အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာကို နိုင်ငံခြား လေ့လာစောင့် ကြည့်သူများ ပြောဆိုကြသည့်အတိုင်း တရုတ်နိုင်ငံ၏ လက်ထဲသို့ ကျရောက်မသွားစေခဲ့ပါ။ သို့သော်လည်း အနောက်နိုင် ငံများ၏ မူဝါဒများကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် သူတို့ စီစဉ်ထားသည့် အတိုင်း ပိုမိုလွယ်ကွယ်စွာ အကောင် အထည်ဖော်နိုင်စေခဲ့ခြင်းကတော့ သေချာပါသည်။ ထိုသို့ ဖြစ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေပြီး တရုတ်နိုင်ငံလက်သို့ လွှဲပြောင်းပေးသလို ဖြစ်ခဲ့ရသော မူဝါဒကို အနောက်တိုင်းမှ အချို့သောသူများက ဝေဖန်ခဲ့ကြသည်။
အဆိုပါစိုးရိမ်မှုကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)တွင် လေ့လာဆန်းစစ်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသော အမေရိကန် လုံခြုံရေး ကျွမ်းကျင်သူတဦး ဖြစ်သည့် Marvin Ott ရေးသားသော ၁၉၉၇ ခုနှစ် ဇွန်လတွင် ထုတ်ဝေခဲ့သည့် Los Angeles Times သတင်းစာမှ ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့သည်။ “အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆို ဝေဖန်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့် လုံခြုံရေးနဲ့ အခြားသော အမျိုးသား အကျိုးစီးပွားတွေ ရှိနေပါတယ်။ အခု အချိန်က တခြားသော နည်းလမ်းတွေကို အလေးအနက် စဉ်းစားရမယ့် အချိန် ဖြစ်ပါတယ်” ဟု Marvin Ott က သုံးသပ် ခဲ့သည်။
သို့သော်လည်း အပြောင်းအလဲတွင် ဂရုစိုက် စဉ်းစားစရာ အချို့ရှိပါသည်။ ၂၀၀၀ မှ ၂၀၀၈ ခုနှစ်အတွင်းတွင် ဂျော့ရှ်ဘုရှ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ကလင်တန်အစိုးရလက်ထက်က ကွန်ဂရက်လွှတ်တော်မှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထိန်းသိမ်းခြင်းအပြင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အင်အားစုများကို ထောက်ပံ့ရန် အားထုတ်သည့် အနေဖြင့် အသစ်ထပ်မံဖြည့်သွင်းမှုများလည်း ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ထင်ရှားသည့် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာခြင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းအပေါ် စစ်အစိုးရ၏ ဆိုးရွားသော တုန့်ပြန်မှု များကြောင့် ဂျော့ရှ်ဘုရှ်အစိုးရက မြန်မာနိုင်ငံတွင်းတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ နှင့် အခြားသော အစီအစဉ်များကို တိုးချဲ့ခြင်းအားဖြင့် မြေပြင်မှ အရပ်ဘက် အဖွဲ့အစည်းများကို ကူညီရန် နေရာပိုရလာသည့် အားသာချက်ကို ရယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ခြုံကြည့်လျှင်မှု စစ်အစိုးရ၏ ခေါင်းဆောင်မှုကို ဆန့်ကျင်သည့် အနေအထား တခုကို ခိုင်ခိုင်မာမာ ထိန်းထားခဲ့သည်။
၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့က ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတခုကို ထူထောင် ပေါ်ထွက်လာခြင်းကလည်း အမေရိကန် အစိုးရ အပေါ် တွန်းအားတခု ဖြစ်ခဲ့သည်။ မြောက်ကိုရီးယားက မြန်မာနိုင်ငံကို ဥမင်လိုင်ခေါင်း ကျွမ်းကျင်သူပညာရှင်များ၊ လက်နက်ကြီးများ၊ ရေဒါများ၊ လေကြောင်းကာကွယ်ရေး စနစ်များနှင့် (အနောက်တိုင်းနှင့် အာရှမှ ထောက်လှမ်းရေး အေဂျင်စီများက သံသယ ရှိကြသလို) ဒုံးပျံ နည်းပညာကိုပင်လျှင် ထောက်ပံ့ခဲ့သည်ဟု သိရသည်။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၊ အရှေ့အာရှ ကော်မတီခွဲ၏ ဥက္ကဌ အမတ် ဂျင်ဝက်ဘ်ကဲ့သို့သော နိုုင်ငံခြားရေး မူဝါဒဆိုင်ရာ ထိပ်တန်းလူ အချို့က လမ်းကြောင်း ပြောင်းလဲရန်နှင့် မည်သို့သော နောက်ဆက်တွဲများ ရှိသည် ဖြစ်စေ အာဏာကို ခိုင်ခိုင်မာမာ တွယ်ကပ်ထားမည် အသွင်ရှိသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံမှုများ စတင်ရန် အချိန်ကောင်း ဖြစ်သည်ဟု စတင်ပြောဆို လာခဲ့ကြသည်။ အိုဘားမား အစိုးရသည် ဂျော့ရှ်ဘုရှ်ခေတ်က နိုင်ငံခြားရေး မူဝါဒကို ပြန်လည် ပြင်ဆင်ရန် ကတိဖြင့် အာဏာရရှိလာခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း အပြောင်းအလဲတခု ဖြစ်လာရန် လမ်းစ ပွင့်လာခြင်း အဖြစ် အများစုက မြင်ခဲ့ကြသည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရကို တရားဝင် အဆုံးသတ် စေခဲ့ပြီး ဗြောင်ကျသော၊ မရိုးသားသော လှည့်စားမှုများဖြင့် ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အာဏာရရှိလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနောက်နိုင်ငံများ အနေဖြင့် မြန်မာ ခေါင်းဆောင်များနှင့် ကြားတွင် ခြားထားသော အကာအရံများကို ပယ်ဖျက်ရေးအတွက် လိုအပ်သော အခွင့်အရေးတရပ် ဖြစ်သည်ဟု မြင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အာဏာရှင် အစိုးရတခု မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် လည်ပတ်သည်ဟု ထင်မြင်ရသော နိုင်ငံအသစ်တခု ချက်ချင်း ဖြစ်လာ ခဲ့သည်။ အမေရိကန်တွင်လည်း အစိုးရသစ်တခု ရှိနေခြင်းနှင့် အတူ မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ဟောင်းများအတွက် အ နောက်နိုင်ငံများကို ဆွဲဆောင်ရန် အချိန်ကောင်းတခု ဖြစ်ခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများအတွက်လည်း တင်းမာမှုများ ဖြေလျှော့သည့် လုပ်ငန်းစဉ်ကို စတင်ရန် အချိန်ကောင်းတခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ သက်တောင့်သက်သာ မရှိသည့် ထွေးပွေ့မှုနှင့် မြောက်ကိုရီးယားနှင့် နီးကပ်သော ဆက်ဆံရေးတို့မှ ဆွဲထုတ်ခြင်းက ခေတ်သစ်အတွက် အရေးပါသော အချက်ဖြစ်သည်ဟု မြန်မာခေါင်းဆောင်များကရော အမေရိကန် ခေါင်းဆောင်များကပါ မြင်ခဲ့ကြသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံး ဖြစ်သည့် အမေရိကန် အစိုးရထိပ်တန်း တာဝန်ရှိသူ တဦး၏ ခရီးစဉ်လည်း ဖြစ်ပါသည်။ ဟီလာရီကလင်တန် ရောက်လာပြီးနောက်ပိုင်းတွင် အမေရိကန် သမ္မတ အိုဘားမားလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။ နောက် ၂ နှစ်ကြာပြီး မြန်မာနိုင်ငံက အာဆီယံအဖွဲ့၏ ဥက္ကဌနေရာကို ရယူခဲ့သည့် အချိန်တွင်လည်း အိုဘားမား ထပ်မံလာရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် မေလတွင် ဦးသန်းစိန်က ၁၉၆၆ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ ခရီးစဉ်နောက်ပိုင်းတွင် ပထမဆုံးသော မြန်မာနိုင်ငံ၏ အကြီးအကဲအဖြစ် အမေရိကန် နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံသို့ ရောက်ရှိခဲ့သည့် အချိန်တွင် အမေရိကန်-မြန်မာ ဆက်ဆံရေးက လုံးဝနီးပါး ပုံမှန် ပြန်ဖြစ်နေပြီ ဖြစ်သည်။ ထိုခရီးစဉ်တွင် သမ္မတ အိုဘားမားက ကျန်ရှိနေသေးသော အရေးယူ ပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားစရာ မူဝါဒ အပြောင်းအလဲကို နားလည်နိုင်ရန် ၂၀၀၀ ခုနှစ်များ အစောပိုင်းက မြန်မာ့တပ်မတော်၏ အတွင်းစည်းများအတွင်းတွင် ဆွေးနွေးခဲ့သည်များကို နက်နက်ရှိုင်းရှိုင်းကြည့်မည်ဆိုပါက ပိုမို အထောက်အကူ ရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချ၍ အထီးကျန်ထားခဲ့သည့် ထိုအချိန်တွင် စစ်အစိုးရက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အတွက် အဆင့် ၇ ဆင့်ပါ လမ်းပြ မြေပုံတခုကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအစဉ်တွင် အခြေခံဥပဒေရေးဆွဲရေး၊ ရွေးကောက်ပွဲများ၊ ခေတ်မီ ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံကို ဦးဆောင်မည် နိုင်ငံခေါင်းဆောင်များကို ရွေးချယ်မည့် လွှတ်တော် ခေါ်ယူရေးတို့ ပါဝင်သည်။
လမ်းပြ မြေပုံကို အများသိစေရန် ထုတ်ဖော် ကြေညာခဲ့သော်လည်း တချိန်တည်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်း (အထူးသဖြင့် အမေရိကန်) ကိုရော ပြည်တွင်းမှ အတိုက်အခံများကိုပါ ကိုင်တွယ်မည့် နည်းလမ်းများကို ဖော်ပြထားသည့် လျှို့ဝှက် မဟာဗျူဟာ (master plan) တခုကိုလည်း ရေးဆွဲခဲ့သည်။ အဆိုပါ မဟာဗျူဟာကို ရေးဆွဲခဲ့သူများကို မသိရသော်လည်း မြန်မာနိုင်ငံ၏ စစ်တက္ကသိုလ်မှ သုတေသီတဦးဟု ဖော်ပြထားသော ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှ ရေးသားသည့် ဌာနတွင်း စစ်ရေးစာတမ်းတစောင်က ၂၀၀၄ ခုနှစ် သြဂုတ်လခန့်တွင် ရေးသားပြီးစီး၍ ဖြန့်ဝေခဲ့သည်။ “တရုတ်လူ” ဟု သိကြသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်း မခံရမီ ၂ လ ခန့်က ဖြစ်ပါသည်။
စာရေးသူ ရရှိခဲ့သော မြန်မာဘာသာဖြင့် ရေးသားထားသော စာတမ်းက မဟာဗျူဟာ နောက်ကွယ်မှ အယူအဆနှင့် ဗျူ ဟာများကို ဖော်ပြထားသည်။ သို့သော်လည်း ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှ ဆိုသူမှာ လူပုဂ္ဂိုလ်တယောက်လား သို့မဟုတ် စစ်ဘက်မှ ပညာရှင် အဖွဲ့အစည်းတခု၏ အမည်ဝှက်လားဆိုသည်မှာ မသဲကွဲပါ။ တွေ့ရှိရသော သဲလွန်စများအရမူ ဒုတိယ တခု (ပညာရှင်အဖွဲ့) ဖြစ်ကြောင်း ညွှန်ပြနေသည်။
စာမျက်နှာ ၃၄၆ ခုပါ ဖိုင်တွဲမှ “မြန်မာ-အမေရိကန် ဆက်ဆံရေးကို လေ့လာခြင်း” ဟု ခေါင်းစဉ်တပ်ထားသော အဓိက စာတမ်းတွင် လတ်တလော၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို နိုင်ငံရေး မဟာမိတ်တခုနှင့် စီးပွားဖက် အဖြစ် မှီခိုနေရခြင်းက နိုင်ငံ၏ လွတ်လပ်ရေးကို ခြိမ်းခြောက်သည့် အမျိုးသားအဆင့် အရေးပေါ် အခြေအနေ တခုကို ဖန်တီးခဲ့ကြောင်း ဖော်ပြ ထားသည်။ စာတမ်းအရ မြန်မာနိုင်ငံအနေဖြင့် လမ်းပြမြေပုံကို အကောင်အထည်ဖော်ခြင်းနှင့် အစိုးတခု ရွေးချယ်ခြင်းများ နောက်ပိုင်းတွင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ပြုလုပ်ရမည် ဖြစ်ပြီး စစ်အစိုးရအနေခြင့် ပြင်ပ ကမ္ဘာက ပိုမိုလက်ခံနိုင်မည့် အခြေအနေများနှင့် အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အနောက်နိုင်ငံများတွင် လူ့အခွင့်အရေးက စိုးရိမ်စရာဖြစ်သော်လည်း အမေရိကန်က ဗျူဟာမြောက် အကျိုးစီးပွားများ အတွက် ၎င်း၏ မူဝါဒကို ပြင်ဆင်ရန် ဆန္ဒရှိနေလိမ့်မည်ဟု ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှက ဆိုသည်။ အဆိုပါ အကျိုးစီးပွားများကို စာတမ်းပြုစုသူက အတိအကျ ဖော်ပြခြင်း မရှိသော်လည်း အဆိုပါ စာတမ်းရေးသားသူ၏ အယူအဆက အမေရိကန်နှင့် တရုတ်တို့ကြား နေရာကို စဉ်းစားခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။ စာတမ်းရှင်က ဒီမိုကရေစီနှင့် ဗျုဟာမြောက် အကျိုးစီးပွားတို့နှင့် ပတ်သက်လျှင် အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ ပြောင်းလွယ်ပြင်လွယ် ဖြစ်မှုကို ဗီယက်နမ်နှင့် ယခင် အာဏာရှင်ဟောင်း ဆူဟာတို လက်ထက်က အင်ဒိုနီးရှား နိုင်ငံတို့ကို ဥပမာ ထား၍ ဖော်ပြခဲ့သည်။

အကယ်၍ အမေရိကန်နိုင်ငံနှင့်၂ နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့လျှင် မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော ရံပုံငွေများကို ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ နှင့် အခြားသော ကမ္ဘာ့အဆင့် ဘဏ္ဍာရေး အဖွဲ့ အစည်းများထံမှ ရရှိနိုင်လိမ့်မည်ဟု မဟာဗျူဟာက အကြံပြုထားသည်။ ထိုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ကူညီစောင်မမှုနှင့် ကုန်သွယ်ရေးတို့ အတွက် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများ အပေါ် မှီခိုနေရသည့် ဒေသတွင်းဝါဒမှနေ၍ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်သို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုရမှုကို လျှော့ချနိုင်၍ အနောက်နိုင်ငံများ၏ ယုံကြည်ရသော မိတ်ဖက်တဦး ဖြစ်မလာမီ ဖြေရှင်းရမည့် ပြဿနာများ ရှိကြောင်းကိုလည်း မဟာဗျူဟာက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ စာတမ်း ရေးသားသည့် အချိန်မှ အဓိက ပြဿနာမှာ ဒီမိုကရေစီ ပုံရိပ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသည့် ဆုံမှတ်တခု ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှက “သူ(ဒေါ်အောင်ဆန်းစုကြည်) ထိန်းသိမ်းခံထားရတိုင်း ဖိအားများ တိုးလာသည်။ သို့သော်လည်း သူ့ကို ထိန်းသိမ်းထားခြင်း မရှိလျှင် ဖိအားနည်းသွားသည်” ဟု ရေးသားခဲ့သည်။
စာတမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းက အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးတက်စေလိမ့် မည်ဟု စောင်းပါးရိပ်ခြည် ဖော်ပြထားသော်လည်း ရှင်းလင်းစွာ ဖော်ပြထားသည့် ဗျူဟာ၏ အဆုံးစွန်သော ရည်ရွယ်ချက် မှာ အတိုက်အခံများကို ချေမှုန်းရေး ဖြစ်သည်။
အစိုးရ အနေဖြင့် မီဒီယာများနှင့် ပြည်ပရောက် မြန်မာများက ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော်လည်း အကယ်၍ အမေရိကန် နိုင်ငံရေးသမားများ နှင့် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်အောင် ဖိတ်ခေါ်နိုင်ခဲ့လျှင် နိုင်ငံတကာ၏ အမြင်ကို အစိုးရဖြစ်စေ လိုသည့် အတိုင်း ဖြစ်လာရေးအတွက် ဆွဲဆောင်ရာတွင် သူတို့က ကူညီပေးနိုင်မည် ဖြစ်ကြောင်း စာတမ်းက သုံးသပ်ထားသည်။ လက်တလော မူဝါဒ အပြောင်းအလဲများ မပေါ်ပေါက်မီ နှစ်ပေါင်းများစွာ အတွင်းတွင် ကွန်ဂရက် လွှတ်တော် အမတ်များ အပါအဝင် အမေရိကန် အမြောက်အများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြသည်။ စစ်အစိုးရအပေါ် သူတို့၏ ဝေဖန်မှုများလည်း ယခင်က ထက်ပိုမို နည်းပါးသွားသည်ကိုပင် တွေ့ခဲ့ရသည်။
နောက်ဆုံးတွင် မြန်မာ စစ်ခေါင်းဆောင်များက အမေရိကန် နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မလုပ်ဘဲ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် အောင်မြင်စွာ စီမံနိုင်ခဲ့သည့် အသွင် ရှိပါသည်။ အကျိုးဆက် အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးက အလျှင်အမြန် တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်က ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှ အကြံပြုခဲ့သော လမ်းကြောင်းများ အတိုင်းပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဟီလာရီ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အချိန်က မြောက်ကိုရီးယားနှင့် တရုတ် ၂ နိုင်ငံလုံးက ထိပ်တန်း ဦးစားပေးများ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် မဟာဗျူဟာနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများက ၂ နိုင်ငံ၏ အစီအစဉ်တွင် မြင့်တက်လာခဲ့သည်နှင့်အမျှ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီက အလေးအနက်ပြုမှု တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။
ယနေ့ အချိန်တွင် ရန်သူတော်ဟောင်းများ ဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် အမေရိကန်တို့က အရှေ့တောင်အာရှ၏ အာဏာ နှင့် သြဇာလွှမ်းမိုးမှု တိုက်ပွဲတွင် ခြံစည်းရိုး တဖက်တည်းတွင် ပို၍ ရောက်လာခဲ့ကြသည်။ တရုတ်-မြန်မာ ဆက်ဆံရေး၏ အနာဂတ်တွင် ကွဲပြားမှုများ (ရန်လိုမှုများပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) ကို မျှော်လင့်နိုင်ပါသည်။ သို့သော်လည်း ကြိုတင်၍ မမြင်နိုင်သည့် ကိစ္စအချို့မှ လွဲ၍ အမေရိကန်နှင့် အနောက်နိုင်ငံ အများအပြားက မြန်မာနိုင်ငံကို အထီးကျန်ထားရမည့် အပယ်ခံနိုင်ငံ တခုအနေဖြင့် ဆက်လက်၍ မြင်ကြတော့မည် မဟုတ်ပါ။
အပိုင်း ၅ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)
ဆက်စပ်ဖတ်ရှုရန်
တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁
တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၂
တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၃