ဆောင်းပါး

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် - နိဂုံး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြားတွင် ဆက်ဆံရေးတိုးတက်လာခြင်းက တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံနှင့် ၎င်းတို့၏ ဆက်ဆံရေးကို အထောက်အကူ ဖြစ်စေမည့် လမ်းသစ်များ စတင်ရှာဖွေရန် ဖြစ်လာစေခဲ့သည်။ ၂၀၁၂ ခုနှစ် အတွင်းတွင် တရုတ်နိုင်ငံမှ ပညာရှင်ဆန်သော ဂျာနယ်များတွင် တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် မည်သည့် အမှား အယွင်းများ ရှိခဲ့သနည်း၊ မည်ကဲ့သို့ ပြန်လည်ပြင်ဆင်နိုင်သနည်း၊ ပြင်ဆင်သင့်သနည်း စသည်တို့ကို လေ့လာသုံးသပ်ထား သည့် ဆောင်းပါးများ အများအပြား ဖော်ပြလာကြသည်။ မြန်မာနိုင်ငံတွင် ပျက်ယွင်းနေသော တရုတ်နိုင်ငံ၏ ပုံရိပ်ကို အလုံးစုံ ပြန်လည်ပြင်ဆင်ရေး အတွက် ရည်ရွယ်သည့် ပြည်သူ့ဆက်ဆံရေး လှုပ်ရှားမှုတခု ဖော်ဆောင်ရန် တဦးက အဆိုပြုခဲ့သည်။ တရုတ် အစိုးရကလည်း NLD နှင့် အခြား ဒီမိုကရက်များ အပါအဝင် မြန်မာ့လူ့အဖွဲ့အစည်း၏ အခြား အစိတ်အပိုင်းများနှင့် နီးစပ်နိုင်ရန် စတင်၍ အသည်းအသန် ကြိုးစားလာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ “အစိုးရချင်း”၊ “ပါတီချင်း” နှင့် “ပြည်သူချင်း” ဗျူဟာကို အသုံးချခြင်းအားဖြင့် ဖြစ်သည်။ ယခင်က ကျင့်သုံးခဲ့သည့် စစ်အစိုးရ ခေါင်းဆောင်များနှင့် သူတို့၏ စီးပွားရေး ခရိုနီများ အဝန်းအဝိုင်း အတွင်းတွင်သာ ရှိနေခြင်းထက် ကျော်လွန်လာခဲ့ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ ငြင်သာသိမ်မွေ့သော ချဉ်းကပ်မှုများအပြင် တရုတ် အစိုးရတွင် ပိုအလုပ်ဖြစ်နိုင်သည့် ရွေးချယ်စရာများလည်း ရှိနေသေးသည်။ မြန်မာခေါင်းဆောင်များ၏ နိုင်ငံကို ခိုင်မာစွာ ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံတခုလုံးတွင် ရေရှည်ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ထောင်ရေး ကြိုးစားမှု မှန်သမျှကို အဆင်ပြေစေရန် သို့မဟုတ် ပျက်စီးစေရန် လုပ်နိုင်စွမ်းလည်း တရုတ် နိုင်ငံတွင် ရှိနေသည်။ တရုတ်နိုင်ငံက ဦးသိန်းစိန် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုပါ တွန်းအားပေးနိုင် သည့် အနေအထားတခုကို ပြန်လည်ရရှိရေး အတွက် ၂၀၁၁ ခုနှစ်မှစ၍ အပျော့စား၊ အပြင်းစား ချဉ်းကပ်မှုများကို ရောစပ် ကာ သတိထား၍ အကောင်အထည် ဖော်ခဲ့သည်။

တရုတ်နိုင်ငံနှင့် နှိုင်းယဉ်လျှင် ၎င်း၏ အနေအထားကို ပိုမို ခိုင်မာအားကောင်းစေရန် မြန်မာနိုင်ငံကလည်း ၂၀၁၄ ခု နှစ်တွင် ဥက္ကဌ တာဝန်ယူခဲ့ရသည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) အတွင်းမှ မိတ်ဖက်များဘက်သို့လည်း လှည့်ခဲ့သည်။ ပို၍ပင် သိသာထင်ရှားစေသော အချက်မှာ ၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခံရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ အလယ်ပိုင်းတွင် သူ၏ ပထမဆုံး နိုင်ငံခြား ခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိဘဲ တရုတ်နိုင်ငံ၏ အစဉ်အလာအရ ရန်သူ ဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ သွား ရောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်တို့သည် မြောက်ဘက်မှ အလွန်အာဏာကြီးသော အိမ်နီးချင်းကို စိုးရိမ်ရ သည့်နေရာတွင် တူညီမှုများ ရှိနေသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း အိမ်ရှင် ဗီယက်နမ်များ နှင့် ပြောဆိုဆွေးနွေးစရာ အမြောက်အများရှိခဲ့မည်ဟု ယူဆခြင်းက ကြောင်းကျိုး ဆီလျော်မှု ရှိပါလိမ့်မည်။

မြန်မာအစိုးရက ဒေသအတွင်းတွင် အခြားသောနိုင်ငံများနှင့် နက်ရှိုင်းသော ဆက်ဆံရေးများ တည်ဆောက်ရန် ကြိုးစား နေသော်လည်း ပြည်တွင်းမှ စိန်ခေါ်မှုများက နိုင်ငံအတွင်းမှ အဓိပ္ပါယ်ပြည့်ဝသော စီးပွားရေး သို့မဟုတ် နိုင်ငံရေး တိုးတက်မှုများကို ဆက်လက်၍ နှောင့်နှေးစေခဲ့သည်။ သမိုင်းတွင် မြင်ခဲ့ရပြီးသည့်အတိုင်း တရုတ်နိုင်ငံ၏ လမ်းကြောင်း ၂ ခု ပါသော မူဝါဒက မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် အစိုးရ အပေါ်တွင် သိသာထင်ရှားသည့် တွန်းအားနှင့် သြဇာ လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားခြင်းက ၂၀၁၁ ခုနှစ် အစောပိုင်းတွင် သူ သမ္မတဖြစ်လာပြီး များမကြာမီကထဲက ဦးသိန်းစိန် စတင်ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ထပ်မံ ရှုပ်ထွေးစေခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း တရုတ်အစိုးရက စဉ်ဆက်မပြတ် ညင်းဆန်နေခဲ့သော်လည်း မြန်မာနိုင်ငံမှ အစိုးရ မဟုတ်သည့် အကြီးဆုံး လက်နက်ကိုင် အဖွဲ့အပေါ် တရုတ်အစိုးရ၏ (သိသာသိစေ မမြင်စေနှင့် ဆိုသည့် သဘောမျိုးဖြင့်) ကူညီထောက်ပံ့မှုက ကွဲပြားသော ဇာတ်ကြောင်းတခုကို ပြောပြနေသည်။

၁၉၈၉ ခုနှစ် မေလတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်ခံသော ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က မြန်မာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်းက တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး အကျိုးအမြတ်သစ်များနှင့် အံကျဖြစ်နေခဲ့သည်။ သို့သော် UWSA ကို အင်အားတောင့်တင်း ခိုင်မာစေပြီး မြန်မာအစိုးရ အပေါ် တွန်းအားပေးမှုကို တိုးချဲ့ရန် နည်းလမ်းများ ရှာဖွေရေးကလည်း တရုတ်အစိုးရအတွက် အလွန် အရေးကြီးခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံက UWSA ခေါင်းဆောင်အများစုနှင့် ကာလရှည်ကြာသော ဆက်ဆံရေး ရှိခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီတွင် သူတို့ ရှိနေသည့် အချိန်ကတည်းက ဖြစ်သည်။ ထို့ကြောင့် UWSA အနေဖြင့် တရုတ်နိုင်ငံမှ လက်နက်ပစ္စည်း အမျိုးမျိုး ဝယ်ယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထုတ် နာမည်ကျော် စစ်ဘက်ရေးရာ ဂျာနယ်တစောင် ဖြစ်သည့် Jane’s Defense Weekly ၏ အဆိုအရ လက်နက်တပ်ဆင်ထားသည့် ပို့ဆောင်ရေး ရဟတ်ယာဉ်များပင် ပါဝင်သည်ဟု သိရသည်။ “ရဟတ်ယာဉ်များ ပိုင်ဆိုင်ခြင်းက UWSA အဆင့်မြှင့်တင်ခြင်းအတွက် နောက်ဆုံးခြေလှမ်းတခု ဖြစ်ပြီး အာရှတွင် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် အစိုးရ မဟုတ်သည့် အကြီးဆုံး လက်နက်ကိုင် အဖွဲ့ အဖြစ် ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာပေါ်မှာပင် အကောင်းဆုံး အစိုးရမဟုတ်သည့် တပ်ဖွဲ့ပင် ဖြစ်နိုင်ပါသည်” ဟု Jane’s Defense Weekly က ဆိုသည်။

၂၀၁၂ ခုနှစ် ဒုတိယ နှစ်ဝက်တွင် UWSA က ပထမဆုံး အကြိမ်အဖြစ် သံချပ်ကာ ယာဉ်များ ပိုင်ဆိုင်လာခဲ့သည်။ အဆိုပါ သံချပ်ကာ ယာဉ်များထဲတွင် တရုတ်နိုင်ငံလုပ် PTL-02 ၆ဘီးတပ် တင့်ကားဖျက်ယဉ်များ နှင့် IHS Jane က တရုတ်နိုင်ငံ လုပ် ZFB-05 အမျိုးအစား ၄ ဘီးတပ်ယာဉ် အဖြစ်ဖော်ပြခဲ့သော တိုက်ခိုက်ရေး သံချပ်ကာ ယာဉ်တစီးလည်း ပါဝင်ခဲ့သည်။ ထို့ပြင် UWSA က တရုတ်နိုင်ငံမှ လက်နက်ငယ်များ နှင့် ခဲယမ်းမီးကျောက်များ အမြောက်အများ နှင့် HN-5 အမျိုး အစား (ပုခုံးတွင် ထမ်းပစ်ရသည့်) လေကြောင်းကာကွယ်ရေး ဒုံးကျည် လက်နက် ၁၀၀ ခန့် ရရှိခဲ့သည်။ HN-5 မှာ ရုရှားနိုင်ငံ လုပ် Strela-2 ပထမမျိုးဆက်ကို တရုတ်ပုံစံ ဖြင့် ပြန်လည် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် ယခုအခါတွင် UWSA က ဗမာပြည်ကွန်မြူနစ်ပါတီထက် လက်နက်အင်အား ပိုမိုတောင့်တင်းလာခဲ့သည်။ UWSA တွင် ထောင်နှင့် ချီသော ကျေးရွာပြည်သူ့စစ်များနှင့် အခြားထောက်ပံ့ရေးတပ်ဖွဲ့များ အပြင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တပ်သား အနည်းဆုံး ၂၀၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ ထို့ပြင် UWSA ထိပ်တန်းခေါင်းဆောင်များက သူတို့ကို အကြံဉာဏ်များ လမ်းညွှန်မှုများ ပေးသည့် တရုတ်ထောက်လှမ်းရေး အရာရှိများနှင့်အတူ ရှိနေတတ်ကြသည်။ ထို့ကြောင့် တရုတ်နိုင်ငံက ဘာလုပ်ချင်ပါသနည်း။ ဒေသတွင်းမှ ကွန်မြူနစ်လှုပ်ရှားမှုများကို ထောက်ပံ့သည့် မူဝါဒကို စွန့်လွှတ်ခဲ့သည့် အချိန်မှစ၍ မြန်မာ အစိုးရနှင့် တရုတ်အစိုးရတို့က ဖော်ရွေသော ဆက်ဆံမှုများ ရှိခဲ့ပြီး ဖြစ်သည့် တချိန်တည်းမှာပင် အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းတခုကို မည်သည့် အတွက်ကြောင့် ဆက်လက်၍ လက်နက် တပ်ဆင်ပေးခြင်း ထောက်ပံ့ခြင်းများ ပြုလုပ်နေပါသနည်း။

တရုတ်အစိုးရ၏ မူဝါဒများမှာ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်လာသည့် အချိန်တွင် မြန်မာနိုင်ငံအပေါ် ဖိအားများပေးသည့် နည်းလမ်းဖြစ်ကြောင်း သံသယရှိရန် မလိုပါ။ အနောက်နိုင်ငံများထံတွင် မြန်မာနိုင်ငံကို မဆုံးရှုံးရန် ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံက ယူဆသည်။ မြန်မာနိုင်ငံ၏ ဒေသတွင်းမှ နိုင်ငံများနှင့် ဆက်ဆံရေးကို (တဖက်ဖက်က မဖြစ်မနေ အနိုင်ရ ရမည့်) ပေါင်းလဒ် သုည(zero-sum) သတ်မှတ်ချက်များဖြင့် ဖွင့်ဆိုပုံ ရသည်။ အင်အား တောင့်တင်းသော UWSA က တရုတ်နိုင်ငံအတွက် ဗျူဟာမြောက် အားသာချက်တခု ဖြစ်သလို မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးသည့် နေရာတွင်လည်း ဈေးအလျှော့အတင်း ပြုလုပ်နိုင်သည့် လက်မှတ်တခု ဖြစ်နေသည်။ သိသာထင်ရှားသည်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း မုံရွာသို့ သွားရောက်၍ အညင်းပွားဖွယ်ရာ တရုတ် ကျောထောက်နောက်ခံပြု ကြေးနီတွင်း စီမံကိန်းကို ဆန့်ကျင် ဆန္ဒပြသည့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ချိန်တွင် သူက “ကျနော်တို့ တရုတ်နိုငံကို ကြောက်ရပါတယ်။ ကျနော်တို့ သူတို့နဲ့ ရန်မဖြစ်ရဲဘူး။ တကယ်လို့ သူတို့ စီမံကိန်းတွေကို ပိတ်လိုက်လို့ စိတ်ဆိုးသွားရင် သူတို့က ကွန်မြူနစ်တွေကို ပြန်ထောက်ပံ့မယ်။ နယ်စပ်ဒေသက စီပွားရေးတွေ ကျဆင်း သွားလိမ့်မယ်” ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

“ကွန်မြူနစ်များ” ဟု ဦးအောင်မင်းက ရှင်းရှင်းလင်းလင်း ဆိုလိုခဲ့သည်မှာ UWSA နှင့် ၎င်း၏ မဟာမိတ်များ ဖြစ်သည်။ ၎င်းတို့ထဲတွင် ကွန်မြူနစ် တပ်ဖွဲ့ဟောင်း တခုဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) လည်း ပါဝင်ပြီး MNDAA က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်ခဲ့သည်။ ကြိုတင် မျှော်လင့်ထားသည့် အတိုင်းပင် တရုတ်နိုင်ငံက အဆိုလက်နက်ကိုင် ပဋိပက္ခတွင် မည်သည့် ပါဝင် ပတ်သက်မှုမှ မရှိကြောင်း ညင်းဆိုခဲ့ပြီး ဖြစ်သော်လည်း နောက်ကွယ်မှ အမှန်တရားတခုမှာ MNDAA ၏ လက်နက်နှင့် ခဲယမ်းမီးကျောက် အများအပြားမှာ UWSA က ထောက်ပံ့ထားခြင်း ဖြစ်သည်။ UWSA သို့ မည်သည့် ရုပ်ဝတ္ထုထောက်ပံ့မှုမျှ မပေးကြောင်း တရုတ်နိုင်ငံက အမြဲတမ်း ညင်းခဲ့သည်။ သို့သော်လည်း UWSA သို့ နောက်ဆုံးပေးပို့ခဲ့သည့် လက်နက်များထဲတွင် ပုခုံးထမ်း လေကြောင်းပစ် လက်နက်များ၊ သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်များ၊ လက်နက်ကြီးများနှင့် အခြား ခေတ်မီ စစ်လက်နက်ပစ္စည်းများက တရားမဝင် ရရှိနိုင်သည့် ပစ္စည်းများ မဟုတ်ကြပါ။ သို့မဟုတ် ယူနန်ပြည်နယ် တာဝန်ရှိသူ အချို့က UWSA ထံ ပို့ပေးခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ပို့ဆောင်မှုများ အားလုံးနီးပါးက ဘေဂျင်းရှိ အမြင့်ဆုံး အဆင့်ဖြစ်သော တရုတ်ထောက်လှမ်းရေးနှင့် စစ်အာဏာပိုင်များထံမှ ညွှန်ကြားချက် ဖြစ်သည်မှာ သေချာပါသည်။

အရေးပါသော နေရာမှ သတင်းရင်းမြစ်တခု၏ အဆိုအရ တရုတ်နိုင်ငံက မြန်မာအစိုးရကို “အနောက်တိုင်းနှင့် ပို၍နီးကပ်ပါက ယခုကဲ့သို့ ဖြစ်မည် ဖြစ်ကြောင်း ကိုးကန့်ဒေသတွင် သွယ်ဝိုက်သော နည်းဖြင့် သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်သည်” ဟု သိရသည်။ တချိန်တည်းမှာပင် တရုတ်အစိုးရက မြန်မာနိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများကို တရုတ် နိုင်ငံသို့ လေ့လာရေး ခရီးစဉ်များ ဖိတ်ခေါ်ခြင်း၊ မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးကြားမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းများအားဖြင့် နောက်ထပ် အပျော့နည်း တနည်းကို ကစားနေသည်။ တရုတ်နိုင်ငံအနေဖြင့် တော်လှန်ရေးကို နိုင်ငံခြားသို့ တင်ပို့လိုသည် ဖြစ်စေ သို့မဟုတ် စီးပွားရေး အကျိုးစီးပွားကို တိုးချဲ့လို ကာကွယ်လိုသည် ဖြစ်စေ မြန်မာနိုင်ငံအတွင်းတွင် အခိုင်အမာ ခြေကုပ်ရထားနိုင်ရန် လိုအပ်သည်ဟု ယူဆထားသည်မှာ ထင်ရှားပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ UWSA နှင့် ၎င်း၏ အဖွဲ့များထက် ပို၍ သစ္စာရှိသော၊ ပိုကောင်းသော မဟာမိတ် မရှိပါ။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ပန်ဆန်းမြို့တွင် စစ်ရေးပြနေကြသော UWSA တပ်သားများ/Reuters

တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်က မြန်မာပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ထပ်ခါတလဲလဲ လူသိရှင်ကြားပြောခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဆွန်ကော့ရှန်နှင့် မြန်မာနိုင်ငံမှ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂ ခုတို့ ပြုလုပ်ခဲ့သော အစည်းအဝေးမှ ရရှိခဲ့သည့် မှတ်တမ်းများအရ ဆွန်ကော့ရှန်က “တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ အတွက် တမူထူးခြားတဲ့ နိုင်ငံခြားရေး မူဝါဒတခု ရှိပြီး မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို လေးစားပါတယ်။ ကျနော်တို့က အိမ်နီးချင်း မိတ်ဆွေ တဦးအနေနဲ့ ကျနော်တို့ တာဝန်ကို လုပ်နေခြင်းသာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဆွန်ကော့ရှန်၏ လှိုက်လှဲ ဖော်ရွေသော လေသံနှင့် လုံးဝကွဲပြားနေသည်မှာ တချိန်တည်း တရုတ်နိုင်ငံက ကျောထောက် နောက်ခံပေးထားသည့် UWSA နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ခုက ပေးပို့ခဲ့သော အစိုးရ၏ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို ညင်းပယ်သည့် သတင်းစကား ဖြစ် သည်။ ပူးတွဲဆန့်ကျင်လိုက်ခြင်းကြောင့် လေ့လာစောင့်ကြည့်သူ အမြောက်အများ အံ့အားသင့်ခဲ့ရပြီး ဦးသိန်းစိန်ထံမှ ဒေါ်အောင်ဆန်းစုကြည် အမွေဆက်ခံယူခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက် အစစ်အမှန် အပေါ် မေးခွန်းသစ်များ ထွက်ပေါ်စေခဲ့သည်။ အဖွဲ့အစည်း ၇ ခုက အစိုးရ၏ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို ညင်းပယ်ခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ဖြေရှင်းရေးအတွက် ပိုမို၍ တိုက်ရိုက်ဖြစ်သော နိုင်ငံရေး ချဉ်းကပ်မှု တခုကို တောင်းဆိုခဲ့ကြသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မူဝါဒက အလွှာများစွာ ရှိသည့်အတွက် တမူထူးခြားသည့် နိုင်ငံခြားရေး မူဝါဒဟု ဆွန်ကော့ရှန်က ပြောခဲ့သည်မှာ မှန်ပါသည်။ အပြင်လူ အများအပြားအတွက်မူ ဝိရောဓိ ဖြစ်နေလေ့ရှိသည်။ သို့သော်လည်း သေချာစွာ စစ်ဆေးကြည့် မည်ဆိုလျှင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများတွင် သူတို့၏ ကိုယ်ပိုင် ယုတ္တိ ဗေဒ ရှိနေသည်။ ဆွန်ကော့ရှန်၏ အပြုသဘောဆောင်သော သတင်းစကားက ဒေသတွင်း နိုင်ငံများနှင့် ထိတွေ့ဆက်ဆံ ရေးတွင် အမြဲတမ်းနီးပါး ချစ်ကြည်ရင်းနှီးမှုကို သရုပ်ဖော်လေ့ရှိသော တရုတ်နိုင်ငံ၏ သံတမန်ရေးရာတွင် အပေါ်ဆုံးမှ မျက်နှာပြင် အလွှာဖြစ်သည်။

ဒုတိယ အလွှာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာန (ILD/CPC ) ပါဝင်သည်။ မူလက အဆိုပါ ဌာနကို ၁၉၅၀ နှစ်များအတွင်းတွင် အခြားသော ကွန်မြူနစ်ပါတီများနှင့် ဆက်သွယ်မှု ဖွံ့ဖြိုးစေရန် နှင့် ကမ္ဘာတလွှားမှ တော်လှန်ရေး လှုပ်ရှားမှုများကို ထောက်ပံ့ကူညီရန် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင်မူ ILD/CPC မှ ကိုယ်စားလှယ်များကို ကွန်ဖရင့်များတွင် မြင်ရလေ့ရှိပြီး နိုင်ငံရေး အယူဝါဒ အမျိုးမျိုးရှိသည့် နိုင်ငံရေးပါတီများနှင့် အတူ ရောနှော၍ ရှိနေတတ်ကြသည်။ ILD/CPC က တရုတ်နိုင်ငံ၏ ရေရှည်ဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် UWSA ကဲ့သို့သော လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် အစိုးရ မဟုတ်သည့် အဖွဲ့ အမျိုး မျိုးကိုလည်း ထောက်ပံ့နေသည်။

တတိယ အလွှာမှာ ကမ္ဘာတလွှားမှ အခြားသော စစ်တပ်များနှင့် ဆက်သွယ်မှုများကို ထိန်းသိမ်းထားသော တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ဖြစ်သည်။ နိုင်ငံခြား အစိုးရများ၊ အစိုးရမဟုတ်သည့် ဖောက်သည်များသို့ တိုက်ရိုက် ဖြစ်စေ ကြားခံကုမ္ပဏီများမှ တဆင့် ဖြစ်စေ လက်နက်များ ရောင်းချခြင်းနှင့် အတူ PLA က UWSA ကဲ့သို့သော အဖွဲ့အစည်းများကို လက်နက်ပစ္စည်းမျိုးစုံ ထောက်ပံ့သည်။ နောက်ပိုင်းတွင် ၎င်းတို့ထဲမှ အချို့ကို အစိုးရကို တက်ကြွစွာ တိုက်ခိုက်နေသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ဝေမျှပေးခဲ့သည်။

တရုတ်နိုင်ငံသည် စီးပွားရေးစနစ်ကို တင်းကျပ်သော ဆိုရှယ်လစ်စနစ်မှ အလုပ်ဖြစ်သော အရင်းရှင် စနစ်သို့ အသွင် ပြောင်းလဲခဲ့သော်လည်း နိုင်ငံရေးအရ တပါတီ အာဏာရှင် စနစ်တွင် ရှိနေဆဲ ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီက အစိုးရ၏ အထက်တွင် ရှိနေ၍ PLA က ပါတီ၏ လက်နက်ကိုင် အစိတ်အပိုင်း အဖြစ် တာဝန် ထမ်းဆောင်နေသည်။ အစိုးရချင်း၊ ပါတီချင်း ဆက်ဆံရေးကို ထိန်းသိမ်းသည့် မူဝါဒဟောင်းကလည်း ပြောင်းလဲခြင်း မရှိသေးပါ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပိုင်းမှ ပုဂ္ဂိုလ်များနှင့် တရုတ်ဖက်မှ အဓိက ဆက်ဆံနေသည့်သူမှာ ဆွန်ကော့ရှန် မဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ ဆောင်းတော် Song Tao ဖြစ်သည်။ ဆောင်းတော်သည် ထိပ်တန်း နိုင်ငံရေးသမားနှင့် သံတမန်တဦး ဖြစ်ပြီး သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၂၀၀၀ ခုနှစ်များ အစောပိုင်းက အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ လက်ထောက်တဦး အဖြစ် တာဝန်ထမ်းခဲ့ပြီး နောက်ပိုင်းတွင် Guyana နှင့် ဖိလစ်ပိုင်တို့တွင် တရုတ်နိုင်ငံ သံအမတ်ကြီး ဖြစ်လာသည်။

၂၀၁၅ ခုနှစ်အောက်တိုဘာလက မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်သည့် တရုတ် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင် ဆောင်းတော် ပါဝင်ခဲ့သည်။ နောက်လရောက်သည့် အခါ ဆောင်းတော်က ILD/CPC အကြီးအကဲတာဝန်ကို တရုတ်ကွန်မြူနစ် ပါတီ၏ ဝါရင့် အဖွဲ့ဝင်တယောက် ဖြစ်သော ဝမ်ကျိုင်ရူ Wang Jiarui ထံမှ လွှဲပြောင်းရယူခဲ့သည်။ ဝမ်ကျိုင်ရူသည် မြောက်ကိုရီးယား၊ ကျူးဘားနှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများမှ ကွန်မြူနစ်ပါတီဝင်များနှင့် ဆက်သွယ်မှုများကို ထိန်းသိမ်းရသည့် တာဝန်ခံ ဖြစ်ပါသည်။ ဆောင်းတော်က ဆွန်ကော့ရှန်ကဲ့သို့ လူသိများသည့် ပုံရိပ် မဟုတ်သော်လည်း သူက နောက်ကွယ်တွင် တက်ကြွစွာ လှုပ်ရှားနေသူတဦး ဖြစ်ပြီး မြန်မာနိုင်ငံရေးသမားများနှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်များကို နေပြည်တော်အစား ဘေဂျင်းမြို့တွင် တွေ့ဆုံခြင်းကို သဘောကျသူ ဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မစတင်မီ ရက်သတ္တပတ် အနည်းငယ်အလို ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းတွင် ဆောင်းတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက် ထိန်းသိမ်းထားသော အစိုးရချင်း ဆက်ဆံရေး နှင့် UWSA ကဲ့သို့သော အဖွဲ့များနှင့် ဆက်နွယ်နေသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီချင်း ဆက်ဆံရေးတို့ကြားမှ ကွဲပြားခြားနားမှု (နှင့် ဘေဂျင်းတွင် တရုတ်ကွန်မြူနစ်ပါတီက အစိုးရ၏ အထက်တွင်ရှိနေခြင်း) တို့က တရုတ်နိုင်ငံအနေဖြင့် UWSA ကို လက်နက်ကြီးများ လျှို့ဝှက်စွာ ထောက်ပံ့ပေးနေသော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် မည်သည့် အတွက်ကြောင့် လူသိရှင်ကြား ချီးမွမ်းသည်ကို ရှင်းပြနိုင်မည် ဖြစ်သည်။

အနောက်နိုင်ငံများနှင့် မတူသည်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မူဝါဒချမှတ်ရာတွင် ဦးဆောင်နိုင်ခြင်းမရှိပါ။ ထိတွေ့ဆက်ဆံရေး၏ ကွဲပြားခြားနားသော အဆင့် ၃ ဆင့် အတွင်းတွင် ပါတီက အမြဲတမ်း ရှိနေသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှေ့မှာထွက်၍ မျက်နှာပြရသည့် နေရာတွင် ရှိနေပြီး ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် ၎င်း၏ မူဝါဒများက ချစ်ကြည်မှု၊ ရင်းနှီးမှု တို့ကို အမြဲတမ်း သရုပ်ဖော်နေခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် ဆက်ဆံရေး၏ ပုံရိပ်ကို ပိုမို၍ ကျယ်ပြန့်စွာ ပုံဖော်နိုင်ရန် (ကွန်မြူနစ်ပါတီက လွှမ်းမိုးထားသော) အခြားအဆင့် ၂ခု ကိုလည်း စူးစမ်းရမည် ဖြစ်သည်။ (၂၀၁၂ ခုနှစ်မှ စ၍ တရုတ်နိုင်ငံသို့ ဖိတ်ခေါ် ခဲ့သော လေ့လာရေး ခရီးစဉ်များ အပါအဝင်) ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားများနှင့် နီးစပ်အောင် ကြီးမားစွာ အားထုတ်လာခြင်းနှင့် UWSA ကို တရုတ်နိုင်ငံက ထောက်ပံ့ခြင်းတို့က အခြေခံအားဖြင့် တူညီသော ဗျူဟာ ရည်မှန်းချက်များအတွက် ဖြစ်သည်။ အရေးပါသော မြန်မာစင်္ကြန် လုံခြုံ စိတ်ချမှုရှိရေး ရည်ရွယ်ချက်ဖြင့် နေပြည်တော်တွင် အမှန်တကယ် ကြိုးကိုင်နေသော တပ်မတော်ကို ဖိအားပေးရန်နှင့် အနာဂတ်အတွက် ဖွင့်ထားပေးသော ရွေးချယ်စရာများအဖြစ် တပ်မတော်က သတ်မှတ်ရေးအတွက် တွန်းအားပေးရန် ဖြစ်သည်။

ဤရှုထောင့်မှ ကြည့်မည် ဆိုလျှင် ပေါက်ဖော်ဆိုသည်မှာ အနှစ်မပါသည့် စကားလုံးလှလှတခုထက် အနည်းငယ်မျှသာ ပိုပါသည်။ တရုတ်အစိုးရက မြန်မာနိုင်ငံ အတွင်းတွင် ၁၉၆၀ နှစ်များနှောင်းပိုင်းကထဲက ပျိုးထောင်ခဲ့သော လုံခြုံ စိတ်ချရသည့် အနေအထားကို စွန့်လွှတ်လိမ့်မည် မဟုတ်ပါ။ ထိုနည်းတူပင် တရုတ်နိုင်ငံက ခက်ခက်ခဲခဲ ရယူထားရသည့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို အလွယ်တကူ လက်လျှော့မည် မဟုတ်ပါ။ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံ၏ ဗျူဟာ မြောက် အရေးပါမှုက ချဲ့ကား ပိုတွက်ထားခြင်း မဟုတ်နိုင်ပါ။

ကမ္ဘာပေါ်မှ ရေကြောင်းမှ ရေနံတင်ပို့မှု အားလုံး၏ ၆၀ ရာ ခိုင်နှုန်း ကျော်က အရှေ့အလယ်ပိုင်း ရေနံမြေများမှနေ၍ တရုတ်၊ ဂျပန် နှင့် ဒေသတွင်းမှ စီးပွားရေး အားကောင်းသည့် နိုင်ငံများဆီသို့ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်းသွားရသည်။ အာရှမှ စက်မှုနိုင်ငံများနှင့် ကျန် ကမ္ဘာ့နိုင်ငံများကြားတွင် သွားလာနေသည့် ရေကြောင်းမှ ကုန်သေတ္တာ တင်ပို့မှုများ၏ ၇၀ ရာခိုင်နှုန်းကလည်း အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်းရသည်။ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းမှုများ ကျဆင်းနေပြီး ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းမှုများ တုန့်ဆိုင်းနေချိန်တွင် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ကျော် ကုန်သွယ်မှုက တိုးလာနေသည်။ သမုဒ္ဒရာ၏ အချို့နေရာများ၊ အထူးသဖြင့် အနောက်ပိုင်းတွင် အာဖရိက အရှေ့မြောက်ပိုင်း ကျွန်းဆွယ်ဒေသ ဝန်းကျင်နှင့် အရှေပိုင်းတွင် မလက္ကာရေလက်ကြား အနီးတို့သည် ပင်လယ်ဓားပြများ လှုပ်ရှားနေကြသည့် နေရာ ဖြစ်ပြီး အကြမ်းဖက်သမားများကလည်း ဒေသတွင်းမှ ပဋိပက္ခဇုန် အမျိုးမျိုးသို့ လက်နက်များ ရေကြောင်းမှ တင်ပို့နေခဲ့ကြသည်။

ထိုဖြစ်ရပ်များကြောင့် အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ကြားတွင် တင်းကျပ်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံက ထိုအရှုပ်အထွေး၏ အလယ်ဗဟိုတွင် ရှိနေပြီး တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

လက်တွေ့မြေပြင်မှ အမှန်တရားများက ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။ တရုတ်နိုင်ငံက အရှေ့မြောက်ပိုင်း နယ်စပ်၏ တဘက်တွင် ရှိနေသည်။ မြန်မာနိုင်ငံက ပိုပြီးဆက်ဆံချင်မည့် အနောက်နိုင်ငံများက အလှမ်းဝေးသော နေရာတွင် ရှိနေ ကြသည်။ မြန်မာနိုင်ငံတွင်းတွင် တရုတ်နိုင်ငံကဲ့သို့ နက်ရှိုင်းသော၊ သိမ်မွေ့သော ဆက်ဆံရေးမျိုး ရှိမနေကြပါ။ ထို့ပြင် တရုတ် အစိုးရနှင့် သူတို့၏ ကိုယ်ပိုင်ဆက်ဆံရေးများ၊ စီးပွားရေး ကိစ္စများ ရှိနေကြသည်။ အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင်းမှ တရုတ်သြဇာလွှမ်းမိုးမှုကို တုန့်ပြန်ကောင်း တုန့်ပြန်နိုင်ပါလိမ့်မည်။ ထိုသို့တုန့်ပြန်နိုင်သည်ကို ပြည်တွင်းမှ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးပါသူ အများစုက ကြိုဆိုကြပါလိမ့်မည်။

သို့သော်လည်း ထိုသို့ ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနိုင်ရန် မည်သို့ အားထုတ်ခဲ့သည်ကို ကောင်းစွာ သိနားလည်ခြင်း အပေါ်တွင် အခြေခံသော ခေတ်မီသည့် ချဉ်းကပ်မှုတခု လိုအပ်ပါလိမ့်မည်။ အလေးအနက်ထား ဆောင်ရွက်ရမည့် ဗျူဟာက ဆုံးခန်းတိုင်ရောက်ရှိရေး စစ်မှန်သော အရင်းအမြစ်များ ပေးအပ်မြှုပ်နှံထားရန် ဆန္ဒရှိနေဖို့လည်း လိုအပ်ပါသည်။ (တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများ နှိုင်းယှဉ်ပါက) အကျိုးစီးပွားနှင့် စွမ်းဆောင်နိုင်ရည် ၂ ခုလုံးတွင် ယခုကဲ့သို့ မညီမျှမှုများ ရှိနေခြင်းအရ တရုတ်နိုင်ငံ၏ ရေရှည်ကစားပွဲက မြန်မာနှင့် ၎င်း၏ အိမ်နီးချင်းများအတွက် မရပ်မနားရှိနေမည့် စိန်ခေါ်မှုအဖြစ် ဆက်လက်၍ ရှိနေဦးမည် ဖြစ်ပါသည်။

ဤတွင် ပြီး၏။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၂ 

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၃

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၄

Did you find apk for android? You can find new Free Android Games and apps.
Loading