ဆောင်းပါး

မရေရာသေးသည့် ကက်တလိုနီးယား အနာဂတ် ဘာဖြစ်လာမလဲ

Want create site? Find Free WordPress Themes and plugins.

မြေပုံပေါ်တွင်ရော ကမ္ဘာ့နိုင်ငံများကပါ စပိန်နိုင်ငံ၏ မြို့တမြို့ဟု လက်ခံထားသော ဂျီရိုနာတွင် ပွဲတော်တခု စည်ကားစွာ ကျင်းပနေသည်။ ယင်းပွဲတော်မှာ လွတ်လပ်သည့် ကက်တလိုနီးယား သမ္မတနိုင်ငံ အဖြစ် မှတ်ယူသည့် ဒေသခံများ၏ ပွဲတော် ဖြစ်သည်။

ပွဲတော်ကာလ ဤခွဲထွက်သော နိုင်ငံအတွင်း သူတို့ တိုင်းပြည်ဟု မသတ်မှတ်လိုသည့် စပိန်နိုင်ငံမှ လွတ်လပ်ရေး ရပြီး ဖြစ်ကြောင်း ကက်တလန်ပါလီမန်တွင် ကြေညာကာ အောင်ပွဲခံ ထောပနာပြုနေကြသည်။

“ကျမ တသက်လုံး စပိန်လူမျိုးလို့ မခံယူခဲ့ဘူး” ဟု ဂရပ်ဖစ်ဒီဇိုင်နာ အန်နာဖာရီက ပြောပြနေစဉ် ဂျီရိုနာမြို့တွင် အစားအသောက်၊ အတီးအမှုတ်၊ အဝတ်အစား အရောင်စုံ ဒီဇိုင်းစုံဖြင့် ပွဲသွားလာနေသူများ၊ ကက်စတဲလ် ဟု ခေါ်သည့် လူသားမျှော်စင် အံတုကစားနည်း ပြကွက်များဖြင့် အထူးစည်ကား သိုက်မြိုက်လို့ နေသည်။

အန်နာဖာရီက ကက်စတဲလ်သည် ကက်တလန်ရိုးရာအစစ် ဖြစ်ပြီး ကက်တလန် အာဏာပိုင်များက ပိတ်ပင်ရန် ကြိုးစားခဲ့ ဖူးသည့် စပိန်အထိမ်းအမှတ် ဖြစ်သည့် နွားရိုင်းသတ်ပွဲနှင့် စပိန်တောင်ပိုင်း အန်ဒလူစီးယားမှ တင်သွင်းလာသည့် စပိန်ပုံစံ ဖလေမန်ကို အကအခုန်ပွဲများကို သူမ သဘောမတွေ့လှချေ။

ဖလေမန်ကိုသည် သာယာနာပျော်ဖွယ် ကောင်းသော်လည်း “ဒါ ကျမတို့ ရိုးရာမဟုတ်ဘူး” ဟု သူမက ဆိုသည်။

စပိန်နိုင်ငံ၏ အစိတ်အပိုင်း အဖြစ် ဤအရှေ့မြောက်ပိုင်းဒေသတွင် နေထိုင်သည့် ၇ ဒသမ ၅ သန်းမျှ ရှိသည့်ဒေသခံ မြောက်မြားစွာတို့သည် ကာတလိုနီးယား ဘာသာစကား၊ သမိုင်းနှင့် ယဉ်ကျေးမှုရိုးရာ အပြင် ကက်တလန်လူမျိုးတို့၏ ခိုင်မာသည့် ဟာသအခံဓာတ်ကို ယုံကြည်ကြ သည်။

ယင်း သီးသန့်နိုင်ငံအဖြစ် ရပ်တည်လိုသည့် ခံစားချက်မှာ ဇာတိပုညဂုဏ်မာနချင်း ပြိုင်ဆိုင်မှု၊ မတည်မငြိမ် ရောယှက်မှု၊ စီးပွားရေးဒဏ်ရာနှင့် နိုင်ငံရေး အရ မနာလိုမုန်းတီးမှုများ လုံးထွေးခဲ့ပြီး နောက်ဆုံးတွင် စပိန်နိုင်ငံမှ ခွဲထွက်ရန် အကြောင်း ဖန်လာခြင်းပင် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက် လူထုဆန္ဒခံပွဲဖြင့် ကျောထောက် နောက်ခံ ပေးထားသော ကက်တလန် လွတ်လပ်ရေး သည် စပိန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အကြီးအကျယ် ကွဲလွဲဆန့်ကျင်နေသည်ဟု ဆိုကာ စပိန်ဘက်က တရားမဝင် ခွဲထွက်သည် ဟု သတ်မှတ်သည်။

ဤအကျပ်အတည်းသည် မည်သို့ အဆုံးသတ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း ကက်တလန်သားများစွာ အတွက်မူ နှစ်ရှည်လများ လိုလားခဲ့သည့် ခံစားချက်ပင် ဖြစ်သည်။

“သူတို့တွေက ကျနော်တို့ အပေါ် နှစ်ပေါင်းများစွာ ကောင်းကောင်းမွန်မွန် ဆက်ဆံပြုမူခဲ့မယ် ဆိုရင် ဒီလိုအခြေအနေ မရောက်ဘူးဗျ” ဟု ပုံဆွဲဆရာ ဂျူးဒစ်အယ်လ်ဂူရိုက သူ၏ ခံစားချက်ကို ပြောသည်။ ယင်းခံစားချက်မှာ စပိန်အာဏာပိုင် တို့က ကက်တလန်တို့ အပေါ် အဆိုးဆုံးသော ရန်ဘက် အဖြစ် သဘောထားခဲ့ခြင်း၊ အကောင်းဆုံးသော လျစ်လျူရှုခြင်း ဖြင့် ကက်တလန်တို့ အပေါ် မျက်ကွယ်ပြုခြင်း တို့မှ ပေါ်ထွက်လာသည့် ခံစားချက်များပင် ဖြစ်သည်။

ယင်း ခံစားချက် မျိုးစေ့သည် ကတ်တလိုနီးယား ခေတ်သစ် လွတ်လပ်ရေး လှုပ်ရှားမှု အဖြစ် ၁၉၃၉ ခုနှစ်မှ ၁၉၇၅ ခုနှစ် ကြား ဖရစ္စစကိုဖရန်ကို အာဏာသိမ်း ကာလအတွင်း အညှောင့်ပေါက်လာခဲ့သည်။ ဖရန်ကို အစိုးရသည် ကတ်တလန် ဘာသာစကားကို တရားဝင် သုံးစွဲနေခြင်းမှ ပိတ်ပင်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်း (သို့မဟုတ်) ထောင်ချခြင်းတို့ ပြုလုပ်ခဲ့သည်။

အဖိနှိပ်ခံရသည့် ကာလမှ အဖြစ်အပျက်များသည် ကတ်တလန် မိသားစုများကြားတွင် နာကြည်းဖွယ်ရာများ အဖြစ် ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း လာခဲ့သည်။ ကျောင်းမှာ ကတ်တလန်စကား ပြောမိသဖြင့် အရိုက်အနှက်ခံခဲ့ရသူ အဘွား၏ မြေးဖြစ်သူ မူလတန်းဆရာ အရီဒနာပီဖာရာ က “ငါတို့ ဘိုးဘွားတွေ အိပ်မက်တော့ တကယ်ဖြစ်လာပြီ ဟေ့။ ဒါဟာ ငါတို့အတွက် သိပ်အရေးကြီးတယ်” ဟု လွတ်လပ်ရေး ကြေညာစဉ် ကြွေးကြော်ခဲ့သည်။

ဖရန်ကို ကွယ်လွန်ပြီးနောက် စပိန်နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံ ဖြစ်လာခဲ့ပြီး ကတ်တလိုနီးယားသည်လည်း ဒေသဆိုင်ရာ အစိုးရ တရပ်ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလာသည်။ ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိလာပြီး ပညာရေးကဏ္ဍကို ထိန်းချုပ်နိုင်လာသည်။ ယနေ့ ကိုယ်ပိုင် စာသင်ကျောင်းများမှာ မူလတန်းကပင် သင်ကြားနိုင်ပြီး အမျိုးသားရေး သရုပ်လက္ခဏာများမှာ ဝံ့ကြွား နိုင်ပြီ ဖြစ်သည်။

ကတ်တလန် အမျိုးသားရေး လှုပ်ရှားမှု တက်ကြွနေစဉ် အတွင်း ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ဖရန်ကို ကွယ်လွန်ပြီးနောက် လွတ်လပ်ရေး ရရန်မှာ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်မလာခဲ့ချေ။ ၂၀၀၀ ပြည့်လွန် နှစ်များ အစောပိုင်းတွင် စပိန်မှ ခွဲထွက်လိုမှု အတွက် ကတ်တလန်နယ်မှ ထောက်ခံမဲပေါင်းမှာ ၁၅ ရာခိုင်နှုန်းသာ ရှိသည်။

သို့သော် မကြာသေးသည့် နှစ်များ အတွင်း ဘာစီလိုနာနှင့် မတ်ဒရစ်ကြား စီးပွားရေး ကျပ်တည်းမှုနှင့် နိုင်ငံရေး ရန်လိုမှုတို့က ဒဏ်ရာရ နာကျင်နေသော ကတ်တလန်တို့၏ ခံစားချက်များ ပြန်လည် ပေါ်ပေါက်စေခဲ့ပြီး ခွဲထွက်ရေး အတွက် မီးလောင်ရာလေပင့် ဖြစ်ခဲ့လေသည်။

အခွန်တိုးမြှင့်ခြင်း အပါအဝင် စပိန်နိုင်ငံ၏ အစိတ်အပိုင်း အဖြစ်မှ ၂၀၀၆ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီချက် အထိ နိုင်ငံရေးနှင့် ဥပဒေရေး တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွား ကျော်လွှားခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ယင်း သဘော တူညီချက် အစိတ်အပိုင်းများကို စပိန်ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက လက်မခံ ပယ်ချခဲ့သဖြင့် ဆန္ဒပြသူများ နှင့် ကတ်တလန် ခေါင်းဆောင်အချို့တို့က စပိန်ထံမှ မည်သည့်အခါမှ ပြေပြေလည်လည် တောင်းဆို၍ မရနိုင်ကြောင်း လက်ခံယုံကြည် လာကြသည်။

၂၀၀၈ ခုနှစ် ဘမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းက စပိန်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်အပြီး ကက်တလန်သားတို့ မကျေနပ်ချက်မှာ ပိုမို အားကောင်းလာကာ အလုပ်လက်မဲ့ ဆူပူအုံကြွမှုများ ဆက်တိုက် ဖြစ်လာသည်။

ကတ်တလိုနီးယားသည် တိုင်းပြည်၏ သယံဇာတကြွယ်ဝသည့် ဒေသဖြစ်ပြီး ကတ်တလန်သားများသည် သူတို့ ပြန်ရသင့်သည့် အတိုင်းအတာထက် ပိုမို၍ စပိန် အစိုးရအား ပေးဆပ်နေရပြီး အစိုးရ၏ ဂုတ်သွေးစုပ်နေမှုကို ရင်နာလာ သည်။

၂၀၀၉ ခုနှစ်တွင် ကတ်တလိုနီးယား၌ လုပ်ငန်းပေါင်း တသောင်းသုံးထောင် ရှိပြီး ယင်းလုပ်ငန်းများ ပိုင်ဆိုင်မှုက လွတ်လပ်ရေးဆီ ဦးတည်ပေးခဲ့ကြောင်း ဝေလနယ်၊ ကားဒစ်တက္ကသိုလ်မှ ကတ်တလန်သမိုင်း အထူးကျွမ်းကျင်သူ အင်ဒရူးဒေါင်လင်း က ရှင်းပြသည်။

“ဘဏ္ဍာရေး အကျပ်အတည်းက ကတ်တလန်ဒေါသကို ဆွပေးသလို ဖြစ်တာ။ သူတို့ကိုယ်နှိုက်က ချမ်းသာနေလျက်နဲ့ စီးပွားရေး တိုးတက်ဖော်ဆောင်နိုင်စွမ်းကို ကိုယ်တိုင် လုပ်ကိုင်ခွင့် မရကြတော့ တင်းမာကုန်ကြတာပဲ” ဟု ဒေါင်လင်းက ပြောကြားသည်။

ထိုထိုသော နောက်ခံ အကြောင်းရင်းများကြောင့် ကတ်တလိုနီးယား လွတ်လပ်ရေး လှုပ်ရှားမှုသည် စပိန်အစိုးရ အပေါ် မကျေနပ်မှုများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်ရာမှ ပေါက်ကွဲလုနီးနီး ဖြစ်လာသည်။ ၂၀၁၅ ခုနှစ်တွင် လွတ်လပ်ရေး အကြို ပေါင်းစည်းမိခြင်း ဖြစ်ပေါ်လာပြီး အောင်မြင်မှုဆီသို့ တွန်းအားပေးခဲ့သည့် ကတိတခု ရလာသည်။ အားကောင်းပြည့်စုံစွာ စုစည်းထားသည့် ထောင်ချီသည့် အုပ်စုများ လမ်းများပေါ်တွင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာစေသည်။

လွတ်လပ်ရေး ခေါင်းဆောင်များက အောက်တိုဘာ ၁ ရက် လူထုဆန္ဒခံယူပွဲသည် ခွဲထွက်ရန် အာဏာအပ်နှင်းခြင်း ဟု မှတ်ယူ လိုက်ကြသည်။ သို့သော် လိုလားသည့် မဲဆန္ဒရှင်များစွာ အနက် ၄၃ ရာခိုင်နှုန်းသာ မဲပေးပြီးသည့်အချိန်တွင် စပိန် အာဏာပိုင်များက ရဲများ စေလွှတ်ပြီး မဲရုံများကို ပိတ်ခိုင်းသည်။

အချို့နေရာများတွင် ရဲများက လွတ်လပ်ရေး ထောက်ခံသူများကို စီးနင်း တိုက်ခိုက်ပြီး မဲဆန္ဒရှင်များကို အတင်းအဓမ္မ ဆွဲဖယ်ပစ်သည်။ ယင်းသို့ အကြမ်းဖက် နှိမ်နင်းမှုက မဲမပေးရသည့် ဆန္ဒရှင်များကို လွတ်လပ်ရေး ထောက်ခံသည့် စခန်းများဆီသို့ တွန်းပို့လိုက် သလို ဖြစ်သွားသည်။ လွတ်လပ်ရေး လှုပ်ရှားသူ ခေါင်းဆောင်နှစ်ဦးကို ပုန်ကန်မှု စွဲချက်ဖြင့် ထောင်ချလိုက်ခြင်းဖြင့် ကက်တလန်သားများ၏ ဒေါသမီးကို ပိုမိုတောက်လောင်အောင် အရှိန်မြှင့်ပေး သကဲ့သို့ ရှိ၏။

လွတ်လပ်ရေး ခေါင်းဆောင်များ အတွက် ဤဖြစ်စဉ်ကြီးသည် မျက်မှောက်ခေတ် စပိန်ဝန်ကြီးချုပ် မာရီနိုရာဂျိုင်း၏ ကွန်ဆာဗေးတစ် အစိုးရလက်ထက်တိုင် ဖရန်ကို ခေတ်က မတရား သိမ်းပိုက်ခံထားရမှု အရေခွံကနေ ခွဲထွက်လာမှု မရှိဘဲ ယခင် အတိုင်းဟုသာ ရှုမြင်လာသည်။

“စပိန် အစိုးရအတွက်တော့ ကတ်တလန် အမျိုးသားရေးဝါဒက အသက်ရှုကျပ်စေခဲ့တယ်ပေါ့ဗျာ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ အထိနာစေမည့် အကြောင်း ဒေါင်လင်းက ရှင်းပြသည်။

“ကျယ်ပြန့်နက်ရှိုင်းလှတဲ့ မဟာဗျူဟာ အမှားကြီးပါ” ဟု ရာဂျိုင်းအစိုးရ၏ ဟန်ဆောင်မှုကို ဒေါင်လင်းက ထောက်ပြသည်။ စပိန် အစိုးရ အတွက် အခံရခက်သော တုံ့ပြန်မှုမှာ ကတ်တလန်ခွဲထွက်ရေးသမားတို့၏ ဆုံးဖြတ်ချက်ကိုသာ ပိုမို ခိုင်မာသွားစေတော့သည်။

ကတ်တလိုနီးယား ပါလီမန်က လွတ်လပ်ရေး ကြေညာရန် သောကြာနေ့တွင် မဲခွဲကြသည်။ ကတ်တလန် အစိုးရကို အသိအမှတ် မပြုသည့် နည်းဖြင့် စပိန်က တုံ့ပြန်ပြီး တိုက်ရိုက် အုပ်ချုပ်မှုနှင့် လာမည့် ဒီဇင်ဘာလ ၂၁ ရက်တွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပပေးမည် ဟု ဆိုသည်။

ကတ်လိုနီးယား လွတ်လပ်ရေးကို မည်သည့် တိုင်းပြည်ကမှ အသိအမှတ် မပြုသလို ဥရောပ တိုင်းပြည်များ ကလည်း ငြိမ်နေသည်။ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့က စပိန်အစိုးရကို အခိုင်အမာ ကျောထောက်နောက်ခံ ပေးကြသည်။

ကတ်လိုနီးယား လွတ်လပ်ရေး အင်အားစုများက စပိန်အစိုးရကို အောက်ခြေမှ ကိုင်လှုပ်လိုက်သော်လည်း ကိုယ့်ကိုယ်ကို သမ္မတနိုင်ငံဟု မည်သို့ ကြွေးကြော်ရမည်မှန်း မသဲကွဲဘဲ ရှိသေး၏။ သို့မဟုတ် ကတ်တလန်သား အများစုက လိုလား စေကာမူ အဖြူအမည်း ရောထွေးလျှက် မရေမရော အခြေအနေ ဖြစ်နေသည်။

ပေါင်းစည်းလိုသူ ကတ်တလန်သား အများစုက ခပ်မဆိတ် ငြိမ်သက်သူမှာ အများစုဟု ယုံကြည်ကြပြီး သီးခြား လွတ်လပ်ရေး အတွက် ပွက်လောရိုက် တောင်းဆိုနေသူများမှာ ဆွဲချနေ သူများ ဟု မြင်ကြသည်။ လွတ်လပ်ရေး ဆန့်ကျင်သည့် ဆန္ဒပြသူပေါင်း ထောင်ဂဏန်းမျှသည် ဘာစီလိုနာတွင် ချီတက်ပြီး ကတ်တလန်အလံ၊ စပိန်အလံနှင့် အီးယူအလံများ ဝှေ့ယမ်းကာ “စပိန်ထဲက ကတ်တလိုနီးယား” ဟု ကြွေးကြော်ကြသည်။

အသက် ၁၈ နှစ် အရွယ် ကျောင်းသား ရောလ်ရိုဒရီဂုဇ်က “ကျနော်တို့ ဥရောပသား ဖြစ်ချင်တယ်။ ကျနော်တို့ စပိန်သား ဖြစ်ချင်တယ်။ ကျနော်တို့ ကတ်တလန်သား ဖြစ်ချင်တယ်” ဟု ပြောသည်။ အခြားသူများ ကဲ့သို့ပင် သူသည်လည်း အကွဲအပြဲ၏ နောက်ဆက်တွဲ စီးပွားရေး ဂယက်ကိုလည်း စိုးရွံ့နေသည်။ အခြေအနေ မတည်ငြိမ်မှုကြောင့် လုပ်ငန်းပေါင်း ၁၇၀၀ တို့က သူတို့ ရုံးချုပ်များကို ကတ်တလိုနီးယား ပြင်ပသို့ ပြောင်းရွှေ့ကြသည်။

“ကျနော်တို့တွေ အခုနေရာမှာ ရပ်တည်နေတာဟာ ကောင်းမွန်တဲ့ အနာဂတ်ကို လိုချင်လို့ပါ။ ကတ်တလိုနီးယား အစိုးရထဲ က လူတွေက ကျနော်တို့ အနာဂတ်ကို ဖျက်ဆီးနေပါတယ်” ဟု ရောလ်ရိုဒရီဂုဇ်က ပြောသည်။

ဤသည်မှာ ခွဲထွက်ရေးသမားများကြား စိတ်လှုပ်ရှားမှုနှင့် အတူ ခြားနားသည့် ပူပန်မှုများလည်း ဖြစ်သည်။

တခါက ဖြုတ်ချခံရသူ ကတ်တလန်သမ္မတ ကားလ်စ်ပတ်ဂျ်ဒီမွန့် မြို့တော်ဝန်ဖြစ်ခဲ့ဖူးသည့် ဂီရိုနာမြို့ရှိ အလယ်ခေတ်ဟောင်းက လမ်းကျဉ်းကျဉ်းလေးများသည် လွတ်လပ်ရေး လှုပ်ရှားမှု အရောင်များ ဖြစ်သည့် အနီ၊ အဝါနှင့် အပြာများ ဖုံးလွှမ်းလို့ နေသည်။ မြို့တော်ခန်းမတွင်လည်း ကတ်တလန်နှင့် အီးယူအလံများ လွှင့်ထူးထားပြီး စပိန်အလံ တခုတည်းသာ ဖြုတ်ချခံထားရသည်။

ကားလ်စ်ပတ်ဂျ်ဒီမွန့်အား “သမ္မတကြီး၊ သမ္မတနိုင်ငံ ထာဝရတည်တံ့ပါစေ” ဟု ဘာစီလိုနာ အရှေ့မြောက်ဘက် မိုင် ၆၀ (ကီလိုမီတာ ၁၀၀) အကွာရှိ မြို့ဆီသို့ လမ်းလျှောက်သွားရာလမ်း တလျှောက် လူအုပ်ကြီးက စနေနေ့တွင် အော်ဟစ် ထောပနာပြုခြင်း ခံနေရသည်။

စပိန်တိုက်ရိုက် အုပ်ချုပ်မှု အတွက် “ဒီမိုကရက်တစ် အတိုက်အခံ” အဖြစ် ထိန်းသိမ်းထားရန် ကားလ်စ်ပတ်ဂျ်ဒီမွန့်က ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖြစ်သည်။ လွတ်လပ်ရေး ထောက်ခံသူများက တွေ့ဆုံဆွေးနွေးရေးကို အပူတပြင်း တောင်းဆိုနေ ကြပြီး သူတို့ လိုလားချက်များကို စပိန်အစိုးရက နားမထောင်လျှင် ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို အသွင် ပြောင်းစေလိမ့်မည် ဟု ကြုံးဝါးနေကြသည်။

“အခုလို ထိန်းထိန်းသိမ်းသိမ်း နေတယ် ဆိုတာ ကျနော်တို့မှာ အကန့်အသတ်နဲ့ပါ။ နောက်ဆုံး ကျနော်တို့လမ်းစဉ်၊ ကျနော်တို့ ဖြစ်တည်မှု၊ ကျနော်တို့ ဘာသာစကားကို လေးစားဖို့ လိုတယ် ဆိုတာ သူတို့ သဘောပေါက်လာမှာပါ” ဟု ဘာစီလိုနာတွင် နေထိုင်သူ အသက် ၆၅ နှစ်အရွယ်ရှိ ဓာတ်ပုံဆရာ ဂျိုအန်မွန်တာဒစ်က ပြောသည်။

“လမ်းနှစ်ခု ရှိတယ်။ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ရင် နံပတ်တုတ်ပွဲပဲ။ ဘာဆက်ဖြစ်ဦးမလဲ ကြည့်ကြသေးတာပေါ့” ဟု သူက ပြောသည်။

(www.japantimes.co.jp တွင် ဖော်ပြထားသည့် With an eye on the future, pro-independence Catalans stress regional differences ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading