ကုလသမဂ္ဂမှ အမေရိကန် သံအမတ် Nikki Haley က သိန်းနှင့် ချီသော ရိုဟင်ဂျာ မွတ်စလင်များ ရခိုင်ပြည်နယ်မှနေ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ရသည့် မြန်မာတပ်မတော်၏ ပြင်းထန်သော တိုက်ခိုက်မှုများ အပေါ် ဝေဖန်ပြစ်တင်ရာတွင် သွယ်ဝိုက်နေခဲ့ခြင်း မရှိပါ။
စက်တင်ဘာလ အတွင်းက ပြောကြားခဲ့သော မိန့်ခွန်းတခုတွင် သူက “အပြုသဘောဆောင်တဲ့ သံတမန် စကားလုံးများ သုံးစွဲရမယ့် အချိန်ကို ကျော်လွန်ခဲ့ပါပြီ။ အခုအချိန်မှာ ကျမတို့အနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေကြားထဲမှာ အမုန်းတရား မီးထိုးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ညိစွန်းနေတဲ့ မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေကို ဆန့်ကျင် အရေးယူဖို့ စဉ်းစားရပါတော့မယ်” ဟုပြောကြားခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် စွပ်စွဲခံရသူများကို အမြန်ဆုံး အရေးယူ ဖယ်ရှားရန်လည်း Nikki Haley ကတောင်းဆိုလိုက်သည်။
သို့သော်လည်း အမေရိကန် နိုင်ငံက ယမန်နှစ်က ယခင်သမ္မတ အိုဘားမား ဖယ်ရှားပေးခဲ့သော စီးပွားရေးပိတ်ဆို့ အရေး ယူမှုများ ပြန်လည်ချမှတ်ခြင်း အပါအဝင် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် အလွန်ပင် ဖြစ်နိုင်ဖွယ်ရာ မရှိပါ။
၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတွင် တပ်မတော်က ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို ရက်စက်စွာ ဖြိုခွဲခဲ့ပြီးနောက် ရပ်ဆိုင်းထား ခဲ့သော အမေရိကန်နိုင်ငံ၏ International Military Education and Training အစီအစဉ် ပြန်လည်စတင်ရေး ဆောင် ရွက်နေသည်ကို ရွှေ့ဆိုင်းထားခြင်းကဲ့သို့သော ကိစ္စများသည်သာ ရိုဟင်ဂျာ မွတ်စလင်များ အပေါ် လုံခြုံရေး တပ်ဖွဲ့များ ၏ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်း နှင့် ပတ်သက်၍ တုန့်ပြန်သည့် အနေ ဖြင့် အမေရိကန် နိုင်ငံက ဆောင်ရွက်ရန် ဆန္ဒရှိကောင်း ရှိနိုင်ပါသည်။
အမှန်တကယ်တွင် တရုတ်နိုင်ငံက လတ်တလောတွင် ကျဆင်းနေသော မြန်မာနိုင်ငံအပေါ် သူ၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်ရရှိရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း (ရိုဟင်ဂျာ ပြဿနာ) ကို အသုံးချသွား မည်ကို စိုးရိမ်ခြင်းကြောင့် အမေရိကန် အစိုးရက မနှစ်သက်ကြောင်း အရိပ်လက္ခဏာပြခြင်းထက် ပို၍ တစုံတရာ ပြုလုပ်ခြင်း မရှိအောင် ထိန်းသိမ်းထားဖွယ်ရာ ရှိပါသည်။
ရိုဟင်ဂျာများ၏ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုကို တုန့်ပြန်သည့် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအပေါ် အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့က ဝေဖန်ခဲ့ကြချိန်တွင် တရုတ်နိုင်ငံက ၎င်းတို့၏ ကူးသန်း ရောင်းဝယ်ရေးနှင့် ဗျူဟာမြောက် အကျိုးစီးပွားများ ပေါ်ထွန်းလာခါစ ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် ပြုလုပ်သော မြန်မာနိုင်ငံ၏ တင်းကျပ်သော ဗျူဟာများကို ထောက်ခံခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့က တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်နှင့် တွေ့ဆုံရာတွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်က ရခိုင်အရေးကိစ္စတွင် တရုတ်နိုင်ငံ၏ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် မတွေ့ဆုံမီ တရက်အလို ဆွန်ကော့ရှန်က ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာ အများစုဒေသ တွင် ကြီးမားသော တိုက်ခိုက်ဖြိုခွဲမှုများ ဖြစ်ပေါ်စေခဲ့သော ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ၏ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုများကို ပွင့်ပွင့်လင်းလင်း ပြစ်တင် ရှုတ်ချခဲ့ သည်။
ကြိုတင်မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံနှင့် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံများ၏ ဝေဖန်မှုများကို တရုတ်အစိုးရ အာဘော်သတင်းစာ တစောင် ဖြစ်သည့် The Global Times က လျှင်မြန်စွာပင် အခွင့်အရေး ယူခဲ့သည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် The Global Times သတင်းစာက“ အနောက်တိုင်း မီဒီယာများက ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ခြင်း ခံနေရသော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံမှ အင်တာနက်သုံးစွဲသူများကြားတွင် အလွန်ရေပန်းစားနေပြီး ပြည်သူတို့၏ အကျိုးစီးပွားကို လုံခြုံအောင် ကာကွယ်ရင်း ပြင်ပဖိအားများကို ခုခံရင်ဆိုင်မှုကြောင့် ချီးကျူး ဂုဏ်ပြုနေကြကြောင်း” ဖော် ပြခဲ့သည်။
The Global Times သတင်းစာက တရုတ်ဆိုရှယ်မီဒီယာမှ ရေးသားချက်များကိုလည်း ကောက်နှုတ် ဖော်ပြ၍ “အနောက်တိုင်း၏ ကိုယ်စားလှယ်တဦးအဖြစ် ကာလရှည်ကြာစွာ ရှုမြင်ခြင်း ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သောကိစ္စများတွင် ဖွံဖြိုးဆဲ နိုင်ငံများအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို မခံမရပ်နိုင် ဖြစ်ခဲ့ရသော တရုတ် အွန်လိုင်း အသိုင်းအဝိုင်း၏ ချီးကျူး ဂုဏ်ပြုမှုကို ရရှိခဲ့ကြောင်း” ဆက်လက် ရေးသားသည်။
ရိုဟင်ဂျာ ပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြရန် အမေရိကန် သို့မဟုတ် ဥရောပသမဂ္ဂ၏ ကြိုးပမ်းလာမှု မှန်သမျှကို တရုတ်နိုင်ငံက တားဆီးသွားဖွယ် ရှိသည်ဟုလည်း ဆိုသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်၊ ဥရောပ သမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့က ထိုစဉ်က စစ်အစိုးရကို အထီးကျန် ဖြစ်စေရန် အရေးယူပိတ်ဆို့ မှုများ ပြုလုပ်ခဲ့သည့် အချိန်တွင် တရုတ်နိုင်ငံက ပိတ်ဆို့မှုကို တန်ပြန်သည့် အနေဖြင့် ကုန်သွယ်ရေး သဘောတူညီချက်များ၊ တရားဝင် အကူအညီများ နှင့် စစ်လက်နက်ရောင်းချမှုများ ပြုလုပ်ပေးခဲ့သည်။
အပြန်အလှန် အနေဖြင့် တရုတ်နိုင်ငံအပေါ် ကြီးလေးစွာ မှီခိုရခြင်းကြောင့် မြန်မာနိုင်ငံတွင် စစ်ဘက်မှ တိုက်ရိုက် အုပ်ချုပ်သည့် စနစ်မှနေ၍ အရပ်ဘက်မှ အများစု ပို၍ ပါဝင်နိုင်သော နိုင်ငံရေးစနစ်တခုသို့ တပ်မတော် ကျောထောက်နောက်ခံပေးသည့် ပါတီက အညင်းပွားဖွယ်ရာ အနိုင်ရရှိခဲ့သော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲများ နောက်ပိုင်းတွင် စတင်ပြောင်းလဲရန် ဖြစ်လာခဲ့သည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် အထောက်အကူ ဖြစ်ခဲ့သော ပြောင်းလဲမှုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် ဗျူဟာအရ အရေးကြီးပါသည်။ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရစေပြီး ဘင်္ဂလား ပင်လယ်အော်မှ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း များကို အိမ်ရှင်အဖြစ် လက်ခံထားသည်။ ထိုပိုက်လိုင်းများကြောင့် အရှေ့အလယ်ပိုင်းမှ လာသည့် သင်္ဘောခရီးစဉ်များကို ပိုမိုတိုတောင်းသွားစေပြီး အားနည်းချက်တခု ဖြစ်သည့် မလက္ကာရေလက်ကြားကိုလည်း ရှောင်ရှားနိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ (One Belt One Road) အစီအစဉ်တွင်လည်း မြန်မာနိုင်ငံက အရေးပါသည့် မိတ်ဖက် တဦး ဖြစ်သည်။ ထိုအစီအစဉ်တွင် ရခိုင်ပြည်နယ်က အရေးကြီးသည့် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်အဖြစ် ပါဝင်နေသည်။ ရမ်းဗြဲကျွန်းတွင် တည်ဆောက်ရန် စီစဉ်ထားသည့် စီးပွားရေး ဇုန်တခုနှင့် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းတို့က ဒေါ်လာ ထရီလီယံနှင့် ချီ၍ တန်ကြေးရှိသော အခြေခံ အဆောက်အဦး စီမံကိန်း၏ အဓိက ကျသော အစိတ်အပိုင်းများထဲတွင် ပါ ဝင်နေသည်။
မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ချုပ်ကိုင်လာမှုက နေပြည်တော်နှင့် ထိတွေဆက်ဆံရေးကို သပိတ်မှောက်သော အမေရိကန်၏ အရေးယူပိတ်ဆို့ရေး မူဝါဒများကို ပြောင်းလဲခဲ့ခြင်း၏ စစ်မှန်သော အကြောင်းပြချက် ဖြစ်ဖွယ် ရှိပါသည်။
ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်း သို့မဟုတ် အခြားသော ပြစ်ဒဏ်ခတ်မှုများ ချမှတ် ခြင်းက ယခင်သမ္မတ အိုဘားမားလက်ထက်တွင် ပြုလုပ်ခဲ့သော အောင်မြင်မှုများကို ပြောင်းပြန် ဖြစ်သွားစေမည့် အလားအလာရှိပါသည်။ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က ယခင်သမ္မတ၏ မူဝါဒများကို ပြောင်းပြန်လုပ်ရသည်ကို သဘောကျသည့် တိုင် ယခု အချိန်အထိ အရေးယူမှုများ ဖြစ်လာဖွယ် မရှိသေးပါ။
မြန်မာနိုင်ငံမှ သြဇာရှိသော စစ်ဗိုလ်ချုပ်များကလည်း တရုတ်နိုင်ငံ၏ ရင်ခွင်တွင်းသို့ များစွာ ပြန်လည်ရောက်ရှိသွားနိုင်သည့် စိတ်ကူးကို သဘောကျကြဖွယ်ရာ မရှိပါ။ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နှင့် ၎င်း၏ ကာလရှည် မဟာမိတ် ဖြစ်သော ပါကစ္စတန် နိုင်ငံများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် စိတ်အားထက်သန်နေကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန် နိုင်ငံ ၂ ခုလုံးက လက်ရှိတိုးလာနေသည့် ပြဿနာနှင့် သက်ဆိုင်နေကြသည်။
ARSA အဖွဲ့၏ ခေါင်းဆောင် Ataullah abu Ammar Jununi က ရခိုင်ပြည်နယ်တွင် မွေးဖွားသူ မဟုတ်သော်လည်း ပါကစ္စတန်နိုင်ငံ ကရာချိတွင် မွေးဖွားသည့် ဒုတိယမျိုးဆက် ရိုဟင်ဂျာတဦး ဖြစ်သည်။ အခြားခေါင်းဆောင်များက ဆော်ဒီ အာရေးဗီးယားတွင် အခြေစိုက်သည်ဟု ယုံကြည်ရပါသည်။
ရိုဟင်ဂျာ ပြဿနာက မွတ်ဆလင်နိုင်ငံ အများအပြားတွင် အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့သည်။ ARSA အတွက် ဘဏ္ဍာရေးထောက်ပံ့မှုက အရှေ့အလယ်ပိုင်းမှ လာသည်ဟု သိရပြီး အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများမှ စစ်သွေးကြွများက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်သို့ သွား၍ မြန်မာ့တပ်မတော်ကို ဆန့်ကျင်သော ဘာသာရေး စစ်ပွဲများ ဆင်နွှဲရန် ကတိပြုနေ ကြသည်။
ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုအရ ရိုဟင်ဂျာများ၏ ဒုက္ခအပေါ် မွတ်ဆလင်ကမ္ဘာ၏ အမြင်ခံစားချက်များ လျော့ကျသွားစေရေးအတွက် ကူညီရန် တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံကို တောင်းဆိုခဲ့ကြောင်း သိရသည်။ တရုတ် နိုင်ငံ အတွက် သိသာထူးခြားသော ဗျဟာမြောက် အကျိုးစီးပွားများ ရှိနေသည့် နေရာတခုဝယ် နောက်ထပ် မီးတောက်မည့် အခြေအနေများမှ ရှောင်ရှားနိုင်ရန် ဖြစ်သည်။
ARSA နှင့် အကြမ်းဖက်အဖွဲ့များ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အာရပ်နိုင်ငံများရှိ အစွန်းရောက် အဖွဲ့များကြားမှ ဆက်နွယ်မှုကို သတင်းပို့ရန် အမေရိကန် လုံခြုံရေး အစီအစဉ် ရေးဆွဲသူများက မေ့လျော့ခဲ့ကြသည်ဟု ယူဆပါက မိုက်မဲရာကျမည် ဖြစ်သည်။
ARSA က ထိုသို့ ဆက်နွယ်မှုများ မရှိကြောင်း အလေးအနက် ငြင်းခဲ့သည်။ ၎င်းတို့သည် ဂျီဟတ်ဝါဒီ အဖွဲ့အစည်းတခု မဟုတ်ဘဲ လူမျိုးစု အမျိုးသားရေး အခြေပြုအဖွဲ့ အစည်းတခု ဖြစ်ကြောင်း၊ မြန်မာတပ်မတော်၏ နှိပ်စက်မှုကို ခံနေရသော ရိုဟင်ဂျာများကို ကယ်တင်ရန်သာ ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ မူလနာမည် ဖြစ်သော Harakah al-Yaqin သို့ မဟုတ် “ယုံကြည်ချက် လှုပ်ရှားမှု” ဆိုသည်က အခြားတခုကို ညွှန်ပြနေသည်။ ထောက်လှမ်းရေး အစီရင်ခံစာများက မွတ်စလင်ကမ္ဘာမှ အစွန်းရောက် အစိတ်အပိုင်းများနှင့်ဆက်သွယ်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
ARSA ၏ ခေါင်းကိုင် ဖြစ်သော ပါကစ္စတန်နိုင်ငံသား ရိုဟင်ဂျာ နွယ်ဖွားတဦး ဖြစ်သည့် Abdus Qadoos Burmi က ပါကစ္စတန်နိုင်ငံမှ Lashkar-e-Taiba သို့မဟုတ် “သန့်စင်ခြင်းတပ်”နှင့် နီးစပ်မှုရှိသူ ဖြစ်သည်။ Lashkar-e-Taiba အဖွဲ့ကို ၁၉၈၇ ခုနှစ်က ကွယ်လွန်သူ al Qaeda ခေါင်းဆောင် Osama bin Laden ၏ ငွေကြေးထောက်ပံ့မှု ဖြင့် အာဖဂန်နစ္စတန် နိုင်ငံတွင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် တောင်အာရှ၏ အကြီးဆုံး အကြမ်းဖက် အဖွဲ့အစည်းများထဲတွင် တခုအပါအဝင် ဖြစ်လာသည်။
လက်ရှိ အချိန်တွင် သန်းဝက် ကျော်ရှိသော ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ချီးကျူးခြင်း ခံနေရသော်လည်း ပြည်ပရောက် ရိုဟင်ဂျာ အဖွဲ့အစည်း အမျိုးမျိုးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်သွေးကြွအဖွဲ့များကြား အစဉ်အလာ ဆက်နွယ်မှုများကလည်း စိုးရိမ်စရာ ဖြစ်သည်။
ယခုလ အတွင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရက Muslim Aid၊ Islamic Relief နှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် Allama Fazlullah Foundation စသည့် အစ္စလမ် အလှူရှင် အဖွဲ့အစည်း ၃ ခုကို ရိုဟင်ဂျာများနှင့် အလုပ်မလုပ်ရန် တားမြစ် ပိတ်ပင်ခဲ့သည်။ ၎င်းတို့က အစွန်းရောက်လုပ်ရပ်များအတွက် ဒုက္ခသည်များကို စည်းရုံးရန် ကြိုးစားမည်ကို စိုးရိမ်သော ကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံက အကျပ်အတည်းပေါ်တွင် အမြတ်ထုတ်နေပြီး အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ရေးအား ဝတ်ကျေတန်းကျေ ပြောနေသည့် အချိန်တွင် မြန်မာ့တပ်မတော်က မုန်တိုင်းအတွင်းတွင် အထိအခိုက်မရှိ ဆက်လက် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ် ထိခိုက်နစ်နာရသူများမှာ မြန်မာနိုင်ငံမှ နေ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှ နေချင်စရာ မကောင်းသော စခန်းများသို့ ထွက်ပြေးပြီး ထိုနေရာတွင် နောက်ထပ်နှစ်နှင့် ချီ၍ နေရကောင်း နေရနိုင်သည့် ဒုက္ခသည်များသာ ဖြစ်ပါလိမ့်မည်။
အကယ်၍ ထိုစခန်းများကသာ အစွန်းရောက်များ၊ စစ်သွေးကြွများ ပေါက်ဖွားရာ နေရာတခု ဖြစ်လာခဲ့လျှင် ရခိုင် ပြည်နယ်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတခု မြင့်တက်လာစေမည့် အန္တရာယ်များသော ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှု၏ ဇာတ်ရုံသစ်တခု ဖြစ်လာပါလိမ့်မည်။
(Asia Times ပါ Bertil Lintner ၏ Rohingya refugees as pawns in a geopolitical game ကို ဘာသာပြန်ဆိုသည်)