အခုလက်ရှိ ပညာရေးဝန်ထမ်း အများစုက ပညာရေး စနစ်သစ်ကို ထဲထဲဝင်ဝင် လေ့လာပြီး ပူးပေါင်း ပါဝင်မှုနဲ့ ကြိုဆိုမှု အားနည်းတာကို တွေ့မြင်ရပါတယ်။
အနည်းစုကတော့ လေ့လာရင်း သင်ယူရင်းနဲ့ ပူးပေါင်းပါဝင်လို့ အပြုသဘော ဆောင်တာမျိုးလည်း ရှိပါတယ်။
ဝေဖန်မှုတွေထဲမှာ အများဆုံးက စနစ်တခုကိုပြောင်းရင် အဲဒီပြောင်းလဲလိုက်တဲ့ စနစ်က “What” ဘာလဲ၊ “Why” ဘာကြောင့်လဲ ဆိုတာကို သိချင်မှုက အဓိက ကျနေပါတယ်။
ဒါကြောင့် စနစ်ကိုတာဝန်ခံပြီး ပြောင်းလဲပေးတဲ့ တာဝန်ရှိ လူကြီးမင်းများ အနေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပညာရေး ဝန်ထမ်း တွေက တိကျစွာ တာဝန်ယူပေးနိုင်ဖို့ အားလုံး သဘောပေါက် ပါဝင်လာအောင် လွှမ်းခြုံနိုင်အောင် ဆောင်ရွက် ပေးနိုင်ဖို့ အထူး လိုအပ်လှပါတယ်။
ပညာရေး ဝန်ထမ်းတွေက တဆင့် ကျောင်းသား မိဘတွေ သိရှိပါဝင်လာအောင် ဆောင်ရွက်ပေးနိုင်ပေမယ့် လူကြီးမင်း များက သတင်း အချက်အလက်တွေ ပေးနိုင်မယ်ဆိုရင် ပိုပြီးခိုင်မာစေမှာပါ။
မိဘတချို့ကတော့ ပညာရေးစနစ်သစ်ကို စိတ်ဝင် တစားနဲ့ ပူးပေါင်း ပါဝင်နေကြတာကိုလည်း တွေ့မြင်နေရပါတယ်။
ယခုစနစ်သစ် ပညာရေးရဲ့ ခြေလှမ်းအစဖြစ်တဲ့ သင်ရိုးသစ် (KG – သူငယ်တန်း) နဲ့ (G1- ပထမတန်း) တွေကို စနစ်သစ် သင်ကြားနိုင်ဖို့ သင်တန်းတွေ ပေးတဲ့အခါ KG တန်း ဆိုရင် တကျောင်းကို KG တန်းသင် လက်ထောက် ဆရာမ တဦး၊ ကျောင်းအုပ်တဦး တက်ရပါတယ်၊ G1 တန်း ကိုတော့ တကျောင်းကို လက်ထောက်ဆရာမ နှစ်ဦး၊ ကျောင်းအုပ် တဦး တက်ကြရပါတယ်။
သင်တန်း တက်ထားပြီးတဲ့ ဆရာ၊ ဆရာမတွေ အပြောင်းအရွှေ့နဲ့ ရာထူး တိုးရသွားခဲ့ရင်၊ အဲဒီကျောင်းမှာ KG တန်း နဲ့ G1 တန်းသင် ဆရာမတွေ မရှိတော့ပါဘူး။ အစားဝင်လာတဲ့ ဆရာ၊ ဆရာတွေဟာ သင်တန်း တက်ထားပြီးသား မဟုတ် ရင် အဲဒီကျောင်းအတွက် လုံးဝအဆင်မပြေဘဲ စနစ်သစ် သင်ကြားရေးကို သွေဖည် သွားနိုင်ပါတယ်။
ဒါကြောင့် ယခုနှစ် သြဂုတ်လတွင်းမှာ KG တန်း နဲ့ G1 တန်းသင် ဆရာ၊ ဆရာမတွေ ရာထူးတိုးနဲ့ အပြောင်းအရွှေ့ တွေကြောင့် လစ်ဟာသွားတဲ့ ကျောင်းတွေကို သင်ရိုးသစ် သင်ကြားရေး ခိုင်မာစေရေး အတွက် လစ်ဟာမှု မရှိစေဖို့ စက်တင်ဘာ တလလုံး ကျောင်းပိတ်ရက် ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့တိုင်းမှာ သင်ရိုးသစ် သင်တန်းတွေ ထပ်မံဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ကျမတို့ရဲ့ သင်ရိုးသစ် သင်ကြားရေးကို တာဝန်ယူနေကြရတဲ့ ဆရာ၊ ဆရာမတွေဟာ သင်တန်း တက်ထားပြီး ပေမယ့် လည်း ကျောင်းရဲ့လိုအပ်ချက် အခြေအနေအရ တာဝန်ယူနေရပေမယ့် ကလေးများအပေါ်မှာ လည်းကောင်း၊ သင်ရိုး သစ် ရဲ့ သင်ကြားရေးအပေါ်မှာ လည်းကောင်း စိတ်ဝင်စားမှု မရှိဘူးဆိုရင်၊ ညွှန်ကြားချက်တွေ အတိုင်း မလိုက်နာဘဲ စနစ်ဟောင်း သင်ရိုးအတိုင်း စာပဲသင်နေမယ်ဆိုရင် ကျမတို့ သင်ကြားရေး ဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်တွေ ဖြစ်လာနိုင်တာမို့ မဖြစ်အောင် ကြိုးစားကြရပါမယ်။
စနစ်သစ်ရဲ့ သင်ရိုးသစ်ကလေးများဟာ Grade Two, Three, Four ၂ တန်း ၃ တန်း ၄ တန်း စသဖြင့် တက်ရောက် သွားတဲ့အခါ အတန်းစဉ် အလိုက် ရရှိသွားရမယ့် Skill တွေကို တပါတည်း ရရှိသွားနိုင်အောင် အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ ကြိုးစားလှုပ်ရှား ကြရပါလိမ့်မယ်။
ကျမတို့ရဲ့ သက်ဆိုင်ရာ လူကြီးမင်းများနဲ့ ကျောင်းအုပ်ကြီးများကလည်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရပါမယ်။
ဥပမာ စာသင်ခန်း တခန်းမှာ ကလေးဦးရေ များလွန်းတဲ့အခါ ဆရာ၊ ဆရာမ တဦးတည်းနဲ့ သင်ကြားရေး မထိရောက် တာမျိုး။
ကျမတို့ (ကြီးကြပ်/အကဲဖြတ်) ဖို့ သွားခဲ့ရတဲ့ မူလွန်ကျောင်းတချို့မှာ ကျောင်းသား၊ ဆရာ အချိုးအစား မညီမျှမှုတွေ ကို တွေ့ခဲ့ရပါတယ်။
သင်ရိုးသစ်မှာ သင်ထောက်ကူ ပစ္စည်းတွေ မသုံးမဖြစ် အသုံးပြု သင်ကြားကြရတာမို့ ပညာရေးဌာနက ပံ့ပိုး ကူညီပေး တဲ့ (Kid box) တွေအပြင် အခြားအသုံးပြုဖို့ လိုအပ်တဲ့ သင်ထောက်ကူတွေကိုလည်း ဖြည်ဆည်းပေးနိုင်ဖို့ အရေး တကြီး လိုအပ်လှ ပါတယ်။
တချို့ကျောင်းတွေမှာ ကျောင်းအုပ်ကြီးတွေက ဖြည့်ဆည်းပေးကြပေမယ့် တချို့ ကျောင်းတွေမှာတော့ ကျောင်းအုပ် ကြီးတွေက စိတ်ဝင်စားမှု မရှိတာမို့ လိုအပ်တဲ့ သင်ထောက်ကူတွေ မရှိတာ ဝမ်းနည်းဖွယ် တွေ့ရပါတယ်။
တချို့ကျောင်းတွေမှာ KG တန်း အခန်းလေးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စီမံပေးနိုင်မှုမရှိဘဲ ဖြစ်သလိုထားပြီး ဖြစ်သလို သင်ကြားနေတာလည်း တွေ့မြင်ရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ်ထဲက မူလတန်းကျောင်း တကျောင်းကို (ကြီးကြပ်/အကဲဖြတ်) သွားခဲ့ရာမှာ KG တန်း ကလေးတွေရဲ့ စာသင်ခန်းလေးဟာ အောက်ခံ သမံတလင်းကို ပလတ်စတစ် ကျွန်းကွက်စကို ခင်းထားပြီး အေးစိမ့်နေပါတယ်။ စာသင်တဲ့အခါ ပလတ်စတစ် ခုံပုလေးတွေနဲ့ ထိုင်ကြပါတယ်။ ခြေထောက်ချပြီး ထိုင်ရတာမို့ အအေး ဓာတ်ကို မကာကွယ် နိုင်ပါဘူး။
ကျမက နာရီဝက်လောက် ကလေးတွေနဲ့ အတူတူထိုင်ပြီး အအေးဓာတ်ကို ခံစားကြည့်ပါတယ်။ အေးစက်ပြီး နွေးထွေး မှု မရှိတဲ့ အခန်းလေးမှာ တနှစ်ပတ်လုံး နေရမယ့် နုနယ်တဲ့ ကလေးတွေ အတွက် စိုးရိမ်စရာ အခြေအနေပါ။
ကျောင်းအုပ် ဆရာမကြီးကို ခေါ်ပြီး အခြေအနေကို ပြောပြပြီး ထူထူလေးခင်းပေးဖို့ ဆွေးနွေးကြည့်တဲ့အခါ “မိဘများဆီက အလှူခံပြီး ခင်းလိုက်ပါ့မယ်” တဲ့ ။ ငွေ နှစ်သောင်းလောက် ကုန်ကျမယ့် ကိစ္စလေးကို မိဘများဆီက အလှူခံမယ် ဆိုတော့ သိပ်ပြီး ဘဝင်မကျလှပါဘူး။
ပထမတန်း G1 ခန်းကို ဝင်ကြည့်တဲ့အခါ သက်ဆိုင်ရာ ဆရာမက လပိုင်းနဲ့အညီ မသင်နိုင်တာကို တွေ့ရပါတယ်။ “စတုတ္ထတန်းကို သချာၤ (၇) ချိန် ဝင်ပေးရပါတယ်” တဲ့။
သင်ရိုးသစ် အတွက် လမ်းညွှန် ဆရာလက်စွဲမှာ တနေ့ချင်း သင်ခန်းစာတွေကို အချိန် သတ်မှတ်ချက်နဲ့ စနစ်တကျ ရေးဆွဲ ထားတာမို့ အခြား အတန်းတတန်းကို တွဲသင်ရတဲ့အခါ G1 တန်းဟာ လပိုင်းသင်ရိုးနဲ့ ကိုက်ညီမှု မရှိတော့ဘဲ နောက်ကျ နေပါတော့တယ်။
KG တန်း ဆရာမကလည်း “စတုတ္ထတန်းကို အင်္ဂလိပ်စာ ဝင်ရပါတယ်၊ ကျောင်းအုပ်ကြီး စာမသင်နိုင်ဘူး ဆိုတာက အထွေထွေ လုပ်သားမရှိတော့ ရုံးလုပ်ငန်းနဲ့ ရုံးစာပို့ကို သူကိုယ်တိုင် လုပ်နေရတော့လေ”လို့ ပြောပါတယ်။
အဲဒီတော့ KG တန်း ကလေးတွေမှာလည်း ရှိသင့်တဲ့ Skill တွေ ကလေးတွေမှာ မရှိတာကို တွေ့ခဲ့ရပါတယ်။
ကျောင်းအုပ်ကြီး တချို့ရဲ့ စနစ်သစ်ကို ကြိုဆိုမှု အားနည်းချက်တွေဟာ သင်ရိုးသစ် သင်ကြားရေးကို အနုတ် လက္ခဏာ ဆောင်စေပါတော့တယ်။
အုပ်ချုပ်မှု သင်တန်း တက်ခဲ့စဉ်က ပညာရေးဝန်ကြီး အမှာစကားပြောကြားရာမှာ ယခုလက်ရှိ ပညာရေးစနစ်သစ်ဟာ
– လူတိုင်း တန်းတူညီမျှ ပါဝင်သင်ကြားခွင့် ပေးထားကြောင်း
– အရည်အသွေး ရှိသည့် ပညာရေး စနစ်တခု ဖြစ်လာစေရန်
– သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများ၊ ကျောင်းသားဆရာ
အချိုးမျှတစေရန်၊ ဖြည့်ဆည်း ဆောင်ရွက် ပေးရေး လိုအပ်ကြောင်း ပြောကြားသွားပါတယ်။
ပညာရေးစနစ်သစ် သင်ရိုးသစ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ KG တန်း နဲ့ G1 တန်းမှာ အရေးတကြီး လိုအပ်နေတဲ့ ဆရာ ဦးရေ၊ စာသင်ခန်း ဦးရေ တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ စနစ်သစ်ကို ကြိုဆိုရင်း မျှော်လင့်ရပါတယ်။
မျှော်လင့်ချက်နဲ့ အတူ ပညာရေး စနစ်သစ်(သင်ရိုးသစ်)ကို တာဝန်ယူ သင်ကြားပေးနေတဲ့ Main player တွေ ကိုယ်တိုင် က ဒီစနစ်သစ် အပေါ်မှာ ယုံကြည်မှုရှိရပါမယ်။
ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ကိုယ်တိုင် အကဲဖြတ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကြရပါမယ်။
ဆရာဆိုတာ “ထာဝရ ကျောင်းသားကြီးများ” လု့ိ ကျမတို့ရဲ့ ပညာရေးဌာန ဆရာကြီးများက ဆိုထားတာ လုံးဝ မှန်ကန် တာမို့ အမြဲမပြတ် လေ့လာသင်ယူ နေကြရမှာပါ။
ဆရာကြီး ဒေါက်တာ သိန်းလွင် (ပါမောက္ခငြိမ်း) ပညာရေး-စိတ်ပညာ ရေးသား ထုတ်ဝေထားတဲ့ “ထိထိရောက်ရောက် သင်ကြား သင်ယူရေး နည်းပညာ” စာအုပ်ထဲက “တချိန်က ဆရာဆိုတာ” ရိုးသားဖြောင့်မတ်မှု၊ အလုပ်ကြိုးစား လုပ်ကိုင် မှု၊ ရက်ရောမှု၊ ရင်းနှီးစွာ ဆက်ဆံတတ်မှု၊ အခြားလူများ အတွက် စဉ်းစားပေးနိုင်မှု စတဲ့ အရည်အသွေးတွေ အရေးကြီးတယ်လို့ သတ်မှတ်ကြပါတယ်တဲ့။
အခုအချိန်ထိတိုင် မရိုးနိုင်တဲ့ သတ်မှတ်ချက်တွေ ဖြစ်နေပါသေးတယ်၊ ဒါကြောင့် ကျမတို့အားလုံး “ထိရောက်တဲ့ဆရာ” တွေ ဖြစ်ခွင့်ရအောင် ပညာရေး စနစ်သစ်နဲ့အတူ စီးမျောပါဝင်နိုင်ဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်နေပါပြီ။
သင်ရိုးသစ် ပြောင်းလဲခြင်းနဲ့အတူ သင်ကြားရေးဆရာ တယောက်ရဲ့ အတန်းတွင်း အရည်အချင်းတွေကိုလည်း ဖြည့်ဆည်း ကြရပါမယ်။
အတန်းထဲမှာ သင်ကြားရေး စနစ်ကျမှု၊ စည်းကမ်း လိုက်နာမှု၊ ထိုးထွင်း သိမြင်တတ်မှု၊ နှစ်မြှုပ်လုပ်ကိုင် တတ်မှု ဆိုတာ တွေနဲ့ ပေါ်လွင်အောင် မိမိရဲ့အရည်အချင်းတွေကို ဖော်ထုတ်နိုင်သူတွေ ဖြစ်ကြရပါမယ်။
အဲဒီအချက်တွေ အားလုံး ပြည့်စုံတဲ့ အရည်အချင်းတွေ ကျမတို့မှာ ရှိနေပြီလား။
အခုလက်ရှိ ပညာရေး စနစ်သစ်က ၂၁ ရာစု ဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ တွေးခေါ်ကြံဆ ဝေဖန် ပိုင်းခြား နိုင်ပြီး ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလ ငါးတန်နဲ့ ပြည့်စုံသူတွေ ဖြစ်လာ စေဖို့ ရည်ရွယ်ပါတယ်။
ဒါ့အပြင် မိမိတို့ နိုင်ငံသာမက၊ ကမ္ဘာ တဝန်းလုံး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကိုပါ စွမ်းဆောင်နိုင်တဲ့ နိုင်ငံ့ သားကောင်း ရတနာတွေ ဖြစ်လာစေရေး၊ ရည်မှန်းချက်တွေကိုလည်း ထားရှိပါတယ်။
“ပညာရေးဆိုတာ ရှင်ဘုရင်ကြီး ဖြစ်ဖို့၊ အရာရှိကြီး ဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့ မဟုတ်ပါဘူး၊ ပြည်သူပြည်သားကောင်း တယောက် ဖြစ်ဖို့ လေ့ကျင့်ပေးခြင်းသာ ဖြစ်ပါတယ်”တဲ့။
ဒါဟာ အတွေးအခေါ် ပညာရှင်ကြီး “ရူးဆိုး” ရဲ့ ပညာရေး ရည်မှန်းချက်ပါ။
ကျမတို့ ပညာရေးဟာ ပြည်သူပြည်သား ကောင်းတွေ ဖြစ်လာအောင် (သိန်းပေါင်းများစွာ) လေ့ကျင့်ပေးနိုင်တဲ့ နေရာ ပါ။
ပြည်သူပြည်သားကောင်း (Good Citizen) တယောက်ဖြစ်ဖို့ တာဝန် ဝတ္တရားတွေ၊ အခွင့်အရေးတွေ၊ လေးစားလိုက်နာ ရမယ့် စည်းကမ်းတွေက ဘာတွေလဲဆိုတာကို သိအောင် သင်ပြပေးပြီး လိုက်နာအောင် လေ့ကျင့်ပေးနိုင်တာ ကျမတို့ ရဲ့ ပညာရေးပါပဲ။
“ဆရာ၊ ဆရာမများရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းတွေ မပြည့်ဝတဲ့အတွက် အချင်းချင်း အပြန်အလှန် လေးစား မှု၊ ရိုင်းပင်း ကူညီမှုတွေ မရှိကြတော့ဘူး၊ အဲဒီတော့ ကလေးများရှေ့မှာ မလုပ်သင့်တဲ့ အလုပ်တွေ (အချင်းချင်း အော်ဟစ် ငြင်းခုန်တာမျိုး၊ ပြစ်တင်မာန်မဲတာမျိုး၊ စောင်းမြောင်း ပြောဆိုတာမျိုး) ကို လုပ်လာကြတာ တွေ့လာပါတယ်” လို့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီးက ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ အခြေအနေမှန်ကို မီးမောင်း ထိုးပြသွားပါတယ်။
အဲဒီမီးမောင်းက ကျမအပေါ်ကို တည့်တည့်ကျဖူးပါတယ်။ စောင်းမြောင်း ပြောဆိုခြင်းကို အခုအချိန်မှာ လတ်တလော ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရလု့ိပါ။
ရှေ့ပိုင်းမှာပြောခဲ့တဲ့ KG တန်း နဲ့ G1 တန်း သင်ကြားရေး အဆင်မပြေဖြစ်နေတဲ့ မူလတန်းကျောင်းရဲ့ အခြေအနေကို မြို့နယ် ပညာရေးမှူးရုံးကို ပြန်ရောက်တဲ့အခါ မြေပြင် တွေ့ရှိချက်ကို အရှိအတိုင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးကို အစီရင်ခံ တင်ပြပါတယ်။
ကျောင်းအုပ်ကြီး စာမသင်တာကို လက်ထောက်ဆရာမများက ဖုံးဖုံးဖိဖိလေး ပြောပြတဲ့အကြောင်း၊ KG တန်း ကလေး တွေ အခန်းဟာ အေးစက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခင်းမရှိကြောင်း ကျမက တွေ့ရှိချက်တွေကို အရှိအတိုင်း တင်ပြခဲ့တာပါ။
နောက်တနေ့ အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးကို မြို့နယ်ပညာရေးမှူးက ခေါ်ယူတွေ့ဆုံပြီး အခက်အခဲတွေ ကို မေးမြန်းပါတယ်။ ပြီးမှ ပညာရေးမှူး ဆရာမကြီးက KG တန်း နဲ့ G1 တန်း သင် ဆရာမတွေဟာ အခြားအတန်း တခုကို တွဲပြီး သင်ကြားရရင် သင်ရိုးသစ် အတွက် အဆင်မပြေကြောင်း မူလတန်း ကျောင်းအုပ်ကြီးတွေဟာ အခြေ အနေ အရ အတန်းတခုလုံးရဲ့ သင်ကြားရေးကို တာဝန်မယူနိုင်ရင် တဘာသာလောက် တာဝန်ယူ သင်ကြား နိုင်ရမယ် ဆိုတာ ညွှန်ကြားစာ ထုတ်ထားပြီးဖြစ်ကြောင်း စာမသင်ဘဲနေလို့ မရကြောင်း အချိန်ယူပြီး သေချာရှင်းပြပါတယ်။
ပညာရေးမှူး ဆရာမကြီး ရှင်းပြတာအဆုံးမှာ “အဲဒီ စာမသင်ဘူးဆိုတာကို ဘယ်သူက သတင်းပို့တယ်ဆိုတာကို သိတယ်၊ ဘယ်သူက ဘယ်လိုသတင်းပို့တယ် ဆိုတာကို သိတယ်၊ အလုပ်တွေမအားလို့ စာမသင်နိုင်တာ ဘယ်သူ သတင်းပို့တယ် ဆိုတာသိတယ်” နဲ့ ဒေါသသံ ထပ်တလဲလဲနဲ့ကို ပြောပါတော့တယ်။
တာဝန်ရှိ ပညာရေးမှူးက ဆရာမကြီးကို “ဒုတိယတန်း အဆင့်နဲ့ တတိယတန်းသင် ဆရာမတွေကို စတုတ္ထတန်းကိုပါ တွဲသင်ခိုင်းပါ” ဆိုတော့ “သူတို့လည်း အဲဒီအတန်းကို တွဲသင် နေရတာပဲလေ” တဲ့ ။
ကျောင်းရှိ ဆရာမများအားလုံး အတန်းတွဲသင် နေရတာကြောင့် အဆင်မပြေဖြစ်နေတာက သင်ရိုးသစ် KG တန်း နဲ့ G1 တန်း ကလေးတွေပါ။
လိုအပ်ချက်တွေ ရှိနေတဲ့အချိန်မှာ စာမသင်တာက သူတယောက်တည်း ဆိုတာကို မြို့နယ် ပညာရေးမှူးက ပေါ်လွင် အောင် သေချာမေးမြန်းပြီး “ကြိုးစားပေးပါနော် ဆရာမကြီးက စတုတ္ထတန်းမှာ နှစ်ဘာသာလောက် သင်ပေး နိုင်ရင် အဆင်ပြေပါပြီ” လို့ ပြောပြီး လမ်းညွှန် ညှိနှိုင်းမှုကို အဆုံးသတ်လိုက်ပါတယ်။
ကျမကို စောင်းမြောင်း ပြောဆိုတာ ခံလိုက်ရပေမယ့် နားလည်သွားလောက်ပြီလို့ ထင်ထားခဲ့တာမှာ သူက “ခံလိုက်ဦး ပေါ့၊ ကံနိမ့်နေတုန်းတော့ ခံလိုက်ဦးပေါ့၊ ဝဋ်ရှိသမျှ ခံလိုက်ဦးပေါ့”နဲ့ ပြောပြီး ပြန်သွားတဲ့အခါ စိတ်မကောင်းစွာနဲ့ ကျန်ခဲ့ ရပါတယ်။
ကျောင်းအုပ် ဆရာမကြီး တယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး မပြည့်ဝမှုဟာ ကျမတို့ ဆောင်ရွက်နေတဲ့ သင်ရိုးသစ် ပေါက်မြောက်ရေးကို ဦးမတည်တော့ဘဲ ဘေးချော် ထွက်သွားပါတော့တယ်။
ကြီးကြပ်/အကဲဖြတ်ခြင်း တာဝန်ကို ထမ်းနေကြရတဲ့ ကျမတို့တွေကို စင်ပေါ်ကလို့ ထင်ရင် မှားပါလိမ့်မယ်။ စင်ပေါ်က လို့ ဆိုရင်လည်း ရင်နာရတဲ့ ဇာတ်လမ်းလေးတွေကို တခါတရံမှာ ကနေကြရတဲ့ မင်းသမီးများမို့ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးပါ။
ကိုယ်တိုင် ကျောင်းအုပ်တာဝန် ယူခဲ့စဉ်က စစ်ဆေးရေး လာမယ်ဆိုရင် ရင်ပူခဲ့ရတာကို ကိုယ်ချင်းစာခဲ့တာမို့ ကိုယ် ဒီနေရာကို ရောက်တော့ “တီချယ်တို့ရေ စိတ်အေးအေးထားပြီး လုပ်ကြနော်၊ မပြီးရင် ကူလုပ်ပေးမယ်နော်၊ အတူတူ ပူးပေါင်းလုပ်ရင် အချိန်တန် ပြီးရမှာပေါ့” နဲ့ လက်တွဲ ခေါ်ယူပေးခဲ့ကြတာပါ။
ပြည်သူပြည်သားကောင်း များစွာကို ထုတ်ပေးနိုင်တဲ့ ကျမတို့ ပညာရေးဌာန ဝန်ထမ်းတွေဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ ပြည့်ဝမှု ရှိနေရမယ်ဆိုတဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီးရဲ့ လမ်းညွှန်ချက်တွေဟာ အင်မတန် အရေးကြီးပြီး အချိန်မီ ပြုပြင်ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြောင်းလဲလာတဲ့ ပညာရေး စနစ်သစ်ကို ကျမတို့အားလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ မြှင့်တင် ကြိုးစားရင်း ကြိုဆိုကြဖို့ တိုက်တွန်း လိုက်ရပါတယ်။ ။
စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ ၃၅ နှစ်ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။