ဆောင်းပါး

မန္တလေးမြို့ထက် ရှေးကျသော ကျောင်းတိုက်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု များပြားလာခြင်း၊ ပြည်တွင်း လူမှုရပ်ဝန်း တွင်လည်း ခရီးသွားလာခြင်း အလေ့အထ ထွန်းကားလာခြင်း၊ Facebook လို လူမှုကွန်ရက် စာမျက်နှာများတွင် ခရီးသွား လမ်းညွှန်များ တွေ့မြင်လာရသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် အပန်းဖြေဖို့ သက်သက် မဟုတ်တော့။ အပန်းလည်း ဖြေ၊ ပေါ့ပေါ့ပါးပါး နားနားနေနေဖြင့် ဗဟုသုတ ရနိုင်သည့် ခရီးသွားလုပ်ငန်းများ ခေတ်စားလာသည်ကို တွေ့ရသည်။

မန္တလေးမြို့သည် မြန်မာတို့၏ နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့သည့် မြို့ ဖြစ်ပြီး၊ မြို့ဝန်းကျင်တွင် သွားရောက် လည်ပတ်ဖို့ ကောင်းမွန်သည့် ရှေးဟောင်းသမိုင်းဝင် နေရာများစွာ ရှိနေပါသည်။ “အောင် ကျော် ချမ်း အေး၊ မန္တလေး” ဆိုသည့် မန္တလေး မြို့တည် နန်းတည် သက္ကရာဇ် ၁၂၂၁ ခုနှစ် ထက်ပင် ဆယ်စုနှစ် နှစ်စု၊ သုံးစုစာမျှ ပို၍ ရှေးကျသော မြန်မာဗိသုကာ လက်ရာ ဘုန်းကြီးကျောင်းများလည်း ရှိသည်။

ပြည်မင်းသားကျောင်းတိုက်

ပထမဆုံး ရန်ကုန်မှ မန္တလေးမြို့သို့ အဝင် တံခွန်တိုင် အဝိုင်းပတ် အနီး ၇၈ လမ်းမကြီး၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး ပြည်မင်းသားကျောင်းတိုက် (သို့မဟုတ်) မဟာတုလွှတ်ဘုံစံ ပြည်ကျောင်းတော်ကြီး ဟုလည်း ခေါ်တွင်သည်။ သာယာဝတီမင်းကြီး၏ သားတော် ပြည်မင်းသားက သက္ကရာဇ် ၁၂၀၁ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ပြီး သက်တမ်း အားဖြင့် ၁၇၈ နှစ် ရှိပြီဖြစ်သော သစ်သားကျောင်းတိုက်ကြီး ဖြစ်သည်။

လက်ရှိတွင် မန္တလေးမြို့တည်နန်းတည် သက်တမ်းမှာ ကဆုန်လ အတွင်းကပင် ၁၅၈ နှစ်ပြည့်ခဲ့ပြီး ဖြစ်၍ အဆိုပါ ပြည်မင်း ကျောင်းတိုက်မှာ မန္တလေးမြို့ ထက်ပင် ဆယ်စုနှစ်သုံးစု နီးပါးမျှ သက်တမ်းကြီးရင့်ကာ မန္တလေးဒေသတွင် အစောဆုံး တွေ့ရသော အမရပူရခေတ် လက်ရာ ရှေးဟောင်းသစ်သားကျောင်းတိုက်ကြီးဖြစ်သည်။

ပြည်ကျောင်းတိုက်အတွင်းတွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ စာတိုက်ဘီရိုများ၊ ယွန်းသေတ္တာများ၊ ပလ္လင်တံကဲများ၊ ပေစာထုပ်များ၊ မှန်စီရွှေချ လက်ရာများ၊ ဇာတ်တော်များဖြင့် ရုပ်လုံးရုပ်ကြွဖော်ထားသော ကျွန်းသေတ္တာကြီးများ၊ ရှေးဟောင်း ကြေးခေါင်းလောင်းနှင့် ကနုတ်ပန်း လက်ရာများ၊ နတ်ရုပ်၊ သိကြားရုပ်နှင့် ပန်းပုရုပ်လုံးရုပ်ကြွများကို လေ့လာ တွေ့ရှိနိုင်သည်။

အဆိုပါ ပြည်ကျောင်းတိုက်၏ ထင်ရှားသော ဗိသုကာလက်ရာများမှာ ကျောင်းပေါ်သို့ တက်သည့် လှေကားထိပ်နှင့် ကျောင်းပေါက်၀ သစ်သားတံခါးရွက် တဖက်တချက်စီရှိ သစ်သားနတ်ရုပ်များ၊ အမရပူရခေတ် ကနုတ်ပန်းဟန်များ ဖြစ်သည်။

ရှေးဟောင်းဟူသော သတ်မှတ်ချက်နှင့် ပတ်သက်၍ (၁)သာသနိက အဆောက်အအုံတွေဖြစ်ရန်၊ (၂) ဗိသုကာသဘော အရ ခမ်းနားကြီးကျယ်နေရန်၊ (၃) မြန်မာမှုများ ထုံမွှန်းနေရန် စသည့် အချက်သုံးချက် လိုအပ်ကြောင်း ဆရာ ဆူးငှက်က ပြောသည်။

ထို့အပြင် ရှေးဟောင်းဟု သတ်မှတ်နိုင်ရန်မှာ အကြမ်းဖျင်းအားဖြင့် နှစ် ၁၀၀ ကျော်ဖြစ်ရန်၊ အကယ်၍ နှစ် ၁၀၀ မကျော်သော်လည်း ရှားပါးပစ္စည်း ဖြစ်ခြင်း၊ သမိုင်းနှင့်သက်ဆိုင်သည့် အဖြစ်အပျက်များနှင့် ဆက်စပ်ခြင်း ရှိပါကလည်း အဆိုပါ ပစ္စည်း၊ အဆောက်အဦးကို ရှေးဟောင်းဟု သတ်မှတ်နိုင်ကြောင်း တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။

ပြည်ကျောင်းတိုက် ခေါ် ပြည်မင်းကျောင်းတိုက်သည် အဆိုပါအချက်များနှင့်လည်း ကိုက်ညီ၊ အမရပူရခေတ် လက်ရာ အကြွင်းအကျန် အဖြစ် အများအပြား ကျန်နေပြီး မြန်မာ့ဗိသုကာလက်ရာများ အတွက် စံထားသင့်သည့် ကျောင်း တကျောင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ပြောပါသည်။

ရှေးဟောင်းထိန်းသိမ်းမှုများနှင့် စပ်လျဉ်း၍ ဆရာဆူးငှက်က “ပြည်ကျောင်းတိုက်က ရှေးဟောင်းလက်အောက်မှာ မရှိပေမယ့် ကျောင်းထိုင် ဆရာတော် အဆက်ဆက်က ထိန်းသိမ်းခဲ့ကြတယ်၊ ကျောင်းရဲ့ မူလ သမိုင်းကိုလည်း ကမ္ပည်း ရေးထိုးထားဖို့ ကောင်းတယ်၊ နောက်ပြီး မန္တလေးအနေနဲ့ မန္တလေး ယဉ်ကျေးမှုထိန်းသိမ်းရေး ကော်မတီရှိဖို့ ကောင်းတယ်၊ ထိန်းသိမ်းမှုတွေ လုပ်သင့်တယ်” ဟု သူ၏ အမြင်ကို ပြောပါသည်။

“ရှေးဟောင်းက အရင်ဆရာတော် လက်ထက်မှာ လာတယ်၊ လက်မခံဘူး၊ ရဟန်းတွေ လက်ထဲမှာပဲ ရှိသင့်တယ်၊ သူတို့ စောင့်ရှောက်ရင် ပြတိုက် ဖြစ်သွားမှာ၊ အခုလိုကျတော့ ဘယ်သူမဆို အမြဲတမ်းလာပြီး လေ့လာလို့ရတယ်” ဟု ပြည်ကျောင်းတိုက်မှ ဆရာတော် ဦးတေဇောဘာသ က မိန့်သည်။

ယင်းကဲ့သို့ မြန်မာ့ဗိသုကာ လက်ရာအမြောက်အများ ကျန်ရှိနေသေးသော်လည်း ရှေးဟောင်း ဗိသုကာ ကျောင်းတိုက်များ လူသိနည်းပါးနေခြင်း နှင့် ပတ်သက်၍ မန္တလေးမြို့ခံ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က အခုလို မှတ်ချက်ပြုသည်။

“ဘုရားဖူးတွေ က နာမည်ကြီး ဘုရားတွေပဲ သွားတယ်၊ မန္တလေးတောင် နာမည်ကြီးရင် မန္တလေးတောင်နဲ့ နီးတဲ့နေရာတွေပဲ သွားတယ်၊ ဒါက တကြောင်း၊ နောက် တကြာင်းက ယဉ်ကျေးမှု ဆောင်းပါးရေးတဲ့ သူတွေက နာမည်ကြီးတဲ့ ကျောင်းတွေပဲ ရေးကြတယ်၊ လွန်ခဲ့တဲ့ ၄-၅ နှစ်က စဉ့်ကိုင်က မက္ခရာကျောင်းတို့ ကျောက်ဆည်က ဆပ်သွားကျောင်း၊ တမုတ်ရွှေဂူ ကျောင်းတို့ကို ရုပ်သံတွေ ကနေ ပြန်လည် ဖော်ထုတ်တဲ့အခါ တိမ်မြုပ်လုနီးနီးကနေ လူသိများပြီး တန်ဖိုးထားလာကြတယ်၊ ရှေးကျတဲ့ ပစ္စည်းတွေကို ရုပ်သံတွေ ကနေ သေသေချာချာ ရိုက်လွှင့်နိုင်ရင် ပိုကောင်းမယ်”

 

မဟာမင်းထင်ကျောင်း

ဒုတိယ တခုအနေနှင့် သွားရောက်လေ့လာဖြစ်ခဲ့သည်က မန္တလေးမြို့အထင်ကရ မဟာမုနိဘုရားကြီး အနီးရှိ ချမ်းမြ သာစည်မြောက်၊ သီတာအေးရပ်ကွက် အတွင်းရှိ မဟာမင်းထင်ကျောင်း ဖြစ်သည်။ အဆိုပါကျောင်း၏ မူလဒါယကာမှာ ဇနက်ပလာဆင်ဝန် မဟာမင်းလှမင်းကျော် ဦးမင်းထင် ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၁၄ (ခရစ်နှစ် ၁၈၅၂) က ဆောက်လုပ် လှူဒါန်းခဲ့သော ကျောင်းတော်ကြီး ဖြစ်သည်။ သက်တမ်းအားဖြင့် ၁၆၅ နှစ် ရှိပြီ ဖြစ်ကာ ယင်းကျောင်းသည်လည်း မန္တလေးမြို့ထက်ပင် ရှေးကျသော သစ်ကျောင်းတော်ကြီး ဖြစ်သည်။

ကျောင်းတော်ကြီး၏ မူလနေရာမှာ အင်းဝတွင် ဖြစ်ပြီး သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အမရပူရသို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ ထိုမှတဆင့် မင်းတုန်းမင်းတရားကြီး၏ လက်ထက် အရောက်တွင် မူရင်းဒါယကာ၏ သားဖြစ်သူ ဇနက်ပလာဆင်ဝန် ဦးမင်းထင်က အမရပူရမှ ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မူလ ကျောင်းတော်ကြီးမှာ ကျောင်းဦးပြဿဒ်၊ ဇေတဝန်ဆောင်၊ ဘောဂဆောင် အပါအဝင် တိုင်လုံးရေ စုစုပေါင်း ၄၂၆ တိုင်နှင့် ဖွဲ့စည်းထားသည်။

လက်ရှိတွင်မူ ကျောင်းတော်ကြီး၏ တိုင်လုံးရေမှာ စုစုပေါင်း ၁၄၃ တိုင်သာ ကျန်ရှိကာ မူလကျောင်းတော်ကြီးမှာ လက်ရှိ ကျောင်းတော်ကြီးထက် သုံးဆမျှပင် ပို၍ ကြီးမည် ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ရတနာပုံခေတ်က မဟာမင်းထင် ကျောင်းကြီး၏ ကြီးမားခန့်ထည်မှုကို “ကျောင်းမှာမင်းထင်၊ သိမ်မှာမိုးတား၊ ဘုရားမှာ အာနန္ဒာ” ဟု ဆိုရိုးထားရှိခဲ့ခြင်း ဖြစ်သည်။

မဟာမင်းထင်ကျောင်း ဟု ဆိုလိုက်သည်နှင့် ထင်ထင်ရှားရှား ရှိသည့် ဗိသုကာ အမှတ်အသားမှာ လေးထောင့်ကျကျ ပုံစံ ရေနံချေးဝနေသည့် ကျောင်းကြီး၏ မြောက်ဘက် မျက်နှာစာတွင် ရှိသော အုတ်လှေကားနှစ်စင်းနှင့် အမရပူရခေတ် လက်ရာ နံရံပန်းပုများ၊ ကြီးမားခန့်ထည်သည့် တိုင်လုံးကြီးများ ဖြစ်သည်။

ယခုလက်ရှိတွင် မဟာမင်းထင်ကျောင်းတော်ကြီး အတွင်းရှိ တိုင်လုံးများမှာ ရာသီဥတုဒဏ်နှင့် ကျောင်းတော်ကြီး အတွင်း မြေနိမ့်မှု၊ ရေဝပ်မှုများကြောင့် တိုင်အမြစ်များ ဆွေးမြေ့ကာ သူ့ဝိတ်သူ မထိန်းနိုင်၍ ပြိုကျပျက်စီးမှုများ ရှိခဲ့ကာ သစ်သား ကြမ်းခင်းများမှာလည်း ဆွေးမြေ့ပြီး နှမြောစရာ၊ စိတ်မကောင်းစရာ အထိန်းအသိမ်းကင်းမဲ့နေသည့် အနေအထားဖြစ်သည်။

မင်းထင်ပြဿဒ်ကြီးမှာလည်း လဲကျခဲ့ပြီး ဖြစ်သည်။ ကျောင်းဆောင်ကြီး၏ အောက်ခြေ မြေသားများမှာလည်း ပတ်ပတ်လည် ရေဝပ်ကာ တိုင်လုံးအောက်ခြေများကို တိုက်စားခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကျောင်းဆောင်ကြီးမှာ အမရပူရခေတ်၏ မူလလက်ရာများ အတိုင်း ကျန်ရှိနေသော်လည်း လူသိနည်းပါးကာ အတော်ပင် ယိုယွင်းပျက်စီးနေပြီး ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေသည့် ရှေးဟောင်း သစ်သားကျောင်းတော်ကြီး ဖြစ်သည်။

“စစ်ဒဏ်၊ ဗုံးဒဏ်ကြောင့် မဟုတ်ဘဲ ရာသီဥတုကြောင့်ပဲပျက်စီးနေတာ၊ ရှေးဟောင်းလက်အောက်မှာ ရှိပေမယ့် တနှစ် တခါတောင် လာကြည့်ပြီး လိုအပ်တဲ့ ထိန်းသိမ်းပြုပြင်မှုတွေ မလုပ်ပါဘူး၊ ညွှန်ကြားမှုတွေ ရှိရင်လည်း စာနဲ့ပဲ ပို့တယ်၊ ဒီ သစ်သားကျောင်းကြီးမှာ အားလုံးက ခေတ်သုံးခေတ်ရဲ့ မူလလက်ရာတွေ အတိုင်း ကျန်ရှိနေပြီး အတော်လေးကို ဆွေးမြေ့ နေပါပြီ” ဟု မဟာမင်းထင်ကျောင်းတိုက် ဆရာတော် ဦးဣန္ဒောဘာသက မိန့်သည်။

“မဟာမင်းထင်ကျောင်းက အရေးတကြီး ထိန်းသိမ်းဖို့ လိုအပ်တယ်၊ ကျောင်းက ရေဝပ်နေပြီ၊ ဆက်ပြီး ထိန်းသိမ်းချင်ရင် အမြစ်ရှိတဲ့ နေရာတွေ ဖြတ်ပြီး အုတ်တိုင်စိုက်၊ မြေဖို့ လုပ်ရမှာပဲ၊ ဘုန်းကြီးကျောင်းကြီး မကျွံသွားအောင်၊ မပျက်ခင် တိုင်တွေ ယိုင်မသွားအောင်၊ ထုပ်တန်းတွေ ပျက်မသွားအောင် အစိုးရ စရိတ်၊ အလှူရှင်စရိတ်နဲ့ ထိန်းသိမ်း ထားသင့်တယ်၊ မထိန်းသိမ်းရင် နောက်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ပျက်စီးသွားနိုင်တယ်” ဟု မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။

ယောမင်းကြီး အုတ်ကျောင်း

ကျူံးမြောက်ဘက်မှ မန္တလေး-မတ္တရာကားလမ်းအတိုင်း ငါးမိနစ်ခန့်မောင်းလာပြီး မန္တလေးတောင်ဂေါက်ကွင်းနှင့် မျက်နှာ ချင်းဆိုင် အနီးတွင် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် (ခရစ်နှစ် ၁၈၆၆) က ယောအတွင်းဝန် ဦးဘိုးလှိုင် ဆောက်လုပ် လှူဒါန်းခဲ့သော ယောမင်းကြီး အုတ်ကျောင်းကို တွေ့နိုင်သည်။ ယောမင်းကြီးသည် စွယ်စုံရ ပညာရှိအမတ်တဦး ဖြစ်ပြီး အဆိုပါ အုတ်ကျောင်းကြီးအား ငွေကျပ် သုံးသိန်းကျော် အကုန်အကျ ခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အုတ်ကျောင်းကြီး၏ ဗိသုကာလက်ရာများမှာ အနောက်နိုင်ငံများရှိ ဘုရားရှိခိုးကျောင်း၊ ရဲတိုက်တို့၏ ပုံစံကို ယူ၍ ဆောက်လုပ်ထားပြီး ပြင်သစ်ဗိသုကာလက်ရာ အများဆုံး ပါဝင်ေနေသော အုတ်ကျောင်းကြီး ဖြစ်သည်။ ခရစ်နှစ် ၁၉၄၅ ခုနှစ် မတ်လတွင် အင်္ဂလိပ်တို့ ကြဲချသော ဗုံး ၄ လုံး ကျပြီး သစ်သားထည်များနှင့် အင်္ဂတေ ကနုတ်ပန်းများ ပျက်စီးခဲ့ကာ လက်ရှိတွင် အုတ်အဆောက်အအုံသာ ကျန်ရှိနေခြင်း ဖြစ်သည်။

၎င်း အုတ်ကျောင်းကြီးမှာ သက်တမ်းအားဖြင့် ၁၅၁ နှစ် ရှိပြီ ဖြစ်ပြီး မန္တလေးမြို့နေ ပြည်သူများကြားတွင် တိမ်မြုပ်လု ဖြစ်နေသော ရှေးဟောင်း ဗိသုကာအုတ်ကျောင်းကြီး ဖြစ်သည်။

“ယောမင်းကြီးကျောင်းက ရှေးဟောင်း လက်အောက်မှာ ရှိပေမယ့် ပိုမိုပျက်စီးသွားမှာကို စိုးရိမ်တယ်၊ တိုင်လုံးကြီးတွေ ထူးခြားတယ်၊ အမြဲလေ့လာနိုင်အောင် ပြခန်းပုံစံ မူလကျောင်းဆောင်ငယ်၊ သမိုင်းကြောင်းတွေကို ဖော်ပြထားတဲ့ ပြခန်းလေး တခု ရှိထားရင်တော့ ပိုကောင်းတယ်” ဟု ဆရာဆူးငှက်က ဆိုသည်။

အထက်ပါ ရှေးဟောင်းကျောင်းများ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဆရာဦးဝင်းမောင်က “ရှေးတုန်းက ကျောင်းကို ဖျက်ပြီး ပြန်ဆောက်တာ ရှေးဟောင်းလို့ ပြောလို့ မရတော့ဘူး၊ ရှေးဟောင်း အက်ဥပဒေနဲ့ မကိုက်ညီတော့ ငွေကုန်ကြေးကျ ခံပြီး ပြုပြင်ဖို့ မထိုက်တန်ဘူး ပေါ့၊ ဒီတော့ ကျောင်းထိုင်ဘုန်းကြီးတွေရယ်၊ တတ်ကျွမ်းပညာရှင်တွေရယ် တိုင်ပင်ပြီး ထိန်းသိမ်း စောင့်ရှောက်ဖို့ပဲ ရှိတယ်” ဟု ဆိုသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သမိုင်းဝင်နေရာများ ထိန်းသိမ်းရန် ရှေးဟောင်းယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) အတွက် ငွေလုံးငွေရင်း ရန်ပုံငွေမှာ ကျပ်သိန်း ၈၀၀ သာ ရရှိခဲ့သည်။

ယင်း ရန်ပုံငွေမှ အင်းဝပြတိုက် အဆင့်မြှင့်တင်ခြင်း၊ အဲကွန်းနှင့် လျှပ်စစ်မီး သွယ်တန်းခြင်း အတွက် သိန်း ၃၀၀၊ မန္တလေး ယဉ်ကျေးမှုပြတိုက် လျှပ်စစ်မီး သွယ်တန်းခြင်း အတွက် သိန်း ၁၅၀၊ ပယ်ပုံတော်ဝန်း လျှပ်စစ်မီး တပ်ဆင်ခြင်း အတွက် သိန်း ၃၅၀ သာ ရရှိခဲ့သည်။

တဖန် သာမန် ရန်ပုံငွေ ကျပ်သိန်း ၃၀ သာ ရရှိပြီး ယင်း ရန်ပုံငွေမှာလည်း သာကဝန် သစ်သားဘုန်းတော်ကြီးကျောင်း ထိန်းသိမ်းရေး အတွက် ၂၉ သိန်း ၉ သောင်း သုံးစွဲခဲ့ရ၍ လက်ကျန်ရန်ပုံငွေမှာ တသောင်းကျပ်သာ ကျန်ရှိတော့ကြောင်း ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ သိရသည်။

“ရှေးဟောင်းနဲ့ အစိုးရအဖွဲ့နဲ့ အမြဲတမ်း တိုင်ပင်ပါတယ်၊ တလကို လကုန်ရက် နောက်ဆုံးရက်မှာ ယဉ်ကျေးမှုအဖွဲ့ရယ်၊ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ရယ် အကုန်လုံး အစည်းအဝေးထိုင်ပြီး ဘာတွေဘယ်လို လုပ်နေလဲ ဆိုတာက အစ သူတို့ရဲ့ တင်ပြချက်အပေါ် မူတည်ပြီး သုံးသပ်ဆွေးနွေးကြရပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဦးစိုင်းကျော်ဇောက ပြောသည်။

“ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးက ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အစိုးရအဖွဲ့ အနေနဲ့ ကျွမ်းကျင်မှုအား မရှိဘဲ ဝင်ပြီး စွက်ဖက်လို့ မရဘူး၊ ဒါပေမယ့် သူတို့ရဲ့ မှားယွင်းချက် တခုခု ရှိခဲ့ရင် ပြင်ဆင်လုပ်ငန်း ဆောင်ရွက်ဖို့ ပြောရမှာပေါ့၊ ရှေးဟောင်းမှာ သူ့ ဥပဒေ ရှိတယ်၊ ပြင်ဆင်တဲ့ အပိုင်းက ဘယ်လိုပြင်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာကအစ UNESCO ကနေ ညွှန်ကြားချက် ပုံစံမျိုးနဲ့ လမ်းညွှန်ချက် တွေ ရှိပြီးသားပါ” ဟု ဦးစိုင်းကျော်ဇောက ပြောသည်။

အထက်ပါ ရှေးဟောင်း သမိုင်းဝင် ကျောင်းအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ရှေးဟောင်း ယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးလွင်က – “ကျောင်း တကျောင်းချင်းစီကို ရှေ့ဆက် ထိန်းသိမ်းဖို့ ဒီနှစ် ဘက်ဂျက်က မရှိတော့ဘူး၊ လျှပ်စစ်မီး ပြင်တာတွေ အတွက်ပဲ အဓိက ထားပြီး ချပေးထားတာ၊ နောက်နှစ် အတွက် သစ်ကျောင်းတွေကို ထိန်းသိမ်းဖို့ ဘက်ဂျက်ကျခဲ့ရင် အရေးကြီးတဲ့ ကျောင်းတွေကို ဦးစားပေး ထိန်းသိမ်းသွားမယ်” ပြောပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading