ဆောင်းပါး

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် - အပိုင်း ၂

Want create site? Find Free WordPress Themes and plugins.

“ပေါက်ဖော်”မဖြစ်သော နှစ်ကာလများ

တရုတ် မြန်မာ ဆက်ဆံရေးသည် တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ရန်ကုန်မြို့တွင် ပေါ်ပေါက်ခဲ့သော ၁၉၆၇ ခုနှစ် တွင် ပို၍ဆိုးသည့် ဘက်သို့ရောက်ရှိသွားကြောင်း ယေဘုယျ အားဖြင့် ယူဆခဲ့ကြသည်။ တရုတ် နိုင်ငံမှ ယဉ်ကျေးမှု တော် လှန်ရေး ခံစားချက်များက ရန်ကုန်ရှိ တရုတ်လူမျိုး အသိုင်းအဝိုင်း အပေါ်ဩဇာလွှမ်းမိုးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်လူငယ် အများအပြားက အနီရောင် မော်စီတုန်း တံဆိပ်ရင်ထိုးများ စတင်၍ တပ်ဆင်လာခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းက လူအများကြားတွင် နိုင်ငံရေးနှင့် သက်ဆိုင်သော သင်္ကေတများ ဖော်ပြခြင်းကို မြန်မာနိုင်ငံတွင် တရားဝင် တားမြစ်ထားသည့် စည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူငယ် တပ်နီ (Red Guards) များကို ရင်ထိုး တံဆိပ်များ တပ်ဆင်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အချို့က ထိုအမိန့်ကို လိုက်နာခြင်း မပြုခဲ့ကြသည့် အတွက် ၁၉၆၇ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ပေါက်လာခဲ့သည်။

တရုတ်လူမျိုးပိုင် ဆိုင်များနှင့် နေအိမ်များ ဖျက်ဆီးခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံသား တရုတ် လူမျိုး အများအပြား အသတ် ခဲ့ရသည်။ အခြေအနေများ မထိန်းသိမ်းနိုင်မီ တရုတ်သံရုံးကိုပင် လူစုလူဝေးဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြင့် ကြုံတွေ့ ခဲ့ရသည်။ သို့သော်လည်း ထိုကိစ္စတွင် အာဏာပိုင်များ၏ အခန်းကဏ္ဍက အညင်းပွားစရာ ဖြစ်ခဲ့သည်။ ရန်ကုန်မြို့ တရုတ်တန်းမှ အဓိကရုဏ်းများက ရန်ကုန်မြို့တွင် ဆန်နှင့် အခြေခံ စားကုန်များ ထောက်ပံ့မှု ဆိုးဆိုးရွားရွား ပြတ်တောက် နေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မျက်မြင်သက်သေများ၏ အဆိုအရ တရုတ်သံရုံးကို တိုက်ခိုက်မှု ပေါ်ပေါက် မလာမီ အချိန်အထိ သတ်ဖြတ်မှုများ၊ လုယက်မှုများကို ရဲအဖွဲ့က ဝင်ရောက်တားမြစ်ခဲ့ခြင်း မရှိဟု သိရသည်။ မြန်မာနိုင်ငံ၏ စစ်အစိုးရက တိုင်းပြည်တွင် ထိုစဉ်က ကြုံတွေ့နေရသည့် ပြည်တွင်းရေး ပြဿနာများ အပေါ် အလေးပေးမှု လျော့ကျသွားစေရန် အဓိကရုဏ်းများကို အားပေးခဲ့ခြင်း ဖြစ်သည်ဟု အများစုက ယုံကြည်ထားကြသည်။

တရုတ်-မြန်မာ အရေးအခင်းနောက်ပိုင်း ၂ နိုင်ငံမြို့တော်များရှိ သံအမတ်ကြီးများကို ပြန်လည် ရုပ်သိမ်း ခေါ်ယူခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ဆင်ဟွာသတင်းအေဂျင်စီမှ သတင်းထောက်ကို နှင်ထုတ်ခဲ့သည်။ တရုတ်အစိုးရကလည်း ၁၉၆၀ ခုနှစ် ချစ်ကြည်ရေးစာချုပ်အရ မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီမှုပေးရေး အစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။ ဘေဂျင်း အသံလွှင့် ဌာနကလည်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ဖက်ဆစ်ဟု တံဆိပ်ကပ်၍ ပြင်းထန်စွာ တိုက်ခိုက် ပြောဆိုမှုများ ထုတ်လွှင့် ခဲ့သည်။ ၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်ဖွဲ့များက တရုတ်မှ နေ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီက သူတို့၏ ညီနောင် ပါတီဖြစ်သော ဗမာပြည် ကွန်မြူ နစ်ပါတီကို အကူအညီ ကြီးမားစွာ ပေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း တရုတ်- မြန်မာ ဆက်ဆံရေးကို ပိုမို၍ စေ့စပ်စွာ လေ့လာမည်ဆိုလျှင် ၁၉၆၇ ခုနှစ် အဖြစ်အပျက်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်ရန် အဆင်ပြေစေမည့် ဆင်ခြေတခုထက် အနည်းငယ်မျှသာ ပိုပါသည်။ အမှန်တကယ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူလိုက်သည့် ၁၉၆၂ ခုနှစ် မှစ၍ တရုတ်-မြန်မာ ဆက်ဆံရေးက ခေတ်သစ်တခု စတင်ခဲ့ပြီ ဖြစ်သည်။ အားနည်းပါးသော်လည်း ကြားနေဝါဒကို ကျင့်သုံးသည့် မြန်မာနိုင်ငံမှ ဒီမိုကရေစီအစိုးရ၏ အားထုတ်မှုကြောင့် တည်ရှိခဲ့သော ဒေသတွင်းတည်ငြိမ်မှုကို စစ်တပ်၏ အာဏာသိမ်းယူမှုက ထိခိုက်စေခဲ့သည်။

ထို့ပြင် ရည်မှန်းချက်ကြီး၍ ခန့်မှန်းရခက်ခဲသော ရန်ကုန်မြို့မှ စစ်ဗိုလ်ချုပ်ကို တရုတ်နိုင်ငံက စိုးရိမ်နေခဲ့သည်မှာ ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့တွင် စစ်တပ်က အာဏာသိမ်းယူပြီးသည်နှင့် အရေးပါသော အဖြစ်အပျက် ၆ခု ချက်ခြင်း ပေါ်ပေါက်ခဲ့ပါသည်။

(၁) ၁၉၅၀ နှစ်များ အစောပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကေဒါ အများအပြား တရုတ်နိုင်ငံသို့ သွားရောက်၍ မြန်မာ နိုင်ငံမှ သူတို့၏ လက်နက်ကိုင်တော်လှန်ရေးကို အကူအညီပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။ သို့သော်လည်း ဦးနု အာဏာ ရှိနေစဉ်အတွင်းတွင် အဆိုပါ မြန်မာကွန်မြူနစ်များ (စုစုပေါင်း ၁၄၃ ဦး) ကို တရုတ် အာဏာပိုင်များက စီချွမ်ပြည်နယ်တွင် ထားရှိခဲ့သည်။ သူတို့အနေဖြင့် ကွန်မြူနစ်ကျောင်းများ တက်ခွင့်ရခဲ့သော်လည်း အခြား အကူအညီများ ရရှိခဲ့ခြင်း မရှိပါ။ အထူးသဖြင့် လက်နက်နှင့် စစ်ရေးလေ့ကျင့်မှုများ ဖြစ်သည်။ တရုတ်နိုင်ငံရောက် ဗကပ များ၏ ခေါင်းဆောင်မှာ နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌဖြစ်လာသော သခင်ဗသိန်းတင် ဖြစ်သည်။ ဘေဂျင်းတွင် အနေများသည့် သခင်ဗသိန်းတင်က မော်စီတုန်းနှင့် နီးစပ်မှု ရှိလာခဲ့သည်။ သူတို့ ၂ ဦး၏ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုက ကာလ ကြာရှည်စွာ ရှိနေခဲ့သည်။ ရန်ကုန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ဗကပ အနေဖြင့် ၎င်းတို့ ၏ ဝါဒဖြန့်ချီရေး စာရွက်စာတမ်းများနှင့် အခြားအရာများကို ပထမဦးဆုံးအကြိမ်အဖြစ် ဘေဂျင်းတွင် ပုံနှိပ်ခွင့် ရရှိလာခဲ့သည်။ ၁၉၆၂ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် ဘေဂျင်း အခြေစိုက် ဗကပများက အာဏာသိမ်းစစ်အစိုးရကို ရှုတ်ချ ဝေဖန်ထားသော “နေဝင်း စစ်အစိုးရ၏ အချို့သော အချက်အလက်မှန်များ” အမည်ရှိ စာတမ်းကို ထုတ်ဝေခဲ့ကြသည်။

(၂) ဘေဂျင်းရှိ ပြည်ပရောက် ဗကပများအတွက် အရေးအကြီးဆုံး တာဝန်မှာ ရန်ကုန်မြို့မြောက်ဘက် မြန်မာနိုင်ငံ အလယ်ပိုင်း ပဲခူးရိုးမ တောင်တန်းများပေါ်ရှိ အခြေစိုက် နယ်မြေဟောင်းမှ ဗကပ တပ်ဖွဲ့များနှင့် ဆက်သွယ်မည့် နည်းလမ်း ရှာဖွေရေးဖြစ်သည်။ တချိန်က အင်အားကြီးမားခဲ့သော ကွန်မြူနစ်များသည် ပဲခူးရိုးမတွင် ပြင်းထန်စွာ ချေမှုန်း ခံခဲ့ရသည်။ ၁၉၅၀ အစောပိုင်းနှစ်များတွင် ယူနန် ပြည်နယ်သို့ ရောက်ရှိလာခဲ့သော ပြည်ပရောက် ကွန်မြူနစ်များသည် မြန်မာနိုင်ငံ အတွင်းမှ ကွန်မြူနစ်များနှင့် အဆက်အသွယ် မရှိတော့ပါ။

သို့သော်လည်း သမိုင်းအဖြစ်အပျက်များ၏ ထူးဆန်းသော လှည့်ကွက်တခု အနေဖြင့် တရုတ်နိုင်ငံရှိ ပြည်ပရောက် ဗကပ များ အဆိုပါ အအဆက်အသွယ်များ ပြန်လည်ထူထောင်နိုင်ရေး မရည်ရွယ်ပါဘဲ အခွင့်အရေးပေးခဲ့မိသူမှာ ရန်ကုန် စစ်အစိုးရသစ် ဖြစ်နေသည်။ စစ်အစိုးရ၏ ကြီးမားသော အင်အားနှင့် ရင်ဆိုင်ရလျှင် လက်နက်ကိုင် တော်လှန်သူများက အရှုံးပေးလိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်ထားပုံရသည့် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာရပြီး တနှစ်ခန့် အကြာတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ မည်သည့် ရလဒ်ထွက်ပေါ်သည် ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များသို့ လွတ်လပ်စွာ၊ လုံခြုံစွာ လာရောက်ခွင့်၊ ပြန်ထွက်သွားခွင့်များကို အာမခံချက်ပေးခဲ့သည့် အတွက် ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ သခင်စိုး၏ အင်အားပိုနည်းသည့် အလံနီကွန်မြူ နစ်ပါတီ၊ ကရင် ၊ ရှမ်း၊ မွန်၊ ကချင် တိုင်းရင်းသားလက်နက် ကိုင်များ နှင့် အခြားသောအဖွဲ့ငယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ကာကီရောင် စစ်ဝတ်စုံများ ဝတ်ဆင်ထားသော မိန်းကလေးများနှင့်အတူ ရောက်ရှိလာသော သခင်စိုးက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သည်။ သခင်စိုးက သူ့ရှေ့မှ ဆွေးနွေးပွဲ စားပွဲပေါ်တွင် စတာလင်ရဲ့ ပုံကိုချထား လိုက်ပြီးနောက် ဆိုဗီယက်ခေါင်းဆောင် ခရူးရှဖ်၏ “ပြန်လည်ပြင်ဆင်ရေးဝါဒ” နှင့် တရုတ်နိုင်ငံမှ မော်စီတုန်း၏ အခွင့်အရေးုဝါဒ သို့မဟုတ် “အချောင်သမားဝါဒ” တို့ကို စတင်တိုက်ခိုက်တော့သည်။ (မကြာမီမှာပင် ဆွေးနွေးပွဲများမှ သခင်စိုး ထုတ်ပယ်ခြင်းခံခဲ့ရသည်။) သို့သော် တရုတ်နိုင်ငံရောက် ဗမာပြည်ကွန်မြူနစ်ပါတီမှ လူ ၂၉ ယောက်လည်း ဆွေးနွေးပွဲတွင် ပါဝင်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်မြို့သို့ ရောက်လာခဲ့ကြသည်။ နောက်ပိုင်းတွင် “ပီကင်းပြန်”များဟု သိကြသည့် အဆိုပါ ပုဂ္ဂိုလ်များထဲတွင် ရဲဘော်အောင်ကြီး၊ သခင်ဗိုလ်၊ ဗိုလ်ဇေယျနှင့် သခင်ဗသိန်းတင် တို့လည်း ပါဝင်ကြသည်။ အမှန်တကယ်တွင် သခင်ဗသိန်းတင်က ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ထိုအခွင့်အရေးကို အသုံးချ၍ ပဲခူးရိုးမရှိ ဗကပ ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ရေဒီယို အသံလွှင့်စက်များနှင့် တရုတ်နိုင်ငံမှ ပေးသည့် အခြားအကူအညီများကိုလည်း သူနှင့်အတူ ယူဆောင်သွားခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ မှတ်တမ်းအထောက်အထားများအရ မြန်မာအစိုးရက ကွန်မြူနစ်တွေကို ၎င်းတို့၏ တပ်များနှင့် ပါတီဝင်များကို အာဏာပိုင်များက သဘောတူသတ်မှတ်ပေးသော နယ်မြေတခုအတွင်း စုစည်းထားရှိရန်၊ ကျန်နေသေးသော တပ်သားများ သို့မဟုတ် အခြားနေရာများတွင် ရောက်နေသော ကေဒါများ ရှိနေပါက အစိုးရကို အသိပေးရန်၊ ပါတီ၏ အဖွဲ့အစည်းအလိုက် လှုပ်ရှားမှု အားလုံးကို ရပ်တန့်ရန်နှင့် ဘဏ္ဍာငွေ ရှာဖွေဖြင်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်အာဏာပိုင်တို့၏ ခေါင်းမာမှုက ဗမာပြည်ကွန်မြူနစ်ပါတီအတွက် တနည်းတဖုံဖြင့် ကောင်းချီး မင်္ဂလာဖြစ်ခဲ့သည်။ နိုဝင်ဘာလတွင် ဆွေးနွေးပွဲများ ပျက်ပြားသွားသောအခါ လက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာ တောတွင်းစခန်းများကို ပြန်သွားကြသည်။ သို့သော်လည်း သခင်ဗသိန်းတင်နဲ့ အခြားကေဒါ တဦးသာ ဘေဂျင်းသို့ ပြန်သွားပြီး ကျန် ၂၇ ယောက်က ပဲခူးရိုးမမှာ ကျန်ရစ်နေခဲ့၍ ပြည်တွင်းရှိ ပါတီ၏ ခေါင်းဆောင်မှုပိုင်းကို ရယူခဲ့ကြသည်။

(၃) နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုအတွင်း တရုတ်နှင့် ဆိုဗီယက် ကွဲကြပြီးနောက် များမကြာမီ ၁၉၆၃ ခုနှစ် နိုဝင်ဘာ လ တွင် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရောက် ပညာသင်နေကြသော ဗကပ ကေဒါများ ဖြစ်သည့် ခင်မောင်ကြီး၊ စံသူ နှင့် သိန်းအောင်တို့ ဘေဂျင်းသို့ ပြန်လာခဲ့ကြသည်။ သခင်ဗသိန်းတင် ရန်ကုန် ငြိမ်းချမ်းရေးဆွေနွေးပွဲမှ ပြန်ရောက်ပြီး မကြာမီမှာပင် တရုတ်နိုင်ငံတွင်းမှ အလုပ်ကို ညွှန်ကြားရန် လူ ၅ ဦး ပါဝင်သော ဦးဆောင်အဖွဲ့ကို ဘေဂျင်းမြို့တွင် ဖွဲ့စည်း ခဲ့သည်။ ၁၉၆၀ နှစ်များအတွင်း ပေါ်ထွက်လာမည့် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုအသစ်၏ ပင်မ အခြေခံဖြစ် သည့် ထိုအဖွဲ့တွင် သခင်ဗသိန်းတင်က ခေါင်းဆောင်ဖြစ်လာပြီး ခင်မောင်ကြီးက သူ့ကိုယ်ရေး အတွင်းရေးမှူး ဖြစ်သည်။ ခင်မောင်ကြီးက ဗမာပြည်ကွန်မြူနစ်ပါတီ၏ သဘောတရားရေးရာ အဓိက တာဝန်ခံလည်း ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌဟောင်း သခင်ဗသိန်းတင်/ Hseng Noung Lintner

(၄) ၁၉၆၃ ခု နှောင်းပိုင်းတွင် မော်စကိုပြန်တယောက်ဖြစ်သော စံသူကို ယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်မည့် လမ်းကြောင်းများကို စတင် ကွင်းဆင်းရှာဖွေနေသော အဖွဲ့၏ ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့သည်။ ထိုကာလအတွင်းတွင် တရုတ်နိုင်ငံက ကူမင်းမှနေ၍ မြန်မာနှင့် နောက်ထပ် ကွန်မြူနစ် လှုပ်ရှားမှု တခုရှိနေသော လာအိုနယ်ခြားဒေသများ တလျှောက် နေရာအသီးသီးသို့ ဦးတည်သော အဝေးပြေး ကတ္တရာလမ်း ကွန်ရက်တခုကို ဖောက်လုပ်ခဲ့သည်။

(၅) တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဗမာပြည်ကွန်မြူနစ်ပါတီမှ ကေဒါ အားလုံးနီးပါးသည် မာ့က်စ် Marx ဝါဒနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ပညာတတ်များ ဖြစ်ကြသော်လည်း စစ်ရေးစစ်ရာနှင့် ပတ်သက်လျှင် အတွေ့အကြုံ အနည်းငယ် သို့မဟုတ် လုံးဝ မရှိသူများဖြစ်ကြသည်။ သို့သော်လည်း ၁၉၅၀ ခုနှစ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦး ဖြစ်သည့် နော်ဆိုင်းနှင့် ၂၀၀ မှ ၃၀၀ အတွင်းရှိသော သူ၏ နောက်လိုက်များ တရုတ်နိုင်ငံထဲသို့ ဆုတ်ခွာလာပြီး ကွေ့ကျုံး ပြည်နယ်တွင် သာမန် အရပ်သားပြည်သူများ အနေဖြင့် အခြေချနေထိုင်ခဲ့ကြသည်။ နော်ဆိုင်းသည် ဂျပန်တပ်များနှင့် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော ဒုတိယကမ္ဘာစစ်ပြန် သူရဲကောင်းတဦး ဖြစ်သည်။ ဗကပ၏ လိုအပ်ချက်နှင့် ကိုက်ညီသော တပ်မှူးတယောက်လည်း ဖြစ်သည်။

ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြုလုပ်မီ ၁၉၆၃ ခုနှစ် အစောပိုင်း ကတည်းက နော်ဆိုင်းကို စီချွမ် ပြည်နယ်သို့ ခေါ်ယူထားခဲ့သည်။ သခင်ဗသိန်းတင်နှင့် မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံသို့ ပြန်သွား၍ တိုက်ခိုက်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ကွေ့ကျုံး ပြည်နယ်မှ အသိုင်းအဝိုင်းကို စွန့်ခွာရန် စိတ်အားထက်သန်နေသော နော်ဆိုင်း ကလည်း သဘောတူရန် အသင့်ဖြစ်နေခဲ့သည်။ သူက သူ၏ အဖွဲ့ကို စုစည်း၍ ၁၉၆၅ ခုနှစ်တွင် ယူနန်ပြည်နယ်၌ သူတို့၏ စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့သည်။ နောက်ဆုံး ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၌ နော်ဆိုင်း၏ ကချင်စစ်သည်များက တရုတ်နိုင်ငံမှနေ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသသို့ ဝင်ရောက်လာခဲ့ကြသည်။ ခင်မောင်ကြီးနှင့် ဗကပ က အခြားနိုင်ငံရေးအရာရှိများလည်း သူတို့နှင့် အတူ လိုက်ပါလာခဲ့ကြသည်။

(၆) ၁၉၃၀ နှစ်များကတည်းက တရုတ် လူမျိုး ကွန်မြူနစ်များ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့များတွင် လှုပ်ရှားနေခဲ့ကြသည်။ သို့သော်လည်း ပင်မဖြစ်သည့် မြန်မာကွန်မြူနစ်များ၏ လှုပ်ရှားမှုများနှင့် လုံးလုံးလျားလျား သီးခြားဖြစ်နေခဲ့သည်။ ၁၉၆၀ နှစ်များ အစောပိုင်းတွင် အဆိုပါ အဖွဲ့များက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပထမဆုံးအဖြစ် ထိတွေ့မှုရှိလာသည်။ သူတို့၏ အရေအတွက်က များပြားခြင်း မရှိသော်လည်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ တရုတ် လူမျိုးများကို ထိုစဉ်က ရွှေလီမြစ်ကြောင်း တလျှေက်တွင် အခြေပြုထားသော ဗကပ နယ်မြေ သို့ သွားရောက်နိုင်ရန် စီစဉ် ပေးခဲ့သည်။ အရှေ့မြောက်ဒေသ ဖွဲ့စည်း တည်ထောင်ပြီးသည့် ၁၉၆၈ ခုနှစ်နောက်ပိုင်းတွင်လည်း ထိုနေရာသို့သွားနိုင်ရန် ကူညီပေးခဲ့သည်။ ၁၉၆၇ ခုနှစ် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ရန်ကုန်တွင် ပေါ်ပေါက်ခဲ့ပြီးနောက် ဗမာပြည် ကွန် မြူ နစ်ပါတီ လူဦးရေတိုးတက်လာခဲ့သည်။ အဆိုပါ အဓိကရုဏ်းများက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရှမ်းပြည်နယ်ထဲသို့ ထိုးဖောက်ဝင်ရောက်မည့် ဗကပ၏ ရှိနှင့်ပြီး အစီအစဉ်ကို အထောက်အကူ ဖြစ်စေခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံက မြန်မာ ကွန်မြူနစ်များကို ကူညီရခြင်းအကြောင်းရင်းက ထို အဓိကရုဏ်းများ မဟုတ်ပါ။

နောက်ပိုင်းဆယ်စုနှစ်အတွင်းတွင် တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီကို ချေမှုန်းရေး ရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များ၊ လောင်ချာများ၊ လေယာဉ်ပစ် အမြောက်များ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ ဂျစ်ကားများ၊ ကုန်တင် ထရပ် ကားများနှင့် ဓာတ်ဆီများ ထောက်ပံပေးခဲ့သည်။ ဆန်၊ အခြား စားနပ်ရိက္ခာများ၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ပစ္စည်းများကိုပင်လျှင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်- မြန်မာ နယ်စပ်တလျှောက်တွင် အသစ် တည်ထောင်နေသော တော်လှန်ရေးဒေသသို့ နယ်စပ်ဖြတ်ကျော် ပို့ပေးခဲ့သည်။ ထိုဒေသအတွင်းမှာပင် တရုတ်နိုင်ငံက ရေအားလျှပ်စစ် စက်ရုံများနှင့် လျှို့ ဝှက်အသံလွှင့်ရုံတခုကို တည်ဆောက်ပေးခဲ့သည်။ “The People’s Voice of Burma” က ၁၉၇၁ ခုနှစ် ဧပြီလမှ စတင်၍ နယ်စပ်ရှိ ယူနန်ပြည်နယ်ဘက်မှ နေ၍ အသံလွှင့်ခဲ့သည်။ တပ်နီလူငယ်များသာမက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ အမြုတေတပ်သားများလည်း ပါဝင်နေသည့် ထောင်ပေါင်းများစွာသော တရုတ် အပျော်တမ်းတပ်ဖွဲ့များ (volunteers) ကလည်း သူတို့၏ ဗမာရဲဘော်များနှင့် အတူ တိုက်ပွဲဝင်ရန် နယ်စပ် ဖြတ်ကျော် ရောက်ရှိလာခဲ့ကြသည်။ ၁၉၆၈ ခုနှစ် နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ပထမဆုံး စတင် ဝင်ရောက်လာသည့် အချိန်က စ၍ နောက် ၄ နှစ် အတွင်း ဗမာပြည် ကွန်မြူနစ်ပါတီက တရုတ်-မြန်မာ နယ်စပ် တလျှောက်မှ စတုရန်းမိုင် ၉၀၀၀ ကျော်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ယဉ်ကျေးမှုတော်လှန်ရေးကာလ အတွင်းတွင် တရုတ်တို့က သူတို့ကိုယ်သူတို့ “ကမ္ဘာ့ပစ္စည်းမဲ့ တော်လှန်ရေး” ၏ ဦးဆောင် သူများ အဖြစ် မြင်နေခဲ့ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ကြီးမားစွာ ကူညီခဲ့ခြင်းမှာလည်း ထိုမူဝါဒကို အင်တိုက်အားတိုက် ထုတ်ဖော်ပြခြင်းများထဲမှ တခုသာ ဖြစ်သည်။ သို့သော်လည်း ၁၉၇၀ နှစ်များ နှောင်းပိုင်းအထိ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွင် ထိုအချက်က အဓိကနေရာမှ ပါဝင်နေခဲ့သည်။ စစ်မက်ရေးကို ဦးစားပေးမှုနည်းသည့် မူဝါဒသို့ ဦးတည် သည့် အပြောင်းအလဲက ၁၉၇၆ ခုနှစ်တွင် မော်စီတုန်း ကွယ်လွန်ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီတွင်းတွင် အာဏာ အားပြိုင်မှုများ ဖြစ်ပွားခဲ့ရသည့် နောက်ပိုင်းတွင် စတင်ခဲ့သည်။ ထိုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံမှ လက်ဝဲစွန်းများက ပြန်လည် အင်အားခိုင်မာလာအောင် ပြုလုပ်နိုင်ခဲ့ကြပြီး တိန့်ရှောင်ဖိန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ဒေသတွင်းမှ အခြားသော ကွန်မြူနစ်ပါတီများကဲ့သို့ မဟုတ်ဘဲ သဘောထားတင်းမာသည့် မော်ဝါဒီများကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ပြုလုပ်သည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၅၅ နှစ်မြောက် အခမ်းအနားသို့ ဗမာပြည်ကွန်မြူနစ်ပါတီက အောက်ပါအတိုင်း ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သတင်းစကား ပေးပို့ခဲ့သည်။

“လျူရှောက်ချီက ခေါင်းဆောင်၍ တိန့်ရှောင်ဖိန်နှင့် ဆက်နွယ်နေသော ပြန်လည်ပြင်ဆင်ရေးအုပ်စု ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ နောက်ကြောင်းပြန်မည့် လက်ယာသွေဖီရေး အားထုတ်မှုကို ဖယ်ရှားရန် ဆောင်ရွက်ခြင်းက မှန်ကန်သော သုံးသပ်မှု ဖြစ်ပြီး လက်ယာဝါဒ ခေါင်းဆောင် တိန့်ရှောင်ဖိန်ကို အရေးယူသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်က မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်များနှင့် အပြည့်အဝ ကိုက်ညီမှု ရှိပါသည်။”

၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် မော်စီတုန်း ကွယ်လွန်ခြင်းကြောင့် ဝမ်းနည်းကြောင်း ပေးပို့သော ဒုတိယ သဝဏ်လွှာ တွင် ဗမာပြည်ကွန်မြူနစ်ပါတီက “ဥက္ကဌ မော်စီတုန်း၏ ပစ္စည်းမဲ့ တော်လှန်ရေးလမ်းစဉ်၏ လမ်းညွှန်မှုအောက်တွင် တရုတ်ပြည်သူများ အနေဖြင့် မဟာပစ္စည်းမဲ့ ယဉ်ကျေးမှု တော်လှန်ရေးကြီးအတွင်းမှ ဆိုရှယ်လစ် တော်လှန်ရေးနှင့် ဆိုရှယ်လစ်တည်ဆောက်ရေးတွင် လျူရှောက်ချီ၏ တန်ပြန်တော်လှန်ရေး ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်ကို ဝေဖန်ရာတွင်၊ လင်ပြောင်နှင့် ကွန်ဖျူးရှပ် တို့ကို ဝေဖန်ရာတွင်၊ တိန့်ရှောင်ဖိန်ကို ဝေဖန်ရာတွင်၊ လက်ယာသွေဖီရေးသမားတို့၏ ကြိုးပမ်းမှုကို မှန်ကန်သော သုံးသပ်ချက်ဖြင့် ဖယ်ရှားရာတွင်၊ ပစ္စည်းမဲ့အာဏာရှင်စံနစ်ကို တောင့်တင်းခိုင်မာအောင် ပြုလုပ်ရာတွင် ကြီးမားသော အောင်ပွဲကြီးများ ရရှိခဲ့ကြပါသည်။ ထို့ကြောင့် ကမ္ဘာ့ ပစ္စည်းမဲ့တော်လှန်ရေး၏ အားထားရာ ခံတပ်ကြီးဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အင်အားခိုင်မာလာခဲ့သည်” ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း နောက်တနှစ်အကြာတွင် ဘေဂျင်း၌ တိန့်ရှောင်ဖိန် အာဏာပြန်လည်ရရှိလာသည့် အတွက် ဗမာပြည် ကွန် မြူနစ်ပါတီ အနေဖြင့် သူတို့၏ ခံတပ်ကြီး အပေါ် အားကိုးအားထားပြုနိုင်မှုကို ပြန်လည်သုံးသပ်ရန် ဖြစ်လာသည်။ တချိန်က သူတို့၏ ပါတီတွင်းမှ ပြန်လည်ပြင်ဆင်ရေးသမားများဖြစ်သည့် ရဲဘော်ဌေးနှင့် ရဲဘော် ဂိုရှယ်တို့ကို ဗမာတိန့်ရှောင်ဖိန်နှင့် ဗမာလျူရှောက်ချီ အဖြစ် အသီးသီး နာမည်တပ်ခဲ့သော ဗကပများ နှုတ်ဆိတ်သွားကြသည်။ ရဲဘော်ဌေးနှင့် ရဲဘော် ဂိုရှယ် တို့သည် ဗမာပြည်ကွန်မြူ နစ်ပါတီကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ခေါင်းဆောင်၂ ဦး ဖြစ်ပြီး ၁၉၆၀ နှစ်များ နှောင်းပိုင်း ပါတီတွင်းမှ ဖြုတ်-ထုတ်-သတ် ပွဲများ အတွင်းတွင် သေဆုံးခဲ့ရသည်။ ယခင်က တိုက်ပွဲအမြင်များနှင့် ဗမာပြည် ကွန်မြူနစ်ပါတီမှ စာအုပ်စာတမ်းများကို ထုတ်ဝေပေးခဲ့သော Beijing Review နှင့် အခြားသော တရုတ် စာစောင်များက မြန်မာနိုင်ငံမှ လက်နက်ကိုင် တော်လှန်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ မှန်သမျှကို ပုံနှိပ်ခြင်း ရပ်ဆိုင်း လိုက်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ အကြောင်းကို နောက်ဆုံး ဖေါ်ပြခဲ့သည်မှာ ၁၉၇၆ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပြီး သခင် ဗသိန်းတင်နှင့် သူ၏ ဒု ဥက္ကဋ္ဌ သခင်ဖေတင့်တို့ကို တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌသစ် ဟွကိုဖန်း Hua Guofeng က ဘေဂျင်းတွင် လက်ခံ တွေ့ဆုံသည့် သတင်း ဖြစ်သည်။ ၎င်းတို့တွေ့ဆုံမှုကို အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မြန်မာကွန်မြူနစ် ခေါင်းဆောင် ၂ ဦးက မော်စီတုန်း ခေတ်လွန်ကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့ ကူညီရေး သေချာစေရန် ဆန္ဒရှိခဲ့မည်ဟု ယူဆနိုင်ပါသည်။ ဟွကိုဖန်းလည်း မကြာမီမှာပင် ရာထူးမှ ပြုတ်ကျခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံတို့၏ ခွာပြဲမှုကို မြန်မာစစ်အစိုးရက လျှင်မြန်စွာ၊ ပါးနပ်စွာ အခွင့်အရေး ယူခဲ့ သည်။ ဗီယက်နမ်နိုင်ငံက ၎င်း၏ အင်ဒိုချိုင်းနား အိမ်နီးချင်း (ကမ္ဘောဒီးယား) အပေါ် ထားသည့် သဘောထားဆီသို့ တရုတ်နိုင်ငံ၏ အလေးထားမှု ပြောင်းသွားချိန်တွင် မြန်မာနိုင်ငံက ကမ္ဘောဒီးယားရှိ ၎င်း၏ ရုံးများကို တရုတ်နိုင်ငံသို့ ငှား ရမ်းလိုက်သည်။ ကမ္ဘောဒီးယားတွင် ခမာနီများ အာဏာရလာပြီးနောက် ပထမဆုံး လာသည့် နိုင်ငံ ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၇၇ ခုနှစ် နိုဝင်ဘာလတွင် ဖနွမ်းပင်သို့ သွားရောက်ခဲ့သည်။ ခမာနီများကို သံတမန်ရေး အထီးကျန်ဖြစ်နေခြင်းမှ ဆွဲထုတ်ရန် မျှော်လင့်ထားသော ပုံမှန်မဟုတ်သည့် ထိုခရီးစဉ်၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ ရှိနေမည် ဆိုသည်မှာ သံသယ ရှိရန် မလိုပါ။ ဗမာပြည် ကွန်မြူနစ်ပါတီ အပေါ် တရုတ်နိုင်ငံမှ ထောက်ပံ့နေမှုများ ထပ်မံလျှော့ချပေးရန် မျှော်လင့်နေသော ဗိုလ်ချုပ်ကြီး နေဝင်းကလည်း သူလုပ်ရမည့် အခန်းဏ္ဍအတိုင်း ပါဝင်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းကြောင့် သူ စိတ်မပျက်ခဲ့ရပါ။ ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင်းတွင် ရှိနေသော ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဗဟိုဌာနချုပ် တခုလုံးနှင့် Peoples Voice of Burma အသံလွှင့်ရုံတို့ကို ယူနန် ပြည်နယ် နယ်စပ်ရှိ ပန်ဆန်းသို့ တရုတ်နိုင်ငံက ဖိအားပေး ပြောင်းရွှေ့စေခဲ့သည်။ ၁၉၆၈ ခုနှစ်မှ စ၍ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် လက်တွဲ တိုက်ခိုက်ခဲ့သော တရုတ် အပျော်တမ်း တပ်များကိုလည်း ပြန်လည်ခေါ်ယူခဲ့သည်။

၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံက (၁၉၅၀ နှစ်များက ဖွဲ့စည်းတည်ထောင်ရာတွင် မြန်မာနိုင်ငံ ပါဝင် ကူညီ ခဲ့သော) ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့မှ နှုတ်ထွက်လိုက်သည်။ ဟာဗားနား၌ ကျင်းပသော ဘက်မလိုက် ထိပ်သီး အစည်းအဝေးတွင် ကျူးဘားနိုင်ငံ၏ ဥက္ကဌ နေရာနှင့် ခမာနီများကို ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု၍ တက်ခွင့် မပြုခြင်းများကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ဟာဗားနား ထိပ်သီးအစည်းအဝေးအပြီးတွင် မြန်မာ ကိုယ်စားလှယ် ဦးစန်းယုက လွှတ်တော်သို့ အစီရင်ခံရာတွင် “နိုင်ငံတိုင်းမှာ အခြားနိုင်ငံတခုက မည်သည့် ပုံစံနဲ့ ဖြစ်စေ ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိဘဲ ၎င်းရဲ့ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စနစ်တွေကို လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့ ဖယ်ရှားလို့ မရနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြဿနာများကို ဖြေရှင်းရာမှာ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းများကို အခြေခံခြင်းအစား ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းရေး အတွက် အခိုင်အမာ ရပ်တည်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဦးစန်းယု၏ မှတ်ချက်များက ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်က ကမ္ဘောဒီးယားသို့ ကျူးကျော် ဝင်ရောက်ခြင်းကို ရည်ညွှန်းသည့် အရိပ်အယောင် ရှိသော်လည်း တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ်ပါတီသို့ (အကန့်အသတ်ဖြင့် ထောက်ပံ့ခြင်းများ ဖြစ်လာခဲ့သည့်တိုင်) ဆက်လက် ထောက်ပံ့နေခြင်းများကို မြန်မာ အစိုးရက သဘောမတူကြောင်း အချက်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း ဘာသာပြန်၍ ရနိုင်ပါသည်။

အပိုင်း ၃ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

ဆက်စပ်ဖတ်ရှုရန် – တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁

Did you find apk for android? You can find new Free Android Games and apps.
Loading