ဆောင်းပါး

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် - အပိုင်း ၃

Want create site? Find Free WordPress Themes and plugins.

ပြန်လည်ချည်းကပ်မှု နှစ်ကာလများ

၁၉၇၈ မှ ၁၉၈၈ ဆယ်စုနှစ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သည့် ကာလတခု ဖြစ်ခဲ့သည်။ ယခင်က အလွန် ပြင်းထန်ခဲ့သည့် မြန်မာအစိုးရတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကြားမှ တိုက်ပွဲများ သိသိသာသာ ရပ်တန့်နေခဲ့သည်။ ၁၉၇၇ ခုနှစ် အတွင်း ဦးနေဝင်း၏ တရုတ်နှင့် ကမ္ဘောဒီးယား ခရီးစဉ်များ နောက်ပိုင်းတွင် တိန့် ရှောင်ဖိန်က နိုင်ငံရေးအရ အလွန်အရေးပါသည့် ခရီးစဉ်တခု အနေဖြင့် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ ၃၁ ရက် အထိ ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့က သံအမတ်အဆင့် သံတမန်ဆက် ဆံရေးကို ၁၉၇၀ ခုနှစ်ကတည်းက ပြန်လည်ထားရှိခဲ့ပြီး ဖြစ်သော်လည်း တိန့်ရှောင်ဖိန်၏ ခရီးစဉ်မတိုင်မီအထိ ၂ နိုင်ငံကြားမှ (အားစိုက်နေရသော) ဆက်ဆံရေးကို သာမန်အနေအထားဟုသာ သတ်မှတ်နိုင်လိမ့်မည် ဖြစ်ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ထောက်ပံံ့မှုများကို တရုတ်နိုင်ငံက လျှော့ချလိုက်သော်လည်း လုံးလုံးလျားလျား ဖြတ်တောက် ခဲ့ခြင်း မဟုတ်ပါ။ ၁၉၇၉ ခုနှစ်မှ ၁၉၈၈ အထိ တရုတ်နိုင်ငံ၏ တရားဝင်မူဝါဒက တရုတ်နိုင်ငံ၏ ဝိရောဓိဖြစ်ဖွယ်ရာ သဘောတရား ဖြစ်သည့် ပါတီချင်း ဆက်ဆံရေးနှင့် အစိုးရချင်း ဆက်ဆံရေးကို ခွဲခြားထားခြင်းတွင် ဆက်ရှိနေသည်ဟု လည်း သတ်မှတ်နိုင်ပါသည်။ တရုတ်နိုင်ငံတွင် ပါတီက အစိုးရကို ဖွဲ့စည်းခြင်း ဖြစ်သည့် အတွက် အဓိပ္ပါယ်မဲ့သော ခွဲခြားခြင်းတခု ဖြစ်ပါသည်။

မည်သို့ပင် ဖြစ်စေ မြန်မာအစိုးရနှင့် တရုတ် အစိုးရတို့၏ ဆက်ဆံရေးက သတိထားမိလောက်အောင် တိုးတက်လာခဲ့သည်။ ၁၉၇၉ ခုနှစ် ဇူလိုင်လ ၉ ရက်မှ ၁၃ ရက်အတွင်းတွင် တရုတ်နိုင်ငံသို့ မြန်မာဝန်ကြီးချုပ် ဦးမောင်မောင်ခ သွားရောက်၍ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တခုကို လက်မှတ်ရေး ထိုးခဲ့သည်။ ၁၉၈၀ ခုနှစ် အောက်တိုဘာလနှင့် ၁၉၈၅ ခုနှစ် မေလတို့တွင် ဦးနေဝင်းက တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့သည်။ ၁၉၈၅ ခုနှစ် မတ်လတွင် တရုတ် သမ္မတ လီရှန်နင်း ရန်ကုန်သို့ လာရောက်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဗကပတပ်ဖွဲ့များမှာမူ သူတို့ အချိန်အခါမဟုတ်၍ အရာမဝင်တော့သလို မသက်ဆိုင်သလို ပို၍ ဖြစ်လာသည်။ သူတို့ရှေ့သို့လည်း ဆက်၍ မချီတက်နိုင်တော့သလို မြန်မာ့တပ်မတော်၏ တိုက်ခိုက်ချေမှုန်းခြင်းနှင့်လည်း မကြုံတွေ့ရပါ။

ထိုအချိန်တွင် အခြေအနေသစ်တခုက ဗကပအတွက် အရေးပါလာသည်။ သူတို့ အခြေစိုက်ထားသည့် ဧရိယာတွင် အကျိုးအမြတ် များပြားသည့် နယ်စပ်ဖြတ်ကျော်၍ မှောင်ခိုကုန်ကူးခြင်းက စီးပွားရေးအရ သိသိသာသာ ဖြစ်ထွန်းလာသည်။ ၁၉၇၈-၇၉ တွင် တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီ အနေဖြင့် ကိုယ့်ဖာသာ ရပ်တည်နိုင်ရမည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင် တရားမဝင် နယ်စပ်ကုန်သွယ်ရေးက ဗကပအတွက် အဓိက ဝင်ငွေ အရင်းအမြစ် ဖြစ်လာသည်။ ရှေးရိုးစွဲဆန်သည့် မြန်မာကွန်မြူနစ်များက ရုတ်ချည်းပင် လွတ်လပ်သော အရင်းရှင်များ ဖြစ်လာကြသည်။ ချည်ထည်၊ ပလပ်စတစ် ပစ္စည်း၊ စီးကရက်၊ ဘီယာ၊ စက်ဘီး၊ ဓာတ်ဆီနှင့် အိမ်သုံး ပစ္စည်းများ အစရှိသော တရုတ်နိုင်ငံလုပ် လူသုံးကုန်များကို မြန်မာပြည်မှ သစ်၊ တွင်းထွက်သတ္တု၊ ကျောက်မျက်ရတာနာများ ကျောက်စိမ်းများနှင့် အလဲအလှယ် ပြုလုပ်ခဲ့ကြသည်။ တရားမဝင် နယ်စပ်ကုန်သွယ်ရေးမှ အခွန်ကောက်ခံခြင်း ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီက ဆက်လက်ရပ်တည်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးက ဗဟို အဆင့်တွင်သာမက နယ်စပ်တလျှောက်တွင်ပါ တရုတ်နှင့် မြန်မာ ၂ နိုင်ငံကြားမှ လုံးဝ အသစ်ဖြစ်သော ဆက်ဆံရေးတခုအတွက် အခြေခံ အုတ်မြစ် ဖြစ်လာသည်။

၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီဆန္ဒပြပွဲကို ဝင်ရောက်ဖြိုခွင်းသော တရုတ်တင့်ကားများအား ရင်ဆိုင်နေသူတဦး/Reuters

ပေါက်ဖော်လား ဆရာတပည့်လား

၁၉၈၈ ခုနှစ် နွေရာသီ အတွင်းတွင် မြန်မာနိုင်ငံကို လွှမ်းမိုးနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြား အရေးပါခြင်း မရှိ ဟု ယူဆရနိုင်သော အဖြစ်အပျက်တခုက တရုတ်-မြန်မာ ဆက်ဆံရေးတွင် အလွန်အရေးပါသော အလှည့်အပြောင်းတခုကို ပေါ်ပေါက်စေခဲ့ပါသည်။ ကြီးမားသော ဆန္ဒပြပွဲများက ရန်ကုန်မြို့ကို နေ့စဉ်နီးပါး လှုပ်ခါနေပြီး တနိုင်ငံလုံး ပါဝင်လာမည့် အထွေထွေသပိတ်မတိုင်မီ ၂ ရက်အလို ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့က ၂ နိုင်ငံကြားမှ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ခွင့်ပြုသည့် သဘောတူညီချက်တခုကို ရန်ကုန်မှ တရားဝင် (အစိုးရ) မီဒီယာတွင် တွေ့လိုက်ရသည့် လေ့လာစောင့်ကြည့်သူ အများစုက ပြုံးမိကောင်း ပြုံးမိကြနိုင်ပါသည်။ ကျန်သည့် တကမ္ဘာလုံးက စစ်အစိုးရ၏ နောက်ဆုံးနေ့ရက်များဟု တွေးထင်ပြီး စောင့်ကြည့်နေချိန်တွင် နယ်စပ်တဖက်မှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယဉ်ကျေးမှုအရရော သမိုင်းအရပါ ဆက်နွယ်နေမှုနှင့် ရန်ကုန်တွင် မည်သည့် အစိုးရ အာဏာရှိသည် ဖြစ်စေ ဆက်ဆံနိုင်ရန် အသုံးပြုသည့် ကြားနေပုံစံ ချဉ်းကပ်မှုတို့ ၂ ခုလုံးကို အထောက်အပံ့ဖြစ်မည့် ၂ ဘက်ချွန်ကစားပွဲ ဆက်၍ ကစားနိုင်စွမ်း အပေါ်တွင် တရုတ် အစိုးရက လောင်းကြေးတင်ခဲ့သည်။

တရုတ်အစိုးရက သူတို့၏ ရည်ရွယ်ချက်ကို ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့လောက်ကတည်းက Beijing Review မှ ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ အများစုက သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ “Opening to the Southwest: An Expert Opinion,” အမည်ရှိ အဆိုပါဆောင်းပါးကို ရေးသားသူ တရုတ် ဒုတိယ ဆက်သွယ်ရေး ဝန်ကြီး ဟောင်း ပန်ချီက မြန်မာနိုင်ငံကို ဖြတ်ကျော်၍ တရုတ်နိုင်ငံမှ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်တခု ရှာဖွေရေး၏ ဖြစ်နိုင်ချေများကို ဖော်ပြခဲ့သည်။ ပန်ချီက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ မီးရထားလမ်းဆုံးမြို့များ ဖြစ်သော မြစ်ကြီးနားနှင့် လားရှိူးတို့သည် တရုတ်ကုန်စည်များ တင်ပို့ရန် ဖြစ်နိုင်ချေရှိသည့် လမ်းကြောင်းများ ဖြစ်သည်ဟု ရည်ညွှန်းခဲ့သော်လည်း သက်ဆိုင်ရာ နယ်စပ်ဒေသများမှာ မြန်မာဗဟို အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း ဖော်ပြခဲ့ခြင်း မရှိပါ။

ထိုအချိန်တွင် ၁၃၅၇ မိုင် ရှည်လျားသည့် တရုတ်-မြန်မာ နယ်စပ် နေရာ အားလုံးနီးပါးကို လက်တွေ့ ထိန်းချုပ်ထားသူများ မှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံ နှင့် နိုင်ငံရေးအရ၊ လူမျိုးရေး အရ သို့မဟုတ် ၂ မျိုးလုံးတွင် ဆက်နွယ်မှု ရှိနေသော အစိုးရမဟုတ်သည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည်။ ၁၉၆၀ ခုနှစ် နယ်နိမိတ် သဘောတူညီချက် နောက်ပိုင်းတွင် တရုတ်-မြန်မာ ပူးတွဲ အဖွဲ့က ၂ နိုင်ငံ နယ်စပ်တလျှောက်လုံးတွင် နယ်ခြား ကျောက်တိုင်များ စိုက်ထူ၍ နယ်နိမိတ်ကို မှတ်သားခဲ့ကြသည်။ ဆယ်စုနှစ် ၂ ခုကျော်ကြာမြင့်ခဲ့ပြီး နောက်တွင် ထိုနယ်ခြား ကျောက်တိုင်များ ပြိုကျ ပျက်စီးခဲ့သည့် အတွက် ၁၉၈၅ ခုနှစ်တွင် သဘောတူညီချက် အသစ်အရ ကျောက်တိုင် အသစ်များ စိုက်ထူခဲ့သည်။ သို့သော်လည်း ယခုတကြိမ်တွင် တရုတ်နိုင်ငံက ဆုံးဖြတ်သည့် နေရာများတွင် စိုက်ထူသည့် ကျောက်တိုင်များက နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက စခန်းများနှင့် ဝေးကွာသော လယ်ကွင်းများ၊ တောတွင်းမှ ကွက်လပ်များတွင် ရှိနေကြသည်။

၁၉၈၇ ခုနှစ် အစောပိုင်းအထိ မြန်မာအစိုးရက နယ်စပ်တလျှောက်ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အခြေစိုက် စခန်းအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာတွင် ထင်ရှားသည့် မြန်မာလမ်းမကြီး (Burma Road) တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်သွား သည့်နေရာတွင် ရှိပြီး ကုန်သွယ်ရေးမြို့အဖြစ် ဖွံ့ဖြိုးလာနေသော ပန်ဆိုင်းလည်း အပါအဝင် ဖြစ်သည်။ တချိန်တည်းမှာပင် ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးကတည်းက မူဝါဒများ သိသိသာသာ ပြောင်းလဲခဲ့သည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှ ကြီးမားသည့် စီးပွားရေး ထောက်လှမ်း သတင်းပေး စနစ်တခုမှ တဆင့် မြန်မာဈေးကွက်ကို စတင်ထိုးဖောက်လာခဲ့သည်။ အဆိုပါ ထောက်လှမ်းရေး ကွန်ရက်က မြန်မာပြည်တွင်းမှ ကုန်ပစ္စည်းထုတ်လုပ်နိုင်စွမ်းကို စောင့်ကြည့်သလို ထိုင်း၊ မလေးရှား၊ စင်္ကာပူ နှင့် အိန္ဒိယတို့ကဲ့သို့သော အခြား အိမ်နီးချင်းနိုင်ငံများ နှင့် တရားမဝင် ကုန်သွယ်မှု ပမာဏ နှင့် သဘာဝကိုလည်း စောင့်ကြည့်လေ့လာသည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံက သူတို့၏ နိုင်ငံပိုင် စက်ရုံများတွင် ထုတ်လုပ်သော ကုန် ပစ္စည်းများဖြင့် (မြန်မာ) ဈေးကွက်ကို တုန့်ပြန်လာနိုင်ခဲ့သည်။ စနစ်တကျ ရွေးချယ်ထားသည့် ကုန်ပစ္စည်း အမျိုးအစား ၂၀၀၀ ကျော် မြန်မာဈေးကွက်သို့ စီးဝင်ခဲ့သည်ဟု သိရသည်။ တရုတ်နိုင်ငံလုပ် လူသုံးကုန်ပစ္စည်းက အခြားအိမ်နီးချင်း နိုင်ငံများမှ ပစ္စည်းများထက် (ရည်ရွယ်ချက်ရှိရှိနှင့်) ဈေးသက်သာနေခဲ့သည်သာမက မြန်မာနိုင်ငံတွင်းတွင် ထုတ်လုပ်သည့် ပစ္စည်း များထက်လည်း ဈေးချိုနေခဲ့သည်။

၁၉၈၉ ခုနှစ် မတ်လနှင့် ဧပြီလ အတွင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှ တောင်ပေါ်တိုင်းရင်းသား တပ်ဖွဲ့ဝင်များက တော်လှန်ပုန်ကန်ခဲ့ကြခြင်းကြောင့် လူအများအပြား အံ့အားသင့်ခဲ့ရသည်။ ပါတီမှ မော်ဝါဒီ ခေါင်းဆောင် များ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ အဆိုပါ တပ်တွင်းပုန်ကန်မှုသည် ဗကပတပ်ဖွဲ့ အတွင်းသို့ အတင်းဆွဲသွင်းခြင်း ခံထားရသည့် (စစ်ပွဲတွင် ထိုးကျွေးခံရသည့်) တောင်ပေါ် တိုင်းရင်းသား တပ်ဖွဲ့ဝင်များနှင့် အတွေးအခေါ်ဟောင်းများကို ယခုအချိန်အထိ ကိုင်စွဲထားကြသည့် သက်ကြီးပိုင်း ဗမာခေါင်းဆောင်များကြားတွင် နှစ်ပေါင်းများစွာကြာ တငွေ့ငွေ့နှင့် ရှိနေခဲ့သည့် မကျေလည်မှုများကြောင့် ဖြစ်သည်။

ရန်ကုန်မှ အစိုးရက လိမ်မာပါးနပ်စွာဖြင့် ထိုပုန်ကန်မှုကို အလျှင်အမြန် အခွင့်ကောင်းယူနိုင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အကြွင်းအကျန်များကြားမှ ပေါ်ထွက်လာသော လက်နက်ကိုင် တပ်ဖွဲ့သစ်များ၏ ခေါင်းဆောင်များကို အစိုးရက အကယ်၍ သူတို့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့လျှင်၊ သူတို့၏ (၁၉၆၈ မှ ၇၈ ခုနှစ်များ အတွင်း တရုတ်နိုင်ငံမှ ရရှိခဲ့သည့်) များပြားလှသော လက်နက်များကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသို့ မျှဝေခြင်း မပြုခဲ့လျှင် မည်သည့် စီးပွားရေးလုပ်ငန်းမျိုးကို မဆို လုပ်ဆောင်နိုင်ကြောင်း ကတိပြုခဲ့သည်။ စစ်အစိုးရက ဗမာနယ်မြေများ အတွင်းမှ အရေးကြီးသော ခြိမ်းခြောက်မှုတခုကို ရင်ဆိုင်နေရချိန်တွင် အစိုးရအတွက် အလားအလာအရှိဆုံး စစ်ရေးခြိမ်းခြောက်မှု ပြေငြိမ်းသွားခဲ့သည်။ အကျိုးဆက် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးလာခဲ့ သည်။

သို့သော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ၏ အရေးပါမှုလျော့ပါးသွားခြင်းက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှုကို ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ပါ။ ၁၉၈၈ ခုနှစ်က ရန်ကုန်မှ (ဒီမိုကရေစီ ဆန္ဒပြပွဲများကို) ကြမ်းတမ်းစွာ ဖြိုခွဲမှုနှင့် နောက် ၁ နှစ်တွင် တရုတ်နိုင်ငံ တီယန်နန်မင် ရင်ပြင်တွင် ရက်စက်သော သတ်ဖြတ်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်း နှစ်များတွင် အထီးကျန်သော၊ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသော အိမ်နီးချင်း နိုင်ငံ ၂ ခုက တခုနှင့်တခု ပိုမို နီးကပ်သွားခြင်းက အံ့အားသင့်စရာ မရှိပါ။ မြန်မာနှင့် တရုတ် ၂ နိုင်ငံကြားမှ အလွန်ထူးခြားသော ဆက်ဆံရေးသစ်နှင့် ပတ်သက်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ၏ ထိပ်တန်း အဖွဲ့ဝင် တဦး ဖြစ်သလို မြန်မာနိုင်ငံတွင် အလွန် သြဇာကြီးသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က ရန်ကုန်မြို့ရှိ စီမံကိန်းတခုမှ တရုတ် အင်ဂျင်နီယာအဖွဲ့ကို ပြောခဲ့သော မိန့်ခွန်းတွင် ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ ယမန်နှစ်က တွေ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ အလားတူ အနှောက်အယှက်တွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ (၁၉၈၉ ခုနှစ် မေလ နှင့် ဇွန်လ တွင်) ပေါ်ပေါက်ခဲ့တဲ့အတွက် ကျနော်တို့ အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပေါ် စာနာမိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

သွေးစွန်းသော အာဏာရှင် အစိုးရ ၂ ခုကြားမှ ဆက်ဆံရေး၏ အရေးပါမှုက ၁၉၈၉ ခုနှစ် အောက်တိုဘာလအတွင်းတွင် အဖွဲ့ဝင် ၂၄ ဦးပါသော မြန်မာ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ၁၂ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပြီးနောက် ပိုမိုတိုးတက်လာခဲ့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အေဘယ်လ်နှင့် လေတပ် နှင့် ရေတပ်မှ ဦးစီးချုပ်များ ပါဝင်ခဲ့ကြသည်။ အဆိုပါခရီးစဉ်၏ အကျိုးဆက် အနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ (ဆိုဗီယက် MiG-21 ၏ တရုတ်ပုံစံ ဖြစ်သော) F-7 တိုက်လေယာဉ်များ၊ Hainan-class ရေတပ်ကင်းလှည့် ရေယာဉ် အနည်းဆုံး ၄ စီး၊ အပေါ့စားတင့်ကား ၁၀၀ ခန့်နှင့် သံချပ်ကာ လူစီးယာဉ်များ၊ လေယာဉ်ပစ် လက်နက်ကြီးများ၊ ဒုံးကျည်များ၊ လက်နက်ငယ် နှင့် ကျည်များ နှင့် စစ်သုံး ဆက်သွယ်ရေး ကိရိယာများ အပါအဝင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချပေးရန် တရုတ်နိုင်ငံက ကတိပြုသည့် ကြီးမားသော လက်နက်ရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက် တခု ရရှိခဲ့သည်။

၁၉၉၀ ခုနှစ်ရောက်သည့် အခါ မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှမှ အဓိက နိုင်ငံရေးနှင့် စစ်ရေး မဟာမိတ် ဖြစ်လာခဲ့သည်။ နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်းသို့ တရုတ်လက်နက်များ ဝင်ရောက်နေခြင်းက ရန်ကုန်မှ အလွန် လူကြိုက်နည်းသည့် စစ်အစိုးရ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အရေးပါခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လတွင် နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ဈေးချိုသော လူသုံးပစ္စည်းများ အဓိကတင်ပို့ရာ နိုင်ငံခြားဈေးကွက် ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်၊ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိက ဝယ်ယူတင်သွင်းသည့် နိုင်ငံဖြစ်လာသည်။ ထိုအချိန်တွင် ကမ္ဘာ့ဘဏ်မှ လေ့လာဆန်းစစ်သူများက တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ နီးပါး တန်ဖိုးရှိသည့် ကုန်ပစ္စည်းများ ဖလှယ်နေသည်ဟု ခန့်မှန်းခဲ့သည်။ ထိုတန်ဖိုးတွင် ရွှေတြိဂံဒေသ မြန်မာဖက်ပိုင်းတွင် တိုးတက်လာနေသာ မူးယစ်ဆေးကုန်သွယ်မှုကို ထည့်သွင်းထားခြင်း မရှိပါ။

ကုန်သွယ်ရေး အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ထိန်းသိမ်းစောက်ရှောက်မှု အားနည်းခဲ့သော လမ်းများနှင့် ရထား လမ်းများ အဆင့်မြှင့်တင်ရာတွင်လည်း မကြာမီမှာပင် ပါဝင်လာခဲ့သည်။ ၁၉၉၁ ခုနှစ် နှောင်းပိုင်းရောက်သည့်အခါ တရုတ် ကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင်းမှ အခြေခံ အဆောက်အဦး စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ထိုနှစ်အတွင်းမှပင် တရုတ် စစ်ရေးအကြံပေးများ ရောက်ရှိလာခဲ့ပြီး သူတို့သည် ၁၉၅၀ နှစ်များ နောက်ပိုင်းတွင် မြန်မာနိုင်ငံ တွင် ပထမဆုံး လာရောက် အခြေချသည့် နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်လာသည်။ အခြခံအားဖြင့် မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ဖောက်သည်နိုင်ငံ ဖြစ်လာသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံ အတွက် စစ်မြေပြင်တွင် ဆောင်ကျဉ်းမပေးနိုင်ခဲ့တို့ကို တရုတ်နိုင်ငံက နိုင်ငံရေးအရ အားနည်းသော အစိုးရတခုနှင့် ၂ နိုင်ငံ ကုန်သွယ်ရေးကို မြှင့်တင်ခြင်းနှင့် လိမ္မာပါးနပ်သော သံတမန်ရေးရာတို့မှ တဆင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သယံဇာတများကို တရုတ်နိုင်ငံက စိတ်ဝင်စားမှုနှင့် ရယူလိုခြင်းများ ရှိခဲ့သော်လည်း သယံဇာတနှင့် ဆိုင်သည့် အမှန်တကယ်ကစားပွဲက နောက်ပိုင်းမှ အရှိန်အဟုန်ပြင်းစွာ ရောက်လာသည်။ ၂၀၀၇ ခုနှစ် ဧပြီလတွင် တရုတ် နိုင်ငံ၏ National Development and Resource Commission က တရုတ်နိုင်ငံ အတွင်းပိုင်းနှင့် မြန်မာနိုင်ငံ၏ မဖော်ထုတ်ရသေးသော ကျယ်ပြန့်သည့် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံအရင်း အမြစ်များကို ဆက်သွယ်ပေးမည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မည့် အစီအစဉ်ကို အတည်ပြုလိုက်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန် ရေနံပိုက်လိုင်းတခုနှင့် ဒေါ်လာ ၁.၀၄ ဘီလီယံတန် ဓာတ်ငွေ့ ပိုက်လိုင်းတခု တည်ဆောက်ရန် သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် ရေနံစိမ်း ပိုက်လိုင်းတည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်သည့် အခန်းအနားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းမှ မဒေးကျွန်းတွင် ပြုလုပ်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ်သည့် ဓာတ်ငွေ့ပိုက်လိုင်း နှင့် အတူ အရှေ့အလယ်ပိုင်းမှ အရှေ့အလယ်ပိုင်းမှ တင်သွင်းလာသည့် ရေနံများတင်ဆောင်လာသည့် တရုတ်သင်္ဘောများအတွက် ဆောက်လုပ်ထားသည့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသရှိ ဆိပ်ကမ်းတခုမှတဆင့် တရုတ်နိုင်ငံကို တင်ပို့မည့် ရေနံပိုက်လိုင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် ရှုပ်ထွေးသော မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းများ၊ ကားလမ်း ရထားလမ်းများ တည် ဆောက်ရေး နှင့် သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးရေးတို့ အတွက် အသုံးပြုရန် မြန်မာနိုင်ငံသို့ နှစ် ၃၀ အတွင်း အ တိုးမဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ပေးရန် ကတိပြုခဲ့သည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံမှ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော ထိပ်တန်း စစ်ဘက်အရာရှိများကြားတွင် စိတ်မသာမယာဖြစ်မှုများ ပိုမို နက်ရှိုင်းစေခဲ့သည်။ သူတို့ အများစု၏ စိတ်ထဲတွင် တရုတ်က လက်နက် ထောက်ပံ့ထားသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲများက လောလောလတ်လတ်ပင် ရှိနေသေးသည်။ ထိုတင်းမာမှုများက တခါတရံတွင် ဌာနတွင်း အာဏာပြိုင်ဆိုင်မှု ပုံစံမျိုးဖြင့် ပေါ်ထွက်လာတတ်သော်လည်း လက်တွေ့မှာ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍ အညင်းပွားမှုများ၏ တွန်းအားကြောင့် ဖြစ်တတ်ပါသည်။

ပထဆုံး အကြိမ် တရုတ်နိုင်ငံကို ဆန့်ကျင်မှုက ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့် အစိုးရတွင်း အာဏာသိမ်းယူမှုတခုတွင် ဖြုတ်ချခြင်းခံခဲ့ရသည်။ တရုတ်- မြန်မာ ဆက်ဆံရေးတွင် အလွန်ရေးပါသူ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အခြားသော ဗိုလ်ချုပ်ကြီးများက ဆန့်ကျင်သည့် လုပ်ရပ် ဖြစ်သည်။ ပထမပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှ သူတို့၏လူ ဖယ်ရှား ခံလိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်ခဲ့ကြရသည်။

သို့သော်လည်း နောက်ပိုင်းတွင် ၂ ဘက်လုံးက ထိုကိစ္စနှင့် ပတ်သက်၍ အဆင်ပြေအောင် လုပ်နိုင်ခဲ့ကြသည်။ ၂ နိုင်ငံ ဆက်ဆံရေးကလည်း ပုံမှန် ပြန်ဖြစ်လာခဲ့သည့် အသွင်ရှိသည်။ ထို့နောက် ၂၀၀၉ ခုနှစ်တွင် တရုတ် အစိုးရသို့ ကြိုတင်သတိပေးခြင်း မရှိဘဲ မြန်မာတပ်များက အရှေ့မြောက်ပိုင်းရှိ ကိုးကန့်ဒေသမှ လက်နက်ကိုင် တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည်။ နယ်စပ် ၂ ဘက်လုံးမှ လူ ၃၀၀၀၀ ကျော် ထွက်ပြေးရပြီး တရုတ်ဘက်ခြမ်းတွင် ယာယီ နားခိုစရာများ ရှာဖွေရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ မြန်မာတပ်မတော်၏ ဗျူဟာနှင့် ပတ်သက်၍ စိတ်မသက်မသာ ဖြစ်ရကြောင်း တရုတ် အစိုးရက ထုတ် ဖော်ပြောကြားခဲ့သော်လည်း နိုင်ငံရေးအရထက်ပို၍ တစုံတရာ ဆောင်ရွက်ခြင်း မပြုခဲ့ပါ။

တရုတ်ခေါင်းဆောင်များ ထပ်မံ၍ စိတ်မသက်သာစွာ အံ့အားသင့်ခဲ့ရသည်မှာ ဦးသိန်းစိန်၏ အစိုးရသစ်က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ တွင် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့လိုက်သည့် အချိန်တွင် ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနှင့် အမေရိကန်တို့ကြားမှ ဆက်ဆံရေး ပေါ်ထွန်းလာခြင်း အပါအဝင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု လျော့ကျလာနေခြင်းနှင့် ပတ်သက်၍ ထပ်မံလျစ်လျူရှု၍ မရတော့ကြောင်း တရုတ် အစိုးရကို အချက်ပေးသည့် အခြားသော သင်္ကေတများလည်း ရှိလာပြီ ဖြစ်သည်။

အပိုင်း ၄ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁ 

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၂

Did you find apk for android? You can find new Free Android Games and apps.
Loading