ဆောင်းပါး

ဂျပန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ရှင်ဇိုအာဘေး ဖော်ဆောင်နိုင်မည်လော

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ၏ ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အပြတ်အသတ် အနိုင်ရသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ရန် အခွင့်အာဏာ ရရှိသွားပြီ ဖြစ်သည်။ သို့သော် ကမ္ဘာ့တတိယ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သော ဂျပန်နိုင်ငံအနေဖြင့် အာရှတိုက် စီးပွားရေး တိုးတက်မှုအတွက် ပိုမိုကြီးမားသော မောင်းနှင်အား ဖြစ်လာရန်နှင့် အာဘေး စီးပွားရေးမူဝါဒများ အောင်မြင်ရေး အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပိုမိုဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် တနင်္လာနေ့ညနေ အထိ အာဘေး၏ လက်ယာ အလယ်ဗဟို လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) နှင့် ၎င်း၏ မဟာမိတ် ဗုဒ္ဓဘာသာ ကျောထောက်နောက်ခံပြု ကိုမိအိတို (Komeito) ပါတီတို့သည် အောက်လွှတ်တော် နေရာ ၄၆၅ နေရာအနက် ၃၁၃ နေရာ ရရှိထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်သည့် ၃ ပုံ ၂ ပုံ အများစု အနေအထားဖြစ်သော အမတ်နေရာ ၃၁၀ ထက်ပင် ကျော်လွန်နေသည်။

အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ တခုတည်းကပင် လွှတ်တော်နေရာ ၂၈၄ နေရာရှိပြီး အောက်လွှတ်တော် ကော်မတီ အကြီးအကဲများ ခန့်အပ်ကာ အဖွဲ့ဝင်များကိုလည်း အများစု အနေအထား အထိ ခန့်အပ်ခွင့် ရှိမည် ဖြစ်သည်။

အတိုက်အခံပါတီများတွင် လက်ယာအလယ်ဗဟို ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဒီမိုကရက်တစ်ပါတီ (CDP) လွှတ်တော်နေရာ ၅၅ နေရာ ရရှိပြီး အမတ်နေရာ ၅၀ ရရှိသည့် ပထမဆုံး တိုကျိုမြို့တော် အမျိုးသမီး အုပ်ချုပ်ရေးမှူး ယူရီကို ကိုအိကဲ (Yuriko Koike) ၏ ကီဘိုနိုတိုပါတီ ထက်ပင် မဲပိုမို ရရှိခဲ့သည်။ မူလက ယူရီကို ကိုအိကဲ၏ ပါတီမှာ လွန်စွာ အခြေအနေကောင်းကြောင်း ပြသနေသော်လည်း မျှော်လင့်သလောက် ဖြစ်လာခြင်း မရှိပေ။

မူလ စီစဉ်ထားသည်ထက် ရွေးကောက်ပွဲကို တနှစ်ကျော် ပိုမိုစောစီးစွာ ကျင်းပခဲ့သော အာဘေး၏ စွန့်စားမှုသည် သူ့အတွက် အကျိုးရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီ စစ်တမ်းများ အရ အာဘေး အပေါ် လူထုထောက်ခံမှုနှုန်းသည် ကျဆင်းနေသည်။

ယခုရွေးကောက်ပွဲအောင်နိုင်သောကြောင့် အာဘေးသည် လာမည့် စက်တင်ဘာတွင် စတင်မည့် LDP ပါတီအကြီးအကဲ ရာထူး နောက်ထပ် သက်တမ်း ၃ နှစ်ကို ဆက်လက် ထမ်းဆောင်နိုင်ခြေလည်း ပိုမို မြင့်မားလာသည်။ ထိုတာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ရပါက အသက် ၆၃ နှစ် ရှိပြီဖြစ်သော ဝါရင့်နိုင်ငံရေးသမား အာဘေးသည် စစ်ပြီးခေတ်တွင် ရာထူးသက်တမ်း အရှည်ဆုံး ခေါင်းဆောင်တဦး ဖြစ်လာမည် ဖြစ်သည်။

“ကျနော်တို့ ဦးဆောင်မှုရဲ့ ခိုင်မာတဲ့ အုတ်မြစ်ပေါ်မှာ အခြေခံပြီး နိုင်ငံရေးကို ရှေ့ဆက်ဆောင်ရွက်ဖို့ ဂျပန်ပြည်သူတွေက အင်တိုက်အားတိုက် အားပေးလိုက်တာကို ကျနော် ကျေးဇူးတင်ပါတယ်” ဟု အာဘေးက အောက်တိုဘာ ၂၃ ရက် တနင်္လာနေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဂျပန်နိုင်ကို ပြန်လည် ချိန်ညှိပေးမည် ဟု ကတိပေးခဲ့သော ယူရီကို ကိုအိကဲက သူမ၏ ပါတီသစ် လုံး၀ ရှုံးနိမ့်ကြောင်း ဝန်ခံသည်။ သူမ၏ ပါတီသည် ယခင် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို ခွဲထုတ်ပြီး အတိုက်အခံများ ကွဲပြဲ စေသော ပါတီဖြစ်သည်။ CDP ပါတီခေါင်းဆောင် ယူကီယိုအီဒါနို (Yukio Edano) ကမူ “ကျနော်တို့က အခုအစပဲ ရှိပါသေးတယ်” ဟု ပြောသည်။

အာဘေး၏ ၃ ကြိမ် ဆက်တိုက် အောင်နိုင်မှုသည် ဂျပန်နိုင်ငံပေါ်မှ ဒုံးကျည်များ ဖြတ်သန်း ပစ်ခတ်နေသော မြောက်ကိုရီးယားနှင့် ပတ်သက်သည့် သူ၏ ခိုင်မာပြတ်သားသည့် ရပ်တည်ချက်နှင့် အတိုက်အခံများ အကြား မညီညွတ်မှု ကြောင့် ဖြစ်သည် ဟု သုတေသီများက ယူဆသည်။ အတိုက်အခံများ မညီညွတ်ရခြင်း အကြောင်းရင်းများ အနက်တခုမှာ ယူရီကို ကိုအိကဲ၏ မြို့တော်အုပ်ချုပ်ရေးမှူး ရာထူးမှ မနှုတ်ထွက်ဘဲ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်လည်း ပါဝင်သည်။

“အတိုက်အခံတွေက ညီညွတ်တဲ့ တပ်ဦးတခု မတည်ဆောက်နိုင်တော့ LDP ပဲ နိုင်မှာပေါ့” ဟု မူဝါဒ လေ့လာရေး အမျိုးသားတက္ကသိုလ်မှ မီကီတာကာ မာဆူယာမာ (Mikitaka Masuyama) က AFP သတင်းဌာနသို့ ပြောသည်။

LDP ပါတီသည် ဂျပန်ကာကွယ်ရေး တပ်များကို အသိအမှတ်ပြုရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး၊ အခမဲ့ ပညာရေးနှင် ကုန်ထုတ်လုပ်မှု၊ လူသားရင်းမြစ်နှင့် ဒေသတွင်းပြန်လည် အင်အားတောင့်တင်းစေရေး စသည်တို့ ပါဝင်သော အာဘေးစီးပွားရေး မူဝါဒများဖြင့် မဲဆွယ်ခဲ့သည်။

မဲဆွယ်ပွဲ ကတိများတွင် စီစဉ်ထားသော စားသုံးမှု အခွန်များ တိုးမြှင့်ကောက်ခံခြင်းမှ ရရှိသော ငွေများနှင့် နောက်ထပ် ရန်ပုံငွေ ယန်း ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ) ကို ပညာရေးနှင့် ကလေးသူငယ်များ အတွက် အသုံးပြုမည် ဟူသော အချက်လည်း ပါဝင်သည်။ ထိုအခွန်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ တိုးမြှင့်မည် ဖြစ်ပြီး အစိုးရအတွက် ခန့်မှန်းခြေ ဝင်ငွေ ယန်း ၅ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၄၆ ဘီလီယံ) ရရှိမည် ဖြစ်သည်။

Lehman အကျပ်အတည်း ကဲ့သို့သော စီးပွားရေးအပိုင်းတွင် လှုပ်ခတ်မှု မရှိလျှင် ထိုကိစ္စသည် ဥပဒေပြဌာန်းသည့် အတိုင်း ဖြစ်လာမည် ဟု အာဘေးက တနင်္ဂနွေနေ့တွင် ပြောသည်။ ဝန်ကြီးချုပ်သည် မူလက ၂၀၁၇ ခုနှစ် ဧပြီလက စတင်မည့် ထို အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်ကို ယမန်နှစ်က ဆိုင်းငံ့ခဲ့သည်။ ယခင်က စားသုံးမှု အခွန်တိုးမြှင့်ခြင်းများသည် နိုင်ငံ၏ စီးပွားရေးကို ဆုတ်ယုတ်မှု ဖြစ်စေခဲ့သည်။

မူဝါဒဆက်စပ်မှု၏ သော့ချက်

စံနှုန်းဖြစ်သော Nikkei စတော့အိပ်ချိန်း ပျမ်းမျှနှုန်းထားသည် ဆယ်စုနှစ် ၂ ခု အတွင်း အမြင့်ဆုံး ဖြစ်သော ၂၁၆၉၅ သို့ ရောက်လာပြီး ၁၅ ကြိမ် ဆက်တိုက် တက်လာကာ ၁ ဒသမ ၁ ရာခိုင်နှုန်း တက်လာခြင်းကြောင့် ငွေကြေး ဈေးကွက်သည် ရွေးကောက်ပွဲ ရလဒ်များကို ကြိုဆိုသကဲ့သို့ ဖြစ်လာခဲ့သည်။

လွန်စွာ လျှော့တိလျှော့ရဲနိုင်သော ဂျပန်ဘဏ်၏ ငွေကြေး မူဝါဒကို ဆက်လက် ကျင့်သုံးမည် ဟူသော မျှော်လင့်ရသည့် အတွက် ဂျပန်ယန်းငွေသည် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ဇူလိုင်လ နောက်ပိုင်းတွင် အားအနည်းဆုံးသို့ ကျဆင်းသွားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ရှင်ဇိုအာဘေး အာဏာရလာပြီးနောက် ယန်းငွေတန်ဖိုးသည် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး တိုကျိုစတော့များသည် တန်ဖိုး နှစ်ဆ နီးပါးဖြစ်လာသည်ဟု Goldman Sachs ဘဏ္ဍာရေး လုပ်ငန်းက ဆိုသည်။

မူဝါဒများ ဆက်စပ်မှု ရှိရေးသည် အလွန်အရေးပါသည် ဟု Nikko Asset Management မှ မဟာဗျူဟာဆိုင်ရာ အရာရှိချုပ် နာအိုကီ ကာမီယာမာ က Diplomat သို့ပြောသည်။

“အတိုက်အခံတွေသာ နိုင်ခဲ့ရင် ဘဏ္ဍာရေး ဈေးကွက်တွေရဲ့ တုံ့ပြန်မှုက အနုတ်လက္ခဏာ ဆောင်လိမ့်မယ်။ သူတို့ နိုင်ရင် အာဘေးရဲ့ လက်အောက်မှာလို တည်ငြိမ်မှာ မဟုတ်ဘဲ ခေါင်းဆောင်မှု အားနည်းတဲ့ ညွန့်ပေါင်း အစိုးရသာ ဖြစ်လာမှာ” ဟုလည်း နာအိုကီကာမီယာမာက ရှင်းပြသည်။

“ဘဏ္ဍာရေး ဈေးကွက်တွေ အတွက် အရေးအကြီးဆုံးက ဝန်ကြီးချုပ် အာဘေး ဆက်လက် ရပ်တည်ရေးနဲ့ ဈေးကွက်ထဲ က ရှယ်ယာတွေကို ဂျပန်ဘဏ်က ဝယ်ပြီး အတိုးနှုန်းကျအောင် ဆက်ထိန်းထား ပေးဖို့ပဲ။ အာဘေးက ၂၀၁၈ ခုနှစ် မတ်လ ကျရင် ဂျပန်ဘဏ်ရဲ့ ဥက္ကဌသစ်ကို ရွေးလိမ့်မယ်။ ဒါကြောင့် ဂျပန်ဘဏ်က ဈေးကွက်ထဲက ရှယ်ယာတွေ ဆက်ဝယ်မယ် လို့ပဲ မျှော်လင့်ရတယ်” ဟုလည်း သူက ပြောသည်။

သို့သော် အာဘေးက နောက်ဆက်တွဲ အသုံးစရိတ်များကို ကတိပေးထား စေကာမူ ၂၀၁၉ ခုနှစ်တွင် စားသုံးမှု အခွန် တိုးမြှင့်ကောက်ခံခြင်းသည် စားသုံးမှုကို အဟန့်အတား ဖြစ်စေမည် ဟုလည်း ကာမီယာမာက ပြောသည်။

“ကျနော်ကတော့ နောက်ဆက်တွဲ အသုံးစားရိတ် ရှိရင်တောင်မှ စားသုံးမှု အခွန်မြှင့်တင်တာကို မကြိုက်ဘူး။ ဝန်ကြီးချုပ်က ဒီကိစ္စကို တိုးသာ ဆုတ်သာ သဘောမျိုးထားမယ် လို့ ထင်တာပဲ” ဟုလည်း သူက ပြောသည်။

အာဘေးက ရရှိသော အခွန်ငွေကို သုံးစွဲရန် ကတိပေးထားပြီး ဖြစ်သောကြောင့် ကမ္ဘာ့စီးပွားရေး အကြီးအကျယ် နှေးကွေးမှု မရှိလျှင် ၎င်းသည် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် စားသုံးအခွန် တိုးမြှင့်ကောက်ခံခြင်းမှ ရုန်းထွက်မရနိုင်ဘဲ ဖြစ်လိမ့်မည် ဟု Nikko AM ၏ ကမ္ဘာ့ မဟာဗျူဟာဆိုင်ရာ လေ့လာရေး အရာရှိချုပ် ဂျွန်ဗေးက ဆိုသည်။

“ဂျပန်ဘဏ်က အဝယ်ရပ်ထားတာ သီတင်းပတ် တော်တော်ကြာတာတောင်မှ စတော့ဈေးကွက်က တက်နေတုန်းပဲ ဆိုတော့ ဒီလို ဆက်လုပ်စရာ မလိုတော့ဘူး ဆိုတာကို ပြသနေတယ်။ ဒါပေမယ့် ဈေးကွက် အမှားပြင်ဆင်မှု အကြီးအကျယ် ဖြစ်လာရင်တော့ အထောက်အကူဖြစ်နိုင်တယ်” ဟုလည်းသူပြောသည်။

အမြတ်ရနိုင်ခြေ မြင့်မားပြီး ရှယ်ယာရှင်များ အမြတ်ဝေစု များများရစေမည့် လုပ်ငန်းစီမံအုပ်ချုပ်မှု တိုးတက်လာသော ကြောင့် စံနှုန်းဖြစ်သော တိုကျိုစတော့၏ Topix အညွန်းကိန်းသည် ၂၀၁၈ စက်တင်ဘာလတွင် ၁၈၃၀ သို့ ရောက်လာမည် ဟု Nikko AM က ခန့်မှန်းသည်။

Topix အညွှန်းကိန်း အတွက် ဂျပန်စတော့ ဈေးနှုန်းနှင့် ဝင်ငွေဆပွားတိုးနှုန်းသည် လက်ရှိ ၁၆ ဒသမ ၃ ဆ ရှိရာမှ ၂၀ မှ ၂၁ ဆသို့ တိုးလာနိုင်ပြီး၊ ဂျပန်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှု၊ ဆက်စပ်မှု၊ ခိုင်မာသော တိုးတက်ရေးနှင့် စီပွားရေး လုပ်ငန်းများကို အားပေးသော အစီအစဉ်များ ရှေ့နောက်ညီခြင်း၊ ဘဏ္ဍာရေးဈေးကွက်များတွင် ဂျပန် ထပ်ဆောင်း ပေးငွေ ကြီးထွားလာခြင်းကြောင့် ပိုမိုအကျိုးခံစားရနိုင်သည် ဟု WisdomTree Japan ဘဏ္ဍာရေး လုပ်ငန်းမှ ဂျက်စပါ ကိုးလ်က ပြောသည်။

အထူးစီးပွားရေးဇုန်များ အစီအစဉ်ကို အရှိန်မြှင့်တင်ရေး အတွက် ကွိုင်ကဲ၏ ပါတီသစ်က အာဘေးအစိုးရကို ဖိအား ပေးလိမ့်မည် ဟုလည်း ၎င်းက ဆိုသည်။

“ကျနော်တို့ အမြင်မှာတော့ ဂျပန် ပါလီမန်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံသစ်ဟာ စီးပွားရေးမူဝါဒကို ကျေနပ်လောက်တဲ့ အနေအထားကို လျှော့ချပေးတယ်။ အထူးသဖြင့် LDP က ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ရေး အတွက် ကွိုက်ကဲရဲ့ ပါတီကို မှီခို နေရနိုင်တာကြောင့် အန္တရာယ်ကို ပိုမိုလျော့နည်းစေတယ်” ဟု ကိုးလ် က သုတေသနပြုချက်တခုတွင် ဖော်ပြသည်။

“အာဘေးရဲ့ ရွေးကောက်ပွဲ ကတိဖြစ်တဲ့ ၂၀၁၉ ခုနှစ် စားသုံးမှု အခွန် တိုးမြှင့်ကောက်ခံဖို့ လုပ်ဆောင်တာဟာ ဂျပန်ဘဏ် အနေနဲ့ စီးပွားရေး ဆုတ်ယုတ်မှု မဖြစ်အောင် ကာကွယ်ဖို့ တာဝန် ပိုမိုကြီးမားလာတယ် ဆိုတာကို ပြသနေတယ်။ အမေရိကန်နဲ့ ဂျပန် ငွေကြေးမူဝါဒ အဝန်းအဝိုင်းတွေ လမ်းခွဲဖို့ ပိုများလာနိုင်တယ်” ဟုလည်း သူက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြောင်းအလဲ ပြုလုပ်ရန် အာဘေး၏ ဆန္ဒသည် စီးပွားရေးမူဝါဒဆိုင်ရာ အပြောင်းအလဲ အတွက် အနှောက်အယှက် မဖြစ်နိုင်ကြောင်းလည်း ကိုးလ်က ပြောသည်။

“ပါလီမန်ဆိုတာ အနိုင်အရှုံး ကစားတဲ့ နေရာ မဟုတ်ဘူး။ ဂျပန်ပြည်သူတွေရဲ့ ထောက်ခံမှု ရမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်လို့ ရမယ်ဆိုတာကို အာဘေးတို့က ကောင်းကောင်းသိတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပါလီမန်က အတည်ပြုပြီး ၆ လ အတွင်းမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရမှာ ဖြစ်တယ်” ဟုလည်း သူက ပြောသည်။

“ဒီတော့ အာဘေးအစိုးရ အနေနဲ့ တိုးတက်မှုနဲ့ စီးပွားရေးကို အားပေးတဲ့ မူဝါဒတွေ ဖန်တီးရေးကို အာရုံစိုက်ဖို့ အရမ်း အရေးကြီးတယ်။ လူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကျေနပ်မှု မရှိရင် ဆန္ဒခံယူပွဲမှာ ရှုံးမှာပဲ” ဟုလည်း သူက ပြောသည်။

ရှင်ဇိုအာဘေး ရွေးကောက်ပွဲ နိုင်သောကြောင့် အကျိုးခံစားရမည့် လုပ်ငန်းများတွင် ပြည်ပတင်ပို့သော လုပ်ငန်းကြီးများနှင့် ကာကွယ်ရေး၊ ပညာရေးနှင့် ညူကလီးယား စွမ်းအင်ကုမ္ပဏီများ ပါဝင်သည်။ ကာစီနိုအပမ်းဖြေ စခန်းများကို ခွင့်ပြုမည့် ဥပဒေကို လာမည့်နှစ်တွင် အတည်ပြုဖွယ် ရှိသောကြောင့် ကာစီနို လုပ်ငန်းများလည်း အကျိုးခံစားရမည် ဖြစ်သည်ဟု Bloomberg သတင်းတွင်ဖေါ်ပြသည်။

သို့သော် သုတေသီအားလုံးက အကောင်းမြင်ကြသည်တော့ မဟုတ်ပေ။ လန်ဒန်အခြေစိုက် Capital Economics က လက်ရှိ ဂျပန်၏ စီးပွားရေးတိုးချဲ့ မှုမှာ သက်တမ်း ကြာနေပြီး အခွန်နှုန်း တိုးမြှင့်သောကြောင့် စီးပွားရေး ဆုတ်ယုတ်သွား နိုင်သည် ဟု ခန့်မှန်းသည်။ အနာဂတ်ကာလအတွင်း ငွေကြေးဖောင်းပွမှုသည် ဂျပန် ဘဏ်၏ ရည်မှန်းထားသော နှုန်း၏ အောက်တွင်သာ ရှိနေမည် ဖြစ်ပြီး ငွေကြေးမူဝါဒ တင်းကျပ်ရေးမှာ ဝေးကွာနေဦးမည်ဟု ခန့်မှန်းသည်။

အာဘေး ၏ အရေးပါသော မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်မှာ ဧပြီလတွင် ရာထူးသက်တမ်းကုန်တော့မည့် လက်ရှိ ဂျပန်ဘဏ် ဥက္ကဌ ဟာရူဟီကို ကူရိုဒါကို ပြန်လည် ခန့်အပ်ရေး ဆုံးဖြတ်ချက် ဖြစ်သည်။

“ဈေးကွက်များက ဟာရူဟီကို ကူရိုဒါ ဗဟိုဘဏ်အကြီးအကဲ ဆက်လက် ဖြစ်မည် သို့မဟုတ် သူနှင့် မူဝါဒတူသောသူ တဦးဦးက သူ့ကို ဆက်ခံပြီး လက်ရှိ ငွေကြေးမူဝါဒများကို ဆက်လက် ထိန်းသိမ်းထားမည် ဟု မျှော်လင့်ရသည်။

အာဘေး ပြန်လည် ရွေးချယ်ခံရသောကြောင့် အာဘေးစီးပွားရေး မူဝါဒများ အလျင်အမြန် ပြန်လည် စတင်နိုင်မည်လား ဟုလည်း မေးစရာ ရှိသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ အပါအဝင် သုတေသီများက ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အာဘေးအနေနှင့် သမိုင်းဝင် စီးပွားရေး အမွေထားခဲ့လို ပါက လုပ်သားဈေးကွက်၊ ကလေးသူငယ် စောင့်ရှောက်မှု နှင့် လူမှုဖူလုံရေး အပါအဝင် ဂျပန်နိုင်ငံက လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ရှိနေသည် ဟု ထောက်ပြသည်။

ကမ္ဘာ့စီးပွားရေး ပြန်လည် နာလံထလာခြင်းမှ အာဘေးစီးပွားရေး မူဝါဒများ အတွက် နောက်ဆုံးတွန်းအား ဖြစ်ပေါ် လာတော့မည် ဟု Nikko AM မှ ကာမီယာမာက ပြောသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်က ကျနော် စင်ကာပူနဲ့ မလေးရှားကို သွားတော့ ရင်းနှီးမြှုပ်နှံသူတွေက အာဘေးစီးပွားရေး မူဝါဒတွေ သေဆုံးကုန်ပြီလား လို့ မေးကြတာ စိတ်ဝင်စားစရာ ကောင်းတယ်။ မူဝါဒ တော်တော်များများကို အကောင်အထည် ဖော်ထားပြီးပြီ။ ကျနော်တို့က နောက်ဆုံး အဆင့်ကို စောင့်နေတာ။ တကမ္ဘာလုံးက စုစုပေါင်း ဝယ်လိုအား ကျယ်ပြန့်လာဖို့ပဲ၊ နောက်ဆုံးတော့ ဒီအခြေအနေဟာ ဖြစ်လာပြီ” ဟု ဖြေခဲ့ကြောင်းလည်း သူက ပြောသည်။

မဲဆန္ဒရှင်များထံမှ ခွင့်ပြုချက်ရပြီ ဖြစ်သောကြောင့် အာဘေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တခုတည်းနှင့် လုုံးပမ်း မနေဘဲ သူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကတိကဝတ်ကို ဖြည့်ဆည်းရန် အချိန် ပိုမိုယူရမည် ဖြစ်သည်။ လူဦးရေ ၁၂၇ သန်းနေထိုင်ရာ ဂျပန်နိုင်ငံအတွက် အာရှတွင်သာမက ကမ္ဘာတွင်ပါ နေရာမှန် ပြန်လည် ရရှိရေး အတွက် ထို အပြောင်းအလဲ ၂ ရပ်ကို ကိုင်တွယ်လုပ်ဆောင်ရေးမှာ လွန်စွာ အရေးပါသည်။ ။

(www.thediplomat.com တွင် ဖော်ပြထားသည့် Anthony Fensom ၏ Japan Election Victory Gives Abe Mandate For Reform ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading