေ ကလည်း ပိတ်ဆို့ သွားပါတယ်။
လုပ်ငန်းရှင်တွေလည်း ထွက်ပြေးကုန်တဲ့ အတွက် လုပ်အားခမရသေးတဲ့ ကျင်းသားတွေဟာ လမ်းစရိတ်ပြတ်ပြီး တနိုင်း မြို့နယ် နဲ့ ဖားကန့် မြို့နယ်ထဲမှာ သောင်တင်နေခဲ့ပါတယ်။
သူတို့ ခရီးဆက်နိုင်ဖို့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေ လွှတ်တော်အမတ်တွေ ကားသမားတွေက အခမဲ့ ကူညီပေးခဲ့ ကြရပါတယ်။
ဒေသခံ တထောင်ကျော်ကတော့ တနိုင်းမြို့ပေါ်ကို ပြေးလာပြီး ဘာသာရေး ကျောင်းတွေထဲမှာ ခိုလှုံကြပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဧရာဝတီက KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ၎င်းက “ဒါ KIA ရဲ့ ဝင်ငွေကို ဖြတ်တောက်ချင်လို့ တပ်မတော်က ဝင်တိုက်တာ” လို့ ပြောဆိုပါတယ်။
တပ်မတော်က စွပ်စွဲထားတဲ့ မှော်ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရတယ် ဆိုတာကိုလည်း ဒုဗိုလ်မှူးကြီး နော်ဘူက လုံးဝ လက်မခံပါဘူး။
ဖားကန့်ဒေသမှာ ကျောက်စိမ်းကို စက်ယန္တရားကြီးတွေနဲ့ တူးယူပြီး တောင်တွေကို ဖြိုချပစ်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ် တွေက သာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာလို့ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါတယ်။
သြဂုတ်လ ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး စိုးမြင့်အောင် က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇ ပုဒ်မ(ဃ) အရ နိုင်ငံတော်ဟာ နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင် ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံတော် သယံဇာတတွေကို တူးဖော်တဲ့ အခါ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက် ပါရှိမှ ဆောင်ရွက်လို့ရမှာ ဖြစ်သလို တူးဖော် သူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၁ ပုဒ်မခွဲ(က) ၊ ပုဒ်မ ၂၅၄ ပုဒ်မခွဲ (က) တို့အရ ပြည်ထောင်စု တိုင်း ဒေသကြီး/ပြည်နယ် များကို အခွန်ပေးရမှာလို့လည်း ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က ဆိုပါတယ်။
KIA က နိုင်ငံခြားသား ပညာရှင်တွေကိုလည်း ပယင်းမှော်တွေအတွင်း ခိုးသွင်းပြီး မှော်လုပ်ငန်းတွေ လုပ်ဆောင် နေတာလို့ လည်း ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောပါတယ်။
“တရားမဝင် လုပ်ရပ်တွေကနေ တနှစ်ကောက်ခံရရှိမှုက ကျပ်သိန်းပေါင်း ၂၈၀၀၀ ခန့်ရှိတယ်လို့ ဒေသ သတင်းတွေ အရ သိရပါတယ်။ ဒီငွေတွေကို KIA အဖွဲ့က ဒေသဖွံ့ဖြိုးရေး ဘာမှ မလုပ်ပေးပါဘူး။ ဒီငွေတွေဟာ နိုင်ငံတော် အတွက် အကျိုး မရှိဘဲ ၎င်းတို့ အဖွဲ့ရဲ့ အကျိုးနဲ့ လက်နက်ဆွဲကိုင်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေ ဆက်လုပ်ဖို့ အဆိပ်ပင် ရေလောင်းသလို ဖြစ်သွား တာပါ”လိုလည်း ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောပါတယ်။
မြေစာပင် ဖြစ်သွားတဲ့ ပယင်း ဒေသခံများ
တပြိုင်တည်းမှာ တပ်မတော်က KIA မှော်တွေရှိတဲ့ တနိုင်း မြို့ကို ဝင်တဲ့ ဆန်နဲ့ စက်သုံးဆီတွေကို ကန့်သတ် လိုက်ပါ တယ်။
နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး (ကချင်ပြည်နယ်) ၊ တနိုင်း မြို့နယ်ထဲက နယ်မြေခံ တပ်တွေက တပ်မတော် အရာရှိ တွေရဲ့ ခွင့်ပြုချက် လက်မှတ် အဆင့်ဆင့်ပါမှသာ ဆန်၊ စက်သုံးဆီတွေကို သယ်ယူခွင့် ပြုပါတယ်။
စစ်ဆေးမှုတွေ အထပ်ထပ်ကျော်ဖြတ်ပြီး တနိုင်းမြို့ထဲ ရောက်ရှိလာတဲ့ ဆန်၊ စက်သုံးဆီတွေက ဈေး ၂ဆ မြင့်တက် သွား ပါ တော့တယ်။
လျှပ်စစ်မီး မရှိတဲ့ တနိုင်းမြို့လေးရဲ့ ဒေသခံတွေကတော့ ဈေး ၂ဆမြင့်တက်နေတဲ့ စက်သုံးဆီကို နေ့စဉ် ဝယ်သုံး နေကြ ရပါတယ်။
ဆန်ကိုလည်း ပေါပေါများများ ဝယ်ယူလို့ မရတာကြောင့် ဘုရားကျောင်းဝင်း အတွင်းမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေ အတွက် ဆန်မလုံလောက်တဲ့ ပြဿနာကိုလည်း ဘုရားကျောင်း တာဝန်ရှိသူတွေက ရင်ဆိုင်နေရပါတယ်။
ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က “စစ်ဖြစ်တဲ့ အချိန်မှာ စီးပွားရေး အကောင်းဆုံး လုပ်တာကတော့ နှစ်ဘက်စစ်တပ်တွေပဲ KIA ဘက်လည်း အကြီးပိုင်းတွေက စီးပွားရေးပဲ ၊ တပ်မတော်မှာလည်း အကြီးပိုင်းတွေက စီးပွားရေးပဲ။ ခံရတာ ပြည်သူတွေပဲ”လို့ ဆိုပါတယ်။
တပ်မတော်က စာကျဲပြီး ထွက်ခိုင်းတဲ့ နမ်ဗျူ၊ အင်ဂါးဂါး၊ အွယ်လော၊ နမ့်ခမ်းရွာတွေက ပယင်း မတူးခင်ကတည်းက နေထိုင် နေကြတာ ဖြစ်ပြီး မှော်ရှိစဉ်ကလည်း ဒေသခံတွေက ဘာအကျိုးအမြတ်မှ ခံစားရတာ မဟုတ်ဘူးလို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။
KBC က တနိုင်း စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အရပ်သားတွေ နေရပ်ပြန်မယ်ဆိုရင် နှစ်ဘက်တပ်တွေရဲ့ ကင်းစခန်းတွေ နောက်ဆုတ်ပေးဖို့ လိုသလို လုံခြုံရေးအရ ထောင်ထားတဲ့ မိုင်းတွေကို ပြန်ရှင်းပေးရမှာ ဖြစ်တာကြောင့် ညှိနှိုင်းမှု အဆင်မပြေသေးပါဘူး။
တနိုင်းမြို့အာဏာပိုင်တွေက မြို့ဂုဏ်သိက္ခာနဲ့ မညီဘူးဆိုပြီး စစ်ဘေးရှောင် စခန်းတွေလည်း ဖွင့်ခွင့် မပေးတာကြောင့် စစ်ဘေးရှောင်တွေက ဘုရားကျောင်းဝင်းထဲက အမိုးနဲ့ သံမံတလင်းပဲ ရှိတဲ့ အဆောက်အအုံတွေမှာ အကာအရံမရှိ နေထိုင် နေကြရပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ တနိုင်းကိစ္စမှာ ပြည်သူတွေ နေရပ်ပြန်မယ်ဆို ကူညီပေးမယ် လို့ ပြောပေမယ့် မှော်ကိစ္စမှာတော့ တပ်မတော်က စစ်ရေးအမြင်နဲ့ လုပ်သွားတာ ဖြစ်ပြီး ပြည်နယ် အစိုးရနဲ့ တိုင်ပင်ပြောဆို ခြင်း တစုံတရာ မရှိတာကြောင့် ဘာမှ မှတ်ချက် မပေးလိုဘူးလို့ ဆိုပါတယ်။
သဘာဝ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ကချင်ပြည်နယ်) ဝန်ကြီး ဦး H လအောင် ကတော့ မြန်မာနိုင်ငံ ကျောက်မျက် ဥပဒေကို အပြီးသတ် ပြင်ဆင်ပြဌာန်းပြီးပါက ပယင်းမှော်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းလမ်းတွေနဲ့ အညီ တရားဝင်လုပ်ကွက်တွေ ဖြစ်အောင် ဆောင်ရွက်သွားမှာလို့ ဆိုပါတယ်။
“ဥပဒေမရှိရင် ကျနော်တို့ ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ ဥပဒေတောင် ကချင်ပြည်နယ်ကို လုပ်ပိုင်ခွင့်ပေးမှ ကျနော်တို့ လုပ်လို့ ရမှာ။ တကယ်လို့ ဗဟိုကနေပဲ ကျောက်စိမ်းလို ကိုင်ထားတယ်ဆိုရင် ကျနော်လည်း ဘာမှလုပ်စရာ မရှိဘူး”လို့လည်း ဦး H လအောင် က ပြောပါတယ်။
ဥပဒေ ထွက်လာရင်တော့ ဘူမိဗေဒပညာရှင် အဖွဲ့တွေကို စေလွှတ်ပြီး ပယင်းမှော်တွေအကြောင်း သုတေသန လုပ်ဖို့နဲ့ ဒေသခံ တွေရဲ့ ဆန္ဒကိုလည်း ကောက်ယူဖို့ ကွင်းဆင်းတာတွေ လုပ်ဖို့ စဉ်းစားထားတယ်လို့ ဦး H လအောင် က ဆိုပါ တယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်ကြား ပယင်းမြေကို ပိုင်ဆိုင်ဖို့ တိုက်ခိုက်ကြတဲ့ ပွဲမှာ ဒေသခံတွေ ကတော့ အိုးအိမ်တွေ ပျောက်ဆုံး သွားခဲ့ရပါပြီ။
စားဝတ်နေရေး မပြေလည်လို့ အသက်နဲ့ ရင်းပြီး ကျင်းသား လာလုပ်တဲ့ သူတွေလည်း ထွက်ပြေးခဲ့ရ ပြီးပါပြီ။
ပယင်းမြေမှာ မှော်လုပ်ငန်းတွေ တကယ်ပဲ ရပ်တန့် သွားတော့မှာလား၊ လုပ်ငန်းရှင်နဲ့ ကျင်းသားတွေ စွန့်ပစ် ထားခဲ့ရတဲ့ ပယင်းကျင်းတွေရော ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိနိုင်ပါ။
အရင်က KIA ကို အခွန်အခပေးရင် မှော်ထဲ လွတ်လွတ်လပ်လပ် သွားလို့ ရပေမယ့် အခုတော့ မှော်တွေထဲကို နှစ်ဖက်တပ် က စစ်သားတွေက လွဲပြီး ဘယ်သူကမှ မဝင်ရဲကြတော့ပါဘူး။ ။
ဆက်စပ်ဖတ်ရှုရန် – ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁)