မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုသည် ပါလီမန် ဒီမိုကရေစီ ခေတ် မှ ယနေ့ အရပ်သား အစိုးရခေတ်သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း အောင်မြင်မှု မရသေးဘဲ ဖြစ်နေသည်။
ပြည်တွင်းစစ်မီး လောင်မြိုက် နေဆဲဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသူများလည်း နေရပ်မပြန်နိုင် ဖြစ်နေသည်။
မည်သည့်အတွက်ကြောင့် ပြည်တွင်းစစ် အဆုံးမသတ်နိုင် သေးသနည်း။ ထိုမေးခွန်းကို မေးမည်ဆိုလျှင် မတူညီသော အဖြေများ ထွက်လာနိုင်ပါသည်။
ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေရာတွင် မတူညီသော သုံးဘက်မြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်နေခြင်းကြောင့်ဟု ဆိုနိုင်မည် ထင်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသော အစုအဖွဲ့ သုံးဖွဲ့ ဘက်သုံးဘက်သည် တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်ကို အားလုံးသိပြီး ဖြစ်ပါသည်။
တပ်မတော်က နိုင်ငံရေး သဘောထားကွဲလွဲမှုကို လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် တောင်းဆို၍ မရနိုင်ကြောင်း၊ ပါတီ နိုင်ငံရေးဖြင့်သာ တောင်းဆိုနိုင်ကြောင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းက တရားဥပဒေ စိုးမိုးမှုကို ခြိမ်းခြောက်ခြင်းနှင့် အချုပ်အခြာ အာဏာကို ထိပါးခြင်း ဖြစ်ကြောင်း သဘောထား ရပ်တည်ချက် ရှိထားသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မထိုးရန် ရပ်တည်နေသော အဖွဲ့များ ရှိနေခြင်း နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရရေး အတွက် လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် ဆောင်ရွက်နေသော အဖွဲ့ များ ရှိနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။
ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ (MNDAA) သည် ငြိမ်းချမ်းရေးတွင် ပါဝင်ခွင့်ရရေးနှင့် ၂၀၀၉ ခုနှစ် နောက် ပိုင်း ၎င်းတို့ ဆုံးရှုံးသွားခဲ့သော နယ်မြေများ၊ အခွင့်အရေးများ ပြန်လည်ရရှိရေး ဟုဆိုကာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် က ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဆင်နွဲခဲ့သည်။
ထိုသို့ ဆင်နွှဲရာတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က MNDAA ဘက်မှ ပါဝင် တိုက်ခိုက် ပေးခဲ့ခြင်းကြောင့် တပ်မတော်က အချုပ်အခြာ အာဏာ ထိပါးသကဲ့သို့ ဂုဏ်သိက္ခာကို ထိပါးသည်ဟု ယူဆကာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်မပြုခဲ့ဘဲ လက်နက် ဖြုတ်သိမ်းမှသာလျှင် ပါဝင်ခွင့် ပြုနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက် စွဲကိုင်ပြီး လိုရာ တောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေး နည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက် သွားရမှာ ဖြစ်ပါ တယ်” ဟု NCA ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။
MNDAA၊ TNLA၊ AA တို့ဘက်ကမူ လက်နက် ဖြုတ်သိမ်းရေးသည် မဖြစ်နိုင်ကြောင်း၊ ပြည်တွင်းစစ် ရပ်တန့်ရေး ဆောင်ရွက်ရာတွင် ဟိုအဖွဲ့ကျန် ဒီအဖွဲ့ကျန်နည်းဖြင့် မအောင်မြင်နိုင်ကြောင်း၊ တပ်မတော်ဘက်မှ ငြိမ်းချမ်းရေး အမှန် တကယ် ရလိုစိတ်ရှိပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်မည့် လမ်းကြောင်းများကို ဖွင့်ပေးသင့် ကြောင်း ပြောဆိုကြသည်။
ဤအဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မရခြင်းကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးဘဲ ကျန်ခဲ့ကြသည်။
“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား အဖွဲ့ (NDAA) တို့ကမူ ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်း ရေး ရယူခဲ့ရာ ယနေ့အထိ တပ်မတော်နှင့် တိုက်ပွဲများ မဖြစ်ပွားအောင် ထိန်းသိမ်းထားနိုင်ခြင်းနှင့် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်က ပြည်နယ်အဆင့် – ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး လက်မှတ် ထိုးထား ခြင်းကြောင့် NCA တွင် ပါဝင် လက်မှတ်မထိုးရန် ဆုံးဖြတ်ကာ ကျန်ခဲ့ကြခြင်း ဖြစ်သည်။
နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) ကလည်း မြန်မာ-အိန္ဒိယ ၂ နိုင်ငံတွင် နာဂ လူမျိုးများ ပျံ့နှံ့ နေထိုင် နေခြင်းကြောင့် တစုတစည်းတည်း မပူးပေါင်းနိုင်သေး၍ NCA လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း ဆုံးဖြတ်ကာ ကျန်နေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ် ရေးထိုးရ မှာ ဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှု မရှိလို့ လက်မှတ် ထိုးစရာမလိုဘူးလို့ ပြောနေတဲ့ အဖွဲ့အချို့ ရှိပါတယ်။ NCA ဟာ အမည်နာမ အားဖြင့်သာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရ အားဖြင့်ကတော့ ဒါ့ထက် ပိုမိုကျယ်ပြန့် ပါတယ်။ နက်ရှိုင်း ပါတယ်။ ဒါ့ကြောင့် NCA ကို လက်မှတ်ထိုးဖို့ လိုအပ်ကြောင်း အခိုင်အမာ ပြောကြား လိုပါတယ်”ဟု NCA ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်ကမူ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှခွင့် အတွက် တော်လှန် တိုက်ပွဲ ဝင် နေခြင်း ဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး မရှိဘဲ လက်နက်စွန့်ပါက အာမခံချက် မည်မျှ ရှိနိုင် သည်ကို မတွေ့ရှိကြောင်း၊ မိမိတို့၏ မျိုးနွယ်စုများကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်ကြောင်း၊ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်နိုင်သေးကြောင်း စသဖြင့် သဘောထား ရှိကြသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား အခြေခံအားဖြင့် ထိုသို့ ရပ်တည်၍ လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြ သော်လည်း ပြည်တွင်းစစ် ရပ်တန့်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး တည်ဆောက်ရာတွင် သဘောထားများ တူညီမှုမရှိဘဲ NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုးအဖွဲ့ ကွဲပြားသွားသကဲ့သို့ NCA ထိုးနိုင်ရေး ကြိုးပမ်းနေသော အစုအဖွဲ့ လည်း ရှိနေပြန်သေးသည်။
၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် သမ္မတဟောင်း ဦးသိန်းစိန်က တနိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ ပါဝင် ပူးပေါင်း ဖော်ဆောင်လာခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာတော့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်း အရုံး/ ကရင် အမျိုးသားများ လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအို့ဝ် အမျိုးသား များ လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)တို့ NCA ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
သို့သော် UWSA၊ NDAA၊ NSCN-K၊ KIA၊ SSPP၊ NMSP၊ KNPP တို့ကမူ အထက်ပါ ဖော်ပြခဲ့သည့် အခြေအနေ များကြောင့် NCA လက်မှတ် မထိုးဘဲ ကျန်နေခဲ့ကြသည်။
ထိုလက်မှတ် မထိုးရသေးသည့် အဖွဲ့များထဲမှ SSPP၊ NMSP၊ KNPP တို့သည် ရခိုင် အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အနေဖြင့် အဆိုပြုချက် ၈ ချက်ကို အစိုးရထံ တင်ပြဆွေးနွေးနေပြီး သဘောတူညီမှုရပါက NCA လက်မှတ်ထိုးမည်ဟု ဆိုသည်။
အလားတူ UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တို့ကလည်း ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေး ကော်မတီ (FPNCC)ကို ၂၀၁၇ ခုနှစ် မေလအတွင်းက ဖွဲ့စည်း၍ NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင် ပေး ရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ FPNCC ဖြင့်သာ ဆွေးနွေးရန် ဆိုသော မူဝါဒ တခုကို ချမှတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် စောင့်ဆိုင်းနေသည်။
အစိုးရ ဘက်ကလည်း NCA လမ်းကြောင်း အတိုင်းသာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဖြစ်ပြီး NCA ပြင်ပ လမ်းကြောင်းကို လက်မခံကြောင်း၊ FPNCC အား လက်မခံကြောင်း၊ FPNCC ပါ အဖွဲ့များကို ခွဲခြား ဆွေးနွေးနိုင် ကြောင်း ပြန်လည် သဘောထား မှတ်ချက်များ ပြုလာခြင်းကြောင့် ဆွေးနွေးရေး လမ်းကြောင်း ပိတ်သလို ဖြစ်နေ ခဲ့ သည်။
သို့သော် UNFC တပ်ပေါင်းစုနှင့်မူ ဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပြုချက် ၈ ချက်ကို ညှိနှိုင်း သဘောတူညီမှု ရယူ နိုင်ပါက NCA လက်မှတ် ထိုးကြမည် ဖြစ်ကြောင်း သိရသည်။
အစိုးရကလည်း အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အပစ်ရပ် စာချုပ်ကို လက်မှတ် ထိုးလာရေး ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “NCA ကို လက်မခံနိုင်သေးတဲ့ အဖွဲ့တွေ ရှိနေခဲ့ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားပြီး လက်ကမ်း ကြိုဆိုလျက် ရှိနေပါတယ်။ NCA လက် မှတ် မထိုးဘဲ ကျန်နေသေးတဲ့ အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော် အတွက် ဖက်ဒရယ် အခြေခံမူ တွေ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲ ဖိတ်ခေါ်ထားပါတယ်။ တကယ်တော့ NCA ဆိုတာ ကျမတို့ ပြည်ထောင်စုရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးရဲ့ စတင်မှု တရပ်လို့ ဆိုနိုင်ပါတယ်”ဟု ဆိုသည်။
ထိုသို့ မတူ ကွဲပြားနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တူညီသော အမြင်တခုနှင့် တူညီသော ဘုံသဘောထား ရပ်တည် ချက်များ ရရှိရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။
သို့မဟုတ်ပါက ငြိမ်းချမ်းရေး ရရှိရေး၊ ပြည်တွင်းစစ် ရပ်တန့်ရေး မည်မျှ အော်ဟစ် ကြွေးကြော် နေပါစေ အောင်မြင်ရန် အခွင့်အရေး နည်းပါးလှပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တလှေတည်းစီး၊ တခရီးတည်းသွားနေကြတဲ့ ကျမတို့ အနေနဲ့ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ အပြန်အလှန် ညှိနှိုင်း ပူးပေါင်း သွားကြမယ်ဆိုရင် ကျမတို့ မျှော်မှန်းတဲ့ ငြိမ်းချမ်း ရေး ပန်းတိုင်ကို အဆုံးတိုင် ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်”ဟု အောက်တိုဘာ ၁၅ ရက် NCA ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြောသည်။
FPNCC ဘက်မှ NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ရန်၊ တဖွဲ့ချင်းအစား ၇ ဖွဲ့စလုံးဖြင့် ဆွေးနွေးရန် ဆိုသော မူဝါဒများ ချမှတ်လာခြင်းက လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ် ထိုးထားသော NCA သည် တိုက်ပွဲများကို မတားဆီးနိုင် ခြင်း (လက်မှတ်ထိုးထားသော RCSS နှင့် တပ်မတော် တိုက်ပွဲများဖြစ်ခြင်း)၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များ ကျင်းပခွင့်မရခြင်း (RCSS နှင့် ALP တို့ ကျင်းပနိုင်ခြင်းမရှိသေး)၊ NCA စာချုပ်ပါ အချက်အလက် များသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို သွေးဖည်နေခြင်း စသည့် အချက်များကြောင့်ဟု သိရသည်။
FPNCC က ရပ်တည်နေသော မူဝါဒနှင့် တပ်မတော်က ရပ်တည်နေသော အခြေအနေသည် ကွဲပြား ခြားနားနေ ကြောင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NCA ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောကြား သွားခဲ့သော စကားဖြင့်ပင် မြင်တွေ့နိုင်ပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီစာချုပ်(NCA)မှာ ပါတဲ့ ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့ အခွင့်အရေး ကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တခုမှ မပါပါဘူး။ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထား တာ ကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကို ဆက်လက်ပြီး မသိကျိုးကျွံ ပြုနေရင် ပြည်သူလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင် စု စနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး သူတလူ ငါတမင်း စနစ်ကို တည်ထောင်လိုခြင်းနှင့် ပြည်ထောင်စုနဲ့ ပြည်သူ လူထု အကျိုးကို မျက်ကွယ်ပြုလိုခြင်းလို့ ယူဆရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ငြိမ်းချမ်းရေး နှင့် ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များ အတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများ အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်၊ ဒို့တာဝန် အရေး သုံးပါး နှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါ လုပ်ဆောင်ရန် စသည့် မူဝါဒ ၆ ချက်ကိုလည်း တပ်မတော်က ချမှတ်ထားသည်။
အဆိုပါ အခြေအနေများတွင် အရပ်သားအစိုးရက NCA လက်မှတ် မထိုးရသေးသော အဖွဲ့များ ပါဝင်လက်မှတ် ရေးထိုး လာနိုင်ရေး ပထမဆုံး ခြေလှမ်းအနေဖြင့် ကြိုးပမ်းနေသော်လည်း အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် သုံးဘက်မြင် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် နီးလျက်နှင့် ဝေးကွာနေပါတော့သည်။
နှစ်ပေါင်း ၇၀ ခန့် ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ် ချုပ်ငြိမ်းချမ်းရေးကို ဒေါ်အောင်ဆန်းစုကြည် လက်ထက် အရပ် သား အစိုးရ လက်ထက်မှာ အမိအရ ဖမ်းဆုပ်နိုင်ခြင်း မရှိပါက နောင်အနာဂတ် ငြိမ်းချမ်းရေးသည် ပိုမို ဝေးဝါး သွားနိုင် မလားဟု စိုးရိမ်ဖွယ်ရာ ရှိပါသည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်း စေပြီး ၁၉၄၇ ပင်လုံညီလာခံမှာ မျှော်မှန်းခဲ့သည့် အတိုင်း ပြည်ထောင်စုကြီးကို ပြန်လည် ထူထောင်ရေးဟာ ကျနော်တို့ အားလုံးရဲ့ အဓိက ပန်းတိုင် ဖြစ်ပါတယ်”ဟု NCA ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောခဲ့ပါသည်။
ထိုပန်းတိုင်သို့ ချီတက်သည့်နေရာတွင် NCA စာချုပ်ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းသာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ပါဝင်သင့်သူများ အားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ များ လိုအပ်ပါသည်ဟုလည်း ၎င်းက ဆိုသည်။
NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆောင်အဖွဲ့ (PPST) သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံစဉ် အပစ်မရပ်ရ သေးသော အဖွဲ့များအတွက် ငြိမ်းချမ်းရေး အခင်းအကျင်း တရပ် ဖော်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် မည်သည့် ပုံစံ အခင်းအကျင်း တရပ်လည်းဆိုသော အချက်ကိုမူ မသိရှိရပေ။
ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြည်သူလူထုက အမြင် မကြည်လင်မှုများ လည်း ရှိလာခဲ့ပါသည်။
လက်ရှိတွင် ပြည်သူတချို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အမွေတောင်းနေသကဲ့သို့ ဖြစ်နေကြောင်း၊ အမျိုးသားရေးမှ အကျိုးစီးပွားများ ပါဝင်လာနေကြောင်း၊ မိမိတို့သည် ကြားညှပ်၍ အသုံးချ ခံနေရကြောင်း၊ အမျိုးသားရေး အကြောင်းပြ ခံရသူနှင့် အမျိုးသားရေး ဖော်ဆောင်နေသူများကြားက လူနေမှု အဆင့်အတန်းသာ ကွာခြားသွားကြောင်း၊ သယံဇာတ ခွဲဝေ ပိုင်ဆိုင်ရေး အငြင်းပွားမှုသာ ဖြစ်ကြောင်း၊ တပ်မတော်သည် လာပါဟုခေါ်သော်လည်း လာနိုင်သော လမ်း ကြောင်း များကို ပိတ်ထားကြောင်း၊ NCA စာချုပ်ကို ပြင်ဆင်သင့်ကြောင်း စသဖြင့် ပုံစံမျိုးစုံ တွေးမြင် လာခဲ့ကြ သည်။
ထို့ကြောင့် မတူညီသော သုံးဘက်မြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တောင် အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလား ပြောသကဲ့သို့ “ချစ်သူကို သာစေ၊ မုန်းသူကို နာစေ” ဆိုသော ပုံသဏ္ဍာန်ဖြင့် မဆောင်ရွက်ဘဲ အားလုံး သာတူညီမျှ အခွင့် အရေးဖြင့် တည်ဆောက်၍ အဆုံးသတ်မည်ဆိုလျှင် အောင်မြင်နိုင်သော အခင်းအကျင်း တရပ်ကို ဖော်ဆောင် နိုင်မည်ဟု ယုံကြည်မိပါသည်။ ။