ဆောင်းပါး

ဒီမိုကရေစီ မျှော်လင့်ချက် မည်သို့ကျရှုံးရကြောင်း လေ့လာနေရပြီ

Want create site? Find Free WordPress Themes and plugins.

စစ်အုပ်ချုပ်ရေး အောက်မှ လွတ်မြောက်ရန် ကြိုးစားရသော ဆယ်စုနှစ် တခုနီးပါး အတွင်း မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒီမိုကရေစီ အကူးအပြောင်းသည် ကမ္ဘာ့ခေါင်းဆောင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်လာသည်။

နိုင်ငံသားများက ခေါင်းဆောင်များကို ရွေးချယ်ခဲ့သော်လည်း တောင့်တင်းကြံ့ခိုင်သော မဏ္ဍိုင်အဖွဲ့အစည်း သို့မဟုတ် ဗဟုဝါဒ၊ အကြွင်းမဲ့သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေး အတွက် လိုအပ်သော သည်းခံမှု စသည့် စံနှုန်းများ မရှိဘဲ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာပြည်သူများသည် အာဏာရှင်ဆန်ဆန် ခေါင်းဆောင်များနှင့် အများစု အမြဲမှန်သည် ဟူသော သဘောထားများကို လိုလားကြောင်း စစ်တမ်းများနှင့် လူမှုကွန်ရက်များတွင် ဖော်ပြကြသည်။ ဒီမိုကရေစီကိုလည်း ဘာသာရေးနှင့် အမျိုးသားရေး အကန့်အသတ်အတိုင်း ဖြစ်တည်စေလိုသည့် သဘောရှိသည်။

ရိုဟင်ဂျာ ဆိုသူ မွတ်စလင်များကို တပ်မတော်က “လူမျိုးတုံး သုတ်သင်ရှင်းလင်းခြင်း”မှာ အများကြိုက် ဖြစ်သကဲ့သို့ သတင်းသမားများနှင့် တိုင်းရင်းသား လူနည်းစု အပေါ်လူမှု အထိန်းအကွပ်လည်း ကြီးမားလှသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အရပ်သား အစိုးရသည် အပြန်အလှန် ထိန်းကျောင်းမှု ချိနဲ့ သွားသည်နှင့် တပြိုင်နက် အာဏာကို အလျင်အမြန် ဗဟိုချုပ်ကိုင်မှု ပြုလိုက်သည်။ အချို့သော နယ်ပယ်များတွင် ပိုမို ဖိနှိပ်ကာ အချို့သော နေရာများတွင် အင်အားချိနဲ့ နေသောကြောင့် အများပြည်သူနှင့် ဆိုင်သော နယ်ပယ်များတွင် အစွန်းရောက် များကို နေရာပေးလာရသည်။ တချိန်တည်းတွင် တပ်မတော်က အစိုးရ၏ အရေးပါသော လုပ်ငန်းတာဝန်များကို ထိန်းချုပ် ထားသည့် အပြင် လွှတ်တော်များ အတွင်းတွင်လည်း ကိုယ်စားလှယ်နေရာ အများအပြားကိုလည်း ရယူထားသည်။

မြန်မာနိုင်ငံသည် အာဏာရှင်နှင့် ဒီမိုကရေစီ ကပြား ဖြစ်နေသော်လည်း တရားဝင် အသုံးအနှုန်းအရ လစ်ဘရယ် ဒီမိုကရေစီ ဟုခေါ်ပြီး ထိုလစ်ဘရယ် ဒီမိုကရေစီ ဆိုသည်မှာလည်း လက်တွေ့တွင် လူများစုက ဗိုလ်ကျမှုသာ ဖြစ်နေသည်။ ထိုကဲ့သို့သော ဒီမိုကရေစီ ပုံစံမျိုးသည် လူမျိုးစု လူနည်းစုများကို ပစ်ပယ်သော လူအများစု၏ အမြင်ဖြစ်ပြီး လွတ်လပ်မှုကို ကန့်သတ်သည့် အငြင်းပွားဖွယ်ရာ အုပ်ချုပ်မှုပုံစံ ဖြစ်သည်။

“မြန်မာနိုင်ငံ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ စစ်အာဏာရှင်စနစ်သို့ နောက်ကြောင်း ပြန်ခြင်း မဟုတ်ဘဲ လစ်ဘရယ် မဆန်သော ဒီမိုကရေစီသာ ဖြစ်နေသည်” ဟု ကုလသမဂ္ဂ အရာရှိဟောင်း သမိုင်းဆရာ ဦးသန့်မြင့်ဦး က ပြောသည်။

ဒီမိုကရေစီကို နှစ်အနည်းငယ်မျှသာ ကျင့်သုံးရသေးသော မြန်မာနိုင်ငံသည် ဒုတိယ အပြောင်းအလဲကို နောက်ဆက်တွဲ အဖြစ် စတင်နေပြီ ဖြစ်သည်။

အန္တရာယ်

မြန်မာနိုင်ငံသည် ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် ဂျက်ဆနိုက်ဒါ ၁၉၉၀ ခုနှစ်များက ပထမဆုံး တင်ပြသကဲ့သို့ ဒီမိုကရေစီနိုင်ငံသစ်များတွင် စစ်ပွဲများနှင့် အာဏာရှင်စနစ်များ အဖြစ် ပြိုကွဲသွားသော ပုံစံအတိုင်း ဖြစ်နေသည်။

ထိုကဲသို့သော လူ့အဖွဲ့အစည်းများသည် ဒီမိုကရေစီ အတွက် အဆင်သင့် မဖြစ်သေးဟု သမားရိုးကျ အမြင်အရယူဆရ သည်။ သို့သော် ဆနိုက်ဒါသည် ထိုထက်ပိုမို ရှုပ်ထွေးသော အဖြေတခုကို ဖော်ပြထားသည်။

ဒီမိုကရေစီသို့ အလျင်အမြန် ပြောင်းလဲခြင်းသည် နိုင်ငံသားများနှင့် ခေါင်းဆောင်များ အကြားရှိ ဆက်ဆံရေးကို ဖရိုဖရဲ ဖြစ်စေနိုင်သည်။ အောင်မြင်သော အကူးအပြောင်းသည် လူတိုင်း ပါဝင်သော ဆက်ဆံရေးသစ်ကို ဖန်တီးပေးနိုင်သည်။ သို့သော် အချို့သော အန္တရာယ်များက ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လမ်းချော်သွားစေနိုင်သည်။

မဏ္ဍိုင်အဖွဲ့အစည်းများ အင်အားချိနဲ့ပြီး ခေါင်းဆောင်များသည် ယခင် သြဇာကြီးသူများကို ခြိမ်းခြောက်မှု အဖြစ် မြင်လာသောအခါ အာဏာသိမ်းမည်ကို စိုးရိမ်သောကြောင့် ထိုခေါင်းဆောင်များသည် ၎င်းတို့၏ အစိုးရများတွင် ဟာကွက်များကို ချန်ထားကြသဖြင့် နိုင်ငံတော် ပြိုကွဲအောင် လုပ်ထားသလို ဖြစ်နေသည်။

လျင်မြန်သော လူမှုအပြောင်းအလဲနှင့် နက်ရှိုင်းသော လူမျိုးစု သွေးကွဲမှုတို့ တိုက်ဆိုင်လာသော အခါ လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးသည် ကျိုးပဲ့ပြီး ရဝမ်ဒါနှင့် ဘော့စနီးယားတွင် ကဲ့သို့ လူမျိုးစု အုပ်စုများသည် နိုင်ငံကို ထိန်းချုပ်နိုင်ရေး အတွက် စစ်ပွဲ ဆင်နွဲရနိုင်သည်။

လူထု၏ တောင်းဆိုမှု မြင့်မားလာပြီး အစိုးရက အင်အားချိနဲ့ နေသောအခါ နိုင်ငံသားများနှင့် ခေါင်းဆောင်များ ၂ ဘက်စလုံး တို့သည် ၁၉၉၀ ခုနှစ်များက ရုရှားတွင် ဖြစ်သကဲ့သို့ အမည်မှလွဲပြီး ကျန်အချက်များတွင် အာဏာရှင်ဖြစ်သော အမြင်များကို မြင်လာကြသည်။

ထိုသို့သော လက္ခဏာများ အားလုံးနီးပါးကို မြန်မာနိုင်ငံတွင် တွေ့မြင်နေရသည်။ ဒီမိုကရေစီ ရှေ့ပြေး စမ်းသပ်မှု၏ ဓားစာခံများ ဖြစ်သော လူမျိုးစုများ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများမှာ စတင်ကျဆုံး နေကြပြီ ဖြစ်သည်။

အနှစ်မဲ့ ဒီမိုကရေစီ

ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့သော ရှေ့နေနှင့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း သည် မြန်မာနိုင်ငံ၏ အသစ်စက်စက် ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သည်။
ပါတီက လွှတ်တော် ကိုယ်စားလှယ်အများစုကို ခန့်အပ်သော်လည်း ရဲတင်းပြီး ပညာရှင်ဆန်သော ဒေါ်ညိုညိုသင်း သည် အောက်ခြေ လူတန်းစား၏ ထောက်ခံမှု ရရှိခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သော အခါ ဒီမိုကရေစီသည် အမြစ်တွယ်လာသယောင် ဖြစ်ခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီလေးမှာပင် ပါတီက သူမကို ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်လိုက်သော အခါ တသီးပုဂ္ဂလ အဖြစ် ရွေးကောက်ပွဲ ဝင်ရပြီး ရှုံးနိမ့်သွားသည်။

ယင်းသည် သီးခြား ထောက်ခံမှု ရှိသောသူများ သို့မဟုတ် ပွင့်လင်းစွာ ပြောဆိုတတ်သည် ဟု ဂုဏ်သတင်းရှိသူများကို ခြေမှုန်း တတ်သော ဒေါ်အောင်ဆန်းစုကြည် ၏ လက်အောက်မှ နိုင်ငံရေး လောကငယ်လေးသာ ဖြစ်သည်။

“အရင်အစိုးရက သူတို့ အတွက်လိုအပ်လို့ ကျောင်းသား ခေါင်းဆောင်တွေ၊ အတိုက်အခံ ခေါင်းဆောာင်တွေ၊ နိုင်ငံရေးသမားတွေ၊ ကျမတို့လို လူတွေကို အလေးထားတယ်။ ဒီအစိုးရကတော့ လုံးဝကို ဂရုမစိုက်ဘူး” ဟု ဒေါ်ညိုညိုသင်း က ပြောသည်။

အရည်အချင်း သို့မဟုတ် ကျွမ်းကျင်မှု မရှိသော်လည်း သူ့ကို သစ္စာခံသူများကို ဒေါ်အောင်ဆန်းစုကြည် က အလုပ်အကိုင်များ ဖန်တီးပေးသည်။ သူ၏ အာဏာကို လွန်စွာ ကျစ်လစ်သိပ်သည်းအောင် ပြုလုပ် ထားသောကြောင့် သူ ခရီးသွားလျှင် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းသွားသည် အထိ ဖြစ်ရသည်။

သူ့ကို မမျှတသော လုပ်ပိုင်ခွင့်နှင့် စိုးရိမ်ပူပန်မှုတို့က မောင်းနှင်နေပုံရသည်။ သူ့အပေါ် လူထုထောက်ခံမှုများကြောင့် မဟာမိတ် ဖွဲ့ခြင်း ကဲ့သို့သော ဒီမိုကရေစီ ကျင့်ဝတ်ကောင်းများကို မလိုက်နာဘဲ နေနိုင်သည့် ပုံစံ ဖြစ်နေသည်။

“ဝေဖန်တာကို အရမ်းခံရရင် စစ်အာဏာ သိမ်းခံရမယ် လို့ သူတို့ထင်နေကြတာ။ ဝေဖန်တဲ့ ဆန့်ကျင်တဲ့ အမြင်တွေကို တိတ်ဆိတ် သွားအောင်သူတို့ လုပ်ထားတယ်” ဟုဒေါ်ညိုညိုသင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ရည်ရွယ် ပြောကြားသည်။

တခါတရံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခြင်းသည် ခေါင်းဆောင်ဟောင်းများနှင့် ခေါင်းဆောင်သစ်များ အကြား သဘောတူညီချက်များဖြင့် စတင်တတ်သည်။ တောင်အာဖရိကတွင် အသားအရောင် ခွဲခြားသည့် ခေတ်၏ နောက်ဆုံးသမ္မတ အက်ဖ်ဒဗယူ ဒီကလပ် နှင့် သူ့ကို ဆက်ခံသူ နယ်လ်ဆင်မန်ဒဲလား တို့သည် လူ့အဖွဲ့အစည်းနှင့် မဏ္ဍိုင်အဖွဲ့အစည်းများ တစုတစည်းတည်း ရှိရေး အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

“ဒီမှာကျတော့ ဒီကလပ်-မင်ဒဲလား ဆက်ဆံရေးမျိုး မရှိဘူး” ဟု သြစတေးလျနိုင်ငံ ဆစ်ဒနီရှိ Lowy Institute မှ သုတေသီ အာရွန်ကောနဲလီ က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် သူ့ မတိုင်မီက ဦးဆောင်ခဲ့သော ပြုပြင် ပြောင်းလဲရေး ဗိုလ်ချုပ်ကြီးများကို ရှောင်ရှားတတ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယခင်ခေါင်းဆောင်များကို သစ္စာခံသည် ဟု သူသံသယရှိသော မဏ္ဍိုင် အဖွဲ့အစည်း များကို အယုံအကြည်မရှိသည့် ထရမ့်နှင့် တူသော စရိုက်ရှိသည် ဟုလည်း သူက ပြောသည်။

ဥပမာအားဖြင့် ဆိုရပါက ဒေါ်အောင်ဆန်းစုကြည် သည် လူမျိုးစု လက်နက်ကိုင်များနှင့် စေ့စပ်ညှိနှိုင်းမှုများကို ဦးဆောင်ခဲ့သော မြန်မာ ငြိမ်းချမ်းရေးစင်တာကို ဦးဆောင်ခဲ့သော အရာရှိများကို ရာထူးမှ ဖယ်ရှားခဲ့သည်။ ထိုနောက် မကြာမီမှာပင် အပစ်အခတ် ရပ်စဲရေး ပြိုကွဲပြီး တိုက်ပွဲများ ပြန်လည် စတင်လာသည်။

မဏ္ဍိုင် အဖွဲ့အစည်းများကို ဘေးဖယ်ထားပြီး အတွင်းလူ အနည်းငယ်မျှကသာ တိုင်းပြည်ကို စီမံနေသည်။ ထိုပါတီနှင့် ၎င်း၏ အစိုးရသည် အခွံသက်သက်သာ ရှိသည်။
အမျိုးသားရေးဝါဒီများ နေရာဝင်ယူ

ယခုနှစ် နွေရာသီနေ့တနေ့တွင် ရန်ကုန်ရှိ အစ္စလမ် စာသင်ကျောင်းဝင်း အတွင်းမှ ကျောင်းသားများသည် ပြင်ပမှ အော်ဟစ်သံများကို ကြားကြရသည်။ ဗုဒ္ဓ ဘာသာ အမျိုးသားရေး ဝါဒီ ဒါဇင်အနည်းငယ်က ထိုအဆောက်အအုံကို ဝင်ရောက် စီးနင်းမည် ဟု ခြိမ်းခြောက်နေသည်။

၎င်းတို့သည် ယခင်နေ့ကလည်း ရောက်လာခဲ့ပြီး လျှို့ဝှက် ဗလီအဖြစ် လုပ်ကိုင်နေသည် ဟု ကောလာဟလ သတင်းများ ထွက်နေသော ထိုအဆောက်အအုံများကို ပိတ်ပစ်ရန် အာဏာပိုင်များ ကို တောင်းဆိုခဲ့သည်။ အာဏာပိုင်များက လိုက်လျောခြင်း မရှိလျှင် ထိုအဆောက်အအုံများကို ဖျက်ပစ်မည် ဟု ထိုသူများက ပြောသည်။

ယခုလည်း ထိုကျောင်း၏ အပေါက်ဝသို့ သူတို့ ရောက်လာကြပြီး ခြိမ်းခြောက်ထားသည့် အတိုင်း လုပ်မည့်ပုံမျိုး ဖြစ်လာ သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသော်လည်း ဝင်ရောက်ဖြန်ဖြေခြင်း မရှိဘဲ ကျောင်းသားများကို ဘေးကင်းရာသို့ ပို့ဆောင်လိုက်ရသည်။

ထိုလူအုပ်သည် တိုက်ခိုက်ခြင်း မပြုဘဲ ကျောင်းအပေါက်ဝကို တားဆီးပိတ်ဆို့သော့ခတ်လိုက်သည်။ ထိုကျောင်းကို ပြန်ဖွင့်လျှင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာမည် ဟု မွတ်စလင်များက စိုးရိမ်သောကြောင့် ထိုမှ စတင်ပြီး ကျောင်းကို ပိတ်ထားလိုက်ရသည်။

ထိုရပ်ကွက်တွင် ဘာသာရေး တင်းမာမှုများသည် အန္တရာယ်ရှိသော အဆင့်အထိ မြင့်မားနေသောကြောင့် ကြားဝင် ဖြန်ဖြေလျှင် ထိခိုက် သေဆုံးမှုများ ရှိလာမည်ကို စိုးရိမ်ရသဖြင့် အာဏာပိုင်များက ကြားဝင် ဖြန်ဖြေခြင်း မပြုလုပ်ကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးအောင် က ပြောသည်။

ထိုသို့သော ဖြစ်ရပ်မှာ တနိုင်ငံတွင် ဖြစ်လေ့ရှိသော ဖြစ်ရပ်များကို တိတ်ဆိတ်စွာ ခွင့်ပြုထားခြင်းပင် ဖြစ်သည်။ ဗုဒ္ဓ ဘာသသာ အစွန်းရောက်များသည် လူအဖွဲ့အစည်းတွင် သြဇာ ပိုမိုကြီးထွားလာနေပြီး တခါတရံ အခြေအနေကို စိတ်ထင်တိုင်း လုပ်မည့် သဘော ရှိနေသည်။

လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းမီဒီယာ ကန့်သတ်မှုများကို ရုပ်သိမ်းလိုက်သည့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ဗုဒ္ဓဘာသာများ၏ သြဇာမှာ ပိုမိုကြီးထွားလာနေပြီး ထို လစ်ဟာသွားသော နေရာတွင် ဗုဒ္ဓဘာသာ အစွန်းရောက်များက နေရာ ဝင်ယူလိုက်သည်။ ၎င်းတို့၏ အမျိုးသားရေးနှင့် အစဉ်အလာ ဝါဒသည် လျင်မြန်သော အပြောင်းအလဲနှင့် အတူ လမ်းပျောက်သွားသော လူ့အဖွဲ့အစည်းတွင် ပဲ့တင်ထပ်နေသည်။

ထို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို တားဆီးလျှင် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ကို အာဏာပိုင်များက ကောင်းစွာ သဘောပေါက်ကြသည် ဟု နိုင်ငံရေး သိပ္ပံပညာရှင် ဦးစိုးမြင့်အောင် က ပြောသည်။

နိုင်ငံ၏ အာဏာသည် ဗုဒ္ဓ ဘာသာကို အခြေခံသည်။ အဖျားအနားမျှသာ ဖြစ်သော အုပ်စုများကို ကန့်သတ်နိုင်သော်လည်း သံဃာထု တခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိပေ။ ထို့ကြောင့်ပင် အစိုးရကို ပစ်မှတ်မထားဘဲ လူနည်းစုများကိုသာ ပစ်မှတ်ထားနေသမျှ ကာလပတ်လုံး ဦးစိုးမြင့်အောင် ပြောသကဲ့သို့ အမျိုးသားရေး ဝါဒီများကို သည်းခံနေပေးရသော “အနုတ်သဘော ထိန်းချုပ်မှုထဲက စမ်းသပ်ချက်” များ ရှိနေပေဦးမည်။

“အစိုးရက အကျပ်အတည်း တခုခု ရင်ဆိုင်ရပြီ ဆိုရင် သူတို့က ဘာသာရေးကို အသုံးချတယ်။ ကျနော်တို့က ဓားစာခံတွေ ဖြစ်နေတယ်” မြန်မာနိုင်ငံ အစ္စလမ်မစ် ကောင်စီမှ ဦးဇော်ဝင်းလတ်က ပြောသည်။

အစွန်းရောက်များသည် မကြာခဏ ဆိုသလို မွတ်စလင်များနှင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ပစ်မှတ် ထားတိုက်ခိုက်ပြီး အရေးယူခံရခြင်း မရှိဘဲ ပိုမိုလှုပ်ရှားလာကြသည်။

“နိုင်ငံတော်က နိုင်ငံသားတွေကို အကာအကွယ် မပေးနိုင်ဘူး” ဟု ဦးဇော်ဝင်းလတ် က ပြောသည်။

“လူတွေက ဒေါ်အောင်ဆန်းစုကြည် ကို ဘုရားလို့ ထင်နေကြတာ။ သူ လုပ်ချင်တာ သူ လုပ်လို့ ရတယ်။ ကျမတို့ရဲ့ ပညာရေးက သင်ကြားထားတာက ခေါင်းဆောင်နောက်က လိုက်ရမယ် ဆိုတာပဲလေ” ဟု ဒေါ်ညိုညိုသင်း က ပြောသည်။

အာဏာပိုင်ဝါဒ တန်ဖိုးများ

၂၀၁၅ ခုနှစ်က အာရှ ၁၃ နိုင်ငံကို လေ့လာထားသော Asian Barometer အမည်ရှိ စစ်တမ်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ထူးခြားသည့် အချက် ၂ ချက်ကို တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံသားများသည် ဒီမိုကရေကို ထောက်ခံရာတွင် အာရှတွင် အမြင့်ဆုံးအဆင့်မှ ပါဝင်သော်လည်း ဒီမိုကရေစီ လုပ်ငန်းစဉ်၏ အခြေခံဖြစ်သော လစ်ဘရယ်နိုင်ငံရေး တန်ဖိုးများကို ထောက်ခံမှုမှာမူ အနိမ့်ဆုံးအဆင့်တွင် ရှိနေသည် ဟု နိုင်ငံရေးသိပ္ပံပညာရှင် ဘရစ်ဂက် ဝက်ရှ်၊ ကိုင်ပင်းဟောင် နှင့် ယန်ဟန်ချုတို့က ရေးသားသည်။

ဘာသာရေးခေါင်းဆောင်များသည် ဥပဒေပြုရာတွင် ပြောရေးဆိုခွင့် ရှိသင့်သည်၊ နိုင်ငံသား ဖြစ်ခွင့်တွင် ဘာသာရေးကို ထည့်သွင်း စဉ်းစားသင့်သည်ဟု တွေ့ဆုံ မေးမြန်းသူများ၏ ၈၀ ရာခိုင်နှုန်းက ဖြေကြားကြသည်။ တွေ့ဆုံ မေးမြန်းသူများ၏ ၃ ပုံ ၂ ပုံနီးပါးက အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းကို ဆန့်ကျင်ကြသည်။

လူမှုထိန်းချုပ်မှုများ လိုအပ်ပြီး ဗဟုဝါဒသည် အန္တရာယ်ရှိသည် ဟု မြင်ကြသည်။ နိုင်ငံသားများ အချင်းချင်း ယုံကြည်မှု မရှိကြောင်း တွေ့ဆုံ မေးမြန်းသူ အားလုံးနီးပါးက ဖြေသည်။ “လူ့အဖွဲ့အစည်းများ အတွင်း ယုံကြည်မှု နည်းပါး နိမ့်ကျသည့် ဒီမိုကရေစီသည် ပဋိပက္ခဖြစ်လွယ်ပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲနိုင်သည်” ဟု အထက်ပါ သုတေသီများက ပြောသည်။

“မြန်မာနိုင်ငံဟာ တခါမှ လစ်ဘရယ် လူ့အဖွဲ့အစည်း မဖြစ်ဖူးဘူး” ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦး က ပြောသည်။ စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာ၊ ပြည်တွင်းစစ်နှင့် အထီးကျန်နေထိုင်ခြင်း တို့သည် လစ်ဘရယ် မဆန်သော စိတ်ခံစားမှုများကိုသာ ပိုမိုနက်ရှိုင်းစေခဲ့သည်ဟု လည်း ဦးသန့်မြင့်ဦး က ပြောသည်။

စစ်တမ်းတွင် ပါဝင်သူ ၁၀ ဦးတိုင်းတွင် ၇ ဦးက ကျောင်းသားများသည် ဆရာများကို မေးခွန်း မထုတ်သင့်ဟု ဖြေကြပြီး ၎င်းသည် အာဏာပိုင် စနစ် တန်ဖိုးများ၏ အရေးပါသော အခြေခံအဖြစ် မြင်ကြသည်။

လူတွေက ဒေါ်အောင်ဆန်းစုကြည် ကို ဘုရားလို့ ထင်ကြတယ်။ သူလုပ်ချင်တာ အကုန်လုပ်လို့ ရတယ်” ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း က ပြောသည်။ “ကျမတို့ရဲ့ ပညာရေးက သင်ကြးပေးထားတာက ခေါင်းဆောင်ရဲ့ နောက်က လိုက်သင့်တယ် ဆိုတာပဲ” ဟုလည်း သူက ပြောသည်။

ဆန့်ကျင်ကွဲလွဲခြင်းသည် တချိန်က မုန်းတီးခဲ့ကြသော ဗိုလ်ချုပ်ကြီးများကို ပိုမို အားကောင်းလာစေသည်။ follower နဲ့ Like ပရိသတ် ၁ သန်း ၃ သိန်းကျော် ရှိသော တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ချီးကျူးဂုဏ်ပြုရေးသားမှုများ အများအပြား ရရှိနေသည်။

ဖိနှိပ်မှု ပြန်လာပြီ

၂၀၁၃ ခုနှစ်တွင် အကူးအပြောင်း ကာလ အာဏာပိုင်များသည် အစိုးရကို စေဖန်သော သတင်းသမားများကို ငွေဒဏ်၊ ထောင်ဒဏ်များ ချမှတ်နိုင်သော ဥပဒေတခုကို အတည်ပြုလိုက်သော အခါ စနစ်ဟောင်း၏ နောက်ဆုံး ထွက်သက်သဖွယ် ဖြစ်နေသည်။ ပုဒ်မ ၆၆ (ဃ) ဟုသိကြသော ထိုဥပဒေ ကို ထိုအစိုးရက ၇ ကြိမ် အသုံးပြုခဲ့ပြီး ၅ ကြိမ် တရားစွဲဆိုခဲ့သည်။

လူ့အခွင့်အရေး အုပ်စုများသည် ထိုဥပဒေကြောင့် တုန်လှုပ်ခဲ့ကြ သော်လည်း လွတ်လပ်သော ဒီမိုကရေစီသည် ထို ဥပဒေကို အဆုံးသတ် ပေးနိုင်မည် ဟု ၎င်းတို့က ထင်ခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ထို ဥပဒေကို ၈၉ ကြိမ် အသုံးပြုခဲ့သည်ဟု မြန်မာသတင်းစာပညာ သိပ္ပံ၏ အဆိုအရ သိရသည်။ သတင်းသမား ၁၃ ဦးတို့သည် ထိုု ဥပဒေအရ အပြစ်ပေး ခံခဲ့ရပြီး အခြား အယောက်၂၀ မှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ၁၀ ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ကို အသရေဖျက်သောကြောင့် စွဲဆိုခြင်း ဖြစ်သည်။

“ကျနော်တို့ နိုင်ငံက ကမ္ဘောဒီးယားလို ဖြစ်တော့မယ်၊ အဲဒီ အခြေအနေထက်တောင် ပိုဆိုးသွားနိုင်တယ်” ဟု ထို သတင်းစာ ပညာသိပ္ပံတွင် သင်ကြားပို့ချနေသော ဦးစိန်ဝင်းက ပြောသည်။ ကမ္ဘောဒီးယား နိုင်ငံသည် သတင်းဌာနများကို ပိတ်ပင်ထားပြီး အာဏာရှင် စနစ်သို့ နောက်ပြန် သွားနေသော နိုင်ငံဖြစ်သည်။

အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ဖိနှိပ်အရေးယူမှု မဟုတ်ဘဲ မိမိတို့ဘာသာ ဆင်ဆာ ဖြတ်တောက်ခြင်း ဖြစ်သည် ဟုလည်း ဦးစိန်ဝင်းက ပြောသည်။ “သူတို့တွေက ဝါးပင်တွေလိုပဲ လေယူရာ ယိမ်းနေရတယ်” ဟု ဦးစိန်ဝင်းက သတင်းထောက်များကို ရည်ရွယ် ပြောကြားသည်။

နိုင်ငံ၏ အကျိုးအတွက်ဟု ယူဆပြီး ရိုဟင်ဂျာဆိုသူများ အပေါ် ကျူးလွန်သော ရက်စက်မှုများကို လျှော့လျှော့ပေါ့ပေါ့ ရေးသားကာ ၎င်းတို့၏ စစ်သွေးကြွ လှုပ်ရှားမှုများကို အသားပေး ရေးသားနေကြရသည် ဟု သတင်းထောက် အများအပြား က သူ့ကို ပြောသည် ဟုလည်း သူက ရှင်းပြသည်။

ပုဒ်မ ၅၀၅ (ခ) ကဲ့သို့ အခြားသော ဖိနှိပ်သည့် ဥပဒေများလည်း ရှိနေသည်။ ထိုဥပဒေသည် အများပြည်သူ အေးချမ်း တည်ငြိမ်မှုကို ခြိမ်းခြောက်သည် ဟု ယူဆရသော ပြောဆိုမှု၊ စုဝေးမှုများကို ရာဇဝတ်မှု အဖြစ်သတ်မှတ်သော ဥပဒေ ဖြစ်သည်။ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးရန် ထိုဥပဒေကို အသုံးပြုသည်။

ကောင်းကင်ပေါ်မှ ဒီမိုကရေစီ

အသက် ၃၁ နှစ် အရွယ် စိတ်ကူးယဉ် ပြီးပြည့်စုံမှု ဝါဒီ နှင့် လွတ်လပ်စွာ တွေးခေါ်နေထိုင်သူ ကိုသက်ဆွေဝင်းသည် မြန်မာနိုင်ငံသစ်ကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သူတဦး ဖြစ်သည်။ မြန်မာနိုင်ငံသားများသည် နိုင်ငံတော်ထက်ပင် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာမည်ကို သူ ယခုစိုးရိမ်နေရသည်။

“ဒီမိုကရေစီက မိုးပေါ်က အလိုလို ကျလာမယ်လို့ ကျနော်တို့ ထင်ခဲ့ကြတာ။ ဒီမိုကရေစီ ဆိုတာဟာ ပြည်သူအားလုံး ပါဝင် ပတ်သက်နေတဲ့ ဖြစ်စဉ်ဆိုတာကို ကျနော်တို့ သဘောမပေါက်ခဲ့ကြဘူး” ဟု သူက ပြောသည်။

သူသည် ဘာသသာရေး အရ သည်းခံနားလည်ပေးကို အားပေးသော အဖွဲ့လက်ကျန် အနည်းငယ်အနက် တခုဖြစ်သော လူငယ်နှင့် လူမှုဘ၀ သဟဇာတ (Youth and Social Harmony) စင်တာကို ဦးဆောင်သူ ဖြစ်သည်။

သူသည် ရိုဟင်ဂျာ ဆိုသူများကို ထောက်ခံနေသည် ဟု စွပ်စွဲခံရပြီး ဗုဒ္ဓဘာသာ အုပ်စုများက သူ၏ ရုံးခန်းကို ဝင်ရောက် စီးနင်းကြသည်။ သူနှင့် သူ၏ဇနီးတို့ လုပ်ကိုင်နေသော ကျန်းမာရေး အပမ်းဖြေခန်းသည် မွတ်စလင်များ၏ လျှို့ဝှက် လုပ်ငန်း ဖြစ်သည် ဟူသော ကောလာဟလများ ထွက်လာပြီးနောက် လုပ်ငန်းတွင် လူအဝင် နည်းသွားသည်။ ဖုန်းဆက် ခြိမ်းခြောက်ခံရခြင်းများလည်း ရှိပြီး တခါက ခရီးထွက်သော အခါ မိသားစုအတွက် လုံခြုံရေးများပင် ငှားပေးခဲ့ရသည် ဟု ဆိုသည်။

“သွေးကွဲ မုန်းတီးနေတဲ့ လူအဖွဲ့အစည်းမှာ ကျနော့် ကလေးတွေကို မရှင်သန်စေချင်ဘူး” ဟု သူက ပြောသည်။ သို့သော် မျှော်လင့်ချက် လွန်စွာနည်းသည် ဟု သူက ထင်သည်။ “ကျနော်တို့တွေ ၂ လှမ်း ၃ လှမ်း လောက်နောက်ပြန် လျှောကျသွားပြီ” ဟုလည်း သူက ပြောသည်။ ။

(The Newyork Times သတင်းစာတွင် ဖော်ပြထားသည့် Max Fisher ၏ Myanmar, Once a Hope for Democracy, Is Now a Study in How It Fails ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading