ဆောင်းပါး

ဒေါ်နယ်ထရမ့်က အာရှကို ဘာတွေ သယ်ဆောင်ယူလာမလဲ

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပထမဆုံး လုပ်ဆောင်ချက်များထဲမှ တခုမှာ အမေရိကန်နိုင်ငံကို Trans-Pacific Partnership (အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်) သို့မဟုတ် TPP မှ ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။

TPP သည် ယခင် သမ္မတ ဘားရက်အိုဘားမား၏ အာရှ မဏ္ဍိုင်ပြုရေး Asia pivot မူဝါဒ၏ အဓိကဦးစားပေးများထဲမှ တခုဖြစ်သည်။ အာရှ မဏ္ဍိုင်ပြုရေးမှာ အမေရိကန်၏ အနာဂတ်အတွက် သော့ချက်အဖြစ် ရှုုမြင်ထားသည့် ဒေသတခုသို့ ဦးတည်၍ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေး ပေါင်းစည်းမှု ပြုလုပ်ရန် ဖြစ်သည်။

သမ္မတ သက်တမ်း ၉ လအတွင်းသို့ ရောက်လာသည့် အချိန်တွင် TPP မှ ထွက်ရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်က အာရှ မဏ္ဍိုင်ကို စွန့်လွှတ်ရန် ရည်ရွယ်ကြောင်း အရှင်းလင်းဆုံး သက်သေတခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သို့တည်းမဟုတ် သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ထိုနေရာတွင် မဏ္ဍိုင်ပြုရန်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အမေရိကန် တာဝန်ရှိသူများက ထိုအာရှ မဏ္ဍိုင်ပြုရေး မူဝါဒကို အစားထိုးရန် အလားတူ အပြီးသတ် မူဝါဒတခုကို ထုတ်ပြန်ကြေညာရန် ရှိ မရှိကို ပြောကြားခြင်း မရှိသေးပါ။ သို့သော်လည်း ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ အဖြစ် နောက် အပတ်တွင် အာရှသို့ ရောက်လာမည့် ခရီးစဉ်၌ ကျယ်ပြန့်သော ဗျူဟာတခု ပေါ်ထွက်လာနိုင်သည့် အရိပ် အယောင်များ ရှိနေသည်။

ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ မတက်ခြင်း

အာရှ ခရီးစဉ်တွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ဒေါ်နယ်ထရမ့် သွားရောက်မည် ဖြစ်သည်။ သို့သော်လည်း သတင်းခေါင်းစဉ်များ ဖြစ်လာအောင် ဆွဲဆောင်နိုင်မည့် နေရာများသို့ သွားရောက်ခြင်း မပြုရန် ထရမ့် က ရွေးချယ်ခဲ့သည်။

ဒေါ်နယ်ထရမ့်က ဖိလစ်ပိုင်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးတခုကို တက်ရောက်မည် ဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင်ပင် ဆက်လက်ပြုလုပ်ရန် ရှိသည့် အရှေ့တောင်အာရှ ဒေသကို အလေးပေးမည့် ဒေသတွင်း အစည်း အဝေးတခု ဖြစ်သော အရှေ့အာရှ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး မပြုလုပ်မီ ၁ ရက်အလိုတွင် အမေရိကန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ထိုသို့ ပြုလုပ်ခြင်းက အရှေ့တောင် အာရှသည် ဒေါ်နယ်ထရမ့် အတွက် ဦးစားပေး မဟုတ်ကြောင်း သတင်းစကား ပေးလိုက်သလို ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဌာနမှ အရှေ့အာရှရေးရာ ထိပ်တန်းတာဝန်ရှိသူတဦး အဖြစ် ဆောင်ရွက်ခဲ့သည့် Abraham Denmark က ပြောသည်။

“တရုတ်က အဲဒီမှာ ရှိတယ်။ အမေရိကန်က မရှိဘူးလို့ ဒေသတွင်းမှာ မြင်ကြလိမ့်မယ်။ အဲဒါက ပြင်းထန်တဲ့ သတင်း စကား တခု ဖြစ်စေပါလိမ့်မယ်” ဟု ယခုအခါတွင် ဝါရှင်တန်ရှိ Woodrow Wilson Center for International Scholars သို့ ရောက်ရှိနေသည့် Abraham Denmark က ပြောသည်။

အမေရိကန် သမ္မတ တဦးက ထိပ်သီးအစည်းအဝေးတခုကို ရှောင်ရှားခြင်းက ပထမဆုံး မဟုတ်ပါ။ ၂၀၁၃ ခုနှစ်တွင် ဘားရက်အိုဘားမားသည်လည်း အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားရခြင်းအတွက် ပြည်တွင်း ဘတ်ဂျက်ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် နိုင်ငံတွင်းမှာပင် ရှိနေခဲ့ရသည်။

ထိုစဉ်ကလည်း အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်ခဲ့ရသည်။

ဘားရက်အိုဘားမား၏ ပျက်ကွက်မှုအကြောင်းက အာရှ သံတမန်များနှင့် နိုင်ငံ အကြီးအကဲများကြားမှ ပုဂ္ဂိုလ်ရေး ပြောဆို မှုများအတွင်းတွင် နှစ်နှင့်ချီ၍ ရှိခဲ့သည်ဟု Center for the National Interest မှ အာရှရေးရာ အထူးပြုလေ့လာသူ Harry Kazianis က ပြောသည်။

“ကွန်ဖရင့်တခုကို ပျက်ကွက်တာက အမေရိကန်နိုင်ငံက အာရှ- ပစိဖိတ် ကို စွန့်ခွာတော့မယ် ဒါမှမဟုတ် တရုတ်နိုင်ငံက ကျနော်တို့ထက်ပိုပြီး လျှင်မြန်နေတယ် ဒါမှမဟုတ် ဒီလို အလားတူကိစ္စမျိုး ဆိုတဲ့ သဘော မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်ကို အရေးကြီးတဲ့ ကိစ္စတခုပါ။ သူတို့ ဒါကို မေ့သွားမှာ မဟုတ်ပါဘူး” ဟု Harry Kazianis က ပြောသည်။

ဒေသတွင်း ဩဇာ

ထိုသို့ ပျက်ကွက်ခြင်းသည် အမေရိကန်နိုင်ငံက ဒေသတွင်း သြဇာ လွှမ်းမိုးမှုကို တရုတ်သို့ လွှဲပေးနေသည်ဆိုသည့် စိုးရိမ်မှုများကို ထပ်တိုးစေနိုင်ပါသည်။ အမေရိကန်နိုင်ငံက Paris climate accord (ရာသီဥတု ဆိုင်ရာ ပါရီသဘော တူညီ ချက်) နှင့် TPP မှ နုတ်ထွက်ရန် ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ စိုးရိမ်မှုက ပိုမို ပြင်းထန်လာ ခဲ့သည်။

အထူးသဖြင့် TPP မှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းက အာရှတလွှားတွင် တုန်လှုပ်စေခဲ့ပြီး အာရှ-အမေရိကန် စီးပွား ရေးဆက်ဆံမှုကို ပြန်လည်ပုံဖော်ရေးကိုလည်း ခြိမ်းခြောက်ခဲ့၏။

“TPP နဲ့ ပတ်သက်လို့ အကောင်းဖက်ကရော အဆိုးဖက်ကပါ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါက အမေရိကန် နိုင်ငံအတွက် အလုပ်အကိုင်တွေ ဖန်တီးမပေးပါဘူး။ ဒါပေမယ့် အမေရိကန်အတွက် ကြီးကျယ်တဲ့ ဗျူဟာမြောက် တန်ဖိုး ရှိပါတယ်။ အဲဒါက ပြုလုပ်ပေးတဲ့အရာပါ။ ဘာပဲဖြစ်ဖြစ် အမေရိကန်က အဲဒီမှာ ရှိမနေတော့ပါဘူး။ ဒါက ဆုံးရှုံးမှုဖြစ်တယ် ။ ဒေါ်နယ်ထရမ့် အစိုးရက ဒါကို အစားထိုးနိုင်မယ့် နည်းလမ်းတခု မတွေ့သေးပါဘူး” ဟု Harry Kazianis က ပြောသည်။

ထိုသို့ မရေရာမှုများ အပြင် ဒေါ်နယ်ထရမ့်က အမေရိကန် အစိုးရ နှင့် ကာလရှည်ကြာစွာ စီးပွားရေး နှင့် သံတမန်ရေး ရာ မိတ်ဖက် ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်မည်ဟု လည်း ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား

သို့သော်လည်း ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ်က မြောက်ကိုရီယား ကိစ္စကို အလေးပေးမည်ဟု မျှော်လင့်ရသည်။ သူ၏ သမ္မတ သက်တမ်း ပထမနှစ် အတွင်းတွင် မြောက်ကိုရီးယား ပြဿနာက အမေရိကန် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒတွင် နေရာယူ လွှမ်းမိုးထားခဲ့သည်။

တရုတ်နိုင်ငံ အပေါ် ပိုမို ဖိအားပေးရန်လည်း ဒေါ်နယ်ထရမ့်က မျှော်လင့်ထားသည်။ အထူးသဖြင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန်းက သူ၏ နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ်များ လျှော့ချပေးရေး ဆွဲဆောင်ရန် ဖြစ်သည်။

အကယ်၍ အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များကို ကာကွယ်ရေးအတွက် လိုအပ်မည် ဆိုလျှင် မြောက်ကိုရီးယား နိုင်ငံကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး ဖြစ်သည်။ တခါတရံတွင် ထိုကဲ့သို့ အလားတူ နှိုးဆွသော အပြောအဆိုမျိုးက မြောက်ကိုရီးယားထံမှသာ မြင်ရလေ့ရှိပါသည်။

ဒေါ်နယ်ထရမ့်၏ ခရီးစဉ်အတွင်း အာရှ သံတမန်များက သံတမန်ရေး နည်းလမ်းကို သုံးစွဲရန်နှင့် ရန်လိုသည့် ပြောဆိုမှုများကို လျှော့ချရန် အမေရိကန် ခေါင်းဆောင်ကို စည်းရုံးရန် ကြိုးစားကြဖွယ်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှ နှင့်ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Michael Fuchs က ပြောသည်။

“မြောက်ကိုရီးယားနဲ့ စစ်ပွဲက သူတို့ရဲ့ အဆိုးဆုံး အိပ်မက်ပဲ” ဟု Michael Fuchs က ဆိုသည်။

သို့သော်လည်း ၁၂ ရက်ကြာ ခရီးစဉ် အတွင်းတွင် အခြားသော ဦးစားပေးများ ချမှတ်ရန် ဒေါ်နယ်ထရမ့်အတွက် အချိန် များစွာ ရှိပါလိမ့်မည်။

“အာရှက ကျနော်တို့ မိတ်ဆွေတွေ သိချင်တာက အိုဘားမားရဲ့ မူဝါဒတွေ ဆက်ရှိမှာလား မရှိဘူးလား ဆိုတာ မဟုတ်ပါဘူး။ သူတို့က ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒက ဘာလဲ၊ အခု ချိန်မှာ အမေရိကန် ရဲ့ မူဝါဒက ဘာလဲ ဆိုတာကို သိ ချင်နေကြပါတယ်” ဟု Abraham Denmark က ပြောသည်။

(VOA ပါ Asia Looks for Signals on Policy Ahead of Trump Visit to Region ကို ဘာသာပြန်ဆိုပါသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading